4 Minutes To Read

ကိန်းဂဏန်းများ၏ ဖော်ပြမှုများကို ကျော်လွန်ကာကြည့်ရှုခြင်း : မြန်မာနိုင်ငံရှိ ကျေးရွာများ မီးလောင်ပြာကျမှု၏ နောက်ဆက်တွဲ စီးပွားရေးနှင့် လူမှုရေးအရ ဆုံးရှုံးပျက်ဆီးရမှုများ။

4 Minutes To Read
  • English
  • ဗမာစာ
  • Julian (ကလောင်အမည်) အနေဖြင့် မြန်မာနိုင်ငံရှိ ကျေးရွာများအား တပ်မတော်မှ မီးရှို့ဖျက်ဆီးမှုကြောင့် လွန်စွာကြီးမားသည့် ဆင်းရဲဒုက္ခအတိရောက်ရှိကြရပုံကို ရေးသားဖော်ပြထားသည်။  

    Original image from the Irrawaddy.

    စစ်တပ်မီးရှို့ဖျက်ဆီးခြင်းခံရသည့် ကျေးရွာများ၏ ကြေကွဲဝမ်းနည်းဖွယ်ရာသတင်းများသည် မြန်မာနိုင်ငံသားများအတွက် အထူးအဆန်း မဟုတ်တော့ပေ။ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ စုဖွဲ့မှုအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂၀၂၁ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ခုနှစ် မေလအတွင်းတွင် တပ်မတော်၏ အရပ်သားများအပေါ် ကျူးလွန်သည့် မီးရှို့ဖျက်ဆီးမှုစစ်ဆင်ရေးအဖြစ် မီးရှို့မှုပေါင်း အကြိမ် (၂၀၀) နီးပါးကို မြင်တွေ့ခဲ့ရသည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် စစ်တပ်ဘက်မှ တန်ပြန်စစ်ဆင်ရေးများ ဆိုးရွားပြင်းထန်လာသည်နှင့်အမျှ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများသည်လည်း ပိုမိုများပြားလာခဲ့သည်။ Google သို့မဟုတ် Facebook ကဲ့သို့သော လူမှုမီဒီယာများ အသုံးပြုကြသည့် မြန်မာလူမျိုးများအနေဖြင့်လည်း အဆိုပါမီးရှို့တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ဆေးအတည်ပြုပြီးသော (သို့မဟုတ်) အတည်မပြုရသေးသော သတင်းများကို ဖတ်ရှုရသည်မှာ အဆန်းမဟုတ်တော့ပေ။

    ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းသည် တပ်မတော်၏ ‘ဖြတ်လေးဖြတ်‘ ဗျူဟာ၏ အဓိကကျသော အစိတ်အပိုင်းတခုဖြစ်သည့် တော်လှန်ရေးတပ်ဖွဲ့များအား ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နှင့် လူသစ်စုဆောင်းခွင့်တို့ကို ဖြတ်တောက်ခြင်းဗျူဟာ၏ အခရာကျသည့် အစိတ်အပိုင်းဖြစ်သည်။ ထို ဖြတ်လေးဖြတ်နည်းဗျူဟာ၏ ပင်မရည်ရွယ်ချက်မှာ တော်လှန်ရေးအင်အားစုများအပေါ် ပြည်တွင်းရှိ ပြည်သူလူထု၏ ထောက်ခံအားပေးမှု လျော့ပါးစေရန်ဖြစ်သော်လည်း လက်တွေ့တွင်မူ ဤနည်းဗျူဟာသည် တပ်မတော်အပေါ် ပြည်သူလူထု၏ မုန်းတီးမှုနှင့် စက်ဆုပ်ရွံရှာမှုများကိုသာ ပိုမိုဆိုးရွားပြင်းထန်လာစေပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအနေဖြင့် မီးရှို့ဖျက်ဆီးမှုများအပါအဝင် တပ်မတော်မှ ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအား စနစ်တကျမှတ်တမ်းတင်ရေး ကြိုးပမ်းအားထုတ်မှုများလည်းရှိခဲ့သည်။ ယခုဆောင်းပါးတွင်မူ တပ်မတော်အနေဖြင့် ကျေးရွာများအား ကျောသားရင်သားမခွဲခြားပဲ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်းသည် စီးပွားရေးနှင့် လူမှုရေးအရ မည်မျှဆင်းရဲဒုက္ခများကိုဖြစ်စေကြောင်း မိမိအနေဖြင့် အလေးပေးရေးသားထားပါသည်။ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းသည် အရပ်သားများ၏ အသက်မွေးဝမ်းကြောင်းမှုများကို ထိခိုက်စေရုံသာမက အရပ်သားများ၏ အိုးအိမ်၊ ဌာနေနှင့် ၎င်းတို့၏ ဖြစ်တည်မှုများပါ ဆုံးရှုံးရသည့်အတွက် မည်သည့်နည်းလမ်းနှင့်မျှ ခံစားနိုင်စွမ်းမရှိသည့် လူမှု-စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ဖြစ်ပေါ်စေကြောင်း မိမိအနေဖြင့် ထင်မြင်ယူဆပါသည်။

    အသက်မွေးဝမ်းကြောင်းမှုများ ပျက်ဆီးရခြင်း

    အသက်မွေးဝမ်းကျောင်းမှုဟုဆိုရာတွင် လူများ၊ ၎င်းတို့၏ စွမ်းဆောင်ရည်၊ ဘဝနေထိုင်မှုနည်းလမ်းများအပြင် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် ပိုင်ဆိုင်မှုများ အလုံးစုံ ပါဝင်သည်။ ဆင်းရဲနွမ်းပါးသူများ ရှုထောင့်ကို အလေးပေးသော ရေရှည်တည်တံ့ခိုင်မြဲသည့် အသက်မွေးဝမ်းကျောင်းမှုမူဘောင်မှ သုံးသပ်ရလျှင် အသက်မွေးဝမ်းကျောင်းမှုများ ရေရှည်တည်တံ့စေရန်အတွက်  လိုအပ်သည့် ကျွမ်းကျင်မှုအသီးသီး၊ ထိတွေ့ကိုင်တွယ်နိုင်သည့် (သို့မဟုတ်) ထိတွေ့ကိုင်တွယ်နိုင်ခြင်းမရှိသည့် ပိုင်ဆိုင်မှုများ နှင့် ကြိုတင်မှန်းဆနိုင်ခြင်းမရှိသည့် ပြင်ပမှ စိန်ခေါ်မှုများနှင့် ထိခိုက်ခံစားရမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်လိုအပ်သည့် အရင်းအမြစ်များကို တိတိကျကျ အလုံးစုံ ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ 

    အသက်မွေးဝမ်းကြောင်းမှုလုပ်ငန်းလည်ပတ်မှုများသည် ဂေဟစနစ်တစ်ခုအဖြစ် လည်ပတ်နေသည့်အတွက် ကဏ္ဍတခုတွင် အဟန့်အတား အနှောင့်အယှက်များကြုံတွေ့ရပါက အခြားသော လည်ပတ်မှုများကိုပါ အနှောင့်အယှက်ပေးနိုင် သလို အလုံးစုံလည်ပတ်မှုအပေါ်လည်း သိသိသာသာ သက်ရောက်မှုရှိသည်ကို သတိပြုရပေမည်။ ဥပမာအားဖြင့် လယ်သမားများသည် အခြေခံလိုအပ်ချက်အဖြစ် လယ်ယာမြေ၊ ကျွဲ၊နွား၊ မျိုးစေ့၊ အရင်းအနှီးနှင့် လုပ်အားတို့ လိုအပ်သည်။ ၎င်းတို့သည် အဆိုပါ အခြေခံလိုအပ်ချက်များမရှိဘဲ (သို့မဟုတ်) ၎င်းတို့ပိုင်ဆိုင်သည့် ထိုအခြေခံလိုအပ်များမှ တစုံတရာ ဆုံးရှုံးသွားပါက ၎င်းတို့၏ လုပ်ငန်းများအား လည်ပတ်နိုင်စွမ်းမရှိတော့ပါ။ အခြားသောအသက်မွေးဝမ်းကြောင်းလုပ်ငန်းတခုအား ပြောင်းလဲလုပ်ကိုင်ရန်မှာလည်း အချိန်အတိုင်းအတာတခုအထိရင်းနှီးကာ လိုအပ်သည့် ကျွမ်းကျင်မှုနှင့် စွမ်းရည်များ ပြန်လည်ဖြည့်ဆည်းရသည့်အတွက် လယ်သမားများအနေဖြင့် အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုလည်း အလွယ်တကူပြောင်းကာ လုပ်ကိုင်နိုင်ရန် ခက်ခဲလှပါသည်။ ဤနေရာတွင် မိမိအနေဖြင့် အချက်နှစ်ချက်အား မီးမောင်းထိုးပြရန်အတွက် “အသက်မွေးဝမ်းကြောင်း” ဟူသော အသုံးအနှုန်းကို အသုံးပြုခြင်းဖြစ်ပါသည် – (၁) လူတစ်ဦး (သို့မဟုတ်) အိမ်ထောင်စုတစ်စု၏ အသက်မွေးဝမ်းကျောင်းမှုသည်  အခြေခံအကျဆုံး ကျွမ်းကျင်မှုရှိခြင်း (သို့မဟုတ်) သမားရိုးကျ လုပ်ငန်းနှင့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် လိုအပ်သည့် ပိုင်ဆိုင်မှုများအပေါ်တွင် မူတည်ပြီး၊ (၂) အသက်မွေးဝမ်းကျောင်းလုပ်ငန်းများသည် ဂေဟစနစ်များအဖြစ် လည်ပတ်နေသည့်အတွက် ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့လိုက်ရသည့် အသက်မွေးဝမ်းကျောင်းမှုများသည် ပြန်လည်ဖွဲ့စည်းရန် (သို့မဟုတ်) အစားထိုးရန် ခက်ခဲပါသည်။

    အသက်မွေးဝမ်းကြောင်းမှု ရှုထောင့်မှကြည့်လျှင် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းသည် ရပ်ကွက်နှင့် ကျေးရွာများ၏ ဖြစ်တည်မှုအလုံးစုံကို ဖျက်ဆီးခြင်းဖြစ်သည်။ မီးရှို့မှုများအပြီးတွင် ရွာသားများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အမိုးအကာများ အားလုံးတို့သည်လည်း ဖျက်ဆီးခြင်းခံလိုက်ရသည်။ ထို့အပြင် ရွာသားများအနေဖြင့် ၎င်းတို့၏ လယ်ယာလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သည့် ကောက်ပဲသီးနှံများနှင့် ကျွဲနွားများသာမက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ငွေကြေးနှင့် အရင်းအနှီးများ၊ ၎င်းတို့၏ပိုင်ဆိုင်မှုနှင့် အိုးအိမ်စည်းစိမ်များလည်း ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် လယ်သမားများအနေဖြင့် ၎င်းတို့၏ ကျေးရွာများအား မီးရှို့ဖျက်ဆီးခံရပြီးနောက် မကြာမီ ၎င်းတို့၏ လယ်ယာလုပ်ငန်းကို ပြန်လည်စတင်ကာ အသက်မွေးဝမ်းကျောင်းခြင်းလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပါလိမ့်မည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ စုဆောင်းရရှိသည့် အချက်အလက်များအရ  တပ်မတော်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်တွင်  နေအိမ်ပေါင်း ၄၁,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အခြားသတင်းရင်းမြစ်တစ်ခုဖြစ်သည့် Data for Myanmar၏ မှတ်တမ်းများအရလည်း အိမ်ခြေ ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ထိုအနက် ၈၀ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိ အိုးအိမ်များဖြစ်ကြသည်။ ပြည်သူအများသိရှိကြသည့် ချင်းပြည်နယ် ထန်တလန်မြို့သည်လည်း မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ ဤမျှလောက် အတိုင်းအတာများဖြင့် ဖျက်ဆီးမှုများသည် အသက်မွေးဝမ်းကျောင်းမှုပေါင်း မည်မျှကို ထိခိုက်စေခဲ့ပြီး (သို့မဟုတ်) အလုံးစုံပျက်သုန်းသွားစေခဲ့သည်ကို မှန်းဆနိုင်ခြင်းမရှိပေ။ နောက်ထပ်ဥပမာတခုဖြစ်သော ရိုးရာရက်ကန်းလုပ်နည်းများ တည်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းသည်လည်း အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများကို မြင်သာစေသည်။ ၂၀၂၃ခုနှစ် မတ်လနှောင်းပိုင်းတွင် တပ်မတော်၏ တပ်ဖွဲ့များမှ ထူးကြီး၊ တည်ပင်၊ ပလှိုင်နှင့် တန့်တည်ကျေးရွာများအပါအဝင် ရွာပေါင်း (၁၄)ရွာထက်မနည်းအား မီးရှို့ဖျက်ဆီးခဲ့သည်။ ရက်ကန်းလုပ်ငန်းသည် အဆိုပါကျေးရွာများရှိ ပြည်သူ၈၀ရာခိုင်နှုန်းအတွက် တစ်ခုတည်းသောဝင်ငွေ အရင်းအမြစ်ဖြစ်ချိန် မီးလောင်မှုကြောင့် ရက်ကန်းစင်ပေါင်း ၂၅၀၊ ကောက်ပဲသီးနှံများ၊ စိုက်ပျိုးရေးပစ္စည်းများနှင့် အိမ်ခြေစုစုပေါင်း၁၀၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယက်ကန်းများသည် ရွာသူရွာသားများ ကာလကြာရှည်စွာ မှီခိုအားထားခဲ့ရသည့် အရေးပါသော ပစ္စည်းများဖြစ်သည့်အတွက် ၎င်းတို့ မီးရှို့ဖျက်ဆီးခံရခြင်းသည် အသက်မွေးဝမ်းကျောင်းမှုများနှင့် ၎င်းတို့၏ရိုးရာဓလေ့ထုံးတမ်းများကိုပါ လောင်ကျွမ်းပြာကျစေသည်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် ရက်ကန်းစင်များနှင့် ရက်ကန်းလုပ်ငန်းသည် “ဆိပ်ခွန်ထည်” များကို ကာလကြာရှည်စွာ ထုတ်လုပ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များလည်းဖြစ်သည်။ ပြည်တွင်းအဖွဲ့အစည်းအချို့အနေဖြင့် လက်လုပ်ယက်ကန်းအနည်းငယ်အား ထိုဒေသများသို့ လှူဒါန်းခဲ့သော်လည်း ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ယခင်ကဲ့သို့ ပြန်လည်လုပ်ကိုင်နိုင်ရန်မှာ အလှမ်းဝေးလျက်ရှိပါသည်။ ထိုဖျက်ဆီးမှုများ၏ အမှန်တကယ် အကျိုးသက်ရောက်မှုအား မိမိတို့အနေဖြင့် တိတိကျကျ တွက်ဆ၍မရနိုင်ပါ။ လက်ရှိအချိန်ထိ တပ်မတော်မှကျူးလွန်သည့် နေအိမ်များနှင့် ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများသည် သန်းနှင့်ချီသည့် နိုင်ငံသားများ၏ အသက်မွေးဝမ်းကြောင်းမှုများကို စနစ်တကျ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ အထက်တွင်ဆွေးနွေးခဲ့သည့်အတိုင်း ထိုအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ပြန်လည်ဖွဲ့စည်းရန် (သို့မဟုတ်) အစားထိုးရန် အလွန်ပင်ခက်ခဲသည်။ အဆိုပါပျက်စီးဆုံးရှုံးမှုများ၏ လက်ငင်းနှင့် ရေရှည်အကျိုးသက်ရောက်မှုများသည် အနာဂတ်တွင် ပြည်သူအများ၏ဝင်ငွေအား ထိခိုက်စေပြီး လုပ်ငန်းငယ်များတခုစီသာမက တိုင်းပြည်တခုလုံး၏ စီးပွားရေးကဏ္ဍကြီးတွင် ဆင်းရဲနွမ်းပါးမှုအား ပိုမိုကျယ်ပြန့်နက်ရှိုင်းလာစေနိုင်ပါသည်။

    လူမှုစိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ

    တပ်မတော်မှကျူးလွန်သည့် ‘မီးရှို့ဖျက်ဆီးခြင်း’ စစ်ဆင်ရေး၏ အခြားသော နောက်ဆက်တွဲဆိုးကျိုးမှာ ‘နေအိမ်များ’ ဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်ခဲ့သော လူမှု-စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်သည်။ “အိမ်”ဆိုသည့်ဝေါဟာရအား တန်ဖိုးထားနိုင်ရန်အတွက် နေရပ် (house) နှင့် အိမ် (home) ဆိုသည့် စကားလုံးများအကြား ကွာဟမှုများကိုလည်းခွဲခြားရန်လိုအပ်ပါသည်။ (သာမန်အားဖြင့် အထက်ပါ ဝေါဟာရ နှစ်ခုလုံးကို အိမ် ဟုသာ ပြန်ဆိုသော်လည်း ဆောင်းပါးတွင် ခွဲခြားပြန်ဆိုထားပါသည်။) အိမ်ဆိုသည်မှာ နားခိုနိုင်သည့် ရုပ်ပိုင်းဆိုင်ရာအရသာ တည်ဆောက်ထားသည့် နေရပ်နှင့် မတူပဲ လူသားများနှင့် ၎င်းတို့၏လူမှုအသိုက်အဝန်းအတွက် အစားထိုး၍မရသော လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုများရှိသည့်၊ တနည်းအားဖြင့် ချစ်ခင်ရသူများနှင့် အမှတ်တရများ ရှိသည့် နေရာများဖြစ်ကြသည်။ အချို့အတွက်မူ ထိုအမှတ်တရများသည် ကောင်းမွန်စွာသိမ်းဆည်းကာ နောင်မျိုးဆက်များအသီးသီးသို့ အမွေအနှစ်များအဖြစ် ပျံ့နှံစီးဆင်းသွားပါသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးသော ရွာသားများအနေဖြင့် ၎င်းတို့၏ နေအိမ်များကို ပိုင်ဆိုင်နိုင်ရန်အတွက် ဆယ်စုနှစ်များစွာ ပင်ပန်းနွမ်းနယ်စွာ ကြိုးပမ်းအားထုတ်ကြရသည်ကို မမေ့ရန်လိုသည်။ ထို့ကြောင့် ၎င်းတို့၏ နေအိမ်များသည် သူတို့ ဘဝတစ်လျှောက်လုံးတွင် မဆုတ်မနစ်အလုပ်ကြိုးစားမှုကြောင့် ရရှိလာသည့် ဆုလာဘ်များ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ၎င်းတို့၏ နေအိမ်များအ​ပေါ် လေးနက်သည့် စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုများ ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။ စီးပွားရေး၊ ငွေကြေးနှင့် ဆောက်လုပ်ရေးရှုထောင့်မှ နေအိမ်များ၏ ငွေကြေးတန်ဖိုးကို တန်ဖိုးဖြတ်နိုင်သော်လည်း ပြင်ပရှိလူများအနေဖြင့် ထိုနေအိမ်များတွင် နေထိုင်သည့် မိသားစုဝင်များ၏ ၎င်းတို့အနေဖြင့် နေအိမ်အပေါ်ထားရှိသည့် တန်ဖိုးများကို ဆုံးဖြတ်နိုင်စွမ်းမရှိပါ။ ထို့ကြောင့် ကျေးရွာများအား တပ်မတော်မှ မီးရှို့ဖျက်ဆီးသည့်အခါ တပ်မတော်အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦများသာမက ထိုနေအိမ်များရှိ အမှတ်တရများ၊ စိတ်ခံစားချက်များနှင့် ထိုနေအိမ်ရှိသူများ၏ တစ်သက်တာကြိုးပမ်းအားထုတ်မှုများကို ခြေမွှဖျက်ဆီးပစ်ခဲ့ပါသည်။ Myanmar Now ၏ သတင်းဗီဒီယိုတစ်ခုတွင် ရွာသားများအနေဖြင့် ၎င်းတို့၏ နေအိမ်များ ဆုံးရှုံးလိုက်ရသည့်အတွက် ကြေကွဲခြင်း၊ မုန်းတီးမှုနှင့် ၎င်းတို့၏ နာကျည်းမှုများကို ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။ အင်တာဗျူးဖြေဆိုသူတစ်ဦးအနေဖြင့် ၎င်းအနေဖြင့် မြွေများနှင့် အခြားသတ္တဝါများ ရန်ကို အန်တုကာ ယခုကဲ့သို့နေအိမ်တလုံးပိုင်ဆိုင်ရန် အိမ်ထောင်ကျပြီးမှစကာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း မည်ကဲ့သို့ ပင်ပန်းစွာကြိုးစားလုပ်ကိုင်ခဲ့ရသည်ကို ငိုကြွေးကာပြောပြခဲ့သည်။ သူမနှင့် အခြားသူများအတွက်မူ မီးရှို့ဖျက်ဆီးခံရမှုများသည် စီးပွားရေး ဆုံးရှုံးမှုတစ်ခုသာမဟုတ်ပဲ လူမှုရေး၊ ခံစားချက်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြေကွဲမှုအတိပင် ဖြစ်သည်။ လူတိုင်းတွင် မီးလောင်ကျွမ်းသွားခဲ့သည် ‘အိမ်များ’ ဟုခေါ်သော ထိုနေရာများတွင် ၎င်းတို့၏ မိသားစုများနှင့် ပတ်သက်သည့် အစားထိုးမရသော အမှတ်တရများပါ ဖျက်ဆီးခံခဲ့ရရှာကြသည်။ အနာဂတ်ကာလတွင် စစ်တပ်မှသော်လည်းကောင်း (သို့မဟုတ်) အမျိုးသားညီညွတ်ရေးအစိုးရမှသော်လည်းကောင်း ပြန်လည်နေရာချထားရေးအစီအစဉ်များမှတစ်ဆင့် အစားထိုးအိမ်ရာအစီအစဉ်များအား စီစဥ်ပေးနိုင်ခြင်းရှိမည်မဟုတ်ပါ။ ၎င်းတို့အနေဖြင့် ဆုံးရှုံးလိုက်ရသည့် ‘အိမ်များ’ နှင့် တန်းတူငွေကြေးတန်ဖိုးရှိသော အိမ်အသစ်များကို လက်ခံရရှိမည်ဆိုလျှင်ပင် ထိုဆုံးရှုံးမှု၏ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများအတွက် မည်ကဲ့သို့မှ လျော်ကြေးပေးအပ်နိုင်ခြင်းရှိမည် မဟုတ်ပါ။Myanmar Now ဗီဒီယိုတွင်ပါရှိသည့်အတိုင်း ရွာသားအချို့အနေဖြင့် ၎င်းတို့၏ တန်ဖိုးကြီးကျေးရွာစေတီများသည်လည်း မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည့်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။ မီးသည် ကျေးရွာများ၏ အခြေခံအဆောက်အအုံများအားလုံးအား ခွဲခြားဆက်ဆံမှုမရှိ ဖျက်ဆီးသည်။ ဘုရားများ၊ ဘုရားကျောင်းများ၊ စာသင်ကျောင်း အစရှိသည့် အသိုက်အဝန်းနေရာများသည်လည်း ရပ်ရွာများအတွက် တန်ဖိုးများအသီးသီးရှိကြပြီး ကျေးရွာလူထုအနေဖြင့် ထိုနေရာများတွင်လည်း စိတ်ပိုင်းဆိုင်ရာတွယ်တာမှုများ ရှိကြသည်။ ၎င်းတို့ကြီးပြင်းရာနေရာများနှင့် အလှူဒါန၊ အလှူပွဲများ၊ ကလေးသူငယ်များ၏ ရှင်ပြုနားသပွဲများပြုလုပ်လေ့ရှိသည့် နေရာများသည် ယခုအချိန်တွင် ပြာအတိဖြစ်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျေးရွာများကိုမီးရှို့ခြင်း ဆိုသည်မှာ ပြည်သူများအနေဖြင့် ၎င်းတို့နှင့် သက်ဆိုင်မှုများရှိသည့် ခံစားချက်များရှိသည့်နေရာများကို ဖျက်ဆီးခြင်း (သို့မဟုတ်) တည်ရှိမှုများကို အလုံးစုံ ဖျက်ဆီးခြင်းဖြစ်ပါသည်။

    နောက်ဆက်တွဲများ

    ယခုဆောင်းပါးသည် မူဝါဒရေးရာ အကြံပေးစာတမ်းအဖြစ် ရ့ည်ရွယ်ခြင်းမရှိသည့်အတွက် မိမိအနေဖြင့် မူဝါဒအကြံပြုချက်များအား ဖော်ပြရေးသားလိုသည့် ဆန္ဒမရှိပါ။ ထိုအစား ယခုဆောင်းပါးအား ရေးသားရသည့် ရည်ရွယ်ချက်၂ခုရှိပါသည်။ ပထမရည်ရွယ်ချက်မှာ ထိုမီးရှို့ဖျက်ဆီးခြင်းစစ်ဆင်ရေးများသည်  မည်မျှကြေကွဲဖွယ်ကောင်းပြီး လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း စာဖတ်သူများအား တင်ပြရန်ဖြစ်ပါသည်။ ၎င်းတို့သည် သာမန်လူအနေဖြင့် တိုင်းတာနိုင်သော (သို့မဟုတ်) နားလည်နိုင်သည်ထက် ကျော်လွန်၍ ထိခိုက်ခံစားရသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်

    ဒုတိယအချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (ERO)၊ နိုင်ငံရေးပါတီများနှင့် အခြားသူများအနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသရှိ ပြည်သူများ၏ နာကျင်မှုနှင့် ဒုက္ခများကို ပိုမိုစာနာနိုင်ရန်ဖြစ်ပါသည်။

    ဤဆင်းရဲဒုက္ခများသည် တစထက်တစ ကျယ်ပြန့်လာကာ ပြင်းထန်ပြီး တိုင်းတာရခက်ခဲသည်၊ ကြောက်မက်ဖွယ်ကောင်းပြီး လူသားတစ်ယောက်အနေဖြင့် သည်းခံနိုင်ရန်လည်း ခက်ခဲပါသည်။ အခုအချိန်ထိ အိမ်ခြေ ၆၀၀၀၀ မီးလောင်ပျက်စီးခဲ့ပြီး ထိုအရေအတွက်သည် အဆက်မပြတ် မြင့်တက်လျက်လည်းရှိပါသည်။ လက်ရှိတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ခန့်မှန်းချက်အရ ပြည်သူပေါင်း ၁.၄ သန်းကျော်သည် ၎င်းတို့၏ နေရပ်များမှ စွန့်ခွာထွက်ပြေးနေကြရပြီး မြေပြင်အရေအတွက်မှာ ပိုမိုများပြားနိုင်ပါသည်။

    ထို့အတွက် တော်လှန်ရေးတွင်ပါဝင်နေကြသူများအနေဖြင့် တော်လှန်ရေးဘဏ္ဍာငွေရရှိရေး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတည်ထောင်ရေး၊ နိုင်ငံခြားရေးကိစ္စများဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏ နိုင်ငံရေးအစီအမံများဆိုင်ရာ အရေးကိစ္စများအား ဦးဆောင်ဆွေးနွေးမှုများ စသည့် အရေးကိစ္စများတွင် အာရုံစိုက်ဆောင်ရွက်နေကြသည်ကို နားလည်နိုင်ပါသည်။ သို့သော်လည်း တော်လှန်ရေးတွင် နိုင်ငံရေးအရပါဝင်ပတ်သက်နေသူများသည် သာမန်ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ကြီးမားသောစိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားသင့်ပြီး ၎င်းတို့၏ အနစ်နာခံမှုနှင့် နာကျင်မှုများကို ထောက်ထားညှာတာကာ အနာဂတ်တွင်လည်း အဆိုပါကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။ ဥပမာအားဖြင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများအပေါ် အကျိုးသက်ရောက်မှုများကို အာရုံစိုက်ဆောင်ရွက်ခြင်းဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေများတွင် ပြန်လည်နေရာချထားရေး အစီအစဉ်ရေးဆွဲရန် အရေးတကြီး လိုအပ်နေသည်မှာ ထင်ရှားသည့်အချက်ပင်ဖြစ်ပါသည်။

    နိဂုံး

    ကျေးရွာများအား မီးရှို့သည့် တပ်မတော်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် အာဏာသိမ်းမှုအလွန် နိုင်ငံရေးအကျိုးဆက်များ၏ သေးငယ်သော ကဏ္ဍတစ်ခုသာဖြစ်သည်။ တပ်မတော်မှ ကျူးလွန်သည့် သေဒဏ်ပေးခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မိသားစုဝင်များဆုံးရှုံးခြင်းစသည့် အခြားဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးများကို မိမိအနေဖြင့် ထည့်သွင်းဆွေးနွေးခြင်းမပြုခဲ့ပါ။ ယခုဖြစ်ရပ်များအား ကြည့်လျှင်ပင် သန်းပေါင်းများစွာသောပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုများ မည်ကဲ့သို့ ဖျက်ဆီးခံခဲ့ရကြောင်း ထင်ရှားပြီး ထိုသို့သောဆုံးရှုံးမှုများကြောင့် တိုင်းတာ၍မရနိုင်သည့် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများကိုလည်း မြင်တွေ့နိုင်ပါသည်။   

    ပြည်သူလူထုအနေဖြင့် အာဏာသိမ်းမှု၏ အကျိုးဆက်အား နှစ်နှစ်ကျော်ကြာ ကြံကြံခံခဲ့ပြီး အနာဂတ်တွင်လည်း ဆက်လက်ကြံ့ကြံ့ခံရင်ဆိုင်သွားမည်ဖြစ်သည်။ ၎င်းတို့သည် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးအရ အသီးအပွင့်ရလဒ်များကို ရရှိအောင်မြင်နိုင်စေရန် ရည်မှန်းဆုံးဖြတ်ထားကြသည်။ တစ်ချိန်တည်းမှာပင်  မိမိတို့ အထူးသဖြင့် တော်လှန်ရေးတွင် အရေးပါသည့် နိုင်ငံရေးအရပါဝင်ပတ်သက်သူများသည် ဤတော်လှန်ရေးနှင့်အတူ သာမန်ပြည်သူတို့၏ အနစ်နာခံမှုအတိုင်းအတာကို အသိအမှတ်ပြု စာနာနားလည်သင့်ပြီး ဤနိုင်ငံရေးမငြိမ်သက်မှုဝဲဂယက်များတွင် ပြည်သူများအပေါ် စဥ်းစားငဲ့ကွက်ကာ ပြည်သူများအား ဦးစားပေးရန် လိုအပ်လှပါသည်။

    Julian (ကလောင်အမည်) သည် လက်ရှိတွင် အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ယူနေသည့် ဘွဲ့လွန်ကျောင်းသားတဦးဖြစ်ပါသည်။ ယခုဆောင်းပါးတွင်ဖော်ပြခဲ့သည့် အတွေးအမြင်များသည် စာရေးသူ၏ ကိုယ်ပိုင်အတွေးအမြင်သီးသန့်သာဖြစ်ပါသည်။ ဤဆောင်းပါးအား ပိုမိုကောင်းမွန်စေရန်အတွက် အကြံပြုချက်များပေးအပ်ခဲ့သည့် အမည်မဖော်လိုသော စာစစ်သူနှစ်ဦးနှင့် Tea Circle ရှိ အယ်ဒီတာနှစ်ဦးကိုလည်း စာရေးသူအနေဖြင့် ကျေးဇူးဥပကာရတင်ရှိပါသည်။

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.