3 Minutes To Read

ဝိသေသလက္ခဏာ၊ နိုင်ငံရေးနှင့် ပဋိပက္ခ၊ ၂၀၂၃ခုနှစ် လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်အုပ်ချုပ်မှုအင်စတီကျု ( Institute of Human Rights and Democratic Governance IHRDG)မှ ကျင်းပသည့် ဆွေးနွေးပွဲမှ ရှုမြင်သုံးသပ်မှုများ။

3 Minutes To Read
  • English
  • ဗမာစာ
  • Sayedul Karim အနေဖြင့် မြန်မာနိုင်ငံအရေးလေ့လာနေကြသည့် မြန်မာနိုင်ငံသားပညာရှင်များနှင့် နိုင်ငံတကာပညာရှင်များ၏ ထင်မြင်သုံးသပ်ချက်များကို ဤဆောင်းပါးတွင် မျှဝေထားသည်။

    Credit: IHRDG

    နွေဦးတက္ကသိုလ် (Spring University Myanmar- SUM) လက်အောက်ရှိ ဘာသာရပ်ဆိုင်ရာဌာနတခုဖြစ်သည့် လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်အုပ်ချုပ်မှုအင်စတီကျု(IHRDG)သည် မြန်မာနိုင်ငံဆိုင်ရာ သုတေသနနှင့် အသိပညာမြှင့်တင်ရန် ရည်ရွယ်သည့် နှစ်စဉ် ဆွေးနွေးဟောပြောမှု အစီအစဥ်ကို ကျင်းပခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် ဆွေးနွေးပွဲစီးရီးအား ဩဂုတ်လမှ ဒီဇင်ဘာလအထိ လစဉ်ကျင်းပခဲ့ပြီး ကမ္ဘာအဝှမ်းရှိ မတူကွဲပြားသည့် ပညာရှင်များထံမှ ဆွေးနွေးမှုများကို တင်ဆက်ခဲ့သည်။ တင်ပြချက်များတွင် ရိုဟင်ဂျာလူမျိုးများအား သမိုင်းတလျှောက်ဖယ်ကျဥ်ထားခြင်းမှသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ ဒစ်ဂျစ်တယ်ဖိနှိပ်မှု နည်းဗျူဟာများအထိ ကျယ်ပြန့်သော ပြဿနာများစွာကို ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့ မျှဝေခဲ့သည့်အရာများမှာ မျက်မှောက်ခေတ်နိုင်ငံရေး လမ်းကြောင်းများနှင့် လက်တွေ့ကမ္ဘာမူဝါဒအပေါ် ရိုက်ခတ်မှုများကို အလေးပေးဆွေးနွေးထားခြင်းဖြစ်သည်။ ဤအစီရင်ခံစာတွင် ဖြစ်ရပ်တခုစီကို အကျဉ်းချုံး၍  ကိစ္စရပ်များကိုခြုံငုံသုံးသပ်ထားသော သင်ခန်းစာအချို့ကို ပြန်လည်သုံးသပ်ပါမည်။

    ယခုနှစ်၏ ပထမဆုံး ဟောပြောပွဲကို “ လူမှုအဖွဲ့အစည်းအား ပြန်လည်သုံးသပ်လေ့လာခြင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးများ၏ ဝိသေသလက္ခဏာများကို သတ်မှတ်ခြင်းနှင့် ပြန်လည်သတ်မှတ်ခြင်း”ဆိုသည့် ခေါင်းစဉ်ဖြင့် သြဂုတ်လ(၃)ရက်၊ ၂၀၂၃ခုနှစ်တွင် “Sharjah (UAE) တက္ကသိုလ်”မှ နိုင်ငံတကာဆက်ဆံရေး လက်ထောက်ပါမောက္ခ ဒေါက်တာKazi Fahmida Farzanaမှ တင်ဆက်ခဲ့ပါသည်။  မြန်မာနိုင်ငံတွင် စဥ်ဆက်မပြတ်တည်ရှိလာခဲ့သော စစ်အာဏာရှင်များက ရိုဟင်ဂျာလူမျိုးများ၏ လူမျိုးရေးလက္ခဏာကို စဉ်ဆက်မပြတ်တည်ဆောက်ခြင်းနှင့် ပြန်လည်တည်ဆောက်ပုံကို သရုပ်ဖော်ကာ တိုင်းရင်းသားလူနည်းစုအသီးသီးအပေါ် “ပုံသေကားချပ်” ဝိသေသလက္ခဏာ သတ်မှတ်ခြင်းမှာ ၁၉၆၀ခုနှစ်များမှစတင်၍ စစ်အာဏာရှင်အဆက်ဆက်၏ ထပ်တလဲလဲ သုံးစွဲခဲ့သည့် မဟာဗျူဟာတရပ်ဖြစ်ကြောင်း ဒေါက်တာFarzanaမှ အလေးပေးပြောကြားခဲ့သည်။ သဘောတရားရေးရာအရ မြန်မာနိုင်ငံသည် လူနည်းစု တိုင်းရင်းသားလူမျိုးစုများကို ဖယ်ကျဥ်ထားရန်၊ နှင်ထုတ်ရန်နှင့် ရိုဟင်ဂျာအရေးကိစ္စတွင် ရိုဟင်ဂျာလူနည်းစုများကို အပြီးအပိုင်ချေမှုန်းပစ်ရန်အတွက် ဗုဒ္ဓဘာသာနှင့် ဗမာအမျိုးသားရေးဝါဒကို ထိရောက်စွာ အသုံးပြုသည်။ ဥပမာအားဖြင့် မပြောင်းမလဲတည်ရှိနေသည့် နည်းဗျူဟာတခု၏ နောက်ကွယ်မှ နိုင်ငံတော် မူဝါဒများကို မကြာခဏ ရေးဆွဲထားသည်- ရိုဟင်ဂျာလူမျိုးများကဲ့သို့သော လူနည်းစုများကို ဖယ်ထုတ်ထားသည့် တိုင်းရင်းသား(၁၃၅)မျိုးအား ခွဲခြားသတ်မှတ်သည့် သက်သေသာဓကအတိုင်း ထိုသတ်မှတ်ချက်အား တိုင်းရင်းသားအမျိုးအစား (ပြန်လည်) သတ်မှတ်ထိန်းချုပ်ရန်နှင့်  တိုင်းရင်းသားလူနည်းစုများ၏ နယ်နမိတ်များကို ထိန်းချုပ်ရန် အသုံးပြုသည်။ ဤတရားဝင်တိုင်းရင်းသား(၁၃၅)မျိုးစာရင်းတွင် အခြားတိုင်းရင်းသားများအပါအဝင် ရိုဟင်ဂျာတိုင်းရင်းသားများကို ချန်လှပ်ထားခြင်းသည် ကြောင်းကျိုးဆီလျော်ကိုက်ညီမှုနှင့် ရှေ့နောက်ညီညွတ်မှုမရှိပေ။ ဒေါက်တာ Farzanaမှ မှတ်ချက်ချသည့်အတိုင်း ရိုဟင်ဂျာ မျိုးနွယ်စုသည် ၎င်းတို့၏ တိုင်းရင်းသားဖြစ်မှုကြောင့်မဟုတ်ပဲ ၎င်းတို့၏ အစ္စလာမ်ဘာသာအပေါ် သက်ဝင်ယုံကြည်မှုအပေါ် အခြေခံ၍ လူမျိုးစုအလိုက် ဖယ်ကျဥ်ခံထားသည်ဟု ရိုဟင်ဂျာ ပညာရှင်အချို့က ဆိုကြသည်။ ဗမာစစ်တပ်အား ပြန်လည်တိုက်ခိုက်ရန်အတွက် ဗြိတိသျှလူမျိုးတို့မှ ရိုဟင်ဂျာလူမျိုးများနှင့် အခြားရခိုင်မွတ်စလင်လူမျိုးများကို စစ်မှုထမ်းခိုင်းစေခဲ့ပြီး ၁၉၄၈ခုနှစ်မတိုင်မီတွင် ဗြိတိသျှလူမျိုးများမှ “မွတ်ဆလင်အမျိုးသားနယ်မြေ”၏ တစိတ်တပိုင်းအဖြစ် ရိုဟင်ဂျာလူမျိုးများအား အသိအမှတ်ပြုခဲ့ပြီး ထိုကတိကဝတ်သည် လွတ်လပ်ရေးရပြီးသည့်နောက်တွင် မည်သည့်အခါတွင်မှ အကောင်အထည်မပေါ်ခဲ့သည့် ကတိဖြစ်သည်ကိုလည်း သတိချပ်ရမည်ဖြစ်သည်။   

    မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီးနောက် မြန်မာစစ်အစိုးရသည် ရိုဟင်ဂျာလူမျိုုးများကို လူမျိုးစုပေါင်းစည်းမှုမှ ဖယ်ထုတ်ခဲ့ပြီး ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ၏ အရေးပါသည့် အစိတ်အပိုင်းဖြစ်ရန် အရည်အချင်း ပြည့်မီမှုမရှိသောကြောင့် ဗြိတိန်နိုင်ငံကို ထောက်ခံကာ စစ်တပ်တွင် ပါဝင်ပတ်သက်ခြင်းဖြင့် ဗမာလူမျိုးများအားသစ္စာဖေါက်သည်ဟု သတ်မှတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှရိုဟင်ဂျာလူမျိုးများအား နေရပ်ပြန်ပို့ရေး စီမံကိန်း အပါအဝင် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအလွန် နိုင်ငံရေးအရွေ့များတွင်  ပါဝါမညီမျှမှုများကို ဆက်လက်မြင်တွေ့နေရဆဲဖြစ်သည်။ 

    ဆွေးနွေးဟောပြောပွဲစီးရီး၏ ဒုတိယမြောက်အစီအစဥ်ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သုတေသီနှင့်တက်ကြွလှုပ်ရှားသူနှစ်ဦးဖြစ်သော ခင်သဇင်ဦးနှင့် ကိုမောင်တို့ပါဝင်ပြီး စင်္ကာပူနိုင်ငံရှိ Nanyang နည်းပညာတက္ကသိုလ်မှ လူမှုဗေဒနှင့် မနုဿဗေဒ လက်ထောက်ပါမောက္ခ စတီဖင်ကမ်းဘဲလ်မှ ဥက္ကဌအဖြစ်စီစဥ်သည့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အလုပ်သမားနိုင်ငံရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုကို ကျင်းပခဲ့သည်။ ဟောပြောသူနှစ်ဦးစလုံးသည် ၎င်းတို့၏ အလုပ်သမားနိုင်ငံရေး ဆွေးနွေးမှုတွင် လူတန်းစားခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုကာ ဆွေးနွေးခဲ့ပြီး ၎င်းတို့အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပြည်ပရှိ အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အကျယ်တဝင့် ထုတ်ဝေရေးသားထားမှုများ ရှိခဲ့သည်။ ၎င်းတို့၏ သုတေသနပြုချက်သည် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများကို လက်တွေ့ကျစွာ အာရုံစိုက်ကာ အလုပ်သမားအခွင့်အရေးများ၊ ဆန္ဒပြစည်းရုံးခြင်းနှင့် နေ့စဉ်အလုပ်သမားများ၏ ရုန်းကန်လှုပ်ရှားမှုများကို အရေးပေးတင်ပြခဲ့သည်။ အမှန်စင်စစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်တွင် အကြမ်းမဖက်အာဏာဖီဆန်မှု(Civil Disobedience Movement-CDM)အား ရန်ကုန်စက်မှုဇုန်ရှိ အလုပ်သမားသမဂ္ဂများမှ စတင်ခဲ့ခြင်းဖြစ်သည်။ ချို့တဲ့နွမ်းပါးသော လူမှုစီးပွားရေးနောက်ခံမှ ပြည်သူများ၏ အတွေ့အကြုံနှင့် ပါဝင်မှုအေဂျင်စီကို အာရုံစိုက်ခြင်းဖြင့် ထိုသုတေသနသည် နွေဦးတော်လှန်ရေးတွင် လက်ရှိမြန်မာနိုင်ငံ၏ “အောက်ခြေမှဖြစ်တည်သည့် သမိုင်း” ကို ပိုမိုမျက်နှာသာပေးကာ ထင်ရှားကျော်ကြားသော နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကို အခွင့်ထူးပေး ဆွေးနွေးထားသည့် အမြင်များကို စိန်ခေါ်ထားသည်။  ၎င်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စိန်ခေါ်မှုများနှင့် အသွင်ပြောင်းသည့် အခြေအနေများတွင် သာမန်လူများ၏ အကျိုးသက်ရောက်မှုကို အသိအမှတ်ပြု မီးမောင်းထိုးပြထားပါသည်။ ဤဆွေးနွေးဟောပြောမှု၏ ရည်ရွယ်ချက်မှာ အလုပ်သမားနိုင်ငံရေး သဘောတရားကို ပိုမိုကျယ်ပြန့်စွာ အသုံးချပြီး “နိုင်ငံတော်ရေးရာ”(နိုင်ငံရေး)ဟု ပြန်ဆိုနိုင်သော အကန့်အသတ်ရှိသည့် မြန်မာဝေါဟာရအသုံးအနှုန်းကို ကျော်လွန်ချဲ့ထွင်ရန် ဖြစ်ပါသည်။ သို့သော်လည်း ဆွေးနွေးတင်ဆက်သူများသည် သာမန်လူများ၏ ကိုယ်ပိုင်အတွေ့အကြုံများကို အလေးပေးဖော်ပြထားကြသည်။ ထိုဆွေးနွေးရှင်းလင်းချက်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ပံ့ပိုးပေးနေသည့် စင်္ကာပူနိုင်ငံရှိ မြန်မာအိမ်အကူလုပ်သားများ၊ နွေဦးတော်လှန်ရေးကို ဆက်လက်ထိန်းသိမ်းတည်မြဲနေစေသည့် အမျိုးသမီးများ၏ လုပ်အားခမရရှိသည့်၊  အသိအမှတ်ပြုခြင်းမခံရသည့် လူမှုရေးအရဆက်လက်ထုတ်လုပ်ပေးနေရသည့် အလုပ်သမားအင်အားစုများနှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆက်လက်စည်းရုံးကြသည့် ရန်ကုန်စက်မှုဇုန်များ၊ မန္တလေးနှင့် အခြားမြို့ကြီးများရှိ အလုပ်သမားများ၏ အခန်းကဏ္ဍတို့ပါဝင်သည်။​ ထိုလုပ်သားအင်အားစုသည် ၎င်းတို့၏ မိသားစုကို ထောက်ပံ့ရန်အတွက် ကြီးစွာရုန်းကန်နေရသော်လည်း နွေဦးတော်လှန်ရေးကို တွန်းအားပေးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အား စတင်သည့်နေရက်မှ အကြွင်းမဲ့ယုံကြည်ပံ့ပိုးပေးခဲ့သည်။

    ဇူးရစ်ခ်ျတက္ကသိုလ် (University of Zurich)မှ ဒေါက်တာ Shona Loong ပါဝင်သည့် တတိယမြောက်ဆွေးနွေးပွဲအား “သမိုင်းများစွာရှိသောနိုင်ငံ- မြန်မာ၏ ကွဲပြားသောစစ်ပွဲနှင့် နေ့စဉ်ဘဝ” ဆိုသည့် ခေါင်းစဉ်ဖြင့် အောက်တိုဘာ(၅)ရက်နေ့ ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သည်။ ပဋိပက္ခလေ့လာမှုများတွင် လွှမ်းမိုးလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခသည် လူမှုရေးလုပ်ငန်းစဉ်များကို မည်သည့်နည်းလမ်းဖြင့် ပုံသွင်းလျက်ရှိကြောင်းကို သီအိုရီများနှင့် အရင်းခံအကြောင်းအချက်များအား ရေးသားဖော်ပြထားခြင်းများရှိသော်လည်း ဒေါက်တာ Shona Loong၏ မြန်မာနိုင်ငံရှိ လူမျိုးစုနှင့် ပတ်သက်၍ ကာလရှည်ကြာပြုလုပ်ခဲ့သည့် သုတေသနသည် အဆိုပါသီအိုရီများနှင့် ဆန့်ကျင့်ဘက်ဖြစ်ကြောင်း ဖော်ပြသည်။ အထူးသဖြင့် ကရင်ပြည်နယ်နှင့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တွင် စစ်အာဏာသိမ်းမှုမတိုင်မီနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းရှိ သုတေသနနှစ်ရပ်လုံးကို အခြေခံကာ ဆွေးနွေးဟောပြောပွဲတွင် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုများသည် ပထဝီဝင်အနေအထားအရ ကွဲပြားနေပုံကို မီးမောင်းထိုးပြခဲ့သည်။ ထို့ကြောင့် လွှမ်းမိုးကြီးစိုးသော (မကြာခဏဆိုသလို ဗမာလူမျိုးများကို ဗဟိုပြုထားသည့်) သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကြောင်းများကို စိန်ခေါ်ခဲ့သည်။ အခြားအရေးကြီးသည့် အချက်တခုမှာ စစ်အာဏာရှင်များ၏ အကြမ်းဖက်မှုများကြားတွင် ရပ်ရွာလူထု၏ ကြံကြံခံနိုင်စွမ်းရှိရေးဖြစ်သည်။ စစ်အာဏာသိမ်းမှုစတင်ပြီး သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံအဝှမ်းရှိ အရပ်သားပြည်သူများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများ အရှိန်မြှင့်လာပြီး ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် လူနေမှုဘဝများကို ဆိုးကျိုးသက်ရောက်စေခဲ့သည်။ သို့သော်လည်း စစ်တပ်အနေဖြင့်  ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိနေသည်ကို အဆုံးသတ်ရန် ပြည်သူများသည် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။ ဟောပြောပွဲသည် မြန်မာနိုင်ငံအရေးလေ့လာသည့် ပညာရှင်များ ကြုံတွေ့နေရသော ကန့်သတ်ချက်များအပေါ် သုံးသပ်ချက်များနှင့် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော လူမှု-သမိုင်းကြောင်း အခင်းအကျင်းများအား ရှုထောင့်ပေါင်းစုံမှ လေ့လာသိမြင်နိုင်ရန် လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့ပါသည်။ ထိုတင်ပြချက်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးဆီသို့ မည်ကဲ့သို့တိုးတက်ပြောင်းလဲလာနိုင်မည်နည်းဆိုသည့် ချဉ်းကပ်မှုအပေါ် ရှုမြင်သုံးသပ်ချက်အသစ်များကို ထည့်သွင်းဆွေးနွေးထားသည်။

    ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့တွင် တင်ဆက်သည့် စတုတ္ထအကြိမ်မြောက် အခမ်းအနားကို ပါမောက္ခ Ardeth Thawnghmungမှ “ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဒေသန္တရအုပ်ချုပ်မှုပုံစံများကို သုတေသနပြုရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် တင်ဆက်ခဲ့သည်။ ဤဆက်လက်လုပ်ဆောင်လျက်ရှိသော သုတေသနပြုချက်သည် ကျေးရွာနှင့် ရပ်ကွက်အဆင့်အထိ တည်ရှိသော ဒေသဆိုင်ရာအစိုးရအရာရှိများနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ယန္တရားများ၏ ရှုပ်ထွေးမှုနှင့် ကွဲပြားမှုကို မီးမောင်းထိုးပြထားသည်။

    ဒေသအလိုက် ပြည်သူအချင်းချင်းဆက်ဆံရေးသဘာ၀အရ တွန်းအားပေးထားသည့် အဆိုပါကိုင်တွယ်ဖြေရှင်းရေး မဟာဗျူဟာများသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အများအပြားကို တစိတ်တပိုင်း(သို့မဟုတ်)လုံးဝဥဿုံ လွှဲပြောင်းရယူထားသောကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ကဲ့သို့သော ဒီမိုကရေစီလိုလားသည့် လက်နက်ကိုင် အဖွဲ့များက မြေပြင်ပေါ်ရှိ အပြောင်းအလဲများနှင့် တပြိုင်နက်တည်း လိုက်လျောညီထွေ ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။

    ဒေါက်တာThawnghmung၏ မူလသုတေသန နည်းလမ်းများသည် မျက်မှောက်ခေတ်မြန်မာ့သုတေသနကို ပိုမိုဆန်းသစ်ပြီး ဒေသအလိုက် ကိုက်ညီမှုရှိစေရန် ပြုလုပ်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ သုတေသနစီမံကိန်းအသစ်များသည် ယခင်ကထက်ပို၍ ပုဂ္ဂလိကဆန်လာမည်သာမက (ဥပမာ ယုံကြည်မှုအပေါ်အခြေခံသည့်ဆက်ဆံရေး) ပြည်တွင်းသုတေသီများအပေါ်တွင်လည်း ပိုမိုအားကိုးလာမည့်အတွက်ကြောင့် အသိပညာထုတ်လုပ်မှုပါဝါသည်  ပြည်သူ့အစိုးရမှထံမှ စစ်အာဏာသိမ်းအစိုးရဆီသို့ လွှဲပြောင်းရောက်ရှိသွားနိုင်သည်။ အလားတူပင် သူမ၏ ပရောဂျက်၏ တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် ပဋိပက္ခများသည် ဗဟိုမှအာဏာပြိုကျမှုကြောင့် ဒေသဆိုင်ရာ ပဋိပက္ခများ ပိုမိုများပြားလာကြောင်း သက်သေပြနေပြီး ၎င်းအချက်သည် နိုင်ငံတွင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများ၏ မဟာဗျူဟာကို ပြန်လည်စဉ်းစားရန် လိုအပ်သည့် အကြမ်းဖက်မှုများကို တားဆီးရာတွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ယခုတင်သာမက အနာဂတ်တွင်လည်း မည်သည့် အခန်းကဏ္ဍများမှ ပါဝင်နိုင်သည်ကို သက်သေပြနေသည်။

    ဟောပြောပွဲ၏ နောက်ဆုံးဆွေးနွေးမှုကို “ ဒီဂျစ်တယ်ဖိနှိပ်မှုကို ဆန်းစစ်ခြင်း-မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ငွေကြေးကို စိစစ်ခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် Vox၊ Bradley နှင့် Gar တို့မှ မိုဘိုင်းလ်ငွေ၊ ဘဏ်လုပ်ငန်းစနစ်များနှင့် ကပ်ရောဂါလွန် မြန်မာနိုင်ငံတွင် နေ့စဉ်လူနေမှုဘဝအတွင်းရှိ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်တို့ကို စူးစမ်းလေ့လာခဲ့သည်။ ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်အစိုးရအောက်တွင် တိုးမြှင့်ထားသော စည်းမျဥ်းစည်းကမ်းများနှင့် စောင့်ကြည့်ကြပ်မတ်မှုများကို ရင်ဆိုင်နေရသော မြန်မာနိုင်ငံရှိ ပြည်သူအများအပြားသည် ၎င်းတို့၏ ဒစ်ဂျစ်တယ်အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားခြင်း ခံနေကြရသည်။ ဆွေးနွေးဟောပြောသူ သုံးဦးသည် ၎င်းတို့၏ လေ့လာနေဆဲ သုတေသနပြုမှုမှ ကနဦးရလဒ်များဖြစ်သည့် နိုင်ငံတော်၏ထောက်လှမ်းရေးတွင် အွန်လိုင်း ငွေရေးကြေးရေး စနစ်များ၏ အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံတွင် နည်းပညာ-အာဏာရှင်စနစ် ထွန်းကားလာခြင်းတွင် အွန်လိုင်း ငွေရေးကြေးရေး စနစ်များ၏ ပံ့ပိုးကူညီမှုများကို ဆန်းစစ်တင်ပြခဲ့ပါသည်။ ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် လွတ်လပ်မှုကို မြှင့်တင်ရန် အခြားနည်းလမ်းများအဖြစ် ဆွေးနွေးဟောပြောသူများသည် ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော အလွန်အရေးကြီးသည့် အခြေခံအဆောက်အအုံများအပါအဝင် အခြားနည်းလမ်းများကို အလေးပေးဖော်ပြခဲ့သည်။ ထိုသုတေသနသည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အခွင့်အရေးနှင့် ပုဂ္ဂလိကအခွင့်အရေးများ ချိုးဖောက်ခံနေရခြင်းကို အင်စတီကျူးရှင်းပြုလုပ်နေခြင်းကို ထင်ရှားစေပြီး ဖက်ဒရယ်ဒီမိုကရေစီလမ်းပြမြေပုံဖြစ်နိုင်သည့်နှင့် တပြိုင်နက် ပြုလုပ်နိုင်ရန်  အလားအလာရှိသော မူဝါဒဆိုင်ရာတိုးတက်မှုများကို တောင်းဆိုခဲ့သည်။ ထိုသို့ပြုလုပ်နိုင်ပါက ဖိနှိပ်ထားသော ဥပဒေများနှင့် ဒီမိုကရက်တစ်ပါဝင်လှုပ်ရှားသူများအကြား ကွာဟချက်ကို လျော့ပါးစေကာ မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများ၏ ဆယ်စုနှစ်များစွာ ဆင်းရဲဒုက္ခကို သက်သာရာရစေနိုင်သည်။

    ၂၀၂၃ခုနှစ် IHRDGဆွေးနွေးဟောပြောပွဲစီးရီးသည် ကျောင်းသားများ၊ ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွက် တန်ဖိုးရှိသည့် သင်ခန်းစာများ ပေးအပ်နိုင်ခဲ့ပါသည်။ ပထမဦးစွာ ရိုဟင်ဂျာလူမျိုးများအား လူမျိုးသုဥ်းသတ်ဖြတ်မှုမှ သက်သေပြထားသည့်အတိုင်း အောင်မြင်မှုရှိသည့် စစ်အစိုးရများက လူမျိုးစုများကို ဖယ်ထုတ်ပစ်ရန်အတွက် ဝိသေသလက္ခဏာသတ်မှတ်မှုများကို ထိန်းချုပ်ခြယ်လှယ်ခြင်းကို စဥ်ဆက်မပြတ် အသုံးပြုနေခြင်းကို  အလေးပေးဖော်ပြခဲ့သည်။

     ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အလုပ်သမားနိုင်ငံရေးကို အာရုံစိုက်လေ့လာခြင်းသည် အခြေခံလူတန်းစားများနှင့် သာမန်လူတန်းစားများ၏ အဓိကအခန်းကဏ္ဍကို မီးမောင်းထိုးပြပြီး ကန့်သတ်ထားသော ဇာတ်ကြောင်းများကို စိန်ခေါ်လျက်ရှိပါသည်။ Dr. Shona Loong၏ အတွေးအမြင်၊ဆွေးနွေးချက်များသည် ပထဝီဝင်ဒေသကွဲပြားမှုအပေါ်မူတည်၍ ပဋိပက္ခ၏ သက်ရောက်မှုများနှင့် ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းများအတွက် ၎င်းတို့၏ ကွဲပြားပြီး တီထွင်ဖန်တီးမှုရှိသော တုံ့ပြန်မှုများတွင် ရပ်ရွာလူထု၏ ခံနိုင်ရည်ရှိမှုအား အလေးပေးဖော်ပြခဲ့သည်။ ပါမောက္ခThawnghmung၏ သုတေသနပြုချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုများကို တုံ့ပြန်ရာတွင် ပြောင်းလဲလာသော ဒေသန္တရအုပ်ချုပ်ရေးပုံစံများ၏ ကိုင်တွယ်ဖြေရှင်းနည်းဗျူဟာများကို တီထွင်ဆန်းသစ်ပြီး ဒေသအလိုက် သုတေသနပြုရန် လိုအပ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ နောက်ဆုံးတွင်မူ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများအား ဆန်းစစ်လေ့လာခြင်းသည် ဒစ်ဂျစ်တယ်အခွင့်အရေးများကို အကာအကွယ်ပေးရန် အရေးကြီးကြောင်းနှင့် အနာဂတ်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် အဆိုပြုထားသော မူဝါဒရေးရာတိုးတက်မှုများကို မီးမောင်းထိုးပြခဲ့သည်။ ဤသင်ခန်းစာများသည် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသည့် လူမှု-နိုင်ငံရေးအခင်းအကျင်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုပျော့ပျောင်းပြီး အခြေခံလူတန်းစားများကို ဦးတည်သည့် ချဉ်းကပ်မှု၏ အရေးပါပုံကို ထပ်လောင်းအတည်ပြုလျက်ရှိပါသည်။

    မှတ်ချက်၊ ၂၀၂၃ခုနှစ် IHRDGဆွေးနွေးဟောပြောပွဲစီးရီးအား IDRCKnowledge for Democracy Myanmar (K4DM) စီမံကိန်းမှ ရံပုံငွေပံ့ပိုးပေးခြင်းဖြစ်ပါသည်။​ ဤဆောင်းပါးတွင်ပါဝင်သည့် အမြင်များအားလုံးသည် ဟောပြောဆွေးနွေးသူများ၏ ကိုယ်ပိုင်ယူဆချက်၊အမြင်များသာဖြစ်ပြီး IDRC နှင့် နွေဦးတက္ကသိုလ်မြန်မာ (Spring University Myanmar)တို့၏ အမြင်များကို ထင်ဟပ်ခြင်းမရှိပါ။

    Sayedul Karimသည် လူ့အခွင့်အရေးကာကွယ်သူ၊ Rohingya Justice Initiative-RJI အား ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။ အမျိုးသမီးများ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရိုဟင်ဂျာသမဂ္ဂကို တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာအဖြစ်တာဝန်ယူကာ သူသည် အမျိုးသမီးများ၏ အောင်မြင်မှုနှင့် စွမ်းဆောင်နိုင်မှုတို့နှင့် ပတ်သက်၍ တက်ကြွစွာ လုပ်ဆောင်နေသူဖြစ်သည်။ Sayedulသည် မူဝါဒအပြောင်းအလဲများ၊ အဆင့်မြင့်ပညာရေးတွင် အတားအဆီးများကို လျော့ပါးသက်သာစေရန်နှင့် ရိုဟင်ဂျာအသိုက်အဝန်းအတွက် အခွင့်အရေးလမ်းကြောင်းများဖန်တီးရန် ကြိုးပမ်းနေသူဖြစ်သည်။ သူ၏ ဘက်ပေါင်းစုံ အခန်းကဏ္ဍများတွင် ပါဝင်မှုသည် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေးနှင့် ရပ်ရွာဖွံ့ဖြိုးရေးအတွက် သူ၏ မယိမ်းယိုင်သည့် သဓိဌာန်များကို ထင်ဟပ်လျက်ရှိပါသည်။

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.