5 Minutes To Read

အသိအမှတ်ပြုခြင်းဆိုင်ရာ ရှာပုံတော်ဖွင့်ခြင်း- မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ၏ ဝိသေသလက္ခဏာများကို ပြန်လည်အဓိပ္ပါယ်ဖွင့်ခြင်း

5 Minutes To Read
  • English
  • ဗမာစာ
  • မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို အဓိပ္ပါယ်ဖွင့်ရန်နှင့် ကာကွယ်ရန် ကျရှုံးမှုသည် တိုင်းရင်းသားပဋိပက္ခများကို လောင်စာဖြည့်ကာ လူမှုတရားမျှတမှုကို အဟန့်အတားဖြစ်စေကြောင်း ဆောင်းပါးရှင် နိုင်မင်းခန့်အနေဖြင့် ယခုဆောင်းပါးတွင် ဆွေးနွေးထားပါသည်။

    တိုင်းရင်းသားဆိုသည့် ဝေါဟာရသည် မြန်မာနိုင်ငံတွင် ရှုပ်ထွေးကာ ပြဿနာဖြစ်စေနိုင်သည့် ဝေါဟာရတခု ဖြစ်နေသေးသည်။  လွတ်လပ်ရေးရပြီးချိန်မှစတင်ကာ အစိုးရအဆက်ဆက်အနေဖြင့် ဒေသခံဌာနေလူမျိုးများအား တိုင်းရင်းသားများအဖြစ် မြန်မာမှုပြုသတ်မှတ်ကာ ထိုအသုံးအနှုန်းသည် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲမတိုင်ခင်ကတည်းက မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြသူများအားလုံးကို ရည်ညွှန်းခြင်းဖြစ်သည်။  သို့သော်လည်း အစိုးရအဆက်ဆက်က ‘ဒေသခံတိုင်းရင်းသား’ သို့မဟုတ် ‘ဌာနေတိုင်းရင်းသား’ ဆိုသည့် ဝေါဟာရအား မည်သည့်အခါတွင်မှ အသုံးမပြုခဲ့ပါ။  ထို့ကြောင့် “ဌာနေတိုင်းရင်းသား” ဆိုသည့် ဝေါဟာရအစား အစားထိုးအသုံးပြုသည့် တိုင်းရင်းသားဆိုသည့် ဝေါဟာရသည် ၁၉၈၀ ခုနှစ်များအတွင်း မူလအရင်းတည် ပေါ်ပေါက်လာခဲ့သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကွဲလွဲမှုရှိပြီး တကမ္ဘာလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားအခွင့်အရေး လှုပ်ရှားမှုများတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများနှင့် ပတ်သက်လာလျှင် တိုင်းရင်းသားလူမျိုးများ ဆိုသည့် သတ်မှတ်ချက်အောက်တွင် အချို့သော မျိုးနွယ်စုများပါဝင်ခြင်း (သို့မဟုတ်) ချန်လှပ်ခံရခြင်း အစရှိသည့် အဓိကကျသည့် ဆွေးနွေးငြင်းခုံမှုများ ရှိနေဆဲဖြစ်သည်။ ဥပမာအနေဖြင့် ရိုဟင်ဂျာလူမျိုးများသည် တိုင်းရင်းသားဆိုသည့် သတ်မှတ်ချက်မှ ဖယ်ထုတ်ထားခြင်းခံထားရသည်။  “ဌာနေတိုင်းရင်းသား” ဆိုသည့် ဝေါဟာရအား သတ်မှတ်ရန် မအောင်မြင်မှုသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းကို ဖြစ်စေခဲ့ကာ လွတ်လပ်ရေးရပြီးကာလမှစတင်၍ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ရှည်ကြာနေစေသည့် တွန်းအားများထဲမှ တခုဖြစ်သည်။  ဤစာတမ်းတွင် မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများအား မြန်မာမှုပြုခြင်းသည် နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် မည်ကဲ့သို့ ကွဲပြားပုံ၊​ ထိုမြန်မာမှုပြုခြင်းများသည် ရိုဟင်ဂျာလူမျိုးများ အပါအဝင် အခြားတိုင်းရင်းသား လူနည်းစုများကို မတူကွဲပြားသည့် ယဉ်ကျေးမှုရှိသည့် အစုအဖွဲ့များအဖြစ် အသိအမှတ်ပြုရန် ပျက်ကွက်ပုံ၊ အာဏာနှင့် အရင်းအမြစ်များ ခွဲဝေမှုမညီမျှခြင်းနှင့် ထိုအစုအဖွဲ့များ၏ ပေါင်းစပ်တည်ရှိနေသည့် အခွင့်အရေးများအား ကာကွယ်ရန်ပျက်ကွက်မှုတို့ ဖြစ်ပေါ်စေခြင်းကို ဆွေးနွေးထားပါသည်။

    ဌာနေတိုင်းရင်းသားအရေးလှုပ်ရှားမှုများ၏ မူလအယူအဆများမှာ ကိုလိုနီစနစ်ကို ကြုံတွေ့ဖူးသော နိုင်ငံများထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကိုလိုနီစနစ်တွင် ကိုလိုနီနိုင်ငံများက ကိုလိုနီပြုခြင်းခံရသောနိုင်ငံများသို့ လူများ လာရောက်အခြေချနေထိုင်ခြင်း စနစ် (settler colonialism)နှင့် အခြေချခြင်း မရှိသော စနစ်ဟူ၍ နှစ်မျိုး သရုပ်ခွဲနိုင်သည်။ ဖော်ပြပါ ဌာနေတိုင်းရင်းသားအရေးလှုပ်ရှားမှု အယူအဆများသည် ပထမစနစ်ကို ကြုံတွေ့ရသောနိုင်ငံများဆီက လာခြင်းဖြစ်သည်။  ထိုကိုလိုနီစနစ်တွင် ကိုလိုနီနိုင်ငံများမှ လာရောက်နေထိုင်ကြသည့် လူမှုအသိုက်အမြုံများသည် ထိုနိုင်ငံ၏ မူလလူဦးရေကို အစားထိုးရန် ကြိုးစားခြင်းဖြစ်သည်။ အခြေချနေထိုင်သူကိုလိုနီစနစ်သည် ကိုလိုနီနယ်ချဲ့စနစ်၏ ပုံစံတစ်ခုဖြစ်ပြီး ကိုလိုနီပြုထားသော နယ်မြေ၏ မူလလူဦးရေကို အခြေချနေထိုင်သူများ၏ လူ့အဖွဲ့အစည်းအသစ်ဖြင့် အစားထိုးရန် ကြိုးပမ်းသည့် ကိုလိုနီစနစ်ပုံစံတစ်ခုဖြစ်သည်။ ဤဖြစ်စဉ်တွင် ဌာနေတိုင်းရင်းသားလူမျိုးများကို အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်စေခြင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများအား အတင်းအဓမ္မသိမ်းယူခြင်းနှင့် ဖိနှိပ်ခြင်းတို့ ပါဝင်လေ့ရှိသည်။ အခြားနိုင်ငံများမှ လာရောက်အခြေချနေထိုင်ကြသည့် ကိုလိုနီစနစ်၏ စိန်ခေါ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့နေရာအနှံ့တွင် ဌာနေတိုင်းရင်းသားလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ၁၉၈၀ပြည့်လွန်နှစ်များတွင် မြောက်မြားလှသည့် လူမှုလှုပ်ရှားမှုများသည် အခြေချနေထိုင်သည့် ကိုလိုနီစနစ်၏ သက်ရောက်မှုကို တန်ပြန်ရန်နှင့် ဒေသခံလူမှု အသိုင်းအဝိုင်းများ၏ ထူးခြားသည့်ကွဲပြားခြားနားမှုများကို ပြန်လည်အသက်ဝင်လာစေရန် ထောက်ခံအားပေးမှုများပြုလုပ်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ဥရောပတိုက်မှ လာရောက်အခြေချနေထိုင်သူများကို ပြန်လည်ခုခံသည့် ဌာနေအမေရိကန်လူမျိုးများလှုပ်ရှားမှုနှင့် ဗြိတိသျှတိုက်မှ လာရောက်အခြေချနေထိုင်သည့် ကိုလိုနီနယ်ချဲ့စနစ်ကို ခုခံကြသည့် ဌာနေသြစတြေးလျနိုင်ငံသားများလှုပ်ရှားမှု အစရှိသည့် ဖြစ်ရပ်များသည် ဌာနေတိုင်းရင်းသားများအနေဖြင့် ဥရောပဒေသများမှ ကိုလိုနီပြုကျင့်မှုများကို တွန်းလှန်ရန်နှင့် ၎င်းတို့၏ယဉ်ကျေးမှု၊ နယ်မြေများနှင့် အခွင့်အရေးများကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းကြရာတွင် ထင်ရှားသည့်ဖြစ်ရပ်များဖြစ်သည်။ နှောင်းပိုင်းကာလများတွင် ထိုလှုပ်ရှားမှုများသည် နိုင်ငံတခုတွင် လူများစု၏ ဖိနှိပ်ခြင်းခံနေရသော လူနည်းစုများထံသို့ပါ ကျယ်ပြန့်စွာ ပျံ့နှံရောက်ရှိလာကြသည်။ ထိုမှတဖန် ‘ဌာနေတိုင်းရင်းသားများ’ဆိုသည့် အသုံးအနှုန်းသည် နိုင်ငံရေးအရအရေးပါမှုရှိလာခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂသည် ၂၀၀၇ ခုနှစ်တွင် “ကမ္ဘာ့ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကြေငြာစာတမ်း (UNDRIP)” ကိုပင် ပြဌာန်းကာ လက်ခံကျင့်သုံးခဲ့သည်။ ဤကြေငြာချက်ကို အတည်ပြုလိုက်ကြောင်း လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအနေဖြင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေ တာဝန်ရှိသည်။

    တိုင်းရင်းသားဖြစ်မှုဟူသည့် အသုံးအနှုန်းသည် နိုင်ငံရေးအရအရေးပါသည့်သကဲ့သို့ ဤဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုပုံသည် အခြေအနေအမျိုးမျိုးတွင် ကွဲပြားမှုရှိပါသည်။  Whyte (2016) အနေဖြင့်  ဌာနေတိုင်းရင်းသားလူမျိုးများဆိုသည့် ဝေါဟာရအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “အခြားအုပ်စုများမှ ကျူးကျော်ခြင်း၊ ကိုလိုနီပြုခြင်း(သို့မဟုတ်) ၎င်းတို့လာရောက်အခြေချနေထိုင်သည့် ကာလမတိုင်မီတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိခဲ့သော လူ့အဖွဲ့အစည်းများဖြစ်ကြပြီး ယခုအချိန်တွင် ထိုသူများသည် နိုင်ငံတော်၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်တွင် တည်ရှိကြသူများ”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လာရောက်အခြေချနေထိုင်ကြသည့် ကိုလိုနီကို ရင်ဆိုင်ရသည့်နိုင်ငံများတွင် အားကြီးလွှမ်းမိုးသူများမှာ ကိုလိုနီအခြေချသူများဖြစ်သည်။ အမေရိကန်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့သည် အားကြီးလွှမ်းမိုးချုပ်ကိုင်သည့် ကိုလိုနီနယ်ချဲ့အခြေချသူများက  ဌာနေတိုင်းရင်းသားများ၏နေရပ်တွင် ထိုဌာနေတိုင်းရင်းသားလူမျိုးများကို ဖယ်ထုတ်ခြင်း (သို့မဟုတ်) ၎င်းတို့အား ယဥ်ကျေးမှုအရ အတင်းအဓမ္မသွတ်သွင်းခြင်းအစရှိသည့် ဖြစ်ရပ်များအတွက်  ဥပမာပေးစရာအကောင်းဆုံး ဖြစ်ရပ်များ ဖြစ်သည်။ ထို့ကြောင့် အခြေချနေထိုင်မှုကို ကြုံတွေ့သည့် ကိုလိုနီစနစ်တွင် ဌာနေတိုင်းရင်းသားဆိုသည်မှာ ကိုလိုနီနယ်ချဲ့များ၏ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအရ ဖိနှိပ်မှုကို ခံစားခဲ့ကြရသူများဖြစ်သည်။ ကိုလိုနီနိုင်ငံများက အခြေချနေထိုင်မှုပြုခြင်းမရှိသည့် ကိုလိုနီစနစ်၏ နောက်ခံအခြေအနေတွင် “ဌာနေတိုင်းရင်းသားများ”ဆိုသည့် ဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုပုံမှာ ကွဲပြားမှုရှိပါသည်။ အခြေချနေထိုင်သူများ (သို့မဟုတ်) လွှမ်းမိုးနိုင်စွမ်းရှိသူများဆိုသည့် အစုအဖွဲ့များသည် မတူညီသည့် လူမှုရေးဝိသေသလက္ခဏာများရှိပြီး ထိုလူနည်းစုအုပ်စုများအနီးတွင် နေထိုင်ကြသည့် လူများစုအစုအဖွဲ့များ ဖြစ်နိုင်သည်။ ထို့ကြောင့် Eubanks နှင့် Sherpa (2018) တို့အနေဖြင့် ဌာနေတိုင်းရင်းသားများဆိုသည့် ဝေါဟာရအား “ဖိနှိပ်ခံပြည်သူများ၊ ဥရောပတိုက်မှ ကိုလိုနီနယ်မြေများမှသာမက အခြားဒေသများမှ ၎င်းတို့နှင့် နီးစပ်သည့် ပတ်ဝန်းကျင်များတွင်နေထိုင်ကြသည့် အာရှနိုင်ငံသားများ၏ အမျိုးမျိုးသော လွှမ်းမိုးချုပ်ကိုင်မှုကို ခံစားကြရသူများ”ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ ထိုမျှမက  ကမ္ဘာ့ကုလသမဂ္ဂ၏စီးပွားရေးနှင့် လူမှုရေးရာဌာနမှ ဌာနေတိုင်းရင်းသားများသည် ၎င်းတို့နေထိုင်လျက်ရှိသည့် လူ့အဖွဲ့အစည်းများနှင့် ကွဲပြားသည့် လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် နိုင်ငံရေးဝိသေသလက္ခဏာများရှိသည်ဟု ထောက်ပြဆွေးနွေးထားသည်။ ထို့ကြောင့် “ဌာနေတိုင်းရင်းသား”ဆိုသည့် ဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မတူညီသည့် နိုင်ငံအလိုက် အခြေအနေအရပ်ရပ်တွင် ကွဲပြားမှုရှိပါသည်။ သို့သော်လည်း “ဌာနေတိုင်းရင်းသား”ဆိုသည့် ဝေါဟာရအား ယေဘူယျနားလည်မှုမှာ ၎င်းတို့သည် ဖိနှိပ်မှုများ ကြုံတွေ့ခံစားကြရပြီး ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် လူမှုရေးအလေ့အကျင့်များသည် ကိုလိုနီပြုသူများသာမက ၎င်းတို့နှင့် နေထိုင်ကြသည့် သက်ဆိုင်ရာနိုင်ငံရှိ လွှမ်းမိုးမှုကြီးမားသည့်အုပ်စုများ၏ ခြိမ်းခြောက်ခြင်းကိုပါခံနေရသည်ဆိုသည့် အချက်ဖြစ်သည်။

    မြန်မာနိုင်ငံသည် UNDRIP (2017)ကို အတည်ပြုလက်မှတ်ထိုးခဲ့သော်လည်း “ဌာနေတိုင်းရင်းသားလူမျိုးများ”ဆိုသည့် ဝေါဟာရကို ကျယ်ပြန့်စွာ ခြုံငုံအဓိပ္ပါယ်ဖွင့်ဆိုနိုင်ခြင်း မရှိခဲ့ပါ။ ပြည့်စုံလုံလောက်သည့် နားလည်မှုမရှိသည့်အတွက် အချို့သောအစုအဖွဲ့များသည် ဌာနေတိုင်းရင်းသားများဟု သတ်မှတ်နိုင်ခြင်းရှိ၊မရှိဆိုသည့် ငြင်းခုံမှုများရှိခဲ့သည်။ မြန်မာနိုင်ငံသည် ‘ဌာနေတိုင်းရင်းသားလူမျိုး’ဆိုသည့် ဝေါဟာရကို ‘တိုင်းရင်းသား’ဟု ဘာသာပြန်ဆိုသည်။ “တိုင်း” ဆိုသည်မှာ နိုင်ငံကို ကိုယ်စားပြုပြီး “ရင်း”ဆိုသည်မှာ မူလဇစ်မြစ်ကို ကိုယ်စားပြုကာ “သား”ဆိုသည်မှာ မိမိ၏ “ရင်ဝယ်သား”တို့ကို ရည်ညွှန်းသည်။ သို့ပါသော်ကြောင့် “တိုင်းရင်းသား” ဆိုသည့် စကားလုံးသည် တိုင်းပြည်၏ မူလသားမြေးများဖြစ်သည်ဟု ဆိုလိုသည်။ ထိုဝေါဟာရသည် ကိုလိုနီနယ်ချဲ့များ အခြေချနေထိုင်သည့် နေရာဒေသရှိ ဌာနေတိုင်းရင်းသားလူမျိုးများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် တူညီမှုရှိသည်။ ဥပမာအနေဖြင့် ကိုလိုနီများခေါ်ဆောင်လာကြသည့်လူများနှင့် နိုင်ငံတနိုင်ငံတွင် ဇစ်မြစ်ဇာတိရှိကြသူများအကြား ခွဲခြားထားခြင်းဖြစ်သည်။ “တိုင်းရင်းသား”ဆိုသည့် ဝေါဟာရသည် ၁၉၂၀ခုနှစ်အစောပိုင်းကာလ အမျိုးသားရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာသည့်အချိန်တွင် ပြန်လည်ရေပန်းစားလာခဲ့သည်။ ထိုအချိန်တွင် တိုင်းရင်းသားဆိုသည့် ဝေါဟာရသည် မြန်မာနိုင်ငံတွင် နေထိုင်သည့် ဥရောပနိုင်ငံသားများ၊ တရုတ်နိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသား မဟုတ်သူများကို ရည်ညွှန်းသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအမျိုးသားရေးလှုပ်ရှားမှုသည် ဥရောပတိုက်သားများ၊ တရုတ်နိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသားများကို တိုင်းရင်းသားများမဟုတ်သူများအနေဖြင့် ရည်ညွှန်းပြီး အဆိုပါ အစုအဖွဲ့များ၏ မြေယာပိုင်ဆိုင်ခွင့်ကို တားမြစ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ထိုဝေါဟာရသည် လွတ်လပ်ရေးရပြီးသည့်တိုင် နိုင်ငံရေးအရအရေးပါမှု မရရှိသေးပေ။

    တိုင်းရင်းသားဆိုသည့် ဝေါဟာရကို ထိုကာလ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)အရ အခွင့်ထူးများရရှိသည့် ဗမာအများစုကိုလည်း တိုင်းရင်းသားဟု သတ်မှတ်ခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)ကို ရေးဆွဲရေး လုပ်ငန်းစဉ်အတွင်း တိုင်းရင်းသားလူမျိုးများ၏ စုပေါင်းအခွင့်အရေးဖြစ်သည့် တိုင်းရင်းသားလူမျိုးများအတွက် ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ အခွင့်အရေးများကို ဦးစားပေးဆောင်ရွက်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပြီးသတ်မူကြမ်းတွင် ဌာနေတိုင်းရင်းသားများ၏ စုပေါင်းအခွင့်အရေးကို အကာအကွယ်ပေးသည့် တိကျသည့် ပြဌာန်းချက်များ မရှိခဲ့ပေ။  ထို့အပြင် ပါလီမန်လွှတ်တော်ဖွဲ့စည်းပုံအရ တိုင်းရင်းသားလူနည်းစုများအတွက် လွှတ်တော်တွင်း ကိုယ်စားပြုနိုင်ရန် သီးသန့်ချန်လှပ်ထားသောနေရာများ ထားရှိပေးထားခြင်းမရှိပေ။ ထို့ကြောင့် လူနည်းစု တိုင်းရင်းသားများသည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ၎င်းတို့၏ အသံများကို တန်းတူရည်တူ ထုတ်ဖော်ခွင့် မရှိပေ။ ထိုမျှမက သမိုင်းဝင်”ပင်လုံစာချုပ်”တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် လူနည်းစုတိုင်းရင်းသားများဖြစ်သည့် ရခိုင်နှင့် မွန်တိုင်းရင်းသားများကိုမူ ရှမ်း၊ ချင်း၊ ကချင်စသည့် လူနည်းစု တိုင်းရင်းသားများထက်ပင် ပို၍တန်းတူညီမျှမှု မရှိသည့် ဆက်ဆံမှုများ ရှိနေသည်။ ပင်လုံစာချုပ်သည် ဗမာလူမျိုးအများစု၊ မွန်နှင့် ရခိုင်လူမျိုး အများစုနေထိုင်သည့်(ထိုစဉ်က သတ်မှတ်ချက်)  ဗမာပြည်မက ခေါင်းဆောင်များနှင့် ချင်း၊ကချင်၊ရှမ်းလူမျိုးများ နေထိုင်သည့် နယ်စပ်ဒေသများရှိ ခေါင်းဆောင်များအကြား ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ဖြစ်သည်။ ပင်လုံစာချုပ်ပါ သဘောတူညီမှုများသည် နယ်စပ်ဒေသရှိ ပြည်သူများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးများကို အာမခံထားသည်။ သဘောတူစာချုပ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၄၇)တွင် နယ်စပ်တောင်တန်းဒေသများရှိ လူမျိုးစုများအတွက် အစိုးရ၏ အစီအစဉ်အချို့ကို ပြဌာန်းပေးထားသည့် သီးခြားသတ်မှတ်ချက်များပါရှိခဲ့သော်လည်း ဗမာ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်များဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များနှင့် ပတ်သက်၍ ပြည့်ဝခဲ့ခြင်းမရှိပေ။  ထိုပြဌာန်းချက်မှအပ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) တွင် ရခိုင်နှင့် မွန်လူမျိုးများအတွက် ပင်လုံစာချုပ်ဝင် လူမျိုးစုများကဲ့သို့သော သီးခြားပြဌာန်းချက်များ ပါဝင်မှုမရှိပေ။ ထို့အပြင် ရခိုင်နှင့် မွန်လူမျိုးများနေထိုင်သည့် နယ်မြေဒေသများကို ဗမာအများစု လက်အောက်နယ်မြေများတွင် ပေါင်းစည်းခဲ့သည်။ တိုင်းရင်းသားဆိုသည့် ဝေါဟာရအား ကျယ်ပြန့်လုံလောက်စွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခြင်း မရှိသည့်အတွက် “ဌာနေတိုင်းရင်းသား” လူများစုကိုသာ တိုင်းရင်းသားအဖြစ်ထည့်သွင်းနိုင်ခဲ့ပြီး လူနည်းစုများကို တိုင်းရင်းသားအဖြစ်မှသတ်မှတ်ရန် ချန်လှပ်ထားခဲ့ကာ ၎င်းတို့၏ ကွဲပြားခြားနားမှုများကို ကာကွယ်ထိန်းသိမ်းနိုင်သည့် အစီအမံများပြုလုပ်ရန် ပျက်ကွက်ခဲ့သည့်အတွက် လွတ်လပ်ရေးရပြီးကာလနှောင်းပိုင်းတွင် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဥ်များတွင် နိုင်ငံတော်၏ အာဏာနှင့် အရင်းအမြစ်များကို ခွဲဝေပေးရာတွင် ညီမျှမှုမရှိခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများရှည်ကြာခဲ့သည်။

    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)၏ အုပ်ချုပ်မှုအောက်တွင် တိုင်းရင်းသားဆိုသည့်် ဝေါဟာရသည် နိုင်ငံရေးအရ ပိုမိုအရေးပါပြီး ပြန်လည်ရေပန်းစားလာသည်။ သို့သော်လည်း တိုင်းရင်းသား အမျိုးအစားခွဲခြားရာတွင် တိကျရေရာမှု မရှိခဲ့ပါ။  အသေးစိတ်ဆွေးနွေးရလျှင် ဗိုလ်ချုပ်ကြီးနေဝင်းသည် တည်ငြိမ်မှုရှိ၍​ စည်းလုံးညီညွတ်သော နိုင်ငံတော်ကို တည်ဆောက်ရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထောက်ခံအားပေးခဲ့သည်။  ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့်  “တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုသည်မှာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဗမာ၊ ရှမ်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအနေဖြင့် တညီတညွတ်တည်း စည်းလုံးညီညွတ်မှုရှိကာ မည်သည့်အခြေအနေမျိုးတွင်မဆို ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထူးခြားသည့်အချက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့် ဗမာလူမျိုးများကို တိုင်းရင်းသား (သို့မဟုတ်) ဌာနေတိုင်းရင်းသားများဟု သတ်မှတ်သော်လည်း နိုင်ငံတကာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် လူနည်းစုများ၏ လူမှုရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ခြိမ်းခြောက်သည့် လွှမ်းမိုးမှုအားကြီးသည့် လူမျိုးစုများသည် တိုင်းရင်းသားဟု သတ်မှတ်ခံရခြင်းမရှိပေ။  ထိုမျှမက ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့် တိုင်းရင်းသားများ၏ စုပေါင်းအခွင့်အရေးကိုလည်း အတိအလင်း အသိအမှတ်ပြုထားခြင်းမရှိပေ။

    မဆလအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တိုင်းရင်းသားဆိုသည့် ဝေါဟာရကို တရားဝင်မဟုတ်သော်လည်း အမျိုးအစား ခွဲခြားသတ်မှတ်မှုပြုခြင်းသည် ကျယ်ပြန့်လာသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၊ မြန်မာ့သမိုင်းကော်မရှင် အကြံပေးဘုတ်အဖွဲ့နှင့် မဆလဗဟိုကော်မတီတို့သည် ၁၉၆၀ခုနှစ်များတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅မျိုးရှိကြောင်း တရားဝင် အသိအမှတ်ပြုခဲ့သည်။ ထိုနောက်ပိုင်း မဆလအစိုးရလက်ထက်အောက်တွင် ၁၉၈၃ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုတွင် တရားဝင်အသိအမှတ်ပြုမှုအဖြစ် စာရင်းဇယားများဖြင့် အတည်ပြုခဲ့သည်။ မဆလအစိုးရအနေဖြင့် အဆိုပါစာရင်းကို အသိအမှတ်ပြုသော်လည်း ယင်းစာရင်းအသေးစိတ်ကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ထင်ရှားသည့်အချက်မှာ တိုင်းရင်းသားများအား အမျိုးအစားခွဲခြားရာတွင် ၁၉၃၁ခုနှစ်နှင့် ၁၉၅၃-၁၉၅၄သန်းခေါင်စာရင်းများကို ကိုးကားခြင်းဖြင့် အမျိုးအစားခွဲခြင်းဖြစ်သည်။ ၁၉၃၁ခုနှစ် သန်းခေါင်စာရင်းတွင် တိုင်းရင်းသားလူမျိုးများကို ဘာသာစကားကို အခြေခံကာ အမျိုးအစားခွဲခြားထားသည်။ သို့သော် ဘာသာစကားသည် ပြောင်းလဲလျက်ရှိပြီး ပုံသေ ဝိသေသလက္ခဏာမဟုတ်ပါ။ Green (1993)က ဆွေးနွေးခဲ့သည့်အတိုင်း “မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ(သို့မဟုတ်) မျိုးနွယ်စုအချို့သည် ၎င်းတို့၏ဘာသာစကားအား နေ့စဥ်ဘဝတွင် အဝတ်အစားများ ပြောင်းလဲဝတ်ဆင်သကဲ့သို့ ပြောင်းလဲ့လေ့ရှိကြသည်။ ထို့ကြောင့် လူမျိုးစုများအနေဖြင့်  တူညီသည့် ဘာသာစကားကို အချိန်နှင့်အမျှ တသမတ်တည်း အသုံးပြုခြင်းမရှိသည့်အတွက် လူမျိုးများအား  ဘာသာစကားအခြေခံကာ အမျိုးအစားခွဲခြားခြင်းသည် ပြဿနာဖြစ်စေနိုင်ပါသည်။ ၁၉၃၁ခုနှစ် သန်းခေါင်စာရင်း၏ အားနည်းချက်များနှင့် ဆက်စပ်၍​ ဆွေးနွေးရလျှင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများဆက်လက်ဖြစ်ပွားနေသည့် နေရာဒေသများ ရှိသည့်အတွက် ၁၉၅၃နှင့်၁၉၅၄ခုနှစ် သန်းခေါင်စာရင်းများသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာလွှမ်းခြုံထားနိုင်ခြင်း မရှိပေ။  ထို့ကြောင့် ဤကဲ့သို့ ပြည့်စုံခြင်းမရှိ၍ မှားယွင်းသောယူဆချက်များကို ဖြစ်ပေါ်စေသည့် စာရင်းဇယား အချက်အလက်များကို ကိုးကားခြင်းသည်  “ဌာနေတိုင်းရင်းသားလူမျိုးများ” ဆိုသည့် ဝေါဟာရအား ကျယ်ပြန့်စွာအဓိပ္ပါယ်ဖွင့်ဆိုရန် ပျက်ကွက်မှုများနှင့် ကြုံတွေ့စေသည်။

    ထို့အပြင် ကချင်ပြည်နယ်တွင် မတူညီသည့် တိုင်းရင်းသားလူမျိုးတစ်ဒါဇင်ခန့်ရှိပြီး ကယားပြည်နယ်တွင် (၉)မျိုးခန့်၊ ကရင်ပြည်နယ်တွင်(၁၁)မျိုးနှင့် ချင်းပြည်နယ်တွင်(၅၃)မျိုး၊ ဗမာလူမျိုးများမှ ခွဲထွက်သည့် တိုင်းရင်းသား(၉)မျိုးနှင့် မွန်ပြည်နယ်တွင်(၁)မျိုး၊ ရခိုင်ပြည်နယ်တွင်(၇)မျိုး၊ ရှမ်းပြည်နယ်တွင်(၃၃)မျိုးရှိသော်လည်း တိုင်းရင်းသားအမျိုးအစားအားလုံး အထူးသဖြင့် လူနည်းစုများတွင်းမှ လူနည်းစုများအတွက် ထိုစာရင်းဇယားသည် အကျုံးဝင်ခြင်းမရှိပေ။ ထို့ကြောင့် ထိုစာရင်းသည်ပင် မှန်ကန်ခြင်းမရှိပါ။  စာရင်းဇယားထဲတွင် တူညီသည့် တိုင်းရင်းသားအုပ်စုများအတွက် ထပ်ကာတလဲပါဝင်နေသည့် တူညီမှုများရှိနေပါသည်။ သို့သော် အဆိုပါစာရင်းများကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှု မတိုင်မီကာလတွင်သာ တရားဝင်ထုတ်ပြန်နိုင်ခဲ့သည်။  ထိုမျှမက ဤကဲ့သို့ လူမျိုးစု အမျိုးအစားခွဲခြင်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုခြင်းတို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာ အခွင့်ထူးများရရှိထားသည့် ဗမာအများစုကို ဖယ်ထုတ်ခြင်းမရှိသည့်အတွက် လွှမ်းမိုးမှုအားကြီးသည့် လူမျိုးစုများကို ဌာနေတိုင်းရင်းသားဟု သတ်မှတ်ခြင်းမရှိသည့် နိုင်ငံတကာမှ လက်ခံထားသည့် အထက်ဖော်ပြပါ အဓိပ္ပါယ်များနှင့်လည်း တူညီမှုမရှိပါ။ သို့သော်လည်း ဗမာလူမျိုးများသည် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အခွင့်ထူးများကို ရရှိခံစားကြရသည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများ၏အသံများကို အဓိကကိုယ်စားပြုသည့် အထက်လွှတ်တော်ဖွဲ့စည်းပုံတွင် နယ်မြေအလိုက်အုပ်ချုပ်ရေးပိုင်းကို အခြေခံကာ ဖွဲ့စည်းထားသည်။ ဗမာလူမျိုးများသည် လူများစုဖြစ်သည့်အတွက် ပါလီမန်အထက်လွှတ်တော်တွင် အများစုသောနေရာများကို ရရှိကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားများအား ဌာနေတိုင်းရင်းသားများအဖြစ် အဆင့်သတ်မှတ် အသိအမှတ်ပြုရန် ကျရှုံးခဲ့ခြင်းသည် လူနည်းစုများ၏ စုပေါင်းအခွင့်အရေးများဖြစ်သည့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်ရာတွင် ပေါ့ဆမှုများကို ဖြစ်စေခဲ့သည်။

    ယခုကာလတိုင်ပင် တိုင်းရင်းသားဆိုသည့် ဝေါဟာရသည် ကိုလိုနီဒေသများမှ လာရောက်အခြေချနေထိုင်မှုကို ကြုံရသည့် ကိုလိုနီစနစ်၏ သဘောတရားကို အခြေခံကာ သတ်မှတ်ထားသည့် နိုင်ငံတကာ အသိအမှတ်ပြု အဓိပ္ပာယ်နှင့် အံဝင်ခွင်ကျမှု မရှိသေးပါ။  အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲမတိုင်မီကာလကတည်းကပင် နေထိုင်ခဲ့ကြသည့် လူမျိုးအားလုံး ပါဝင်နေသည့်အတွက်ကြောင့်ဖြစ်သည်။ အမျိုးသားရေးလှုပ်ရှားမှုကာလမတိုင်မီတွင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားဆိုသည့် ဝေါဟာရအား အဓိပ္ပာယ်ဖွင့်ဆိုမှုသည် သိသာစွာ ပြောင်းလဲမှုမရှိသေးပဲ ဖိနှိပ်ခံထားရသည့် လူနည်းစုများအတွက်သာမက လူမျိုးအားလုံးအတွက် လွှမ်းခြုံထားဆဲဖြစ်သည်။ ထိုပြဿနာကိုဖြေရှင်းရန် ပထမဦးစားပေးတာဝန်မှာ ၎င်း၏တည်ရှိမှုကို အသိအမှတ်ပြုရန်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အစိုးရအဆက်ဆက်သည် ဗမာမဟုတ်သော တိုင်းရင်းသားလူနည်းစုများကို ဌာနေတိုင်းရင်းသားများအဖြစ် အသိအမှတ်မပြုသည့်အတွက် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် လူနေမှုဓလေ့ပုံစံများအား စုပေါင်းအခွင့်အရေးများအဖြစ် ထိုက်တန်စွာ ထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက်ခဲ့ပါသည်။ အသိအမှတ်ပြုခြင်းသည် ဗမာမဟုတ်သော တိုင်းရင်းသားများအတွက် လူမှုတရားမျှတမှုကို ဖော်ဆောင်ရာတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။ Fink (2019)အနေဖြင့် လူမှုရေးတရားမျှတမှုဆိုသည်မှာ လူမျိုးတိုင်းနှင့် လူမှုအဖွဲ့အစည်းရှိ လူမှုအသိုင်းအဝိုင်းတိုင်းအတွက် မျှတမှုမရှိသည့်ဆက်ဆံမှုနှင့် အခွင့်အလမ်းများကို အသိအမှတ်ပြုဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆွေးနွေးခဲ့သည်။ Fink ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထောက်ရှုစဥ်းစားပါက ပြဿနာကို မဖြေရှင်းမီ အသိအမှတ်ပြုမှုသည် ဦးစွာပြုလုပ်သင့်သည်။

    မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားအခွင့်အရေးတက်ကြွလှုပ်ရှားသူများအနေဖြင့် ဗမာလူများစုအုပ်စုမှ ခွဲထွက်လာသည့် ဗမာမဟုတ်သည့် လူများစုများနှင့် ဗမာမဟုတ်သော လူများစုကို ခွဲခြားရန်အတွက် “ဌာနေတိုင်းရင်းသား” ဆိုသည့် ဝေါဟာရအား အသုံးပြုရန် ထောက်ခံအားပေးမှုများရှိလာကြပြီး နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများအနေဖြင့် ထိုအသုံးအနှုန်းသည် နိုင်ငံတော်၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်မည့် အလားအလာရှိသည်ဟုဆိုကာ ထိုအသုံးအနှုန်းကို ဝေဖန်ကြသည်။ UNDRIP ကို ​​အတည်ပြု လက်မှတ်ရေးထိုးရန်အတွက် ကာလရှည်ကြာစွာ တွန်းအားပေးမှုများရှိခဲ့ပြီးနောက်တွင် သမ္မတဟောင်းဦးသိန်းစိန် ဦးဆောင်သည့်  အစိုးရသည် တိုင်းရင်းသားအခွင့်အရေးကာကွယ်ရေးဥပဒေ (၂၀၁၅)ကို ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေသည် UNDRIPတွင် တစိတ်တပိုင်းပါဝင်သည့် မတူကွဲပြားသည့် တိုင်းရင်းသားယဉ်ကျေးမှုများကို ကာကွယ်ခြင်းအပါအဝင် တိုင်းရင်းသားလူနည်းစုများအား အခွင့်အရေးအချို့ကို ပေးထားသည်။ သို့သော်လည်း အဆိုပါဥပဒေတွင် “ဌာနေတိုင်းရင်းသားများ” ဆိုသည့် ဝေါဟာရအတွက် တိကျရှင်းလင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖော်ပြထားခြင်း မရှိသကဲ့သို့ လူနည်းစုတိုင်းရင်းသားများ၏ စုပေါင်းအခွင့်အရေးကိုလည်း အာမခံချက် ပေးထားခြင်းမရှိပေ။ ထိုဝေါဟာရအတွက် ကျယ်ပြန့်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိသည့်အတွက် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်ရန် ပျက်ကွက်နေဆဲဖြစ်သည်။

    ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်မှာ အရေးကြီးပါသည်။ ဗမာမဟုတ်သည့် လူမျိုးစုများသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဖိနှိပ်ခြင်းကိုခံခဲ့ရသည်။ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများနေထိုင်သည့် အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်သည် တိုင်းရင်းသားလူနည်းစုများအပေါ် မျှတမှုမရှိစွာဆက်ဆံသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည့် ပြည်နယ်တခု၏ ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ဗမာမဟုတ်သည့် တိုင်းရင်းသားများကို ခွဲခြားဆက်ဆံသည်။ မြန်မာနိုင်ငံရှိပညာရေးစနစ်တွင် စာသင်ကြားရာတွင် အသုံးပြုသည့် ဘာသာစကားမှာ ဗမာဘာသာစကားဖြစ်သည်။ ထို့ကြောင့် ဗမာမဟုတ်သည့် မျိုးနွယ်စုမှ ကလေးတဦးသည် နိုင်ငံတော်မှထောက်ပံ့ပေးသည့်ပညာရေးကို ရယူရန်အတွက် မြန်မာစာကို သင်ယူရမည်ဖြစ်သည်။ အကယ်၍ ထိုကလေးသည် နိုင်ငံတော်မှအသိအမှတ်ပြုထားသော ပညာရေးနှင့်ပတ်သက်သည့် ဘွဲ့ရရှိခြင်းမရှိပါက အနာဂတ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်မဟုတ်ပေ။ ထိုနည်းလမ်းအားဖြင့် ဗမာမဟုတ်သည့် လူမျိုးများသည် မြန်မာ့နိုင်ငံရေးသမားများ ထောင်ချောက်ဆင်ထားသည့် ဆင်းရဲတွင်းမှ လွတ်မြောက်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

    ဗမာမဟုတ်သည့် တိုင်းရင်းသားများအပြင် မြန်မာအစိုးရသည် ရိုဟင်ဂျာလူမျိုးများကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားတရပ်အနေဖြင့် အသိအမှတ်ပြုခြင်းမရှိပါ (Robinson, 2021)။ ဗမာအများစုဦးဆောင်သည့် အစိုးရနှင့် စစ်တပ်တို့သည် ဗမာမဟုတ်သည့် ပြည်သူများအပေါ် အပြင်းထန်ဆုံး လွှမ်းမိုးချုပ်ကိုင်ကာ အကြမ်းဖက်မှုများကို ကျူးလွန်နေသော်လည်း ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်သည့် ၎င်းတို့၏ အကြမ်းဖက်မှုသည် ၎င်းတို့အား လူမှုအဖွဲ့အစည်းမှ အပြီးသတ်ခွဲခြားဖယ်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခြင်းနှင့် ကွာခြားမှုရှိပါသည်။  ဗမာမဟုတ်သည့် တိုင်းရင်းသားများကို မျှတမှုမရှိစွာခွဲခြားဆက်ဆံခြင်းနှင့် ရိုဟင်ဂျာများကို လူမှုအဖွဲ့အစည်းအတွင်းမှ ဖယ်ထုတ်ခြင်းသည် ထိုလူမျိုးများ၏ စုပေါင်းအခွင့်အရေးကို ထိန်းသိမ်းရန်အတွက် “ဌာနေတိုင်းရင်းသားလူမျိုးများ” ဆိုသည့် ဝေါဟာရအား ကျယ်ပြန့်စွာအဓိပ္ပါယ်ဖွင့်ဆိုရန်အတွက် လိုအပ်သည့် အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိပါသည်။

    ထို့အပြင် မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် ဗမာမဟုတ်သူများကို ဌာနေတိုင်းရင်းသားလူမျိုးများအဖြစ် အသိအမှတ်ပြုခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက်လည်း အလွန်အရေးကြီးပါသည်။ ဖယ်ဒရယ်စနစ်၏ အနှစ်သာရမှာ ဗဟိုအစိုးရနှင့် ဖက်ဒရယ်ယူနစ်များအကြား အာဏာခွဲဝေမှုဖြစ်ပြီး ထိုဖယ်ဒရယ်ယူနစ်များသည် သက်ဆိုင်ရာအုပ်စုများကို ကိုယ်စားပြုသည့် ဒေသန္တရအစိုးရများဖြစ်သည်။ သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်များသည် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုများ၏ စုပေါင်းအခွင့်အရေးများကို ကာကွယ်ရန် တာဝန်ရှိသည်။ မြန်မာနိုင်ငံတွင် “ဌာနေတိုင်းရင်းသားများ”၏ စာရင်းအချက်အလက် ကျယ်ပြန့်စွာမရှိပါက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် အခြေခံအဆင့်ဖြစ်သည့် ဖက်ဒရယ်ယူနစ်များကို အမျိုးအစားခွဲရန် မဖြစ်နိုင်ပေ။ “ဌာနေတိုင်းရင်းသားလူမျိုး” ဆိုသည့် ဝေါဟာရအား ကျယ်ပြန့်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိခြင်းသည် အနာဂတ်ပြည်ထောင်စုတွင် မည်သည့်လူနည်းစုအုပ်စုများအနေဖြင့် ဖက်ဒရယ်ယူနစ်အဖြစ် သတ်မှတ်ခံပိုင်ခွင့်ရှိသည်ဆိုသည့်အချက်ကို ဆုံးဖြတ်ရန် ခက်ခဲစေသည်။ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး အကျုံးဝင်ပါဝင်နိုင်သည့် ကျယ်ပြန့်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလက်ခံပါက ဖက်ဒရယ်ယူနစ်များကို ခွဲခြားသတ်မှတ်ပြီး ဗဟိုအစိုးရနှင့် ဖက်ဒရယ်ယူနစ်များအကြား အာဏာခွဲဝေမှုပုံစံကို ပုံဖော်ရန်အတွက်လည်း ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

    လွတ်လပ်ရေးရပြီးကာလမှစတင်၍  မြန်မာနိုင်ငံတွင် “ဌာနေတိုင်းရင်းသားများ” ဆိုသည့် ဝေါဟာရအား ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်းမရှိခြင်းသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးမညီမျှမှု ပြဿနာများ၏ မူလဇစ်မြစ်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရအဆက်ဆက်မှ ဌာနေတိုင်းရင်းသားလူမျိုးများကို “မြန်မာမှုပြုခြင်း”သည် နိုင်ငံတကာအနေဖြင့် အသိအမှတ်ပြုထားသည့် “ဌာနေတိုင်းရင်းသားလူမျိုးများ”ဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် များစွာကွာခြားမှုရှိပါသည်။ လူနည်းစုတိုင်းရင်းသားများ၏ မတူကွဲပြားသည့် ထူးခြားမှုများကို အသိအမှတ်ပြုရန်နှင့် ၎င်းတို့၏ နောက်ဆက်တွဲ စုပေါင်းအခွင့်အရေးများ အသိအမှတ်ပြုရန်ပျက်ကွက်ခြင်းသည် အကျိုးဆက်အနေဖြင့် ကာလရှည်ကြာဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုတရားမမျှတမှုများကို ဖြစ်ပေါ်စေပါသည်။ ၎င်းတို့၏ စုပေါင်းအခွင့်အရေးအတွက် မြန်မာနိုင်ငံရှိ ဗမာမဟုတ်သည့် ဌာနေတိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားမှုများကို အသိအမှတ်ပြုခြင်းသည် ကာလရှည်ကြာဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရန်အတွက် ပထမဆုံးနှင့် အရေးအကြီးဆုံး ခြေလှမ်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်နယ်များ ဖွဲ့စည်းရာတွင် လူမှုတရားမျှတမှုနှင့် အားလုံးအကျုံးဝင် ပါဝင်ပတ်သက်မှုရရှိစေရန်အတွက် မြန်မာနိုင်ငံအနေဖြင့်  ကုလသမဂ္ဂကြေညာစာတမ်းမှအာမခံထားသည့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများအား ကာကွယ်ခြင်းနှင့် နိုင်ငံတကာအခြေခံမူဘောင်များကို ဌာနေတိုင်းရင်းသားလူမျိုးများဟူသည့် အသုံးအနှုံးကို ပြန်လည်အဓိပ္ပါယ်ဖွင့်ခြင်းနှင့် အမျိုးအစားခွဲခြားသတ်မှတ်သည့် လုပ်ငန်းစဥ်များတွင် လမ်းညွှန်မူများအဖြစ် အသုံးပြုသင့်သည်။

    နိုင်မင်းခန့်သည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တက်ရောက်သင်ကြားခဲ့သည့် ကျောင်းသားဟောင်းတဦးဖြစ်ပါသည်။ ယခုအခါ သူသည် ပါရမီတက္ကသိုလ်တွင် ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေး (Philosophy, Politics, and Economics) ဘာသာရပ်များအား တက်ရောက်သင်ကြားလေ့လာနေသည့် ဒုတိယနှစ်ကျောင်းသားဖြစ်ပါသည်။ သူသည် Institute for Strategy and Policy – Myanmar (ISP-Myanmar) ၏ သုတေသနဌာနတွင်  Program Associate အဖြစ်လည်း တာဝန်ထမ်းဆောင်နေပါသည်။ ဤဆောင်းပါးတွင် ဖော်ပြထားသည့် အမြင်များနှင့် သဘောထားများသည် ISP-Myanmar နှင့် ပါရမီတက္ကသိုလ်တို့၏ မူဝါဒများ (သို့မဟုတ်)ရပ်တည်ချက်များကို ထင်ဟပ်ခြင်း၊ကိုယ်စားပြုခြင်းမရှိပါ။

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.