6 Minutes To Read

“ကိုယ့်ဇာတိမြေမှာနေပြီး မလုံခြုံဘူးလို့ အမြဲခံစားရတယ်” ။ ။ ကချင်စစ်ဘေးရှောင် လူငယ်များထံမှ ပေးပို့ချက်များ။

6 Minutes To Read
  • English
  • ဗမာစာ
  • လိုင်ဇာအနီးရှိ  စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူ လေးဦးနှင့် ဖန်းဂျာဘရန် မှ တွေ့ဆုံမေးမြန်းခဲ့ပြီး အီမလီဖစ်ရှ်ဘိမ်း မှ တည်းဖြတ်ထားသည်။

    သတင်းရုပ်ပုံ။ ။ ဝေကြိုင် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးများ ဗုံးခိုကျင်းများ တူးနေစဥ်၊ ၂၂ ရက် မတ်လ ၂၀၂၁ ခုနှစ်။ အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို ယခုနှစ်‌ အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာစစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူပေါင်း ၂၈ ဦး သေဆုံးခဲ့သည်။ (ဓါတ်ပုံမူရင်း။ ။ ‌ရော်န်ထာ)

    ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ညတွင် လိုင်ဇာ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်မှ ၃ မိုင်ခန့်အကွာတွင် ရှိသော မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း အနီးတွင် ကြီးမားသည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကလေး ၁၂ ဦး အပါအဝင် အရပ်သား ၂၈ ဦး သေဆုံးခဲ့သည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် မြန်မာစစ်တပ်မှ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်သည် ဟု လူ့အခွင့်ရေးအဖွဲ့များက ဖော်ပြခဲ့ ကြသည်။ ယခုဆောင်းပါးတွင် ကချင်လူငယ်လေးဦးမှ ၎င်းတို့၏ စစ်ရှောင်ဘဝ ဇာတ်လမ်းများကို မျှဝေထားသည်။ အဆိုပါလူငယ်များနှင့် ၎င်းတို့၏ မိသားစုများသည် မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (ကေအိုင်အို) တို့ တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ မုန်လိုင်ခက် သို့မဟုတ် အနီးရှိ ဝေကြိုင် စစ်ဘေးရှောင်စခန်းတွင် နေထိုင် ကြသူများဖြစ်သည်။ ၎င်းတို့ထဲမှ သုံးဦးမှာ အောက်တိုဘာလ တိုက်ခိုက်မှု အတွင်း အဆိုပါစခန်းများတွင် ရှိနေခဲ့ကြပြီး ကျန်တစ်ဦးမှာ မိုင်ဂျာယန် နယ်စပ်မြို့တွင် သွားရောက်ကျောင်းတက်နေခဲ့သည်။ 

    တိုက်ခိုက်မှုအပြီး ရက်သတ္တပတ်အကြာတွင် ၎င်းတို့အားလုံးသည် လွန်ခဲ့သည့် ၁၂ နှစ်တာကာလပတ်လုံး စစ်မက်ဖြစ်ပွား လျက်ရှိသော အခြေနေအောက်တွင် ရွှေ့ပြောင်းနေထိုင်ရသည့် အတွေ့ကြုံများ နှင့် မကြာသေးမီက မုန်လိုင်ခက်စခန်းပေါ် ပစ်ခတ် တိုက်ခိုက်မှုက ၎င်းတို့၏ လုံခြုံရေးနှင့် စိတ်ကျန်းမာရေးအပေါ် မည်သို့ သက်ရောက်မှုရှိခဲ့သည်ကို ဖွင့်ဟ ပြောဆိုလာကြသည်။

    ယခုပေးပို့ချက်တွင် ဖြေဆိုခဲ့သူများအားလုံးကို အမည်လွှဲဖြင့် ဖော်ပြထားပြီး ၎င်းတို့နှင့် တွေ့ဆုံမေးမြန်းမှုများကို ရှင်းလင်းစေရန်နှင့် အတိုချုံး ဖော်ပြနိုင်ရန် တည်းဖြတ်ထားသည်။ တွေ့ဆုံမေးမြန်းမှု ကောက်နုတ်ချက်များကို ၁၈ ရက်နေ့ အောက်တိုဘာလ ၂၀၂၃ ခုနှစ်တွင် ရေးသားထုတ်ဝေထားသော အယ်ဂျားဇီးယား သတင်းဆောင်းပါး တွင်လည်း တွေ့နိုင်သည်။

    ဆိုင်းမိုင်၊ ၂၁ နှစ်၊ ဆမားခရိုင်တွင် မွေးဖွားခဲ့ပြီး မုန်လိုင်ခက် စစ်ရှောင်စခန်းတွင် နေထိုင်သည်။

    ၂၀၁၁ ခုနှစ် ဇွန်လမှာ ဝိုင်းမော်မြို့နယ်က ကျွန်မတို့ ရွာနားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအချိန်က ကျွန်မတို့ရဲ့ အမျိုးတစ်ယောက်က လိုင်ဇာဆေးရုံမှာ တက်ရောက်ဆေးကုသခံနေခဲ့တာမို့ အဲ့ဒီဘက်ကို ပြေးကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    လမ်းခရီးတလျှောက် တိုက်ပွဲသံတွေကြားတဲ့အခါ တောထဲမှာ ပုန်းရှောင်နေခဲ့ပြီး ခြေကျင်ပဲ ကျွန်မတို့ ခရီးထွက်ခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်မတို့ ဝေကြိုင်စခန်းကို ရောက်ခဲ့ပေမယ့် စခန်းမှာ စစ်ရှောင်တွေပြည့်လျှံနေတာမို့ စခန်းတာဝန်ရှိသူ တွေက ကျွန်မတို့ကို မုန်လိုင်ခက် စခန်းကို ရွှေ့ပြောင်းစေခဲ့ပါတယ်။

    အိမ်က စက်ဘီး ဝယ်ဖို့ ငွေးကြေးမတက်နိုင်တဲ့အတွက်ကြောင့် ကျွန်မအနေနဲ့ အသွားအပြန် ခြေကျင်လျှောက်ပြီး လိုင်ဇာမှာပဲ အထက်တန်းကျောင်းကို ပြီးအောင် တက်ရောက်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ အခုဆိုရင် လူငယ်အဖွဲ့တစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်နေပြီး စခန်းက စစ်ဘေးရှောင်တွေရဲ့  ကျန်းမာရေးနှင့် အခြားအကျိုးပြု လုပ်ငန်းတွေမှာ ဆောင်ရွက်ပေးနေပါတယ်။ 

    ၂၀၁၆ ခုနှစ်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် မုန်လိုင်ခက်စခန်းက စစ်ရှောင်တွေအားလုံး အခြားစခန်းတစ်ခုမှာ နှစ်လ လောက် ပြောင်းရွှေ့  နေခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မတို့မှာ အမြဲသတိနဲ့နေခဲ့ရပြီး လေယာဥ်သံနဲ့ လက်နက်ကြီး သံ တွေကြားတဲ့အခါ ကတုတ်ကျင်းတွေ ထဲမှာ ပုန်းနေခဲ့ရပါတယ်။

    ကျွန်မတို့ဘဝကို နှစ်ပေါင်းများစွာ ဒီလိုပဲဖြတ်သန်းခဲ့ပေမယ့် ကျွန်မတို့စခန်းကို ဗုံးအကျဲခံရလိမ့်မယ့်လို့ တော့ ဘယ်တုန်းကမှ  မမျှော်လင့် ထားခဲ့ပါဘူး။ တိုက်ခိုက်ခံရတဲ့နေ့မှာ ကျွန်မတို့ ဘာလေယာဥ်သံမှကို မကြားဘဲ ရုတ်တရက် ပေါက်ကွဲသံကြီးပဲ ကြားခဲ့တာပါ။ ပေါက်ကွဲသံက ကျယ်လောင်လွန်းလို့ ကိုယ့်ကိုကိုယ် အသက်မှရှိသေးရဲ့လားလို့ ထင်ခဲ့မိပါတယ်။ ပြီးတော့ ကျွန်မတို့ ကတုတ်ကျင်းတွေဆီ ပြေးနေတုန်းမှာပဲ စစ်တပ်က ကျွန်မတို့ စစ်ရှောင်စခန်းကို လက်နက်ကြီးနဲ့ လေးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

    ဘုရားသခင်ကျေးဇူးတော်ကြောင့်ပဲ ကျွန်မ မိသားစုတွေအားလုံး ဒီအခြေနေဆိုးကြီးက လွတ်မြောက်ခဲ့ပါတယ်။ ကျွန်မတို့ တွေ အဆောက်ဦး အကျိုးပဲ့ပျက်စီးတွေအောက်မှာ ဖုံးအုပ်နေခဲ့ပြီး အခြားပြိုကျပျက်စီးသွားတဲ့အဆောက်အုံ အမိုးတွေပေါ် ကနေ ဖြတ်ပြေးခဲ့ကြရပါတယ်။ အဲ့ဒီနေရာကနေ ဘယ်လိုထွက်လာခဲ့လဲ ဆိုတာကိုတောင် မမှတ်မိတော့ပါဘူး။ အမယ်အို တစ်ယောက် ငိုယိုပြီး အကူညီတောင်းနေတာကို မြင်ခဲ့သလို ကျွန်မ အမေ ခြေဗလာနဲ့ ပြေးလွှားနေတာကိုလည်း မြင်ခဲ့ ပါတယ်။ ကလေးအချို့ကလည်း လုံခြုံတဲ့ နေရာကိုရောက်ဖို့ မှောင်မှောင်မဲမဲထဲမှာ ရုန်းကန်ပြေးလွှားနေခဲ့ကြပါတယ်။ ကျွန်မတို့မှာ ကြောက်လွန်းလို့ တုန်နေခဲ့ပါတယ်။

    တိုက်ခိုက်မှုပြီးသွားတဲ့အခါမှာ သေရွာကပြန်လာခဲ့ရသလို ခံစားခဲ့ရပါတယ်။ စစ်ရှောင်စခန်းတစ်ခုလုံး ပျက်စီးသွားခဲ့ ပါတယ်။ ဒဏ်ရာရသူတွေအများကြီးနဲ့ အသက်ရှင် မကျန်ခဲ့သူတွေရဲ့ အလောင်းတွေကို တွေ့ခဲ့ပါတယ်။ အခြားရှင်ကျန်ရစ် တဲ့ သူတွေကို တတ်နိုင်သလောက် ကျွန်မကူညီခဲ့ပါတယ်။  

    ကျွန်မတို့ မိသားစုဟာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အခြားမိသားစုနှစ်စုနဲ့ အတူ အမျိုးတွေဆီမှာ ယာယီ ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ဖြစ်ခဲ့တာတွေကို ပြန်စဥ်းစားရင် ကျွန်မရင်ထဲ မချိမဆန့် နာကျင်ခံစားရပြီး ညတွေဆို ဘယ်လို ကျော်ဖြတ်ရမှန်းတောင် မသိအောင်ပါပဲ။ ဘာတွေများဖြစ်သွားနိုင်လဲလို့ အမြဲတွေးတောနေမိပြီး ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကြီးကို ပြန်ပြန် အစဖော်တွေးမိပါတယ်။ ၂၀၁၁ ခုနှစ်မှာ စစ်ဘေးရှောင် ဖြစ်ခဲ့စဥ်ကတည်းက ကျွန်မမှာ ရှည်လျားတဲ့ညများစွာ၊ အိမ်မပျော်တဲ့ ညများစွာရှိခဲ့ပါတယ်။  

    မလုံခြုံဘူးလို့ ကျွန်မအမြဲခံစားရပါတယ်။ ကတုတ်ကျင်းတွေထဲမှာ ယာယီပုန်းခိုနိုင်ပေမယ့် ဒီလိုရုတ်တရက် ပစ်ခတ် တိုက်ခိုက်မှုမျိုး ထပ်ဖြစ်မယ်ဆိုရင် ကျွန်မတို့မှာ သွားလို့ရတဲ့ လုံခြုံတဲ့နေရာမရှိသလို အသက်တောင်ရှင်မယ် မထင်ပါဘူး။  ကျွန်မတို့စစ်ရှောင်တွေအတွက်လည်း အရမ်းခံစားရပါတယ်။ ကျွန်မတို့ စစ်ရှောင်တွေဟာ ဆင်းရဲမွဲတွေမှုအကြားမှာ  အခက်အခဲဒုက္ခတွေ များစွာကို ရင်ဆိုင်နေကြရပါတယ်။ ကျွန်မတို့ရဲ့ ဇာတိမြေကို တစ်ခါ ဆုံးရှုံးခဲ့ရပြီး၊ အခုတစ်ခါ ကျွန်မတို့  မနည်းကြိုးစားရှာဖွေ စုဆောင်းထားခဲ့ရတဲ့ တန်ဖိုးရှိတဲ့အရာလေးတွေကို ထပ်မံ ဆုံးရှုံးခဲ့ရပြန်ပါပြီ။ မုန်လိုင်ခက်စခန်းက  ကလေးတွေဟာ သူတို့စားချင်တာလေးတွေ မစားရသလို  လွတ်လွတ်လပ်လပ်တောင် မကစားနိုင်ကြပါဘူး။ တချို့ ကလေးတွေရဲ့ ကျောင်းအသုံးဆောင် ပစ္စည်းလေးတွေဟာ တိုက်ခိုက်မှုမှာ ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး အသစ်ပြန်ဝယ်ဖို့ လည်း မတတ်နိုင်ကြပါဘူး။ ကျွန်မကိုယ်တိုင်လည်း အရမ်းလမ်းပျောက်သလိုခံစားရပြီး ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်ပါစေနဲ့လို့ ပဲ ဆုတောင်းမိပါတယ်။ ကျွန်မတို့ စစ်ရှောင်တွေဟာ စစ်ပွဲတွေကို အလိုမရှိတော့ပါဘူး။

    ၂၀၁၁ ခုနှစ် ကတည်းက အခက်အခဲတွေ အများကြီး ကျွန်မရင်ဆိုင်ခဲ့ရပါတယ်။ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာကြောင့် ကျွန်မတို့ မိသားစုမှာ ငွေကြေးအခက်အခဲတွေ အများကြီး ကြုံခဲ့ရပြီး ကျွန်မရဲ့ ကျောင်းပညာရေးကိုလည်း မကြာခဏ ရပ်နားခဲ့ရပါတယ်။ တနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်မှာ တက်ခွင့်ရမယ်၊ ကျောင်းပြီးတဲ့အခါ အမိမြေကို ပြန်လာပြီး ကျွန်မတို့ လူမျိုးတွေ အတွက် အလုပ်အကျွေးပြုနိုင်မယ်လို့တော့ မျှော်လင့်နေတုန်းပါပဲ။

    ကျွန်မရဲ့ဇာတ်လမ်းကို ဖတ်နေကြသူတွေကို ပြောချင်တာက ကျေးဇူးပြု၍ စစ်ရှောင်လူငယ်တွေကို သတိရပေးပါ။ တတ်နိုင်သမျှ အကူအညီပေးပါ။ ကျွန်မတို့ဟာ ပညာသင်ယူဖို့အတွက် အလွန်စိတ်အားထက်သန်သူတွေပါ။ ကျွန်မတို့ကို အခွင့်အလမ်းတွေပေးပြီး သင်တို့ရဲ့ အသိပညာတွေကို ဝေမျှပေးပါ။ ကျွန်မတို့ စောင့်မျှော်နေကြပါတယ်။

    ပုံ ၁။ ။ အောက်တိုဘာလ ၉ ရက်နေ့ မြန်မာစစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှုအပြီး တွေ့ရသော မုန်လိုက်ခက် စစ်ရှောင်စခန်းမှ အပျက်စီးအကြွင်းကျန်များ (ဓါတ်ပုံမူရင်း။ ။ အောင်ဂျာ)

    ထုရော်၊ ၂၇ နှစ်၊ မိုင်ဆပ်ပါး ရွာတွင်မွေးဖွားပြီး ဝေကြိုင်စစ်ရှောင်စခန်းတွင် နေထိုင်သည်။

    ကျွန်မတို့ မိသားစုက ၂၀၁၁ ခုနှစ် ကတည်းက စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှ ကျွန်မအနေနဲ့ ဝေကြိုင်စစ်ရှောင် စခန်းကို ‌ရောက်ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စစ်ပွဲတွေ ပြန်လည်စတင်ခဲ့ပြီး ကျွန်မက ညီမဖြစ်သူနဲ့အတူ မြစ်ကြီးနားမှာ ကျောင်းတက် နေခဲ့တာပါ။ လက်နက် ပေါက်ကွဲသံတွေကို မြို့ကနေတောင် ကြားနိုင်ပါတယ်။ ကျွန်မတို့ ရွာကလေး အခြေနေ မတည်ငြိမ်သေးဘူး ဆိုတာကို ကြားသိခဲ့ရပေမယ့် ကျွန်မတို့ မိဘတွေက သူတို့ဘယ်လောက်ထိ ရုန်းကန်နေရတယ် ဆိုတာကိုတော့  မပြောပြခဲ့ကြပါဘူး။ ကျွန်မတို့ပညာရေးကို ထိခိုက်မှာစိုးလို့ ထင်ပါတယ်။

    ၂၀၁၃ ခုနှစ် ကျွန်မတို့ အထက်တန်းကျောင်း ပြီးသွားချိန်မှာ အမေက ပြန်လာခေါ်ခဲ့ပါတယ်။ အိမ်ပြန်လမ်းမှာ ခရီးလမ်းက မတူတော့တာ ကို ကျွန်မ သတိထားမိပါတယ်။ ကျွန်မတို့ ဘယ်ကိုသွားနေတာလဲလို့ အမေ့ကိုမေးတဲ့အခါ “အခုဆို ငါတို့က စစ်ရှောင် တွေဖြစ်သွားပြီလေ၊ စစ်ရှောင်စခန်းကို ပြန်နေတာ” လို့ ဖြေခဲ့ပါတယ်။

    ဝေကြိုင်စခန်းကို ရောက်တဲ့အခါမှာ ကျွန်မမိဘတွေက တစ်ရက်မှာ ကျွန်မတို့ရွာကို ဗမာစစ်သားတွေ‌ ရောက်လာခဲ့ကြောင်း၊ သေနတ်တွေပစ်ခတ်နေတဲ့အသံကို အိမ်ထဲကနေ ကြားခဲ့ရကြောင်း၊ နောက်နေ့မနက် အိပ်ယာနိုးတဲ့အခါမှာ အိမ်နီးနား ချင်းတွေလဲ ‌ မရှိတော့တာကြောင့် သူတို့လည်းထွက်ပြေးခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။

    ကျွန်မတို့ ပညာရေးအတွက် ဘိုးဘွားပိုင် မြေယာတွေကို ရောင်းချခဲ့ရကြောင်းကိုတော့ အောင်စာရင်းတွေ ထွက်ပြီးချိန်မှ မိဘ တွေက ထုတ်ပြောခဲ့ကြပါတယ်။ အစမှာတော့ မြေယာတစ်ခုကိုပိုင်ဆိုင်ဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာ နားမလည်ခဲ့ ပေမယ့် အခု အသက်ကြီးလာတဲ့အခါမှာ ကျွန်မတို့ဘယ်လောက်ဆုံးရှုံးခဲ့သလဲ ဆိုတာနားလည်သ‌ဘောပေါက်လာခဲ့ပါတယ်။

    စစ်ရှောင်စခန်းမှာ ဝင်ငွေရဖို့က ကျွန်မတို့အတွက် အရမ်းခက်ခဲပါတယ်။ ကျွန်မ မိဘတွေက လယ်သမားတွေပါ ဒါပေမယ့် ဒီဒေသမှာ ကန့်သတ်နယ်မြေတွေအများကြီး ရှိနေပါတယ်။ ရွှေ့ပြောင်းနေထိုင်ရတာက ကျွန်မတို့ပညာရေးကိုလည်း ထိခိုက် မှုရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ မိုင်ဂျာယန် က သမိုင်း၊စာပေ၊အတွေးခေါ်နှင့်ဘာသာစကားလေ့လာမှု (liberal arts) ပရိုဂရမ်မှာ ကျွန်မစတင်တက်ရောက်ခဲ့ပေမယ့် ပထမနှစ်ပြီးချိန်မှာပဲ ကျွန်မ အကိုက ဘုရားသခင်နှင့် ဘာသာရေးအယူအဆများ လေ့လာမှု/ကျမ်းစာ ကျောင်း (theological studies) တက်ရောက်နိုင်ဖို့အတွက် ကျမကျောင်းထွက်ခဲ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ ကျမတို့ မိဘ တွေကလည်း နှစ်ယောက်စလုံးအတွက် တပြိုင်တည်း မထောက်ပံ့နိုင်တဲ့ အတွက်ကြောင့်ဖြစ်တယ်။

     

    ၂၀၁၅ ခုနှစ်မှာတော့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်ခဲ့ပြီး ၂၀၂၀ မှာတော့ ကျွန်မတို့ ဘုရားကျောင်း ကဖွင့်တဲ့ ဖွံဖြိုးမှု ဆိုင်ရာပညာရပ်ကို သင်ယူဖို့အတွက် အလုပ်နားခဲ့ပါတယ်။ ဒါပေမယ့် လအနည်းငယ် ကြာပြီးနောက်မှာပဲ ကိုဗစ် – ၁၉ ကြောင့် ကျောင်းတွေပိတ်ခဲ့ရပြီး၊ အဲ့ဒီနောက်မှာတော့ စစ်အာဏာသိမ်းတာနဲ့ ကြုံခဲ့ရပါတယ်။ အခုဆိုရင် ကျွန်မစိတ်ကူးရည်မှန်းချက်တွေ အကောင်ထည်ဖော်ဖို့ သုံးနှစ်ကျော် နောက်ကျနေခဲ့ပါပြီ။

    ဒါတွေ အကုန်ပြောပြရတဲ့အကြောင်းရင်းက  စစ်ဘေးရှောင် တစ်ယောက်ဖြစ်ရတာ ဘယ်လိုခံစားရလဲဆို တာကို နားလည် စေချင်လို့ပါ။

    ကျွန်မပြေးခဲ့ရတဲ့ အချိန်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မတို့စခန်းနားမှာ ဗုံးကြဲခံ ရပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မက အိမ်အပြင်ဘက်မှာ အခြားလူငယ်တွေနဲ့အတူ ပွဲတစ်ခုအတွက် ပြင်ဆင်နေခဲ့တာပါ။ အစကတော့ ဘာသံကြီးမှန်းမသိလိုက်ဘဲ နောက်တစ်ခါ ပေါက်ကွဲသံကြားတော့မှ အိမ်ဘက်ကို ပြန်ပြေးခဲ့ပြီး အမေနဲ့အတူ ကတုတ် ကျင်းထဲ ပုန်းနေခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မ အဖေနဲ့ မောင်လေးက အဝေးတစ်နေရာကို ရောက်နေခဲ့ကြတာပါ။ ကျွန်မတို့ကို ကာကွယ်ပေးမယ့်သူ ဘယ်သူမှ မရှိတဲ့ ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုး ခံစားခဲ့ရပါတယ်။

    မုန်လိုင်ခက်စခန်း အဖြစ်ဆိုးကြုံတဲ့ ဒီနှစ်မှာတော့ ကျွန်မ ဝေကြိုင်စခန်းမှာ ရှိနေခဲ့ပါတယ်။ ဂျက်လေယာဉ်သံတွေ မကြားရဘဲ ဗုံးကွဲသံပဲ ကြားလိုက်ရတာပါ။ ကျွန်မတို့ အိမ်တန်းမှာရှိတဲ့သူတွေအားလုံး ကတုတ်ကျင်းတွေထဲ ပြေးခဲ့ကြပါတယ်။ ပေါက်ကွဲဆူညံသံတွေ တိတ်သွားတဲ့အခါမှ ထိခိုက်သွားတဲ့လူတွေကို ကူညီဖို့အတွက် ကျွန်မတို့စခန်းကလူငယ်တွေ လူစု ခဲ့ကြပါတယ်။ ဖြစ်ပျက်သွားတာတွေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်မတို့အားလုံး စိတ်ပျက်ကြေကွဲခဲ့ရပါတယ်။  ထိခိုက် သွားတဲ့သူတွေက ကျွန်မတို့ လူမျိုးတွေ၊ ဆွေမျိုး တွေပါပဲ။ သူတို့အများစုက ကျွန်မတို့ ရွာကပါ။ သူတို့အားလုံးက  စစ်ဘေးရှောင် ဒုက္ခသည်တွေဖြစ်ပြီး အခုဆိုရင် နှစ်ကြိမ် ရွှေ့ပြောင်းဒုက္ခသည် ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။

    အခုဆိုရင် လုံခြုံတယ်လို့ လုံးဝ မခံစားရတော့ပါဘူး။ တခါတလေမှာ ညဘက် အပြင်ကို ထွက်ရပေမယ့် အလင်းရောင် မထွန်းရဲပါဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ အထူးသဖြင့် ကိုယ့်လုံခြုံရေးအတွက် ပူပန်မိပါတယ်။ ညဘက်တွေမှာလည်း နှစ်ခြိုက်စွာ အိပ်မပျော်ပါဘူး။ အမြဲ သတိနဲ့နေမိပြီး ပစ္စည်းတစ်ခုခု ပြုတ်ကျသံကြားရင်တောင် ဗုံးများကျတာလားလို့ ချက်ချင်းတွေးမိပြီး ကြောက်လန့်နေခဲ့ရပါတယ်။ ကျွန်မတို့ စစ်ဘေးရှောင်လူငယ်တွေဟာ ဒီတိုက်ခိုက်မှုကြောင့် စိတ်ဒဏ်ရာ ရခဲ့ပါတယ်။  ညဘက်မှောင်လာပြီဆိုရင်ကို ကြောက်နေမိပါတယ်။

    ကျွန်မ ရည်ရွယ်ချက်က လူတွေကို တတ်နိုင်သမျှ အကူအညီ ပေးဖို့ပါ။ စစ်ဘေးရှောင်တွေအတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပိုပြီးစိတ်ဝင်စားပါတယ်။ ဒါပေမယ့် ကျွန်မမှာ သင်ယူစရာတွေ အများကြီးရှိနေပါသေးတယ်။ ကျွန်မတို့လူမျိုးတွေဟာ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ အပြင် ရွှေ့ပြောင်းဒုက္ခသည်တွေ ဖြစ်တဲ့အတွက် အခြေအနေတွေက ပိုဆိုးပါတယ်။ အခြား စစ်ရှောင် ရွှေ့ပြောင်းဒုက္ခသည်တွေလိုပဲ ကျွန်မရဲ့အိပ်မက်က တနေ့နေ့မှာ အိမ်ပြန်နိုင် ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အလုပ်မှာ ကျွမ်းကျင်ပြီး အမှီခိုကင်းသူ တစ်ဦးလည်း ဖြစ်ချင်ပါတယ်။

    စစ်ဘေးရှောင် ရွှေ့ပြောင်းဒုက္ခသည် လူငယ်အများစုက ပညာဆက်လက် သင်ယူချင်ကြပါတယ်။ တချို့လူငယ်တွေက ပညာတတ်ကြီး ဖြစ်ချင်ပေမယ့် မိသားစုတွေက မထောက်ပံ့နိုင်တာကြောင့်  သူတို့ရဲ့အိပ်မက်တွေကို စွန့်လွှတ် လိုက်ကြရ ပါတယ်။ ကျွန်မတို့ ကြုံတွေ့ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း ဘဝကိုရှေ့ဆက်ရတာ ခက်ခဲပါတယ်။ အစိုးရမဟုတ်တဲ့ အန်ဂျီအို အဖွဲ့စည်းတွေ အများကြီး စခန်းကိုလာပြီး အသိပညာပေးတာတွေ လုပ်ပေမယ့် ကျွန်မတို့မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု  ပျောက်ဆုံးနေပါတယ်။ ကျွန်မလို စစ်ရှောင်လူငယ်တွေနဲ့ ကြုံတွေ့တဲ့အခါ ကျေးဇူးပြု၍ သူတို့ကို နွေးထွေးစွာကြိုဆိုပြီး လမ်းပြပေးကြပါ။

     

    ပုံ ၂။ ။ မုန်လိုင်ခက်ရွာနှင့် မုန်လိုင်ခက်စခန်းပေါ် စစ်တပ်၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားသူ ၂၈ ဦး၏ စျာပနအခမ်းနား၊ ကချင်ပြည်နယ် လိုင်ဇာမြို့၊ ၁၀ ရက် အောက်တိုဘာလ ၂၀၂၃ ခုနှစ်။ (ဓါတ်ပုံမူရင်း။ ။ အောင်ဂျာ)

    အငွါမီး၊ ၂၃ နှစ်၊ အင်ပေါန် ကျေးရွာတွင် မွေးဖွားခဲ့ပြီး မိုင်ဂျာယန် နှင့် မုန်လိုင်ခက် စစ်ရှောင်စခန်းတွင် နေထိုင်သည်။

    ၂၀၁၁ ခုနှစ်မှာ ကျွန်မဟာ မိဘ နှင့် မောင်နှမ (၇)ယောက်တို့နဲ့ အတူ  ရွာမှ မုန်လိုင်ခက်စစ်ရှောင်စခန်း သို့ ပြေးရှောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ လိုင်ဇာ အထက်တန်းကျောင်းမှာ   ကျွန်မကျောင်းပြီးခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ မိုင်ဂျာယန်ရှိ ပညာရေးအင်စတီကျု မှာ တက်ရောက်နေခဲ့ပါတယ်။

    စစ်ရှောင်တစ်ယောက်ဖြစ်တဲ့အပေါ် မှာ ကျွန်မမှာ ခံစားချက်အများကြီး ရှိပါတယ်။  စစ်ရှောင်အားလုံးက သူတို့ မြတ်နိုးရတဲ့ အိမ်တွေ၊ မြေတွေ၊ ပိုင်ဆိုင်မှုတွေ စွန့်ခွါထားပစ်ခဲ့ရတာပဲမို့ တခြားသူတွေလည်း ကျွန်မလိုပဲ ခံစားရလိမ့်မယ်လို့ ထင်ပါတယ်။ တိမ်းရှောင်ခဲ့တုန်းက ကျွန်မက ကလေးမို့ အရမ်းကို ကြောက်လန့် နေခဲ့ပါတယ်။ ဘယ်သွားရမလဲ မသိတာမို့ မိဘတွေနောက်ပဲ လိုက်ခဲ့ပါတယ်။ စားသောက်ဖို့ အတွက်တောင် အခက်ခဲ တွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။

    စစ်ရှောင်စခန်းကို ပြောင်းရွှေ့ ခဲ့ပြီးတဲ့နောက်မှာ အရေးပေါ် အကူညီတချို့ကို ကျွန်မတို့ ရရှိခဲ့ပေမယ့် စစ်ရှောင် မိသားစု တိုင်းမှာ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် စိန်ခေါ်မှုများစွာရှိနေပါတယ်။ ကျွန်မတို့မှာ မြေယာမပိုင်တဲ့အတွက် ဥယာဥ်ခြံမြေစိုက်ပျိုးဖို့ ခက်ခဲသလို အလုပ်ကိုင်နဲ့ ပညာရေး အခွင့်လမ်းများကလည်း အကန့်သတ်နဲ့ပဲ ရှိပါတယ်။

    စစ်အာဏာသိမ်းမှုနှင့် ဖြစ်ပွားနေဆဲစစ်ပွဲများက ကချင်စစ်ရှောင်လူငယ်တွေရဲ့ အိမ်မက်နဲ့ မျှော်လင့်ချက်အပေါ် တကယ်ကို သက်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်မအတွက် ကံကောင်းတာကတော့ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းမှာ နေထိုင်တာမို့ ပညာရေးဆက်လက်သင်ကြားနိုင်ပါတယ်။ ကေအိုင်အိုထိန်းချုပ်မှု အပြည့်ဝ မရှိတဲ့နယ်မြေအတွင်းမှာ နေထိုင်ကြတဲ့ သူတွေရဲ့ ပညာရေးဟာ စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့တာကြောင့် သူတို့တွေအတွက် ကျွန်မ စိတ်မကောင်းဖြစ်မိ ပါတယ်။ တချို့ကတော့ မိုင်ဂျာယန် မှာ ကျောင်းလာတက်ရောက်ကြပါတယ်။

    မကြာသေးမီက မုန်လိုင်ခက်ကို ပစ်ခတ်တိုက်ခိုက်မှုက ကျွန်မအိမ်နဲ့ အနီးနားက အဆောက်ဦးတွေ ကို ပျက်စီးစေခဲ့ပြီး ကျွန်မတို့ တစ်မိသားစုလုံးလည်း မုန်လိုင်ခက်ဒေသခံတွေနဲ့ အတူ အနီးနားက စခန်းကို ထွက်ပြေးခဲ့ရပါတယ်။

    ၂၀၁၁ ခုနှစ်မှာ ကျွန်မတို့အိမ်ကနေ စွန့်ခွါထွက်ပြေးခဲ့ရတုန်းက မုန်လိုင်ခက်က ကျွန်မတို့အတွက် လုံခြုံတဲ့ နေရာတစ်ခုလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် တလောကဖြစ်ခဲ့တဲ့ ဖြစ်ရပ်က မုန်လိုင်ခက်က ကျွန်မတို့ကို လုံခြုံမှုမပေးနိုင်ဘူးဆိုတာကို မြင်ခဲ့ရပြီး ကျွန်မတို့ ထပ်ပြီး စွန့်ခွါထွက်ပြေးခဲ့ရပြန်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မတို့ ရပ်ရွာထဲက အကြီးကဲတွေ က တိုက်ခိုက်မှုဖြစ်လာရင် ပုန်းခိုနိုင်မယ့် ကတုတ်ကျင်းတွေ တူးခိုင်းခဲ့ပါတယ်။ ကျွန်မတို့ ကတုတ်ကျင်းတွေ တူးခဲ့ပေမယ့်လည်း ကတုတ်ကျင်းတွေက ကျွန်မတို့ကို မကာကွယ်ပေးနိုင်ခဲ့ပါဘူး။

    မုန်လိုင်ခက်မှာနေထိုင်ခဲ့ကြတဲ့ လူတွေအားလုံးအတွက် ကျွန်မ အင်မတန် ဝမ်းနည်းခံစားရပါတယ်။ နေ့စဥ်နေ့တိုင်း ကျွန်မတို့တွေ့တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ကြတယ်၊ ချစ်ခြင်းမေတ္တာတွေ မျှဝေကြတယ်၊ အခုတော့ ကျွန်မတို့ ခွဲခွာခဲ့ရပြန်ပါပြီ။ တချို့သူတွေဆို မိသားစုဝင်တွေ အားလုံးဆုံးရှုံးခဲ့ရပါတယ်။ ကျွန်မမှာ ဖော်ပြလို့တောင် မရတဲ့ နာကျင်ကြေကွဲရတဲ့ ခံစားချက်တွေအများကြီးပါပဲ။ ကျွန်မတို့ လူတွေအတွက် ကျွန်မ ငိုကြွေးနေမိတုန်းပါပဲ။

    ဒီစစ်ပွဲကြောင့် သက်ကြီးရွယ်အိုနဲ့ အပြစ်မဲ့တဲ့ ကလေးတွေ အပါအဝင် လူတွေအများကြီး သေကြေပျက်စီးခဲ့ရတယ်။ ကျွန်မတို့ အိမ်လေးတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ကချင်စစ်ရှောင်လူငယ်တွေအပါအဝင် ကျွန်မတို့ လူတွေဟာ နည်းမျိုးစုံနဲ့  ဆုံးရှုံးနေတုန်းပါပဲ။ စစ်ရှောင် ကျွန်မတို့တွေဟာ ကဏ္ဍတိုင်းမှာ အကန့်သတ်ဖြစ်ပြီး နောက်ကျ ကျန်နေခဲ့တယ်လို့ ခံစားနေရပါတယ်။

    ကျွန်မ စစ်ပွဲတွေကို မုန်းသလို ရပ်လည်းရပ်တန့်ချင်ပါတယ်။ ပြီးရင် ကျွန်မတို့ အိမ်ပြန်ပြီး အေးချမ်းစွာ ရှင်သန် နေထိုင်ချင်ပါတယ်။

    မုပုံ ၃။ ။ မုန်လိုင်ခက်ရွာနှင့် မုန်လိုင်ခက်စစ်ရှောင်စခန်းပေါ် မြန်မာစစ်တပ်၏ အောက်တိုဘာလ ၉ ရက် နေ့က ပစ်ခတ်တိုက်ခိုက် ဖျက်စီးမှု (ဓါတ်ပုံမူရင်း။ ။ အောင်ဂျာ)

    အဖုန်၊ ၂၈ နှစ်၊ ဝေကြိုင် စစ်ရှောင်စခန်းရှိ လူငယ်ခေါင်းဆောင်တစ်ဦး

    ၂၀၁၁ ခုနှစ် စစ်ပွဲတွေ ဖြစ်ပွားကတည်းက စစ်ရှောင်လူငယ်တွေ အတွက် ပညာရေးအခွင့်လမ်းတွေက အကန့်သတ် နဲ့ သာ ရှိခဲ့ပါတယ်။ လိုင်ဇာ အထက်တန်းကျောင်းနဲ့ ကေအိုင်အိုရဲ့ ဆယ်တန်းစာမေးပွဲအောင်သူတွေအတွက် ကေအိုင်အိုနဲ့ အခြားတော်လှန်ရေးအဖွဲ့များနဲ့ဆက်စပ်တဲ့ အဆင်မြင့်ပညာရေး အကယ်ဒမီကျောင်းတွေရှိပါတယ်။ ဒါပေမယ့် ဒီစစ်ရှောင်စခန်းက လူငယ်အများစုက ဆင်းရဲကြပါတယ်။ အချို့က ဆက်လက်ပညာသင်ကြားဖို့ မတတ်နိုင်ကြပါဘူး။

    ကျွန်တော်တို့ရဲ့ ပညာရေးအခွင့်လမ်းအကန့်သတ်ဖြစ်မှုက ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်း ပေါ်မှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားနေစဥ်အတောတွင်းမှာ လူငယ်တွေဟာ ချောင်ပိတ်မိသလို ခံစားနေခဲ့ရပါတယ်။ အဲ့နောက်မှာ အခြေနေတွေက ပိုဆိုးရွားလာပြီး အခွင့်လမ်းတွေအားလုံး ပိတ်သွားခဲ့ပါတယ်။ အချို့ လူငယ်တွေဟာ ဦးတည်ရာလွဲပြီး လမ်းကြောင်းအမှားပေါ် လျှောက်သွားခဲ့ပါတယ်။ လူငယ်အများစုက အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေပြီး စိတ်ဓါတ်ကျနေကြပါတယ်။

    တလောက မုန်လိုင်ခက်တိုက်ခိုက်မှုအပြီးမှာ ကျွန်တော်တွေရဲ့ ခံစားချက်တွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှမရှိသလို ဗုံးကျဲတဲ့အခါမှာလည်း ပြေးစရာဘယ်မှ မရှိတာကို နားလည်သဘောပေါက်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ဆုတောင်းရုံနဲ့ ဒီမှာနေရုံပဲ ရှိပါတယ်။ အနီးနားမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားပြီး လိုင်ဇာဒေသ တစ်ခုလုံးမှာ ကျွန်တော်တို့အတွက် လုံခြုံတဲ့နေရာ မရှိပေမယ့် တခြားသွားစရာနေရာလည်း ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ လုံခြုံရေးအတွက် ရည်ရွယ်ပြီးတူးထားတဲ့ ကတုတ်ကျင်းတွေပဲ ကျွန်တော်တို့မှာ ရှိပါတယ်။ အခုဆိုရင် တလောက တိုက်ခိုက်မှုမှာ ထိခိုက်ခံစားခဲ့ရတဲ့သူတွေက ပြန်တောင်ပြန်မသွားရဲကြတော့ပါဘူး။ ကျွန်တော်တို့ရဲ့ ဇာတိမြေမှာ ကျွန်တော်တို့မလုံခြုံသလို အမြဲတမ်းခံစားရပါတယ်။

    အဲ့ဒီညက ကလေးငယ်တွေအပါအဝင် သေဆုံးသွားသူတွေရဲ့ အလောင်းတွေ ကိုမြင်ခဲ့ပါတယ်။ တချို့က မိသားစုအဖွဲ့ဝင်တွေ ဆုံးရှုံးခဲ့ရပြီး တချို့က တစ်မိသားစုလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ တချို့ ကလေးငယ်တွေဆို သူတို့ရဲ့ မိခင်ကို ဆုံးရှုံးသွားတာပါ။ သူတို့ဆိုရင် စကားလုံးဝကို မပြောတော့ဘဲ စိုက်ပဲကြည့်နေပါတော့တယ်။ ဗုံးပေါက်ကွဲသံကို ကြားလိုက်ရပြီး ပျက်စီးဆုံးရှုံးမှု အတိုင်းတာကို မျက်မြင်တွေ့လိုက်ရတဲ့ကလေးငယ်အချို့ဆို စိတ်တွေလွတ်သွားခဲ့ပါတယ်။ လူငယ်တစ်ဦးအနေနဲ့  ကျွန်တော့်မှာ ကြောက်စိတ်နဲ့ နာကျည်းစိတ်ကို ခံစားခဲ့ရပါတယ်။

    အဲ့ဒီညအကြောင်းနဲ့ မနှစ်က အောက်တိုဘာလ မှာ အနန့်ပါ ကို စစ်တပ် ဗုံးကြဲမှု အကြောင်း ကို တွေးမိတဲ့အခါ သမိုင်းမှာ အမြဲမှတ်တမ်းတင်ထား ရမယ့်အဖြစ်ပျက်ဆိုတာ ကျွန်တော် ခိုင်ခိုင်မာမာခံစားရတယ်။ ကျွန်တော်တို့ အသက်ရှင် နေသရွေ့ ဒီအကြောင်းရာ ကို အမှတ်ရနေရုံမက နောက်မျိုးဆက်အထိ လက်ဆင့်ကမ်းမျှဝေသွားသင့်တယ်။ ဒါ ပထမဦး ဆုံးအကြိမ် မဟုတ်ပါဘူး။ ဒီဖြစ်စဥ်က ဗမာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပြတာဖြစ်ပြီး ကျွန်တော်တွေ ဘယ်တော့ မှ ဗမာစစ်တပ်မှာ မပါဝင်သင့်သလို မဟာမိတ်အဖြစ်လည်း လက်မတွဲသင့်ပါဘူး။ သူတို့ကို မယုံကြည်သင့်ပါဘူး။

    တိုက်ခိုက်မှုပြီးကတည်းက ဒေသခံအဖွဲ့စည်းတွေ၊ ဘုရားကျောင်းအဖွဲ့တွေ နဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီ စသဖြင့် ကူညီပေးခဲ့ကြပါတယ်။ လူငယ်တွေအတွက် သီးသန့်အစီစဥ်ဖေးမမှုတွေ တော့မရှိပါဘူး ဒါပေမယ့် ကျွန်တော်တို့တွေ ဆိုးဆိုးရွားရွားထိခိုက်ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ ကြောက်လန့်နေတယ်၊ ကုသပေးမှုနှင့် ဂရုစိုက်ဖေးမ ပေးမှု လိုအပ်ပါတယ်။ ကေအိုင်အိုနဲ့ ကျွန်တော်တို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေဆီကလည်း ပိုပြီးကောင်းတဲ့ အစီစဥ်တွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

    ဒါပေမယ့် ဒီလိုအခြေနေအချိန်ခါမျိုးမှာ ကေအိုင်အိုအစိုးရပေါ်မှာ ကျွန်တော်တို့ ရဲ့ထားရှိတဲ့ ယုံကြည်မှုတွေ မလျော့သင့်သလို ကျွန်တော် တို့အကြား ကွဲလွဲမှုတွေ ဖြစ်အောင် လုပ်လို့ မရပါဘူး။ သူတို့က ၁၉၆၀ နဲ့ ၂၀၁၁ မှာ စစ်ပွဲတွေပြန်စတင်ကတည်းက ကျွန်တော် တို့ကို ပံ့ပိုးပေးခဲ့တယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ ခေါင်းဆောင်တစ်ဦးတစ်ယောက် ‌ဆောင်ရွက်တာ မကောင်းရင်တောင် ကေအိုင်အိုအဖွဲ့ဝင်တွေအကုန်လုံး မကောင်းဘူးလို့ သတ်မှတ်လို့မရဘူး။

    မြန်မာပြည်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို တကမ္ဘာလုံးက လူတွေအမှတ်ရစေချင်ပါတယ်။ စစ်ပွဲတွေ ရှိတိုင်းမှာ ကျွန်တော်တို့လူငယ်တွေဟာ ထိခိုက်ခံစားရပါတယ်။ ကျွန်တော်တို့ လူတွေကို ပံ့ပိုးဖေးမပေးနေတဲ့ လူငယ်တွေ အတွက်လည်း ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်။

    ဖန်းဂျာဘရန် သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ လူမှုတရားမျှတရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ လူ့အခွင့်ရေး၊ လူမှုတရားမျှတမှု နှင့် ငြိမ်းချမ်းရေးတို့ကို ထောက်ခံသော အလွတ်တန်း သုတေသီ တစ်ဦးလည်းဖြစ်သည်။

    အီမလီ ဖစ်ရှ်ဘိမ်း သည် ဖော်ပြရေးသားထုတ်ဝေမှုအားနဲနေသည့် အကြောင်းရာများကို ပူး‌ပေါင်းဆောင်ရွက်သည့် နည်းနာဖြင့် ဖော်ထုတ်ရေးသားနေသော လွတ်လပ်၍ဘက်လိုက်မှုကင်းသည့် သုတေသီနှင့် ဂျာနယ်လစ် တစ်ဦးဖြစ်သည်။

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.