7 Minutes To Read

ကိုးကန့်ပုန်ကန်မှုများ၏ သမိုင်းနှင့် အကျိုးဆက်အမွေ

7 Minutes To Read
  • English
  • ဗမာစာ
  • ကိုးကန့်၏ မုန်တိုင်းထန်သောအတိတ်နှင့် မြန်မာ့နိုင်ငံရေးပေါ် ဆက်လက်သက်ရောက် နေဦးမည့် ၎င်း၏အကျိုးဆက်ပေါ်  Xu Peng မှ လေ့လာသုံးသပ်ထားသည်။

    မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲလျက်ရှိသည့် ‘စစ်ဆင်ရေး ၁၀၂၇’ သည် မြန်မာ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ မယိုင်လဲသည့် ဆန္ဒတစ်ခု ဖြစ်သော ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး အတွက် အဓိကအရေး တစ်ရပ် ဖြစ်လာသည်။ MNDAA၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်ဖွဲ့စည်းထားသည့် မဟာမိတ်ညီနောင်သုံးဖွဲ့ ၏ ပူးပေါင်းထိုးစစ်သည် ကိုးကန့်အရေးအား အလွှာမျက်နှာစာစုံ ရှုပ်ထွေးပွေလီနေသည့် မြန်မာနိုင်ငံ၏ ပဋိပက္ခ အလယ်ဗဟိုချက်သို့ တွန်းပို့ စေခဲ့သလို ၂၀၀၉ ကိုးကန့် အရေးခင်း ကို ပြန်လည်ပဲ့တင်ထပ်စေခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်မှ ကိုးကန့်ဒေသရှိ စက်ရုံတစ်ရုံအား စီးနင်းခဲ့ပြီးနောက် MNDAA နှင့် ၎င်းတို့အကြား ထိပ်တိုက်ထိတွေ့မှုများ ဖြစ်ပေါ်လာကာ အပစ်ခတ်ရပ်စဲမှုများ၏ ပြိုပျက်လွယ်သော သဘော သဘာဝကို ပေါ်လွင်စေခဲ့သည်။  ရလဒ်အနေဖြင့် MNDAA တိုက်ပွဲတွင်ရှုံးနိမ့်ခဲ့သည်။ ထို့နောက်တွင် ကိုးကန့်သည် ပြည်ထောင်စု အစိုးရထံသို့ ‘ဘက်ပြောင်း’ ၍ နယ်ခြားစောင့် တပ် (BGF) အဖြစ် ပြန်လည် ဖွဲ့စည်းသော MNDAA  အစိတ်ပိုင်း တချို့၏ ထိန်းချုပ်မှု အောက်သို့ ကျရောက်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် တရုတ်ပြည်သို့ စစ်ရှောင်တစ်သိန်း မျှ အလုံးရင်းဖြင့် ထွက်ခွာစေခဲ့သည့် ထင်ရှားသော ၂၀၁၅ ခုနှစ်တိုက်ပွဲ အပါအဝင် တိုက်ပွဲငယ်များ ပြန်လည်ဖြစ်ပေါ်ခဲ့သည်။

    ယခု သုံးသပ်ချက်သည် အချိန်ကာလအလိုက် ဖြစ်ပေါ်လာသော ဇစ်မြစ်နှင့် အကျိုးဆက်များကို ခြေရာခံ၍ ကိုးကန့်ပုန်ကန်မှုသမိုင်းကို လေ့လာဆွေးနွေး ထားခြင်းဖြစ်သည်။ ယခုသုံးသပ်မှုသည် ‌ ကိုးကန့်ဒေသရှိ  အစောဆုံး ပုန်ကန်မှုများမှစ၍ ကမ္ဘာကြီး၏ ပထဝီ နိုင်ငံရေး ပြောင်းလဲလှုပ်ခါမှု များက ကိုးကန့်အပေါ် မည်သို့ ရိုက်ခတ် ပုံဖော်ခံရသည် ဆိုသော သမိုင်းကြောင်း ကို မီးမောင်းထိုး ပြ၍  ကိုးကန့်ဒေသရှိ စဥ်ဆက်မပြတ် ဖြစ်ပေါ်နေသော ပဋိပက္ခ သဘောသဘာဝကို ရှင်းလင်း တင်ပြရန် ရည်ရွယ်သည်။ ယခုဖော်ထုတ်လေ့လာမှုသည် များစွာသော ပင်ရင်းအကိုးကားများပေါ် အခြေခံ၍ ကိုးကန့်၏ လက်ရှိအခြေနေကို ပို၍ ကျယ်ပြန့်သော သမိုင်းကြောင်းဆို င်ရာဘောင်ထဲတွင် ချိန်ထိုးဆင်ခြင်၍ ၎င်း၏ မုန်တိုင်းထန်သော အတိတ်ကို အလွယ်တကူနားလည်စေရန် ရှင်းလင်း ဖော်ထုတ်ထားခြင်း ဖြစ်သည်။

    ၁၉၁၀-၁၉၂၀ ခုနှစ်များတွင်း ကိုးကန့်ပုန်ကန်မှု။ ။နောက်မြို့စားမည်သူဖြစ်သင့်သနည်း။

    တရုတ်အင်ပါယာ လက်အောက်ခံ ဖြစ်ခဲ့သူ ကိုးကန့်သည် ၁၈၉၇ ခုနှစ်တွင် ဘားမား ပါဝင်သည့် ဗြိတိသျှ-အန္ဒိယ လက်အောက်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိခဲ့သော်လည်း ဗြိတိသျှ လက်ထက်တွင် မြို့စား ဟု သိကြသော ဒေသအုပ်စိုးသူ မြို့စား နယ်စား  ယန် မိသားစုသည် အတိုင်းတာ တစ်ခုထိ  ဩဇာအာဏာ ဆက်လက် ထိန်းချုပ်လွှမ်းမိုး နိုင်ခဲ့သည်။   ယန် မိသားစုဝင် များနှင့် ဗြိတိသျှ တို့၏ ဆက်ဆံရေးမှာ ဖြောင့်ဖြူးခဲ့ သော်လည်း ယန်မိသားစု အတွင်း မြို့စား ဆက်ခံမှုနှင့် ပတ်သက်၍ အငြင်းပွားမှုပြဿနာများ ရှိခဲ့သည်။ ပထမ မြို့စားဖြစ်သူ  ယန်ယို့ဂန်း (Yang Yougen) တွင် သားနှစ်ဦး ရှိခဲ့သည်။ သားအကြီးမှာ ယန်ဂိုဟွာ (Yang Guohua) နှင့် သားအငယ်မှာ  ယန်ဂိုကျွန် (Yang Guozheng) ဖြစ်သည်။ ဖခင် ယန်ယို့ဂန်း  ဆုံးပါးပြီးနောက်တွင် သားအကြီးဖြစ်သူ ယန်ဂိုဟွာ မှာ မြို့စား ဆက်ခံသူ ဖြစ်လာသည်။  သို့သော်လည်း ယန်ဂိုဟွာ ဆုံးပါးပြီးနောက်တွင် ၎င်း၏အရိုက်ရာကို ဆက်ခံမည့် သားဖြစ်သူ ယန်ချွမ်ယွန် (Yang Chunrong) မှာ အလွန်ငယ်ရွယ် နေသေးသည့်အတွက် ယန်ဂိုကျွန် မှ မြို့စားအဖြစ် ယာယီ တာဝန်ယူခဲ့သည်။    

    ချွန်ယွန် အရွယ်ရောက်လာ၍ ဂိုရှမ် မှ ခေါင်းဆောင်မှု လွှဲပြောင်းသည့်အချိန်တွင် ပထမဦးဆုံး သော အငြင်းပွားပြဿနာ ဖြစ်ပေါ်ခဲ့သည်။ ဂိုကျွန်၏ သားဖြစ်သူများသည် မြို့စားရာထူးနှင့် လုပ်ပိုင်ခွင့်များ ကို ရသင့်သည်ဟု အခိုင်မာဆိုခဲ့ကြပြီး ကိုးကန့်‌အတွင်း အကွဲအပြဲများ စတင်ခဲ့သည်။ အဆိုပါ ပဋိပက္ခမှာ ၁၉၂၉ ခုနှစ်တွင် အဆိုးဆုံးအခြေနေသို့ ရောက်ရှိလာပြီး ဗြိတိသျှတို့ ကြားဝင် ဖျန်ဖြေ ခဲ့ရသည်။ နောက်ဆုံးတွင် ချန်ယွမ်၏ သားဖြစ်သူ ယန်ဝမ်ဘင်း (Yang Wenbing) အား လေးဦး မြောက် မြို့စားအဖြစ် အသိမှတ်ပြုခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ၎င်း၏သားဖြစ်သူ ယန်ကျိန်းစိုင် (စဝ်အဒ်ဝတ် ယန်ကျိန်းစိုင်) (Yang Zhencai) (Sao Edward Yang Kyein Tsai) မှာ ငါးဦးမြောက် မြို့စား ဖြစ်လာခဲ့သည်။ ယန်မိသားစုအတွင်း မြို့စားအရိုက်ရာ ဆက်ခံမှုနှင့် ပတ်သက်သည့် အငြင်းပွားမှု ပြဿနာမှာ ရှုပ်ထွေး သော်လည်း ဗြိတိသျှပါဝင်မှု အနည်းငယ်ဖြင့် ပြေလည်သွားခဲ့သည်။ ဗြိတိသျှတို့ ၏ ကြားဝင် ဖြေရှင်းမှု တောင်းခံခဲ့သူများမှာ ယန်မိသားစုများပင်ဖြစ်ပြီး ဒေသအုပ်ချုပ်မှု အပြောင်းလဲ လှုပ်ခါမှု များနှင့် ထိုခေတ်အခါက ကိုလိုနီ လွှမ်းမိုးအုပ်ချုပ်မှု အကြားမှ ဗျူဟာကျသည့် ဆက်ဆံရေးကို ထင်သာ မြင်သာ ရှိစေခဲ့သည်။

    ပုံ (၁)။ ။ အရိုက်ရာဆက်ခံမှု၊ မိသားစုတွင်းပုန်ကန်မှု နှင့် ယန်မိသားစုမျိုးဆက် အသေးစိတ်ပုံ (စာရေးသူ ရေးဆွဲသည်)

     

     

     

    ၁၉၄၃ ခုနှစ်တွင်း ကိုးကန့်ပုန်ကန်မှု။ ။ရန်သူများနှင့် ပူးပေါင်းကြံစည်မှုလော။

    ၁၉၄၂ ခုနှစ် နွေဦးတွင် ဂျပန်သည် ဘားမားသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ဘားမား တောင်ပိုင်းအား သိမ်းယူပြီးသည့်နောက်တွင် ၎င်းတို့သည် ဘားမားမြောက်ပိုင်းနှင့် အနောက်တောင်ဘက် တရုတ် ပြည်တို့ အား ချိတ်ဆက်နေသော ဘားမားလမ်းကို ဖျက်ဆီးရန် မြောက်ဘက်သို့ တက်လာခဲ့သည်။ သံလွင်မြစ်နှင့် နမ့်တိမ် မြစ်တို့ ပေါင်းဆုံရာ မြောက်ဘက်တွင် တည်ရှိသည့် ကိုးကန့်သည် ဗြိတိသျှနှင့် ဂျပန် ရှေ့တန်းစည်းများ အကြားတွင် ရှိသည်။ ၁၉၄၂ ခုနှစ် ဧပြီလတွင် ဘားမား ကို လက်လွှတ် ခဲ့ရပြီးနောက် ကိုးကန့်ဒေသတွင် ဗြိတိသျှ တပ်သား တစ်ဦးမျှ တပ်စွဲခြင်းမရှိတော့သည့် အခြေနေက ကိုးကန့်ဒေသအား ပြိုလဲပျက်စီးစေတော့မည့်အခြေနေ သို့ တဖြည်းဖြည်းရောက်ရှိလာသည့် နောက် တွင်  ကိုးကန့်မြို့စားများက ထိုစဉ်က တရုတ်အား ထိန်းချုပ်ထားသည့် ကူမင်တင် (KMT) တရုတ်ဖြူ များထံမှ အကူညီတောင်းခံခဲ့သည်။ တရုတ်နယ်ခြားစူးစမ်းရေးတပ်ဖွဲ့ CEA[1] မှ စစ်ရေးအကူညီ ရပါက တရုတ်ပြည် ပိုင်နက်အတွင်းသို့ ၎င်းတို့ နယ်မြေထည့်သွင်းလိုသည့် ဆန္ဒကိုလည်း ဖော်ပြခဲ့သည်။ KMT များက ၁၉၄၂ ခုနှစ်တွင် CEA နှင့် ပူးပေါင်း၍ (ဂျပန်ဆန့်ကျင်သည့်) ကိုးကန့် ကာကွယ်ရေးတပ် (KDF) ကို တည်ထောင်ပေးရန် သဘောတူညီခဲ့သည့်အပြင် ယန်ဝမ်ဘင်း၏ တူဖြစ်သူ ကိုလည်း တရုတ်ပြည် ချန်ဒူရှိ KMT စစ်ဘက်ဆိုင်ရာ အကယ်ဒမီ တွင် စစ်ပညာသင်ကြားရန် ဝင်ခွင့် ပြုခဲ့သည်။.[2]

    သို့သော်လည်း ၁၉၄၃ ခုနှစ် စက်တင်ဘာလတွင် KDF အတွင်း ပုန်ကန်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ယန် ဝမ်ဘင်းမှာ ၎င်း၏ ဝမ်းကွဲညီအကိုတော်စပ်သူ ယန်ဝမ်ထိုက် (Yang Wentai [3] ဦးဆောင်သည့် KDF အခွဲ တစ်ခု ၏ အလစ်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းမှာ ခြေထောက်ဒဏ်ရ [4]

    ဖြင့် လွတ်မြောက်ခဲ့ သော်လည်း ၎င်း၏ သားဖြစ်သူမှာ အသတ်ခံခဲ့ရသည်။ အဆိုပါပုန်ကန်မှုမှာ မိသားစုအတွင်း နန်းလု ပြဿနာဟု ထင်ရသော်လည်း CEA ၏ ပါဝင်မှု ရှိခဲ့သည်။ ၁၉၄၂ ခုနှစ် ကွမ်းလုံတွင် ဂျပန်များ ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ခုသို့ ယန်ဝမ်ဘင်း တက်ရောက်ခဲ့ရ ရာမှ ဂျပန်များနှင့် ပူးပေါင်းဆောင်ရွက်နေသည် ဟူသော သံသယဖြင့် ပုန်ကန်မှုတွင် CEA ပါဝင်ခဲ့သည်။ တရုတ်ပြည်သို့ ထွက်ပြေးလွတ်မြောက်ပြီးနောက်တွင် မြို့စားမှာ ဂျပန်များနှင့် ‘ပူးပေါင်းဆောင်ရွက်မှု’ စွဲချက်များဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ လပေါင်းများစွာ စစ်ဆေးပြီးနောက်တွင် ပြစ်ဒဏ်ချမှတ် မခံရဘဲ လွတ်မြောက် ခဲ့သည်။ ထိုပုန်ကုန်မှု မှာ ယန်ဝမ်ထိုက်၏ ရန်သူနှင့်ပူးပေါင်းကြံစည်မှုဟု လွဲမှားစွပ်စွဲ၍ မြို့စားကို အစားထိုးရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။

    ထိုမိသားစုတွင်း နန်းလုမှုသည် ဗြိတိသျှနှင့် တရုတ် အာဏာပိုင် နှစ်ဖွဲ့လုံး၏ အာရုံစိုက် ခြင်းခံခဲ့ရပြီး အရေးကြီးသော ပြဿနာနှစ်ခု ထွက်ပေါ်လာသည်။ ပထမတစ်ခုမှာ ရန်သူနှင့် ပူးပေါင်း ကြံစည်သည် ဟူသော စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးမှုများက ကိုးကန့်၊ တရုတ် နှင့် ဗြိတိသျှတို့ အကြား ယုံကြည်မှု ကျိုးပဲ့စေခဲ့သည်။ ဒုတိယတစ်ခုမှာ ကိုးကန့်အရေးတွင် တရုတ်၏ ဘက်ပေါင်းစုံမှ ပါဝင်မှု ဖြစ်သည်။ ၎င်း၏ ပါဝင်မှုမှာ ကိုးကန့် မြို့စား၏ အကူညီတောင်းခံမှုအပေါ် တုန့်ပြန်ခြင်း ဖြစ်သလို စစ်မက်ဇုံတွင် ကိုးကန့်ဒေသ၏ အရေးပါမှု အရ ကိုးကန့်နှင့် ဂျပန်အကြား မည်သည့် ဖြစ်တန်ဖွယ်ရာ ပူးပေါင်း ဆောင်ရွက်မှုမျိုးကို မဆို တားဆီးလိုသည့် ဗျူဟာမြောက် တုန့်ပြန်မှု တစ်ခုလည်းဖြစ်သည်။ သို့သော် တရုတ်၏ လျှင်မြန်သွက်လက်သော ရပ်တည် တုန့်ပြန်ချက်က ဗြိတိသျှကို စိုးရိမ် စေခဲ့သည်။ အထူးသဖြင့် ကိုးကန့် မြို့စားအား ဖမ်းဆီးချုပ်နှောင်၍ အရေးယူ လိုသည့် တရုတ်၏ အုပ်ချုပ်မှု အာဏာစက်ပေါ် စိုးရိမ်မှုများရှိခဲ့သည်။ အဆိုပါတုန့်ပြန်မှု လုပ်ရက်များက နယ်နိမိတ်ဆိုင်ရာ နိုင်ငံတကာ ဥပဒေ လိုက်နာမှု အရ သာမက ဒေသတွင်း တည်ငြိမ်မှုနှင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွား ဗျူဟာ [5] ပေါ် မည်သို့ သက်ရောက် လာမည်ကို ဗြိတိသျှတို့ စိုးရိမ်ပူပန်ခဲ့သည်။

    ၁၉၄၇ မှ ၁၉၈၈ ခုနှစ်တွင်း ကိုးကန့် ပုန်ကန်မှုများ။ ။ကိုးကန့်ကိုဦးဆောင်ရန် စွမ်းရည်နှင့် လုပ်ပိုင် ခွင့် မည်သူ့တွင် ရှိသနည်း။

    ၁၉၄၇ ခုနှစ် နှင့် ၁၉၈၉ ခုနှစ် ကြားတွင် ဘားမားတွင် အ‌ရေးပါသည့် နိုင်ငံရေးအပြောင်းလဲများ ဖြစ်ပေါ်လာသည် နှင့် အပြိုင် ကိုးကန့် တွင်လည်း သိသာထင်ရှားသည့် ခေါင်းဆောင်မှု အပြောင်းလဲ လှုပ်ခါမှုများ ကြုံတွေ့ခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် နေဝင်း အိမ်စောင့် အစိုးရသည် ၁၉၅၉ ခုနှစ်တွင် မျိုးနွယ်စု၊ မိသားစု အလိုက် အာဏာဩဇာ အုပ်ချုပ်ရေး အရိုက်ရာ ဆက်ခံသည့် ကိုးကန့်အစဉ်လာ မြို့စားအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့သည်။  အဆိုပါ ပြောင်းလဲမှု က  ယန်မိသားစုဦးဆောင်သော ဒေသခံကောင်စီမှ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးအား ဆက်လက် တာဝန်ယူအုပ်ချုပ်ခြင်းအားဖြင့် ဒေသတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် လမ်းစ ဖြစ်ခဲ့သည်။ ပါလီမန်ဖျက်သိမ်း၍ ပါလီမန်အတွင်း ကိုးကန့်ကိုယ်စားပြုမှု ဆုံးရှုံး စေခဲ့သည့် နေဝင်းအစိုးရ အာဏာသိမ်းမှု [6] အပြီး  ၁၉၆၂ ခုနှစ် အလွန်တွင် အဆိုပါအခင်းကျင်းသည် တမဟုတ်ချင်း ပြောင်းလဲခဲ့သည်။ အဆိုပါ အဖြစ်ပျက်က ကိုးကန့်အား ဖက်ဒရယ်စနစ်တွင် ပါဝင်ခွင့်ပြုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိ ဆက်လက်ပေးထားမည့် ကနဦး ‘သဘောတူညီမှု’ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း အချက်ပြနေခဲ့သည်။ ထို့နောက်တွင် မြန်မာအစိုးရရန်မှ ကာကွယ်ရန် ကိုးကန့်တို့ အလေးပေးခဲ့သည်။ ထိုသို့ကာကွယ်ဖို့ ဆိုလျှင် ယန်ဝမ်ဘင်း နောက်ဆုံး မြို့စား ဖြစ်ခဲ့သည့် မျိုးနွယ်စု၊ မိသားစု အလိုက် အာဏာဩဇာ အုပ်ချုပ်ရေး အရိုက်ရာ ဆက်ခံသည့် ခေါင်းဆောင်မှုပုံစံမှ စွမ်းဆောင်ရည်ရှိပြီး ထိရောက်သော အုပ်ချုပ်‌ရေး ပုံစံတရပ် ဖြစ်ပေါ်လာရန် လိုအပ်လာခဲ့သည်။

    စစ်အေးကာလတွင် ကိုးကန့် သည် ထင်ရှားသည့် ပဋိပက္ခဇုံ တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၅၀၊ ၁၉၆၀ ခုနှစ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ KMT တပ်ဖွဲ့များ ရုတ်သိမ်းမှုနှင့်  ၁၉၆၀  ခုနှစ် တွင် တရုတ်-မြန်မာ နယ်စပ်တလျှောက် ဗမာကွန်မြူနစ်ပါတီ (CPB)  ကြီးထွားလာမှု နှစ်ခုအကြား ကိုးကန့်သည် ဗျူဟာမြောက်စွာ နေရာချထားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အောလဖ်ယန်း ဝါ ယန်ဂျင်းရှု (Yang Kyin Hsui or Olive Yang) ဟု သိကြသော စဝ်ယန်ဝမ်ဘင်း ၏ သမီးဖြစ်သူ ယန်ဂျင်းရှု၏ စီမံပေးမှုဖြင့် ကူမင်တန် များ နယ်စပ်သို့ တပ်ဆုတ်ခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ကိုးကန့်တွင [7] ဇင်းချန် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းကျောင်း တည်ထောင်မှု ဖြစ်ပေါ်လာခဲ့သည်။ ထိုကျောင်းမှ ဖုန်ကြားရှင် (Peng Jiasheng (Pheung Kya-shin)) နှင့် လော်စစ်ဟန် Luo Xinghan (Lo Hsing Han) ကဲ့သို့သော နောင်တွင် ကိုယ်ပိုင် တပ်ခွဲများတွင[8] စစ်ဦးစီးဖြစ်လာမည့်  ကိုးကန့်ခေါင်းဆောင်များ၏ အနာဂတ်ကိုပုံဖော်ပေးခဲ့သည်။

    ၁၉၆၀ ခုနှစ် အလယ်နှစ်များတွင် ကိုးကန့်တွင် မြန်မာအစိုးရကို ဆန့်ကျင်မည့် ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်မှုသည် သိသာထင်ရှားလာခဲ့သည်။ ယန်မိသားစု ဝင်အချိုနှင့် လော် မိသားစု ဝင် အချို့ မှာ မြန်မာအစိုးရနှင့် ပူးပေါင်းသွားခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့်   ဖုန်သည် ပြောက်ကျား လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပြီး ၁၉၆၀ ခုနှစ် နှောင်းပိုင်းများတွင် ကိုးကန့်၏ စစ်ရေးဆိုင်ရာ အရည်သွေးများကို မြှင့်တင်ရန် CPB တပ်ဖွဲ့များနှင့် လက်တွဲရန် ဆုံးဖြတ်ခဲ့သည်။ ယခုကာလသည် မြန်မာအစိုးရကို ဆန့်ကျင်သည့် ၎င်း၏ လှုပ်ရှားမှုတွင် CPB ၏ ထောက်ခံမှုကို တွန်းအားဖြစ်စေသည့်  တရုတ်နှင့် ဖုန်၏ နီးစပ်သည့်ဆက်ဆံရေးကို  ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်စေသည့် ကာလဖြစ်သည်။

    ကိုးကန့်၏ မြို့စားအရိုက်ရာဆက်ခံမှုစနစ်ကို ဖျက်သိမ်းမှုက မျိုးရိုးစဉ်ဆက် အမွေဆက်ခံသည့် ခေါင်းဆောင်မှု မှ အရည်သွေးပေါ် ဦးစားပေး ရွေးချယ်လာသည့် ခေါင်းဆောင်မှု ရွေးချယ် သတ်မှတ်ခြင်း စံနှုန်းများကို အပြောင်းလဲဖြစ်စေခဲ့သည်။ အဆိုပါပြောင်းလဲမှုက အမှန်တကယ် အုပ်ချုပ်နိုင်သည့် အရည်အသွေးရှိမှု နှင့် အုပ်ချုပ်သူ၏ တရားဝင်မှု အကြား တွန်းတိုက်မှုလက္ခဏာဆောင်သည့် နန်းလုပုန်ကန်မှု များကို ဆက်လက် ဖြစ်ပေါ် စေခဲ့သည်။  သမိုင်းအစဥ်လာအရ ‘အင်ပါယာကြီးစိုးမှုအရိပ်’ အောက်တွင် လှုပ်ရှားလာသော ကိုးကန့်သည် ၎င်း၏ သစ္စာခံမှုကို အမြဲတစေ ပြောင်းလေ့ရှိပြီး အာဏာဩဇာ ရှိသူများနှင့်  ဗျူဟာကျကျ လက်တွဲလေ့ရှိသည်။ ရလဒ်အနေဖြင့် ၁၉၆၀ ခုနှစ် အလယ်ပိုင်းတွင် ယန်မိသားစု၊ လော် မိသားစု များက တစ်ဖွဲ့၊  ဖုန် မိသားစုများက တစ်ဖွဲ့ ဖြင့် ကိုးကန့်အတွင်းတွင် အဖွဲ့ခွဲ များစွာရှိလာခဲ့သည်။ (ကိုးကန့် စာရေးဆရာ [9] Cai Shan စောင့်ကြည့်လေ့လာခဲ့သည့်အတိုင်း ကိုးကန့်၏ ရုန်းကန်မှုများ သည် ဒေသတွင်း ပြဿနာများကို ကျော်လွန်၍ ပြင်ပနိုင်ငံရေး မဟာမိတ် များ၊ အတွေးခေါ် မဟာ မိတ်မှားနှင့် လျော်ညီစွာ အားပြိုင်လျက်ရှိသည်။

    ၁၉၉၀ ခုနှစ်များတွင်း ကိုးကန့်ပုန်ကန်မှု။ ။သမိုင်းစက်ဝိုင်းတစ်ပတ်လည်ခြင်းလော။

    ၁၉၉၀ ခုနှစ်များတွင် ကိုးကန့်သည် အာဏာချိန်ခွင်လျှာပြောင်းလဲမှု ပုန်ကန်မှုတကျော့ပြန် သမိုင်း စက်ဝိုင်းတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ၁၉၈၉ ခုနှစ် မတ်လတွင် ဖုန်မှဦးဆောင်၍ CPB ကို ပုန်ကန်ပြီး MNDAA ကို ထူထောင်လိုက်သည်။ အဆိုပါပုန်ကန်မှုက CPB အတွင်းရှိ ဝ နှင့် အခြားအဖွဲ့ခွဲများ ကိုပါ ကွဲထွက်စေခဲ့သည်။  ဗမာလွှမ်းမိုးသောဒေသများရှိ ဒီမိုကရေစီ လှုပ်ရှားမှုများကို မထောက်ခံပါက အလဲလှယ်အားဖြင့် တိုင်းရင်းသားအဖွဲ့များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းတာတစ်ခု ထိပေးမည် ဟူသော  ယခင် မြန်မာအစိုးရ နှင့် သဘောတူညီမှု စတင်လိုက်သည့် ခြေလှမ်းဟုလည်း နားလည်နိုင်သည်။ သို့သော်လည်း ကိုးကန့်များ၏ နှိုင်းယှဉ်လျှင် ငြိမ်းချမ်းသောထိုကာလ အခိုက်တန့်မှာ တိုတောင်း ခဲ့သည်။ နောက်ထပ် ပုန်ကန်မှုများ ထွက်ပေါ်လာခဲ့သည့်အပြင် မီဒီယာများ၏ အာရုံစိုက် ခြင်းပါ ခံခဲ့ရသည်။ ထင်ရှားသည့် ပဋိပက္ခတစ်ခုမှာ ဖုန်ကြားရှင် နှင့် ၎င်း၏ ဒု ဦးစီး ယန်မော်လျန် (Yang Maoliang) တို့ ကြားမှ  ပဋိပက္ခဖြစ်ပြီး  CPB မှ ခွဲမထွက်မီ ကတည်းမှ ဖုန်အပေါ် ရှိခဲ့သည့် မကျေနပ်ချက်များမှ ထွက်ပေါ် လာသော ပဋိပက္ခ ဖြစ်သည်။ ၁၉၉၂ ခုနှစ် နိုဝင်ဘာလတွင် ယန်သည် ၎င်း၏ တပ်သား ၂၀၀၀ နှင့် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မှ ထပ်လောင်း ပံ့ပိုးပေးသည့် တပ်သား ၁၀၀၀ ကျော်တို့နှင့် အတူ ဖုန် အား တိုက်ခိုက်ခဲ့သည်။ ဖုန်၏ တပ်သည် ကိန်းဂဏန်းအရ သာလွန်သော်လည်း (ဖုန်တွင် တပ်သား ၄၀၀၀ ရှိခဲ့သည်) [10] တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ၁၉၉၃ ခုနှစ် အစောပိုင်းတွင် ပြည်ပသို့ ထွက်ပြေးခိုလှုံ ခဲ့သည်။ ယခုအဖြစ်ပျက်သည် ၂၀၀၉ ခုနှစ် ကိုးကန့်အရေးခင်းပြီးနောက် ဖုန် အဝေးသို့ ထွက်ပြေး ခိုလှုံရသည့် အများသိအဖြစ်ပျက်မတိုင်မီက ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ် ဖုန်ထွက်ခွါ ပြီးနောက် ယန် မှ ဥက္ကဌ နေရာကို ရယူခဲ့ကာ ပယ်ဆောက်ချိန် Bai Suocheng (Bai Xuoqian) နှင့် ဝေချောင်ရန် Wei Chaoren တို့အား အဓိက စစ်ရေး ရာထူးများတွင် ခန့်အပ်ခဲ့သည်။ ထိုသို့ ခန့်အပ်ခြင်းက ၂၀၀၉ ခုနှစ် တွင် ဖြစ်ပေါ်လာမည့် အကွဲအပြဲ၏ အစဖြစ်ခဲ့သည်။ [11]

    ယန်၏ အာဏာဩဇာ ချုပ်ကိုင်နိုင်မှု သက်တမ်းမှာတိုတောင်းခဲ့သည်။ ၁၉၉၅ ခုနှစ် ဆောင်းဦးတွင် ကိုးကန့်တွင် တိုက်ပွဲငယ်များ ပြန်လည်စတင်လာခဲ့သည်။ UWSA ၏ အကူညီဖြင့် ၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် ဖုန်သည် ကိုးကန့်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို ပုန်ကုန်မှုသည် ကိုးကန့်တွင် ၁၉၈၉ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီးနောက်ပိုင်း ဒုတိယ အကြီးဆုံးပုန်ကန်မှုဖြစ်ခဲ့သည်။ ၁၉၉၀ ခုနှစ် နှောင်းပိုင်း ပဋိပက္ခများသည် စစ်အေးလွန်ခေတ်ကာလ ပုန်ကန်မှုများနှင့် ကွာခြားသည်။ စစ်အေးလွန်ခေတ်ကာလ ပုန်ကန်မှုသည် မြို့စားကာလမှ အငြင်းပွားမှုပြဿနာများကို ထင်ဟပ်ပြီး အတွင်းပိုင်းပုန်ကန်နန်းလုမှုများနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှု အနည်းငယ်သာ ပါဝင်ခဲ့သည်။ ပြီးခဲ့သည့်‌ခေတ်များနှင့်မတူညီစွာ ကိုးကန့်အတွင်း အုပ်စုများကွဲခြင်းတွင် မြန်မာနိုင်ငံအစိုးရ ပါဝင်မှုက အဓိကအချက် မဟုတ်သကဲ့သို့ အစိုးရတစ်ရပ်ကိုတော်လှန်ရန် အခြားအစိုးရတစ်ရပ်၏ ခြယ်လှယ် ဝင်စွက်မှုကို ရှာဖွေခဲ့သည့် အကွဲမျိုးလည်း မဟုတ်ခဲ့ပေ။ ယခုကာလတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းများ (EAOs) အထူးသဖြင့် UWSA ၏ အခန်းကဏ္ဍက ပိုမိုအရေးပါ ခဲ့သည်။ သူပုန် အဖွဲ့ နှစ်ဖွဲ့လုံးတွင် ဝ ၏ ပါဝင်ပတ်သတ်မှုသည် ၎င်းတို့၏ မဟာဗျူဟာ ရည်မှန်းချက်များမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ၎င်းတို့သည် ဒေသတွင်း အာဏာပြောင်းလဲလှုပ်ခါမှုတွင် အရေးကြီးသူ တစ်ဦး ဖြစ်သော ခွန်ဆာ တန်ခိုးကြီးထွားလာချိန်တွင် အာဏာချိန်ခွင်လျှာ မျှခြေဖမ်းရန် ၁၉၉၃ ခုနှစ်တွင် ယန်ကို ကူညီခဲ့သည်။  ယန်၏ ကျယ်ပြန့်လာသော မူးယစ်ဆေးဝါး ကုန်သွယ်ရောင်းဝယ်မှု လုပ်ငန်းများကို ကန့်သတ်ရန် ၁၉၉၅ ခုနှစ်တွင် ဖုန်ကို ကူညီခဲ့သည်။

    ၂၁ ရာစု အတွင်း ကိုးကန့် ပုန်ကန်မှု။ ။ကမ္ဘာကြည့် သိမြင်မှု တစ်ခုလော။

    ၂၁ ရာစုတွင် ကိုးကန့်၏ ဇာတ်ကြောင်းမှာ ကမ္ဘာမှု ဆန်လာခဲ့သည်။  ၁၉၉၅ ခုနှစ် ဆောင်းတွင်းတွင် ဖုန်နှင့် MNDAA တို့ ကိုးကန့်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ကိုးကန့်သည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွင် အထူးသဖြင့် လောင်းကစားလုပ်ငန်းများတွင် ပို၍ အာရုံ စိုက်လာခဲ့သည်။ ကာစီနိုလုပ်ငန်းများကြောင့် အကြီးကျယ် ကြီးထွားလာခဲ့သည့် ကိုးကန့်၏ စီးပွားရေးကို (ပုံ- ၂ တွင် ကြည့်ပါ) ‘နောက် မကာအို’ ဟုပင် နှိုင်းယှဉ်လာကြသည်။ သို့သော်လည်း ၂၀၀၉ ခုနှစ် သြဂုတ်လ တွင် တိုက်ပွဲငယ်များ ပြန်လည်စတင်လာခဲ့သည်။ ဒီတစ်ကြိမ်တွင် MNDAA နှင့် မြန်မာအစိုးရတို့ အကြား တိုက်ပွဲဖြစ်ပြီး စက်ရုံတွင်းစစ်ဆေးမှုတစ်ခုဆောင်ရွက်စဉ် ဗမာရဲများသေဆုံးခဲ့သည့် အမှုခင်းမှ စ၍ ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ထိုပဋိပက္ခမှာ MNDAA နှင့် အစိုးရ ကြားမှ ပဋိပက္ခဟု ထင်ရဖွယ်ရှိသော်လည်း အမှန်တကယ်တွင် မြန်မာအစိုးရ၏ထောက်ခံမှ [12] ဖြင့် ဖုန်မိသားစုကို ပယ်မိသားစုမှ ပုန်ကန်ခြင်းဖြစ်သည်။ ပယ်သည် အာဏာသိမ်း ပြီးနောက်တွင် ကိုးကန့်ဒေသ၏ ဥက္ကဌရာထူးကို ရယူခဲ့ပြီး ၎င်း၏ တပ်သားများကို BGF အဖြစ်အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။

    အဆိုပါ ၂၀၀၉ ပဋိပက္ခ နှင့် ၂၀၁၅ ခုနှစ်တွင် ဖုန်၏ ‘အိမ်အပြန်ခရီးစဉ်’ မအောင်မြင်မှုက ကိုးကန့် ပုန်ကန်မှုများ သဘာဝကို ပြောင်းလဲစေခဲ့သည်။ ကိုးကန့်ပုန်ကန်မှုများကို  မိသားစု မျိုးနွယ်စုကြား ဖြစ်ပွားသည့် ရေးရာကိစ္စများဟု မသတ်မှတ်တော့ဘဲ  မြန်မာ့နိုင်ငံရေး အကြား လိုက်ပါ ဖြစ်ပျက် နေသည့် ပဋိပက္ခများအဖြစ်သတ်မှတ်လာပြီး တရုတ်နှင့် အနောက်နိုင်ငံများ၏ အာရုံစိုက်မှုကို ပါ ရရှိလာခဲ့သည်။ တဖက်တွင် ၂၀၀၉ ခုနှစ် တိုက်ပွဲများသည် ကိုးကန့်တွင် မြန်မာအစိုးရ၏ တရားဝင်ထိန်းချုပ်မှုကို ရရှိစေခဲ့သည်။ BGF ကို တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင်သာ မက အစိုးရ ဆန့်ကျင်မည့် ဗျူဟာရှိသည့် အဖွဲ့များကို သတိပေးသည့်အနေဖြင့် အခြားသော EAOs များနှင့် နီးစပ်သည့် နေရာများတွင် ပါ နေရာ ချထားနိုင်ခဲ့သည်။ တဖက်တွင်လည်း ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာ့ဒီမိုကရေစီသို့ပြောင်းလဲရေး ဖြစ်စဉ်နှင့်အတူ တရုတ်-အမေရိကန် ဆက်ဆံရေး တွင် ကိုးကန့်၏ နေရာသည် အရေးပါ ထင်ရှားလာခဲ့သည်။ အထူးသဖြင့် နယ်စပ်လုံခြုံရေးနှင့် ပတ်သတ်၍ ကိုးကန့်အခြေနေများပေါ်တရုတ်၏ ကိုင်တွယ်မှုနှင့် ၎င်း၏ ကြားဝင်မစွက်ဖက်ရေး မူဝါဒသည် တရုတ်ရပ်တည်ချက်အပေါ် စိန်ခေါ်မှု ဖြစ်လာစေခဲ့သည်။

    ပုံ ၂။ ။ ကိုးကန့် လောက်ကိုင်ရှိ ကာစီနိုသို့ အကြိုအပို့ သယ်ယူပို့ဆောင်ပေးသည့် အခမဲ့ ဘတ်စ်ကားများ၊ ၂၀၁၈ ခုနှစ်။ (စာရေးသူ၏ ဓါတ်ပုံ ၂၀၁၈)

    နိဂုံးချုပ်

    ကိုးကန့်ပုန်ကုန်မှုသမိုင်းကြောင်းကို ၎င်း၏ ဇစ်မြစ်မှ ယနေ့အချိန်ထိ ဆန်းစစ်ခြင်းက အတွင်းရေး ပွတ်တိုက်မှုများမှ ပြင်ပနိုင်ငံရေးအင်အားစု အကြောင်းရာများပိုမိုလွှမ်းမိုးလာသည့် အလွှာမျက်နှာစာ ပေါင်းစုံပါဝင်နေသည့် အစုအဖွဲ့ ပဋိပက္ခအဖြစ်သို့ ပြောင်းလဲလာပုံကို နားလည်ရာမှာ အရေးပါ လှသည်။ ဖုန်၏ MNDAA ‘အိမ်အပြန်ခရီးစဉ်’ အတွက်ကြိုးစားမှုဟု ကနဦး  ထင်မြင်ယူဆခဲ့ကြသည့် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော စစ်ဆင်ရေး ၁၀၂၇ (ပုံ ၃ တွင် ကြည့်ပါ) သည် အဆိုပါနားလည်ပြန်ဆိုချက်ကို ဖော်ကျူးနေသည်။ ယခု စစ်ဆင်ရေး သည် ပို၍အရေးပါသော လှုပ်ရှားမှုတစ်ခုအသွင်သို့  ဆင့်ကဲ ပြောင်းလဲလာပြီး EAOs များစွာထံမှ ထောက်ခံအားပေးမှုများကို ရရှိလာနေသည်။ ရည်ရွယ်ချက်သည်လည်း ကိုးကန့် BGFs များကို အနိုင်တိုက်ဖယ်ရှားရန် ထက်ကျော်လွန်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) ကို  စိန်ခေါ်ရန်အဖြစ်သို့ပါ ပြောင်းလဲလာခဲ့သည်။ အဆိုပါ တိုးတက်ပြောင်းလဲမှုက ကိုးကန့် ပဋိပက္ခသည် ဒေသတွင်း အရေးသာ မဟုတ်တော့ဘဲ ဒေသတွင်း ပြောင်းလဲလှုပ်ရှား တန်ခိုးထွားလာသည့် အာဏာဩဇာတစ်ခုအား မီးမောင်း ထိုးပြနေသည့် အပြင် မြန်မာစစ်အစိုးရကို ဆန့်ကျင်နေသော ပိုမိုကျယ်ပြန့်သည့် တွန်းလှန်မှု သင်္ကေတ တစ်ခု ဖြစ်လာခဲ့သည်။

    ပုံ ၃ ။ ။ ၂၇ ရက် အောက်တိုဘာလ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အနီး မြန်မာစစ်တပ်အား တိုက်ခိုက်မည့် စစ်ရေး လှုပ်ရှားမှုများကို ညွှန်ကြားနေသော MNDAA စစ်ဦးစီးချုပ် ဖုန်တာ့ရွင် (ညာဘက်အလယ်)။ ဓါတ်ပုံ AFP.

    စာရေးသူ၏ အမှာစာ။ ယခုဆောင်းပါးသည် (နောင်ထွက်ရှိလာမည့်) ကိုးကန့်သမိုင်းအကြောင်း ဆောင်းပါးရှည်မှ ထုတ်နုတ်တင်ပြထားချက်ဖြစ်သည်။

    Xu Peng သည် ယူကေ လန်ဒန် တက္ကသိုလ် School of Oriental and African Studies ကျောင်း နိုင်ငံ‌ရေးနှင့် နိုင်ငံတကာ လေ့လာမှု ဌာနမှ ဒေါက်တာဘွဲ့ကြို တစ်ဦးဖြစ်သည်။ သူမ၏ သုတေသနမှာ တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းများ၏ သမိုင်းကို အထူးပြု လေ့လာခြင်းဖြစ်သည်။ (Follow her on X: @XuPeng72881167)

    Notes
    [1] “ Request for Kokang County, a Burmese Territory, to Join Our National Territory,” Archive No. 020-011109-0102, Ministry of Foreign Affairs/Asia-Pacific Department/Myanmar/Yunnan-Myanmar Border Affairs, document dated August 5, 1942 – January 14, 1946; “ 卷 緬屬果敢縣請入屬我國版圖,” 典藏號 020-011109-0102, 外交部/亞東太平洋司/緬甸/滇緬界務, 文件日期 1942年8月5日至1946年1月14日.
    [2] “ Minister of Education Chen Lifu and Director of Military Training Bai Chongxi’s Telegram to Chairman of the Military Commission Chiang Kai-shek Regarding the Enrolment of Yang Wenbing’s Son and Nephew in Jiaotong University and Chengdu Military Academy,” Archive No. 001-059000-00009-011, Nationalist Government/Internal Affairs/Border Affairs (Mongolia and Tibet)/General Border Affairs (Mongolia and Tibet), within the volume ‘Border Affairs Measures (I)’ / Item No. 011, document dated March 13, 1943; “ 教育部部長陳立夫軍訓部長白崇禧電軍事委員會委員長蔣中正為電復緬甸果敢縣長楊文炳其子侄已分發交通大學與成都軍校就讀,” 典藏號 001-059000-00009-011, 國民政府/內政/邊政(蒙藏)/邊政(蒙藏)總目, 隸屬卷名/件號 邊政措施(一) / 011, 文件日期 1943年3月13日.
    [3] “ Commander of Kokang Self-Defense Brigade, Yang Wenbing’s Telegram to Chairman of the Nationalist Government Chiang Kai-shek Requesting Troops to Suppress the Rebel Yang Wentai and Others to Reassure the Public,” Archive No. 001-072470-00002-069, Nationalist Government/Military Affairs/Battles/Resistance Against Japan, document dated October 20, 1943; “ 果敢自衛支隊司令楊文炳電呈國民政府主席蔣中正為懇派兵兜剿叛軍楊文泰等以安民心,” 典藏號 001-072470-00002-069, 國民政府/國防(軍事)/戰役/抗日, 文件日期 1943年10月20日.
    <[4] Report on the Kokang Mutiny, Simla: Manager, Government of India Press, 1944.
    [5] Visit of Enquire of the Kokang, Report by Brigadier Wilson-Brand, 1944.
    [6] အဆိုပါကာလသည် ဗမာ့သမိုင်းတွင် အရေးကြီးသော အဆင့်တစ်ခုဖြစ်သည်။ ဦးနုသည် တိုင်းပြည်ကို ၁၉၄၈ ခုနှစ်ကတည်းမှ ဦးဆောင် ခဲ့သော်လည်း ၎င်း၏ဦးဆောင်မှုမှာ စစ်ခေါင်းဆောင်နေဝင်း၏ ဖိအားအောက်သို့ ကျရောက် နေခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် နေဝင်းသည် အစပိုင်းတွင် နိုင်ငံ ‘တည်ငြိမ်’ စေရေးအတွက်ဟု ဆိုကာ အိမ်စောင့်အစိုးရအနေဖြင့် အာဏာယူခဲ့ပြီး နောက်တွင် ဘေးထွက်နေကာ ဦးနုကို ပြန်လည်ထိန်းချုပ်စေခဲ့ခြင်းဖြင့် ‘အပျော့စား’ အာဏာသိမ်းခဲ့သည်။ နောက်ဆုံးတွင် အာဏာ အပြီးတိုင် သိမ်းခဲ့ပြီး ထိုစဥ်မှစ၍ ၂၀၁၅ မှ ၂၀၂၁ ခုနှစ် ဒီမိုကရေစီအပြောင်းလဲ ကာလတိုမှလွဲ၍ ယခုတိုင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာရှင်စနစ်ကို ပုံဖော်ခဲ့သည်။
    [7] ကိုးကန့်ရှိ ‘စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးသင်တန်းကျောင်း’ နှင့် ကူမင်တန် အကြား ဆက်ဆံရေးသဘာဝနှင့် ပတ်သတ် လျှင် အမြင်ကွဲ များရှိသည်။ အစပိုင်းတွင် ယန်ဂျင်းရှုနှင့် ကူမင်တန် အကြားမှ ‘ပူးပေါင်းဆောင်ရွက်မှု’ သည် နှစ်ဦးနှစ်ဖက် အကျိုးမြတ်များဖြင့် အထူးသဖြင့် ဘိန်းအရောင်းဝယ်နှင့် ပတ်သက်၍ ရရှိသည့်အကျိုးမြတ်များက မောင်းနှင်နေသည်။ သို့သော် အဆိုပါမဟာမိတ်ပြုမှုသည် ယန်မိသားစု၏ ရပ်တည်ချက်ထက်စာလျှင် ယန်ဂျင်းရှု၏ ဆုံးချက်ချက်တစ်ခုတည်း ဟု ရှုမြင်နိုင်သည်။ သူမ၏ အကို ဖြစ်သူ ယန်ကျိန်းစိုင် သည် မြန်မာအစိုးရ၏ ညွှန်ကြားချက်များ လိုက်နာလျက်ရှိသည်ဟု သိရပြီး ၁၉၅၂ ခုနှစ်တွင် ကျန်ရှိနေသည့် ကူမင်တန်တပ် များကို ကိုးကန့်မှ မောင်းထုတ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍ မှ ပါဝင်ခဲ့သည်။
    [8] Lu Chengwang, Kokang Zhi (Hong Kong: Tenma Publishing, 2012), 鲁成旺,果敢志, 天马出版, ISBN 9789624502084.
    [9] Cai Sha, Kokang, 1989,蔡山,《果敢》,1989
    [10] Report on Yang-Peng mutiny in MNDAA, January 1993, China Border Archive
    [11] Kokang Mutiny from 1993-1995, China Border Archive
    [12]၂၀၀၉ ကိုးကန့်စစ်ဆင်ရေးတွင် မင်းအောင်လှိုင်၏ ဦးဆောင်မှုမှာ အလွန်အရေးပါသော ရာထူးတက်မှု ဖြစ်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးတွင် ၎င်း၏ အောင်မြင်မှုက မြန်မာစစ်တပ်အတွင်း အဆင့်ရာထူးကို တရှိန်ထိုး တက်စေခဲ့သည်။
    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.