6 Minutes To Read

ဗမာစစ်တပ်၏ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကား

6 Minutes To Read
  • English
  • ဗမာစာ
  • ဤရုပ်ရှင်ဇာတ်ကားသည် ဗမာစစ်တပ်၏ ဝါဒဖြန့်မှုအရည်အသွေးဆိုပါက စစ်တပ်အနေဖြင့် ယခုထိတိုင်အောင် အာဏာကို မည်မျှလောက်ဆွဲကိုင်ထားနိုင်သနည်းဟု David Scott Mathieson မှ မေးခွန်းထုတ်ထားပါသည်။

    ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)မှ ရိုက်ကူးထားသည့် စောင်နီလေးတထည် ရုပ်ရှင်ဇာတ်ကား။ ၂၀၂၃ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုချိန် ၂နာရီ၄၀မိနစ်ခန့် ကြာမြင့်သည်။

    ဗမာ့တပ်မတော်သည်  ၎င်းတို့အနေဖြင့် “နိုင်ငံကြီးအတွင်းမှ နိုင်ငံငယ်” ဖြစ်သည်ဆိုသည့် အယူအစွဲကို အမြဲထုတ်ဖော်ပြသခဲ့သည်။ သို့သော် ယခုနှစ်တွင် ထွက်ရှိခဲ့သည့် စစ်တပ်အားပေးဇာတ်ကားကို ကြည့်ရှုပါက လက်တွေ့နှင့် ကင်းကွာနေသည့် အမြင်ဖြစ်သော ဗမာ့တပ်မတော်သည် “စိတ်ပိုင်းဆိုင်ရာ အခြေအနေတခုတွင်းရှိ စိတ်ပိုင်းဆိုင်ရာ အနေအထားတခု” သာဖြစ်နေခဲ့ကြောင်း တွေ့ရှိရသည်။  ၂၀၂၃ ခုနှစ်တွင် ထွက်ရှိခဲ့သည့် စောင်နီလေးတထည် ရုပ်ရှင်ဇာတ်ကားအား  မတ်လ ၂၇ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် မြဝတီရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့ပြီး နေပြည်တော်တွင်လည်း တပ်မတော်နေ့ အခမ်းအနားမကျင်းပမီ ရက်ပိုင်းအလိုတွင် ရုံတင်ပြသခဲ့သည်။ ရုပ်ရှင်ဇာတ်ကား အပိုင်း(၁)နှင့် အပိုင်း (၂)အား YouTube တွင် ကြည့်ရှုနိုင်ပါသည်။ ထိုကဲ့သို့ကြည့်ရှုခြင်းအား မိမိအနေဖြင့် အကြံမပေးလိုသော်လည်း ထိုရုပ်ရှင်ဇာတ်ကားသည် မြန်မာစစ်တပ်၏ဝါဒဖြန့်မှုနှင့် ၎င်းတို့ကိုယ်ကို လှည့်စားခြင်းများအတွက် ပြည့်စုံမှုမရှိသည့်  ရှင်းလင်းချက်တချို့အား ပေးစွမ်းနိုင်ပါသည်။

    ဤဇာတ်ကားအား မြန်မာစစ်တပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိသည့် ကချင်ပြည်နယ်တွင် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းအစတွင် ပုံပန်းအသွင်အပြင် အနည်းငယ်ထူးဆန်းပုံပေါက်သည့် ဒု-ဗိုလ်မှူးကြီး ဇော်ရဲထက်သည် ၎င်း၏တပ်သားများအားဦးဆောင်ကာ တောင်ကုန်းများပေါ်တွင် ကင်းလှည့်နေသည်ကို တွေ့ရသည်။ ထိုအချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်သားတစ်စုကို တွေ့လိုက်ရသည့်အတွက် ၎င်းတို့နောက်သို့လိုက်လံပစ်ခတ်ခဲ့သည်။ ကချင်တပ်သားသုံးဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ ချေမှုန်းရေး ရိုင်ဖယ်သေနတ်များကိုလည်း သိမ်းဆည်းခဲ့သည်။ သို့သော် “စောဘယ်ရီ” (၎င်း၏စစ်သားများက ၎င်းအားစတော်ဘယ်ရီဟု ခေါ်သည်၊ ထိုအချက်သည် ၎င်းတို့အနေဖြင့် တိုက်ပွဲဖော်ဆောင်ရခြင်းနှင့် စစ်မြေပြင်တွင် လွန်စွာပျော်ရွှင်နေသကဲ့သို့ဖြစ်နေသည်) ဟုခေါ်သော အလွန် တွေးဆဆင်ခြင်နိုင်သည့် ကရင်တိုင်းရင်းသား စစ်ကြောင်းမှူးအနေဖြင့် ဇော်ရဲထက်အား “မင်းက ရဲတင်းလွန်းအားကြီးတယ်။ ရဲရင့်ပြီး သတ္တိရှိတာနဲ့ လက်ရဲဇက်ရဲဖြစ်တာက မတူဘူး၊ ငါတို့ ဒီနယ်မြေမှာ ရင်ဆိုင်နေရတဲ့ ရန်သူတွေက ကြမ်းတမ်းရက်စက်လွန်းတယ်” ဟု ပြောဆိုကာ ဆူပူကြိမ်းမောင်းခဲ့သည်။ စောဘယ်ရီသည် ၎င်း၏ အရာရှိငယ်ကို လိုက်လံစောင့်ကြည့်နေသည့်အထိပင် အလွန်အမင်း ကာကွယ်တတ်သူဖြစ်သည်။

    ဤဇာတ်ဝင်ခန်းတွင် ဇာတ်ကား၏ လူကြမ်းဗီလိန်ဖြစ်သည့် KIAအရာရှိ ဘရန်ဆိုင်းကို စတင်တွေ့ရသည်။ ဤဇာတ်ကားတွင် ဘရန်ဆိုင်းသည် နှစ်လိုဖွယ်ရာမရှိသည့်၊ အန္တရာယ်များသည့် လူတယောက်ဖြစ်သည်။  သူသည် လက်ချောင်းမပါသော လက်အိတ်များကို ၀တ်ထားသည်။ တတိယလူနေရာမှသာ စကားပြောသည်။ သူ၏ဇနီးဖြစ်သူ ဆိုင်းဂျာက သူ့အား တာဝန်မကျေသည့်၊ ရိုသေလေးစားခံထိုက်မှုမရှိသည့် ဖခင်အနေဖြင့် ပြစ်တင်ဝေဖန်တတ်သည်။   ဘရန်ဆိုင်းသည် KIA တပ်သား(၃)ဦးအား ဇော်ရဲထက်မှ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး သေနတ်(၃)လက်ပါ ဆုံးရှုံးခဲ့ရသည့်အတွက် သွေးကြွေးဆပ်၍ ကလဲ့စားချေမည်ဟု ဆန္ဒပြုခဲ့သည်။ ဘရန်ဆိုင်းသည် အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ (NUG)၏  ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးလွင်ကိုလတ်နှင့် ထူးခြားစွာ ဆင်တူမှုရှိသည်။ မိမိတို့အနေဖြင့် ဘရန်ဆိုင်း၏ ရက်စက်ကြမ်းကြုတ်သည့် စစ်မြေပြင်လက္ခဏာများကို မြင်တွေ့ရသည့် ဆင်တူမှုများသည် ရုပ်ရည်သွင်ပြင် အခြေအနေတွင် ရပ်တန့်မသွားပါ။

    ဇော်ရဲထက်သည် ၎င်းမိခင်၏  အချစ်ဆုံးသားဖြစ်ပြီး “အနာဂတ်၏ အားထားရာသား” ဟု တင်စားခံရပြီး မိခင်အိုမင်းမစွမ်းဖြစ်လာချိန်တွင် ပြုစုစောင့်ရှောက်ရန်အတွက် လွန်စွာရဲတင်းခြင်းမပြုရန်လည်း တိုက်တွန်းခံရသူဖြစ်သည်။ ဇော်ရဲထက်တွင် အကိုကြီးတစ်ဦးလည်းရှိပြီး သူသည် ခြေလျင်တပ်အရာရှိတစ်ဦးလည်းဖြစ်သည်။ မိမိအနေဖြင့် ရုပ်ရှင်ဇာတ်ကားအား ထပ်ခါတလဲလဲကြည့်ရှုနေသော်လည်း ထို”အစ်ကို”ဖြစ်သူအား အမည်နာမဖော်ပြမထားးပါ၊ ထို့အပြင် ညီငယ်လေးကိုသာ လက်ပတ်နာရီတလုံးပေးထားခဲ့သည် (ထိုအချက်သည် ရုပ်ရှင်အား အရှိန်ဆွဲတင်သည့်ကိရိယာတစ်ခုဖြစ်လာလိမ့်မည်)။

    ကချင်ပြည်နယ်အကြောင်း ပြန်လည်ပြောဆိုပါက  ဇော်ရဲထက်၏တပ်ဖွဲ့သည် ဘရန်ဆိုင်း၏ ကချင်တပ်သားများ၏ ချုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ တပ်ကြပ်ကြီး စောဘယ်ရီသည် ၎င်း၏တပ်သား ခြေထောက်ပစ်ခတ်ခံရပြီး ဒဏ်ရာရချိန်တွင် ထိုတပ်သားအား ကယ်တင်ခဲ့သည်။ စောဘယ်ရီသည်လည်း ၎င်း၏ ပခုံးတွင် သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး  ၎င်းတို့၏ တပ်သားများအား ကယ်ဆယ်ရန်အတွက် တပ်များကိုစုဝေးရန် ၎င်း၏တပ်မှူးအား ချုံပုတ်တစ်ခုတွင် ခေတ္တခဏဝှက်ထားခဲ့ရန်လိုအပ်သည်။ သို့သော်လည်း ဇော်ရဲထက်သည် ၎င်းကို ဖုံးအုပ်ကာကွယ်ထားသည့် အကာအရံများကို ဖယ်ရှားကာ ၎င်းတဦးတည်း ဒယိမ်းဒယိုင်လမ်းလျှောက်သွားခဲ့သည်။ သူ့အနေဖြင့် ရှေးဦးသူနာပြုနည်းလမ်းကို အသုံးပြုကာ ခြေထောက်ပေါ်၌ ပတ်တီးစည်းကာ ရေအနည်းငယ်သောက်ရန် ကြိုးစားသည်။ သို့သော်လည်း ကချင်ဆယ်ကျော်သက်တစ်ဦးဖြစ်သည့် လဆိုင်းမှ သူ့အားတွေ့ရှိသွားပြီး ဘရန်ဆိုင်းနှင့် ကချင်တပ်သားများအား အကြောင်းကြားခဲ့သည်။ KIAအရာရှိမှ ဇော်ရဲထက်အား ကြမ်းတမ်းရက်စက်သည့် စစ်ကြောရေးနည်းလမ်းများဖြင့် စစ်ဆေးခဲ့သည်။ ဇော်ရဲထက်အား ဓားဖြင့်ထိုးသတ်ပြီး သူ၏အလောင်းကို မြစ်ထဲမျှောပစ်ရန် ကချင်တပ်သားများအား အမိန့်မပေးမီ ဇော်ရဲထက်၏ နားရွက်တဖက်ကို Stealers Wheel တေးသွားမပါဘဲ ခုတ်ထစ်ပစ်ခဲ့သည်။ ဇော်ရဲထက်၏ အမည်နာမဖော်ပြထားခြင်းမရှိသည့်  အစ်ကိုဖြစ်သူ လက်ဆောင်ပေးခဲ့သော ဇော်ရဲထက်၏နာရီကိုမူ ထိုအရာရှိမှ ခိုးယူထားခဲ့သည်။ ဘရန်ဆိုင်းသည် ထိုလက်ပတ်နာရီအား သူ၏ညီဖြစ်သူ လဆိုင်းအား ပေးအပ်ခဲ့သည်။ ထိုအချိန်တွင် ၎င်းတို့၏ဖခင် “A Wa” ဟုခေါ်လေ့ရှိသည့် ဘရန်တူးသည် ထိုဖြစ်ရပ်များအား တောင်ပေါ်မှ ထိတ်လန့်တကြား ကြည့်ရှုနေခဲ့သည် (ထူးဆန်းသည့်အချက်မှာ ဘရန်တူးသည် အဖြစ်အပျက်မှန်သမျှအား အဝေးတနေရာရှိ သစ်ပင်နောက်ကွယ်တွင် အမြဲပုန်းအောင်းကာ စောင့်ကြည့်နေလေ့ရှိသည်)။

    သို့ရာတွင် အမှန်တကယ် စိတ်ဒေါသဖြစ်နေသည့် ဇာတ်ကောင်မှာ တပ်ကြပ်စောဘယ်ရီဖြစ်ပြီး သေဆုံးသွားသည့် ၎င်းဗိုလ်ကြီး၏အလောင်းကို မြစ်ကမ်းပါးတွင်ပွေ့ပိုက်ကာ ကချင်လူမျိုးများအား ပြန်လည်လက်စားချေမည်ဟု ကျိန်ဆိုခဲ့သည်။ ဇော်ရဲထက် မိခင်အနေဖြင့် စိတ်နှလုံးကြေကွဲနေရသော်လည်း သူမ၏ သားအကြီးဆုံးဖြစ်ပြီး သားအငယ်လောက် အချစ်မခံရသည့်သားအား “လက်စားချေဖို့ရန် စစ်မတိုက်ပါနဲ့”ဟု ဖျောင်းဖျပြောဆိုခဲ့သည်။ ကချင်ပြည်နယ်ရှိ ဇာတ်ကွက်များသို့ ပြန်လည်ကြည့်ရှုပါက ယခုအချိန်တွင် ဇော်ရဲထက်၏ အစ်ကိုဖြစ်သူ ဗိုလ်ကြီးသည် ၈၈ ခြေမြန်တပ်မ၏  အထူးကွန်မန်ဒိုတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ကာ အရပ်သားများမြှပ်နှံထားသည့် မြေမြှုပ်မိုင်းများ အများအပြားရှိသည်ဟု ယူဆထားသည့်  ရွာများကို လှည့်ကင်းတာဝန်ယူနေပါသည်။ ၎င်း၏လက်အောက်ငယ်သားသည် မကြာသေးမီကမှ ရာထူးတိုးခံထားရသည့် တပ်ကြပ်ကြီးစောဘယ်ရီမှလွဲ၍ အခြားသူမဟုတ်ပေ။ ၎င်း၏မိခင်မှ သင်ကြားပေးလိုက်သည့် အကျင့်သီလ၊စောင့်ထိန်းမှုများနှင့် ပြည့်စုံသည့် ထိုအရာရှိအား ကြမ်းတမ်းခက်ထန်၍ ကလဲ့စားချေလိုသူနှင့်တွဲဖက်ထားပေးခြင်းသည် ရုပ်ရှင်ဇာတ်ကား၏ အထင်ကရဖြစ်သည့် လှည့်ကွက်တစ်ခုဖြစ်ပါသည်။

    ကွန်မန်ဒိုကင်းလှည့်အဖွဲ့အနေဖြင့် မြေမြှုပ်မိုင်းများမြှုပ်နှံခဲ့သည်ဟု သံသယရှိသည့် လဆိုင်းကို ဖမ်းဆီးပြီး ရိုက်နှက်ခဲ့သည်။ စောဘယ်ရီအနေဖြင့် ၎င်းအား သတ်ပစ်ချင်စိတ်ပင်ဖြစ်သည်။ သို့သော်လည်း မိခင်၏ အေးဆေးတည်ငြိမ်သော အကြံဉာဏ်ကို လိုက်နာသည့် သီလနှင့်ပြည့်စုံသည့် သူ၏အရာရှိသည် ၎င်းလုပ်ရပ်အား ခွင့်မပြုသဖြင့် ဒေါသူပုန်ထနေသော တပ်ကြပ်ကြီးသည် သူ့စက်သေနတ်အတွင်းမှ ကျည်ဆံကိုသာ ပစ်ဖောက်ခဲ့ပြီး လဆိုင်းကိုမူ လွှတ်ပေးခဲ့သည်။ စစ်တပ်နှင့် KIAတို့အကြား စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲမြင်ကွင်းတစ်ခုအပြီးတွင် ကချင်စစ်သားတစ်ဦးအား ဖမ်းမိခဲ့သည်ကို ပြသထားသည်။ အရာရှိဗိုလ်ကြီးဖြစ်သူမှ သူ၏ပစ္စတိုသေနတ်ကိုဆွဲထုတ်ကာ လက်နှင့်ခြေထောက်များအား ကြိုးတုပ်ခံထားရသည့် ကချင်စစ်သားအား “ကဲ ငြင်းခုံမနေဘဲ အေးအေးဆေးဆေး စကားစမြည်ပြောကြရအောင်” ဟု ပြောဆိုခဲ့သည်။

    ထိုအချိန်တွင် ဘရန်ဆိုင်း၏ မိသားစုတွင် ပြဿနာများဖြင့် ဆူပွက်လျက်ရှိသည်။ KIA အရာရှိမှ သူ၏ညီငယ်ဖြစ်သူအား ကျောင်းတက်ရန် အကြောင်းကြားသည်။ “မြစ်ကြီးနားလား၊ မဟုတ်ဘူး လိုင်ဇာမှာသွားတက်ရမှာ၊ ဟိုမှာ… တော်လှန်ရေးနဲ့ပတ်သက်တဲ့ အရာအားလုံးကို လေ့လာရမယ်” ဟု ပြောသည်။ ပြင်းထန်သော မျက်နှာအနေအထားများ၏ တုံ့ပြန်မှုများနှင့် ဇာတ်ဝင်ခန်းအား ပံ့ပိုးပေးသည့် ဂီတသံများကိုလည်း ကြားရသည်။  ဘရန်ဆိုင်းအနေဖြင့် ကလေးစစ်သား အဓမ္မစုဆောင်းခြင်းကို ရပ်တန့်ရန် သင်ကြားနေသည့် ၎င်း၏ဖခင်နှင့် ထိပ်တိုက်တွေ့ဆုံရသည့် ဇာတ်ဝင်ခန်းများနှင့် သူ၏ဇနီးဖြစ်သူ ဆိုင်းဂျာသည်လည်း ၎င်း၏သားငယ်ကို ထပ်မံလျစ်လျူရှုခြင်းအတွက် ဝမ်းနည်းပူဆွေးရမှုကို ပြောဆိုနေသည့် ဇာတ်ဝင်ခန်းများလည်း ပါဝင်သည်။ ၎င်းဇာတ်ဝင်ခန်းသည် တင်းမာသည့် ဇာတ်ဝင်ခန်းတခုဖြစ်ပြီး ထင်ရှားသည့် တောက်ခေါက်သံများ (မြန်မာ့ယဥ်ကျေးမှုတွင် ထိုအသံသည် ဒေါသတကြီးဖြစ်မှုကိုပြသည်) ကိုလည်း ကြားရသည်။ ထိုအချက်ပြမှု အပြီးတွင် နားရွက်လှီးစက်အသံပေါ်ထွက်လာသည်။ ဘရန်ဆိုင်းသည် ပိုမိုဆိုးရွားသည့် အရာများကို ပြုလုပ်တော့မည်ဆိုသည့် ကြိုတင်သတိပေးချက်များ ပေါ်ထွက်လာပြီး ထိတိုက်ထိတွေ့မှုတချို့ ပေါ်ပေါက်လာသည်။

    စစ်ဆရာဝန် ဗိုလ်ကြီးအေးနိုင်သည် စစ်တပ်၏ကွန်မန်ဒိုတပ်ဖွဲ့တွင် ပါဝင်ခဲ့သည်။ ထိုဇာတ်ဝင်ခန်းများတွင် တယောက်နှင့်တယောက် “အစ်ကို”ဟုခေါ်သည့် ဇာတ်ဝင်ခန်းများပါဝင်ပြီး ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သည့် အရာရှိများအားလုံးသည် တဦးကိုတဦး “အစ်ကိုနှင့်ညီ”ဟုခေါ်ကြပြီး ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာဆိုသည့် ဇာတ်ဝင်ခန်းများလည်း ပါဝင်သည်။ A Wa ထံမှ ပန်ကြားခံရပြီး ဘရန်ဆိုင်းတက်ရောက်မည်ဟု သိထားသည့် ဘုရားရှိခိုးကျောင်းတွင်ကျင်းပမည့် မင်္ဂလာပွဲတခုအား စစ်တပ်မှခြုံခိုတိုက်ခိုက်ခဲ့သည်။  

    သို့သော်လည်း ရုပ်ရှင်ဇာတ်ကား၏ အလှည့်အပြောင်းသည် စစ်တပ်ဆရာဝန်အနေဖြင့် ဘရန်ဆိုင်း၏ ဖျားနာနေသည့် သားငယ်လေးအား ကယ်တင်လိုက်ရာတွင် စတင်သည်။ ကလေးငယ်မှာ နေပြန်ကောင်းလာပြီး သူ့ကယ်တင်ရှင်တွေ ဘယ်ကလာသနည်းဟု ဂျိန်းဖောဘာသာစကားဖြင့် မေးမြန်းရာ သူ၏မိခင်ဖြစ်သူမှ “ဗမာတွေအများကြီးနေတဲ့ ဟိုးအဝေးကြီးနေလာတာ၊ သူတို့တွေ ငါတို့ဆီ ခဏခဏလာရင် အဆင်ပြေမှာပါ” ဟု ဖြေဆိုခဲ့သည်။ အံ့ဩစရာကောင်းလောက်အောင်ပင် ယုံကြည်နိုင်ဖွယ်ရာမရှိသည့် ကယ်တင်ရှင်ဆိုသည့် ပုံရိပ်ကို ပြသထားခြင်းဖြစ်သည်။  တချိန်တည်းမှာပင် လဆိုင်းနှင့် ၎င်း၏ဇနီးလောင်းဖြစ်သူ ဘော့မိုင်သည်လည်း “လူမျိုးနှင့်ဘာသာ မတူသောကြောင့် လူအချင်းချင်း မုန်းတီးသင့်သလား” ဟု ၎င်းတို့ကိုယ်တိုင် စတင်ကာ စဥ်းစားဆင်ခြင်လာကြသည်။ ကချင်လူငယ်တဦးအနေဖြင့်လည်း ဘရန်ဆိုင်း၏ ရိုင်းစိုင်းရင့်သီးသော အပြုအမူများနှင့် KIA ကို စိတ်ပျက်မှုများရှိပြီး သူ၏စိတ်သည် ခရစ်ယာန်ဘုရားကျောင်းကြောင့်သာမက စစ်တပ်မှဗိုလ်ကြီး၏ ကရုဏာသက်မှုတို့ကြောင့် စတင်ပြောင်းလဲလာခဲ့သည်။ ဘော့မိုင်းအနေဖြင့် သမိုင်းတလျှောက် ပုံဖျက်လာခံရသည့် အပြောမျိုးဖြင့် “ကချင်လူမျိုးတွေနဲ့ ဗမာလူမျိုးတွေဟာ ကိုလိုနီခေတ်တုန်းက ဗြိတိသျှလူမျိုးတွေကို မြန်မာ့မြေပေါ်ကတိုက်ထုတ်ဖို့ အတူတကွကြိုးစားခဲ့ကြတာပဲ မဟုတ်ဘူးလား” လို့ မေးခဲ့သည်။ ဒါပေမယ့် ဒီအချက်ဟာ မဟုတ်မှန်ပါ၊ သူတို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ခြင်းမရှိကြပါ။ စစ်တပ်အနေဖြင့်  ရန်သူကိုတိုက်ခိုက်ရာတွင် ရွာများနှင့်ဝေးရာအရပ်တွင်သာ  တပ်မတော်ပီသစွာတိုက်ခိုက်နေသည့်အတွက် KIA အနေဖြင့် မြေပြင်တွင် အဆုံးအရှုံးများလာကာ အရပ်သားများ၏ လေးစားမှုလည်း လျော့နည်းလာသည်။ အစ်ကိုကြီးဖြစ်သူ ဗိုလ်မှုးအနေဖြင့်လည်း “A Wa” ကို မေတ္တာစေတနာဖြင့် ဆက်ဆံသည်။ ဘရန်ဆိုင်းသည် ချုံခိုတိုက်ခိုက်မှုတွင် ဒဏ်ရာအပြင်းအထန်ရရှိသည့်အတွက် ၎င်း၏မိဘများထံတွင် မဖြစ်မနေ ခိုလှုံကာအနားယူနေရသည်။ ဗမာ့ကွန်မန်ဒိုတပ်ဖွဲ့မှ ၎င်းတို့မိသားစုအား ခရစ္စမတ်ဆုမွန်ကောင်းများ တောင်းပေးရန် ရောက်ရှိလာပြီး ဆရာဝန်မှ သတိမေ့မျောနေသည့် ဘရန်ဆိုင်းအား ဆေးကုသမှုပေးခဲ့ပါသည်။ နောက်ဆုံးတွင် စောဘယ်ရီအနေဖြင့်  ဒဏ်ရာရသူသည် မည်သူဆိုသည်ကို သိရှိသွားသည်။ ဤဇာတ်ဝင်ခန်းတွင် တင်းမာမှုများမြင့်တက်လာသည်။ စောဘယ်ရီသည်  ရက်စက်ကြမ်းကြုတ်သော ဘရန်ဆိုင်းအား တရားလက်လွတ်ပြုမူကာ ကွပ်မျက်ခွင့်ပြုရန် ၎င်း၏အထက်လူကြီးကို တိုက်တွန်းသည်။ သို့ရာတွင် ၎င်းတို့ အထက်လူကြီးသည် ထိုအခြေအနေကိုငြင်းပယ်ကာ သူသည် ဇော်ရဲထက်၏ အစ်ကိုအရင်းဖြစ်ကြောင်း ကချင်မိသားစုနှင့် ၎င်း၏တပ်သားများအား ပြောပြခဲ့သည်။ ထိုဇာတ်ဝင်ခန်းတွင် စိတ်ခံစားမှုများပြင်းထန်လာကာ လဆိုင်းမှ သေဆုံးသွားသော ဇော်ရဲထက်၏အလောင်းမှ ချွတ်ယူခဲ့သည် နာရီအား ထိုအရာရှိကို ပြန်ပေးရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အကျင့်သီလနှင့်ပြည့်စုံသည့် အရာရှိသည်  ထိုကချင်လူငယ်လေးအား “လဆိုင်း၊ မင်းကလည်း အခု ငါ့ညီလေးပါပဲ” ဟု ပြောခဲ့သည်။

    ထို့နောက်တွင် သူ့အသက်ကိုပင် ကယ်တင်ခဲ့သူများကို ရိုင်းစိုင်းစွာကျေးဇူးစွပ်ကာ ဘရန်စိုင်းအနေဖြင့်  ဗမာတပ်များကို ချုံခိုတိုက်ခိုက်ရန် သူ၏ရေဒီယိုအားမကုန်မီတွင် KIAအား တောင်းဆိုမှုတခုပြုခဲ့သည်။ သူ့မိသားစုမှ သူ့ကို တားမြစ်ခဲ့သည်။ ထို့နောက်တွင် ဘရန်ဆိုင်းသည် ကချင်တော်လှန်ရေးကြီးတခုလုံးသည် သူ့အပေါ်လှည့်စားလာခြင်းနှင့် သူ၏ကျေးဇူးကန်းခြင်းကို ချက်ချင်းပင် အသိဝင်လာကာ ဘရန်ဆိုင်းအနေဖြင့် ဗမာ့တပ်မတော်စစ်ကြောင်းအား ၎င်းတို့၏ အန္တရာယ်ကို အသိပေးရန် လျင်မြန်စွာပြေးလာသော်လည်း လမ်းခုလတ်တွင် ချော်လဲကာ ပြုတ်ကျသွားသည်။  ထိုဇာတ်ဝင်ခန်းသည် လွန်စွာဇာတ်ရှိန်မြင့်သည့် ဇာတ်သိမ်းခန်းသို့ ဆွဲခေါ်သွားသည်။ ထိုဇာတ်ဝင်ခန်းတွင် A Wa အမြဲခြုံလွှမ်းထားသည့် စောင်အနီလေးတထည်သည် အရေးပါဆုံးအခန်းသို့ ရောက်လာသည်၊ ဘရန်ဆိုင်း ရွာမှထွက်လာစဥ်တွင် ထိုစောင်အနီလေးအား ယူလာခဲ့သည်။    မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခအတွင်း သေဆုံးသွားကြသည့် စစ်တပ်မှတပ်သားများ၏ အလောင်းကိုရေတွက်ရခြင်းကို စွဲလမ်းကျသည့် နိုင်ငံခြားသားများအနေဖြင့်  ဤရုပ်ရှင်ဇာတ်ကား၏ သွေးချင်းနီသည့် ဇာတ်သိမ်းခန်းအား ကျေနပ်အားရရှိပေလိမ့်မည်။ ထင်ရှားသည့်အချက်တခုမှာ ဒါရိုက်တာ တင်အောင်စိုးသည် Sam Peckinpah ၏ ပရိသတ်တစ်ဦးဖြစ်သည်။ KIA၏ ချုံခိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဖက်မှ ဇာတ်ကောင်များဖြစ်ကြသည့် ကြင်နာသနားတတ်သည့်စိတ်ရှိသည့် တပ်အရာရှိ၊ မြင့်မြတ်သည့် ဆရာဝန်၊ တပ်ကြပ်ကြီးစောဘယ်ရီနှင့် အခြားခြေလျင်တပ်သားများသည် အကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ သနားကြင်နာတတ်သော ကပ္ပတိန်၊ မြင့်မြတ်သောဆရာဝန်၊ တပ်ကြပ်ကြီး စောဘယ်ရီ နှင့် အခြားခြေလျင်တပ်သားများအားလုံးသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းသည့် နည်းလမ်းများဖြင့် သတ်ဖြတ်ခံခဲ့ကြရသည်ကို အနှေးပြကွက်များဖြင့် ပြသထားသည်။ သို့သော် ၎င်းတို့ အမှန်တကယ် သတ်ဖြတ်ခံခဲ့ရကြပါသလား။

    ရုပ်ရှင်ဇာတ်သိမ်းပိုင်းကို ဖော်ပြထားသောကြောင့် Spoilerဖြစ်ကြောင်း သတိပေးလိုပါသည်။ စစ်တပ်ဖက်မှ အသတ်ခံရသူ အားလုံးတို့သည် ဇာတ်လမ်း၏ပြကွက်တွင် ဇာတ်ဝင်ခန်းအား ပံ့ပိုးပေးသော ဂီတသံစဥ်များဖြင့် နောက်ပြန်ရစ်သောတီးလုံးများဖြင့် ကံကြမ္မာ၏ အလှည့်အပြောင်းဇာတ်ကွက်တွင် အသက်ရှင်ကျန်ရစ်သူများအဖြစ် ပုံဖော်ခံထားရပါသည်။  လမ်းခုလတ်တွင် လဲကျသွားသော ဘရန်ဆိုင်းသည် KIA ထောင်ချောက်သွင်းသို့ ရှေးရှုသွားနေကြသော တပ်မတော်သားများ၏ စစ်ကြောင်းအား သတိပေးရန်ပြေးလာသည်။ သူ့အနေဖြင့် စစ်ကြောင်းအား အချက်ပြရန်အတွက် စောင်အနီလေးအား ဝှေ့ယမ်းနေသော်လည်း စစ်သားများက မမြင်ရပေ။ ထို့ကြောင့် ဘရန်ဆိုင်းသည် စောင်ကို လေထဲသို့ ပစ်ချလိုက်သည်၊ ထိုဇာတ်ဝင်ခန်းသည် အာလာဒင်၏ ကော်ဇောပျံလွင့်ပျံလာသည်နှင့်ပင် တူညီနေသည်။ ထိုစောင်သည် လေထဲမှ ဝေ့ဝဲကျလာကာ သစ်ပင်တစ်ပင်၏ပင်စည်ပေါ်တွင် အုပ်မိုးသွားသည်။ ဗိုလ်ကြီးအနေဖြင့် ဤအရာသည် အချက်ပေးချက်ဟု သဘောပေါက်သိမြင်သည့်အတွက် တပ်မတော်သားများအနေဖြင့် KIA၏ သတ်ကွင်းမှ အချိန်မီလှည့်ထွက်သွားနိုင်ကြသည်။  ကချင်ပြည်သူများက ၎င်းတို့ဘက်တွင် ရှိနေကြောင်းသိရှိရသည့်အတွက် အားလုံးပျော်ရွှင်စွာနေထိုင်သွားကြသည်။ ဘရန်ဆိုင်းနှင့် သူ၏ မိသားစုသည်လည်း ပြန်လည်သင့်မြတ်မှုရရှိကာ မီးပုံးပျံများဖြင့် ကစားနေသည့် ဇာတ်ဝင်ခန်းဖြင့် ဇာတ်သိမ်းထားသည်။

    ရုပ်ရှင်ဇာတ်ကားတွင် အကျင့်စာရိတ္တဆိုင်ရာ ပြကွက်အား တင်ဆက်ရာတွင်  စစ်ရာဇဝတ်ကောင်တဦးမှာ ပိုမိုကြီးမားသည် အခြားစစ်ရာဇဝတ်ကောင်တဦးအား စစ်တပ်၏ ကိုယ့်ကျင့်သိက္ခာကို အခြေခံ၍ ကယ်တင်လိုက်သည်ဟု တင်ဆက်ထားသည်။ ဘရန်ဆိုင်းအတွက်မူ ရက်စက်ကြမ်းကြုတ်သည့် သောင်းကျန်းသူဆိုသည့် အခြေအနေမှ ဗမာစစ်တပ်သည် ကချင်ပြည်သူများအပေါ် မည်ရွေ့မည်မျှကောင်းမွန်သည်ကို အသိအမှတ်ပြုသူအဖြစ် ပြောင်းလဲသွားသည်။ တပ်ကြပ်ကြီးစောဘယ်ရီအတွက်မူ ကလဲ့စားချေလိုသည့်စိတ်ဆန္ဒမှ ကချင်လူမျိုးများသည် ရန်သူမဟုတ်ဆိုသည့်အချက်နှင့် ပဋိပက္ခသဘောတရားကို နားလည်သည့်ပုံစံသို့ အသွင်ပြောင်းလဲသွားခြင်းဖြစ်သည်။ အစ်ကိုဖြစ်သူ ဗိုလ်ကြီးအတွက်မူ ၎င်းသည် စစ်သည်တို့လိုက်နာအပ်သော အကျင့်စာရိတ္တနှင့် သူ့မိခင်၏ အကြံပြုချက်များကို လိုက်နာသူဟူ၍ ပုံဖော်ထားသည်။ ဤကဲ့သို့ ဇာတ်ကွက်များကို ပြည့်စုံစွာရှင်းပြထားရခြင်းမှာ ဤရုပ်ရှင်ဇာတ်ကားသည် အဓိပ္ပာယ်တစုံတရာမရှိပဲ နုံချာသည့်ဇာတ်လမ်းတခုဖြစ်သည်ဟု နိဂုံးချုပ်ကောက်ချက်ချလိုခြင်းဖြစ်သည်။ ဤရုပ်ရှင်ဇာတ်ကားသည် မြန်မာစစ်တပ်၏ ဝါဒဖြန့်မှုအရည်အသွေးကို ထပ်ဟပ်ပါက စစ်တပ်သည် အာဏာကို ဤမျှလောက်ကြာအောင် မည်ကဲ့သို့ ထိန်းသိမ်းထားနိုင်သနည်း။

    မြန်မာရုပ်ရှင်ဇာတ်ကားများတွင် အပ်ကြောင်းထပ်ပါဝင်သည့်အရာများမှာ ချဲ့ကားရေးသားထားသည့် ဇာတ်ညွှန်းများ၊  ဇာတ်ဆောင်အချင်းချင်းကြားက စကားသံများကို တိမ်ဝင်သွားစေနိုင်လောက်သည်အထိ အဓိပ္ပာယ်မရှိသော ဂီတသံအကျယ်ကြီးများ၊ အသံအရည်အသွေး ညီညွတ်မှုမရှိခြင်းနှင့် အရည်အသွေးနိမ့်ပါးကာ မသေမသပ်ဖြစ်နေသည့် မိတ်ကပ်လိမ်းခြယ်မှုများပါဝင်သည်။ A Wa၏ အေးခဲနေသည့်ဆံပင်သည် သူ့အားကချင်လူမျိုးသက်ကြီးရွယ်အိုတဦးမဟုတ်ဘဲ ဟမ်းဘတ်မြို့ရှိ ဘားတခုတွင် ဖျော်ဖြေနေသည့် ဂျာမန်ရော့ခ်ဂီတသမားတဦးနှင့် အသွင်တူစေသည်။ မြန်မာဇာတ်လမ်း အတ္ထုပ္ပတ္တိများတွင် ဆန်းကြယ်မှုများပါဝင်သော်လည်း ဇာတ်ညွှန်းရေးသားမှုများသည် အလွန်အမင်းညံ့ဖျင်းသည်။  မြန်မာ့ဝါဒဖြန့်ချိရေးရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သည့် စကားများသည် အလွန်တရာ ရယ်မောဖွယ်ဖြစ်သည်၊ ဥပမာအနေဖြင့် အစ်ကိုဖြစ်သူ ဗိုလ်ကြီးသည် သူ၏ ရိုးသားမှုမရှိသည့်စကားများကို စောဘယ်ရီကို ပြောခဲ့သည့်အခန်းများတွင် ကြည့်နိုင်သည်။ ရုပ်ရှင်ဇာတ်ကားကို ကြည့်နေရခြင်းသည် အရည်အချင်း၊အစွမ်းအစမရှိသည့် တပ်မတော်စစ်တက္ကသိုလ်(DSA) ၏ အပျော်တမ်းပြဇာတ်အဖွဲ့ကို ကြည့်ရှုနေရသကဲ့သို့ဖြစ်ရသည်။

    ဝါဒဖြန့်ချိရေးရုပ်ရှင်များသည် ပြည်သူအများထံမှ လေးစားမှုရရှိရန် အားထုတ်လာကြခြင်းမှာ ယခုအချိန်မှသာစတင်ခြင်း မဟုတ်ပေ။  ၁၉၈၈ခုနှစ်နှောင်းပိုင်း တပ်မတော်အစိုးရလက်ထပ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တည်ဆောက်ရေးအဖွဲ့(နဝတ)လက်ထပ်မှ စတင်၍ ရုပ်ရှင်များသည် ၁၉၈၉ခုနှစ်ကာလအလွန်မှစတင်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားသောင်းကျန်းသူများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို တပ်မတော်မှ စွန့်လွှတ်အနစ်နာခံကာ စွမ်းစွမ်းတမံချေမှုန်းခဲ့ကြောင်း ရိုက်ကူးပြသလေ့ရှိသည်။  ဘိုဘိုရေးသားခဲ့သည့် “ကွန်မြူနစ်ခြိမ်းခြောက်မှုကို ဆန့်ကျင်သည့် မျက်ကန်းမျိုးချစ်ဆိုရှယ်လစ်ဝါဒကို မြှင့်တင်ခြင်း” အက်ဆေးနှင့်  ပညာရှင် Mary Callahan က Making Enemies တွင် ဖော်ပြထားသည့်အတိုင်း မြန်မာစစ်တပ်သည် ကနဦးကာလများတွင် မြဝတီမဂ္ဂဇင်း၏ စာမျက်နှာများမှတဆင့် ပထမအကြိမ်ဝါဒဖြန့်ခဲ့ပြီး အခြားသောမီဒီယာများဖြစ်သည့် ရုပ်ရှင်များမှတဆင့်လည်း အဆင့်ဆင့်ပြောင်းလဲ ဝါဒဖြန့်ခြင်းများပြုခဲ့သည်။ ထိုဝါဒဖြန့်မှုများတွင် ‘ပြည်တွင်းကြောက်ရွံ့မုန်းတီးမှုများအား” “ပြည်ပရန်စွယ်နှင့် ကြောက်ရွံ့မုန်းတီးမှုများ” အသွင် ဖန်တီးပုံဖော်ထားသည်။ မြန်မာစစ်တပ်၏ဝါဒဖြန့်မှုအများစုသည် စစ်သားများက ပြည်ထောင်စုကို စောင့်ရှောက်နေသည့် မွန်မြတ်သူများဖြစ်ပြီး ‘တိုင်းရင်းသား’ ပြည်သူများကို ကယ်တင်နေခြင်းဖြစ်သည်ဟု ပုံဖော်ထားသည်။ “မြဝတီ” နှင့် “အိုးဝေ” မဂ္ဂဇင်းများ၏ ပထမစာမျက်နှာများတွင်  ကချင်ခေါင်းလောင်းများအား နေရာပေးဖော်ပြထားသည်။  ကျွန်တော့်အကြိုက်ဆုံး မျက်နှာဖုံးပုံသည် ကရင်ပြည်နယ်ဇွဲကပင်တောင်နောက်ခံတွင် ကချင်ဂျိန်းဖောရိုးရာ၀တ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသမီးများပုံဖြစ်ပြီး တိုင်းရင်းသားအစုံကို ဖော်ပြထားသည့်ပုံဖြစ်သည်။  ပညာရှင် ရဲဟိန်းအောင်သည် မကြာသေးမီက Burma Civil War Museumထုတ်ဝေသည့် ၎င်း၏အစီရင်ခံစာ Are you talking seriously or just paying lip service? Studies on the view of Civil War and Genocide in Burmaတွင် မြန်မာဇာတ်ကားများတွင် စစ်တပ်၏ဝါဒဖြန့်မှု အခန်း ကဏ္ဍကို ဆန်းစစ်လေ့လာထားသည်။ သူ၏အစီရင်ခံစာတွင် ပြည်ထောင်စုသစ္စာကဲ့သို့သော ရုပ်ရှင်များစွာနှင့် ဒါရိုက်တာများနှင့် စိုးမြတ်နန္ဒာအပါအဝင် သရုပ်ဆောင်များကို လေ့လာသုံးသပ်ထားသည်။  အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ကို များစွာပံ့ပိုးပေးမှုများရှိသောကြောင့် ရဲဟိန်းအောင်အနေဖြင့် မြန်မာ့ရုပ်ရှင်လောကကို လွန်စွာညံ့ဖျင်းကြောင်း ဝေဖန်ကာ နိုင်ငံတွင်းအကြမ်းဖက်မှုများစွာ ဖြစ်ပွားနေပြီးနောက်တွင် ဤကဲ့သို့ “စောင်နီလေးတထည်” ရုပ်ရှင်ဇာတ်ကားထွက်ပေါ်လာခြင်းမှာ လွန်စွာအံ့အားသင့်စရာတခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မြန်မာ့ရုပ်ရှင်လောက၏ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရဲဟိန်းအောင် ရေးသားခဲ့သည်မှာ “တချို့က (ဗမာ)စစ်တပ်ရဲ့ ဖိအားပေးမှုကို စိုးရိမ်တဲ့အတွက် ပါဝင်ခဲ့ပြီး တချို့က (ဗမာ)စစ်တပ်ရဲ့ အားပေးမှု၊ အကူအညီပေးမှုကို မျှော်လင့်ထားသည့်အတွက် ပါဝင်ခြင်းဖြစ်သည်၊ ဥပမာ အကယ်ဒမီရွှေစင်ရုပ်ဆု ဆွတ်ခူးရယူနိုင်ခြင်းသည် ကြီးမားသည့်တွန်းအားတစ်ခုဖြစ်သည်။ အချို့သောအခြေအနေများတွင် ထိုဝါဒဖြန့်ရုပ်ရှင်များတွင် ပါဝင်ခဲ့ကြသူများသည် မြန်မာ့တပ်မတော်နှင့် အစိုးရအဆက်ဆက်တို့က တစ်ဖက်သတ် ပုံဖော်ဖန်တီးထားခဲ့သည့်  နိုင်ငံရေးနှင့်သမိုင်းကြောင်းဆိုင်ရာ အမြင်များကို အခိုင်အမာယုံကြည်ထားသောကြောင့် ပါဝင်ခဲ့ကြခြင်းဖြစ်သည်” ဟု ရေးသားထားခဲ့သည်။

    ၂၀၁၈ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့သည့် Our Beloved ရုပ်ရှင်ဇာတ်ကားသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့် ပြည်သူ့စစ် စစ်ဘုရင်တစ်ဦးကို တိုက်ခိုက်နေသည့် စစ်တပ်တစ်ခုအကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုရိုက်ကူးမှုအား The Economist မဂ္ဂဇင်းမှ  “စစ်ပွဲနှင့် ပတ်သက်သည့် ရုပ်ရှင်များတွင် ပါဝင်သည့် ဒရာမာများအတိုင်း  တပ်သားများနှင့် ဖခင်သဖွယ်အကြီးအကဲရဲဘော်များအကြား ဆက်ဆံရေးများနှင့်  တိုက်ပွဲတွင်ကျဆုံးသွားသော ရဲဘော်များအတွက် ငိုကြွေးမြည်တမ်းခြင်းများကို ပုံဖော်ထားသကဲ့သို့ဖြစ်သည်”ဟု ရေးသားခဲ့သည်။ “စောင်နီလေးတထည်”ရုပ်ရှင်ဇာတ်ကားတွင်လည်း တပ်ကြပ်ကြီးစောဘယ်ရီနှင့် သူ၏ ညီငယ်တပ်သားများအကြား ကာကွယ်ပေးမှုနှင့်ချစ်ခင်မှုများကိုကြည့်ပါက ထိုပုံဖော်မှုများကိုတွေ့နိုင်သည်။ သို့သော်လည်း ဗမာစစ်တပ်အား လူသားဆန်သူများအဖြစ် ပုံဖော်ခြင်းနှင့် ၎င်းတို့၏လုပ်ရပ်များကို အကြောင်းပြချက်ပေးရန် ကြိုးပမ်းမှုများသည် မအောင်မြင်ခဲ့ပါ။ စစ်တပ်၏ နေ့စဥ်အဖြစ်အပျက်များကို လေ့လာပါက ရန်လိုမုန်းတီးမှုနှင့် နိုင်ထက်စီးနင်းပြုလိုမှုများကိုသာ မြင်တွေ့ရသည်။

    ပြင်းထန်သည့်စိတ်ခံစားချက်များဖြစ်စေသည့် နားရွက်ဖြတ်သည့် ဇာတ်ဝင်ခန်းအရ ကချင်လူမျိုးများအား ရက်စက်ကြမ်းကြုတ်ပြီး ရိုင်းစိုင်းရမ်းကားသည့်လူများအဖြစ် ပုံဖော်ထားသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များအား တိုက်ထုတ်ခဲ့သည့် ကချင်စစ်သားများသည်လည်း ၎င်းတို့နှင့် အတူတိုက်ပွဲဝင်ခဲ့သော အမေရိကန်များ အထင်ကြီးလာစေရန် အလို့ဌာ နားရွက်များဖြတ်ပစ်လေ့ရှိသည်ဟု ဆိုကြသည်။ ဤအချက်မှာ ကိုလိုနီခေတ်တွင် တွေ့ခဲ့ရသည့် ရက်စက်သည့် တိုက်ခိုက်ရေးစစ်သည်များဆိုသည့် အမြင်များအား ပြန်လည်ပုံဖော်ထားခြင်းဖြစ်သည်။  Lin Poyer ၏ မကြာသေးမီကထွက်ရှိခဲ့သည့် စာအုပ်ဖြစ်သည့် War at the Margins: Indigenous Experiences in World War II တွင်လည်း “လူသေဆုံးမှုအရေအတွက်ကို မှတ်တမ်းတင်ရန်အတွက် ကချင်လူမျိုးများအနေဖြင့် သေဆုံးသူများ၏ နားရွက်များဖြတ်တောက်သည့် အလေ့အထရှိကြောင်း ရေးသားခဲ့ပြီး ထိုအလေ့အထကြောင့်  ဂျပန်စစ်သားများကို အကြမ်းဖက်တုံ့ပြန်ရာတွင် အားသာချက်တစ်ခုရှိကြောင်း ဖော်ပြခဲ့သည်။ “စောင်နီလေးတထည်”ဇာတ်ကားတွင် ကချင်လူမျိုးများအား မွန်မြတ်သောခရစ်ယာန်လူမျိုးများအဖြစ် ပုံဖော်ထားသော်လည်း ၎င်းတို့အနေဖြင့် ပြည်ထောင်စုနိုင်ငံတော်အတွင်း အကျိုးရှိစွာနေထိုင်နိုင်သည့်လူမျိုးများဖြစ်ရန်အတွက် ၎င်းတို့အား ပြုပြင်ပြောင်းလဲပေးရမည်ဆိုသည့် လွဲမှားသည့် အမြင်ကိုလည်းပေးသည်။   ဤအချက်မှာ ဗမာများသည် နိုင်ငံတော်အားကာကွယ်ပေးနေသူများဖြစ်သည်ဟု လှည့်စားကာ လူမျိုးရေးခွဲခြားသော ဇာတ်ကြောင်းများကို ဖန်တီးခဲ့ပြီး ထိုဇာတ်ကြောင်းများကြောင့်ပင် တိုင်းရင်းသားလူမျိုး အသိုက်အဝန်းအများအပြားကို ဆယ်စုနှစ်များစွာ ဆူပူအုံကြွစေခဲ့ပြီး ယနေ့ထိတိုင် ထိုအကြောင်းအရာများသည် ဆက်လက်လောင်ကျွမ်းလျက်ရှိသည်။  

    ဤရုပ်ရှင်ဇာတ်ကားသည် ကချင်ယဉ်ကျေးမှုနှင့် ဘာသာစကားအား မှားယွင်းစွာပုံဖျက်ထားသည်။ ရုပ်ရှင်နှင့်ပတ်သက်၍  ရှုတ်ချဝေဖန်ထားသည့် မိမိသူငယ်ချင်း၏ ဖေ့စ်ဘုတ်ခ်လူမှုကွန်ယက်စာမျက်နှာတခုတွင် ရေးသားထားသည်မှာ “Awa အား (A Wa)ဟု ခေါ်ဝေါ်ခြင်းနှင့် Anu အား (A Nu)လို့ ခေါ်ဝေါ်ခြင်းသည် မိဘများအား ရိုင်းပြစွာဆဲဆိုနေသကဲ့သို့ဖြစ်သည်” ဟု ရေးသားထားသည်။ ယဥ်ကျေးမှုနှင့်သင့်တော်အောင် ပြုလုပ်ရာတွင် အဆိုပါယဥ်ကျေးမှုကို စော်ကားနေသကဲ့သို့ပင်ဖြစ်သည်။ ဤအရာသည် ရုပ်ရှင်ရိုက်ကူးသူများဘက်မှ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းလား (သို့မဟုတ်) ယဉ်ကျေးမှုနှင့် ပတ်သက်သည့် ဘာသာစကားဆိုင်ရာ နားလည်မှုကို ရိုးသားစွာပင် မှားယွင်းခြင်းလားဟု မေးခွန်းထုတ်ဖွယ်ရာရှိသည်။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု ယူဆရသည်။ ထို့အပြင် ရိုးရှင်းသောစိတ်ထားရှိသည့် ကချင်လူမျိုးများဖြစ်ရန် ခရစ်ယာန်ဘာသာသည် အထောက်အပံ့ပေးသည်ဆိုသည့် ပုံစံမျိုဖြင့် ခရစ်ယာန်ဘာသာအား ပုံဖော်သုံးစွဲခြင်းသည်လည်း ပြည့်စုံလုံလောက်မှုမရှိသည့် အဓိပ္ပာယ်မရှိသည့် ပြကွက်ဖြစ်သည်။  ဤရုပ်ရှင်ဇာတ်ကားများနှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော လူမျိုးကြီးဝါဒသည် မြန်မာနိုင်ငံအဝှမ်းရှိ တိုင်းရင်းသားလူမျိုးစု အသိုင်းအ၀ိုင်းအား စိတ်ဒေါသထွက်စေသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။

     “စောင်နီလေးတထည်” ဇာတ်ကားသည် အချို့သောကဏ္ဍများတွင် မကြာသေးမီကထွက်ရှိခဲ့သည့်  အမေရိကန်စစ်ပွဲရုပ်ရှင်များဖြစ်သည့် Lone Survivor နှင့် American Sniper ကဲ့သို့သော ရုပ်ရှင်များတွင်ပါဝင်သည့် ကိုယ်ကျင့်တရားဆိုင်ရာအကျပ်အတည်းများနှင့်ပင် ဆင်တူသည်။ သို့သော်လည်း ထိုရုပ်ရှင်များတွင် အမေရိကန်ရာဇ၀တ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသကဲ့သို့ ရုပ်ရှင်ထဲတွင်ပါဝင်သည့် Chris Kyle ကဲ့သို့သော စိတ်ရောဂါခံစားနေရသော လက်ဖြောင့်သေနတ်သမား လူသတ်သမားများပင်လျှင် လူအများ၏ရိုသေလေးစားမှုကိုခံကြရသည်။ Lone Survivorဇာတ်ကားတွင် အာဖဂန်အရပ်သား(၃)ဦးအား ဖမ်းဆီးမိပြီးနောက် ၎င်းတို့အား သတ်ဖြတ်သင့်၊ မသတ်ဖြတ်သင့် SEAL အဖွဲ့ ဝင်များ အချင်းချင်းအကြား ဆွေးနွေးငြင်းခုံသည့်အခန်းနှင့် စောဘယ်ရီအနေဖြင့် လဆိုင်းအား နှိပ်စက်သတ်ဖြတ်လိုသည်တို့တွင် တူညီမှုအချို့ရှိသည်။ SEALS အဖွဲ့ဝင်များသည်လည်း စစ်တပ်မှပြုလုပ်သကဲ့သို့ပင် အရပ်သားများအား လွတ်မြောက်ခွင့်ပေးခဲ့သည်။

    မကြာသေးမီကာလအတွင်း ထွက်ရှိခဲ့သည့် အမေရိကန်စစ်ပွဲရုပ်ရှင်များစွာတွင် နိုင်ငံတကာဥပဒေကိုလိုက်နာရန် တွန်းအားပေးမှုများအား သိမ်သိမ်မွေ့မွေ့ပြုလုပ်လာခြင်းများရှိသည်။ Lone Survivor ဇာတ်ကား၏ ကနဦးဇာတ်ဝင်ခန်းများတွင် တပ်မတော်ရှေ့နေက လက်နက်ကိုင်ပဋိပက္ခတွင် ဥပဒေများကို လိုက်နာခြင်းအတွက် တင်ပြဆွေးနွေးမှုပြုလုပ်ရာတွင်  ပရိတ်သတ်ထဲမှ SEALအဖွဲ့ဝင်တဦးသည် ဤလုပ်ရပ်မှာ အချိန်ဖြုန်းနေသည်ဆိုသည့် အမြင်သက်ရောက်သည့်ပုံစံဖြင့် စိတ်ပျက်လက်ပျက် ခေါင်းခါနေသည့် ဇာတ်ဝင်ခန်းကိုတွေ့ရသည်။ ၎င်းသည် ‘lone survivor’ဇာတ်ကားတွင်ပါဝင်သော  Operation Red Wings၏ ‘တဦးတည်းသော အသက်ရှင်ကျန်ရစ်သူ’ ဟု ရည်ညွှန်းတင်စားခံရသော Marcus Luttrel ဖြစ်သည်။ ဤဇာတ်ကားမှ ပေးချင်သည့် အကြောင်းအရာသည် “သနားကြင်နာမှုသည် မိမိအားပြန်လည် ဆိုးကျိုးသက်ရောက်စေသည်” ဟူ၍ဖြစ်သည်။ ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားများသည် “ရက်စက်ကြမ်းကြုတ်မှုများကို ကောင်းမွန်သည့်သီလအဖြစ်” သို့ရောက်အောင် ပါးနပ်စွာ ရိုက်ကူးတင်ဆက်နိုင်သည်။ မြန်မာရုပ်ရှင်ဇာတ်ကားများသည် အရည်အသွေးညံ့ဖျင်းကာ၊ ပြည့်စုံလုံလောက်မှုမရှိသည့် နည်းလမ်းများဖြင့် ဝါဒဖြန့်လေ့ရှိသည်။

    SAC၏  ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းသည် ယခုနှစ်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွားရောက်၍ လိုအပ်သောညွှန်ကြားချက်များပြုလုပ်ခဲ့သည်။ ထိုသို့ပြောကြားရာတွင် “ဝန်ကြီးဌာနနှင့် ရုပ်ရှင်လောကတို့အကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခင်က အောင်မြင်မှု အချို့ ရရှိခဲ့ကြောင်းနှင့် ရုပ်ရှင်ဇာတ်ကားများအား ပြည်တွင်းတွင်သာမကပဲ ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာရုပ်ရှင်ပွဲဝောာ်များတွင်လည်း ပြသကာ မြန်မာ့ရုပ်ရှင်များ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန် ကြိုးပမ်းသင့်ကြောင်း” မှာကြားခဲ့သည်။ ထိုညွှန်ကြားချက်ကို မည်သည့်အတွက် ပြုလုပ်ကြောင်းကိုမူ ရှင်းလင်းစွာမသိရပေ။ အခြေအမြစ်မရှိသည့် ဟာသမြောက်သည့် ဇာတ်လမ်းများကို မြန်မာလူမျိုးအများစုက လက်မခံစဥ်တွင် နိုင်ငံခြားသားများသည် ထိုရုပ်ရှင်ဇာတ်ကားများအား လက်ခံပါမည်ဟု  သူ့အနေဖြင့် ရိုးရိုးသားသား ယူဆပါသလားဟုပင် မေးခွန်းထုတ်ချင်ဖွယ်ဖြစ်သည်။ သို့သော်လည်း “စောင်နီလေးတထည်” ဇာတ်ကားသည် စက်တင်ဘာလလည်တွင် သီရိလင်္ကာနိုင်ငံတွင်ကျင်းပခဲ့သည့် ASEAN/Colombo ရုပ်ရှင်ပွဲတော်တွင် ပြသရန် ရွေးချယ်ခံခဲ့ရသည်။

    ၂၀၁၃ခုနှစ် မတ်လတွင် မန္တလေးဧရာဝတီမြစ်ကမ်းတစ်လျှောက်သို့ ခရီးသွားရာ မိမိနှင့် တောင်ပိုင်းတိုင်းရှိ ကချင်ပြည်နယ်စစ်ဆင်ရေးမှ ပြန်လာသော တပ်မ(၈၈)ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် မြစ်ကူးသင်္ဘောပေါ်တွင် တွေ့ဆုံခဲ့ပါသည်။ သူတို့အနေဖြင့် ဒဏ်ရာအနည်းငယ်ရရှိထားကြပြီး ပင်ပန်းနွမ်းနယ်မူးမော်နေပုံရသော်လည်း မိမိနှင့်စကားပြောဆိုလိုကြပြီး မိမိအနေဖြင့် ၎င်းတို့သည် ကချင်ပြည်နယ် မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်ခဲ့သနည်းဟု စတင်မေးမြန်းသည့်အခါတွင် တပ်ကြပ်ကြီးမှ မိမိအား အဝေးထွက်သွားရန် နှင်ထုတ်ခဲ့သည်။ ၎င်းတို့ဝတ်ဆင်ထားသည့် ယူနီဖောင်းများတွင် တပ်မ(၈၈)ဆိုသည့် တံဆိပ်များနှင့် မဟာဗန္ဓုလခြေလျင်တပ်အဆောင်အယောင်များမှအပ ၎င်းတို့အား မြင်ရသည်မှာ “စောင်နီလေးတထည်” ရုပ်ရှင်ဇာတ်ကားတွင် ရိုက်ကူးပုံဖော်ထားသည့် အရည်အသွေးမြင့် စစ်တပ်နှင့် တူညီမှုမရှိပေ။  သို့သော်ငြားလည်း ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲသည် ရုပ်ရှင်ဇာတ်လမ်းနှင့် အနည်းငယ်ဆင်တူမှုရှိလျှင်တောင် ၎င်းတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင်သည် ပြည်ထောင်စုအား အမှန်တကယ် မွန်မြတ်စွာကာကွယ်နေကြသူများဟု ဆက်လက်ထင်မြင်နေပါသလားဟု မိမိအနေဖြင့် တွေးမိသည်။ သို့မဟုတ် ရုပ်ရှင်ဇာတ်ကားမှတဆင့် ဝါဒဖြန့်ခြင်းသည် ပြည်သူလုထူအတွက်မဟုတ်ဘဲ ၎င်းတို့ စစ်သားများအတွက်သာ ဖန်တီးထားခြင်းဖြစ်သည်ကိုရော သဘောပေါက်ပါသလား။ ၎င်းတို့ကိုယ်တိုင် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့် အလောင်းများအကြောင်း ကြွားဝါးတတ်သည့် စစ်သားများသည် စစ်တပ်၏ဝါဒဖြန့်ချိရေးရုပ်ရှင်ကို မည်သို့တွေးထင်ကြမည်နည်း။ စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးပြုလုပ်နေသည့် ဘီလူးစစ်ကြောင်းအနေဖြင့်လည်း အရပ်သားများ၊ သောင်းကျန်းသူဟုသံသယရှိသူများအား သတ်ဖြတ်ခြင်းနှင့် အလောင်းများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများအားဖျက်စီးခြင်းနှင့် ရွာများအားမီးရှို့နေသည့်လုပ်ရပ်များကို ပြုလုပ်နေသည့်အတွက် ၎င်းစစ်ကြောင်းအနေဖြင့် ဤဝါဒဖြန့်ရုပ်ရှင်အား မည်သို့မည်ပုံတွေးထင်မည်နည်း။ ၎င်းတို့သည် ရုပ်ရှင်ထဲတွင်ပါဝင်သည့် အကျင့်သီလနှင့်ပြည့်စုံသည့် အစ်ကိုကြီးဖြစ်သူစစ်ဗိုလ်ဟု ၎င်းတို့ကိုယ်တိုင် ထင်မှတ်နေကြမည်လား။ သို့မဟုတ် ထိုဗိုလ်ကြီးအား အခြားသူများ၏ပျော်ရွှင်မှုကို ဖျက်ဆီးတတ်သည့် “ပွဲဖျက်တဲ့မိုး”သဖွယ် ယူဆကာ လျစ်လျူရှုလိုက်ကြမည်လော။

    David Scott Mathieson သည်  မြန်မာနိုင်ငံရှိ ပဋိပက္ခအရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် လွတ်လပ်သည့်သုတေသီအဖြစ် အလုပ်လုပ်ကိုင်နေသူတဦးဖြစ်ပါသည်။  (Threads: dsmathieson, Substack: @burmaconflict)

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.