4 Minutes To Read

ခရစ်ယာန်ဘာသာဝင်များသည် ရိုဟင်ဂျာ မွတ်စ်လင် များနောက်တွင် မြန်မာစစ်တပ်၏ ဘာသာရေး ပစ်မှတ်ဖြစ်လာပြီလော

4 Minutes To Read
  • English
  • ဗမာစာ
  • Cielo (ကလောင်အမည်) သည် မြန်မာစစ်တပ်မှမွေးမြူထားသည့် ပျူစောထီးများ၏ စစ်ရေးအရ ရက်စက်ကြမ်းကြုတ်မှုများ မြင့်တက်လာခြင်းနှင့် ခရစ်ယာန်ဘာသာသာဝင်များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ဆွေးနွေးထားပါသည်။

    Photo credit: CJ | The Irrawaddy

    ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးကာလ ၂နှစ်တာအတွင်းတွင် စနစ်ပေါင်းစုံပြိုကျ ပျက်စီး မှုနှင့် နိုင်ငံတွင်းမတည်ငြိမ်မှုများကြောင့် နိုင်ငံတော်၏ အခြအနေနှင့် ခက်ခဲဆိုးရွားသည့် အနေအထား များသည် မြန်မာနိုင်ငံအား ကျရှုံးနိုင်ငံ(failed state) တခုအဖြစ် သတ်မှတ်ခံလာရစေသည်။ လွန်ခဲ့သည့် ၂နှစ်တာကာလ အတွင်း နိုင်ငံနှင့်အဝှမ်း အကြမ်းဖက်မှုများမြင့်တက်လာခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လက်နက်မဲ့အရပ်သားများအား ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် နိုင်ငံနှင့်အဝှမ်းတွင်လည်း လက်နက်တိုက်တော်လှန်ရေးအပါအဝင် တော်လှန်ရေးလှုပ်ရှားမှုများအားကောင်းလာကြသည်။ ထိုလက် နက် ကိုင်တော်လှန်ရေးမှာ မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့အား အစဥ်တစိုက် တပ်သားစုဆောင်းခဲ့ပြီး ၎င်းတို့၏ အမာခံအားပေးထောက်ခံသူများရှိခဲ့သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ပါ ပျံ့နှံ့ ရောက်ရှိလာခဲ့သည်။ တဖက်တွင်လည်း ပဋိပက္ခများဖြစ်ပွားသည့် အခရာကျသည့် ဒေသ၃ခုရှိသည်။ ၎င်းတို့မှာ (က)ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းအစရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ (ခ)ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KIA)ထိန်းချုပ်ဒေသများနှင့် (ဂ)တနင်္သာရီတိုင်းတို့ဖြစ်ကြသည်။ ISP Myanmarမှ ထုတ်ပြန်သည့်အချက်အလက်များအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြို့နယ်ပေါင်း၁၉၀တွင် တိုက်ခိုက်ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး မြို့နယ်ပေါင်း၈၄မြို့နယ်သည် ပြာကျပျက်စီးကာ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ရက်စက်ကြမ်းကြုတ်မှုများနှင့် အကြမ်းဖက်ခံရနိုင်သည့် ခြိမ်းခြောက်မှုများရှိနေသည့်အတွက် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်းရသူများလူဦးရေ နှစ်သန်းကျော်အထိ တိုးမြင့်လာခဲ့သည်။

    ထိုအချက်အလက်အများအပြင် ခရစ်ယာန်ဘာသာဝင်များအား ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်မှုများအား စိုးရိမ်ပူပန်ရသည့် ကနဦးသတိပေးချက်များလည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါသတိပေးချက်များတွင် ပဋိပက္ခများဖြစ်ပွားသည့် အဓိကနေရာများဖြစ်သည့် ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်ဖြစ်ပြီး ထိုနေရာများတွင် ဘာသာရေး အဆောက်အအုံ များမီးရှို့ဖျက်ဆီးခံရခြင်း၊ လူနည်းစုဘာသာဝင်များတည်ရှိသည့်ကျေးရွာများအား ခြိမ်းခြောက်စာများ ပေးပို့ခြင်းနှင့် စစ်တပ် အားပေး တယ်လီဂရန်ချယ်နယ်များမှတဆင့် ဘာသာရေးမှိုင်းတိုက်မှုများကို ဖြန့်ဝေခြင်းတို့လည်းရှိခဲ့သည်။

    တဖက်တွင်လည်း မြန်မာစစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် မြန်မာနိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များအကြား ဆက်နွယ်မှုများနှင့် ပတ်သက်၍လည်း မေးခွန်းများ မြောက်များစွာရှိသည်။ ၁၉၆၀ခုနှစ်မှစတင်၍ ယခုကာလအထိ ခရစ်ယာန်ဘာသာဝင် များအများဆုံးပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)အစရှိသည့် လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားတိုင်း ခရစ်ယာန်ဘာသာသည် သိသာထင်ရှားသည့် ပစ်မှတ်ဖြစ်လာခဲ့သည်။ အဆိုပါအချက်ကိုကြည့်ခြင်းအားဖြင့် ဗမာစစ်တပ်၏ ၎င်းတို့အဖွဲ့အစည်း သည်သာ ဗမာလူမျိုးများနှင့်ဗုဒ္ဓဘာသာကို ပြင်ပရန်များမှကာကွယ်နေသည့် တခုတည်းသော အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် တွေးခေါ်ယူဆချက်ကို မြင်တွေ့နိုင်ပါသည်။ ဆယ်စုနှစ်များစွာ ကတည်းကပင် ခရစ်ယာန်ဘာသာဝင်များသည် အများပြည်သူနှင့်ပတ်သက်သည့်ဝန်ဆောင်မှုကဏ္ဍများ၊ အုပ်ချုပ်ရေးဌာနများနှင့် အစိုးရအဖွဲ့အစည်းများတွင် စနစ်တကျဖိနှိပ်ခွဲခြားဆက်ဆံခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။ ဉပမာတစ်ခုအနေဖြင့် “ C virus” ဟု ခေါ်ဝေါ်သုံးနှုန်းသည့် နိုင်ငံသားတဦးမှာ ၎င်း၏နိုင်ငံသားစီစစ်ရေးကတ်ပြားတွင် ခရစ်ယာန်ဘာသာဝင်ဟု ရေးသားထားပါက အစိုးရဌာနများနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင် မြင့်မားသည့်ရာထူးများအား မွတ်စ်လင်များနှင့် ဟိန္ဒူဘာသာ ဝင်များနည်းတူ ခရစ်ယာန်ဘာသာဝင်လူနည်းစုတို့သည်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ “သွေးနှော” ဟု သတ်မှတ်ခြင်းကိုခံကြရသည်။ အိန္ဒိယ-ဗမာ၊ အိန္ဒိယ-ဗမာ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဝန်ကြီးဌာနမှ “သွေးနှော”ဟု သတ်မှတ်ထားသည့်အတွက် စနစ်အရခွဲခြားဆက်ဆံမှုများကြုံတွေ့နေရပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားရရှိရန်လည်း အလွန်ခက်ခဲပါသည်။

    စစ်အာဏာသိမ်းပြီးနောက်တွင် ကရင်နီပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် တက်ကြွနုပျိုသည့်လူငယ်များ ၏ဦးဆောင်မှုများ ပေါ်ထွက်လာခဲ့ပြီး တော်လှန်ရေးအစုအဖွဲ့များနှင့် စစ်တပ် တို့အကြား ထိတွေ့မှုများလည်း မြင့်တက်လာခဲ့သည်။  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တော်လှန် စစ်ဆင်နွှဲရန် ကြေညာသည့် ၂၀၂၁ခုနှစ်စက်တင်ဘာလ-၇ရက်နှောင်းပိုင်းတွင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ကြီးမားသည့်တိုက်ပွဲများဖြစ်ပွားလာခဲ့သည်။ ၂၀၂၁ခုနှစ်တွင် ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများဆိုးရွားပြင်းထန်လာသည့်အခါ ခရစ်ယာန်ဘာသာဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ကာ ဘာသာရေးအဆောက်အအုံများအား ဖျက်ဆီးခြင်းနှင့် အရပ်သားများအား ထိခိုက်နာကျင်စေခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ၂၀၂၂ခုနှစ်တွင် စစ်ကိုင်းတိုင်းရှိ ခရစ်ယာန်ဘာသာဝင်များ အများဆုံးနေထိုင်သည့် ဘုရင်ဂျီရွာ ထိခိုက်ပျက်စီးမှုမှာ သိသာထင်ရှားမှုအရှိဆုံးဖြစ်ပါသည်။

    ယခုကဲ့သို့ နိုင်ငံတွင်းတွင် လူမဆန်သည့်သတ်ဖြတ်မှုများ၊ ဖမ်းဆီးခံရမှုများနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများဖြစ်ပွားနေစဥ်တွင် ဘာသာရေးအား ပစ်မှတ်ထားတိုက်ခိုက်မှုနှင့် ခရစ်ယာန်ဘာသာဝင် အသိုင်းအဝိုင်းကို လူမျိုးသုဥ်းသတ်ဖြတ်မှုဖြစ်လာနိုင်သည့် အန္တရာယ်ကို မေးခွန်းထုတ်ရန်မှာ အရေးအကြီးဆုံးကာလဖြစ်ပါသည်။ စစ်ကောင်စီ အနေဖြင့် ၎င်းတို့ ပစ်မှတ်ထားချေမှုန်းသည့်ဒေသများတွင် အထက်ပါဖြစ်ရပ်များ ထပ်ခါထပ်ခါ ကျူးလွန် နေသည်ကို တွေ့ရှိလာရသည့်အတွက် ထိုအချက်သည် ခရစ်ယာန်ဘာသာဝင်များအတွက် စိုးရိမ်ပူပန် များစွာဖြစ်စေပါသည်။ အလားတူအခြေအနေဖြစ်သည့် ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ် သည့်အရေးတွင်လည်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့သည် ဖမ်းဆီးချုပ်နှောင်မှုများနှင့် သေဆုံးမှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့ခြင်းအပေါ် ကာကွယ်ရန်ပျက်ကွက်ခဲ့ကြသည်။

    ခရစ်ယာန်ဘာသာနှင့် လူဦးရေအနေအထား

    သမိုင်းကာလတလျှောက်ကို ပြန်လည်လေ့လာပါက ခရစ်ယာန်ဘာသာသည် အာဏာရှိသူများ၏ မတူကွဲပြားသည့်အမြင်များနှင့် ကိုလိုနီနယ်ချဲ့မှု၏ အမွေများအောက်တွင် အမျိုးမျိုးသော ပုံဖော်ခြင်းကို ကြုံတွေ့ခဲ့ရသည်။ နေဝင်းအစိုးရလက်ထပ်တွင် ဘာသာရေးလွတ်လပ်ခွင့်အား တရားဝင်ပြဌာန်း ခဲ့သော်လည်း နိုင်ငံတော်ဘာသာနှင့် လူမျိုးရေးခွဲခြားမှုများမှတဆင့် နိုင်ငံတော်အား ဗမာ-ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် ပုံဖော်ခဲ့သည်။ ယနေ့ခေတ်တွင် မြန်မာ့လူဦးရေ၏ ၈.၂ရာခိုင်နှုန်းမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များမှာ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ​(ကယားပြည်နယ်)စသည့် တိုင်းရင်းသားများနှင့် လူနည်းစုများဖြစ်ကြသည့် လားဟူ၊နာဂ၊ ပေါ်တူဂီလူမျိုးများမှဆင်းသက်လာသော မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ဘရင်ဂျီများ၊ တမီလ်၊ တဂူး တိုင်းရင်းသားများ၊ တရုတ်လူမျိုးများနှင့် ဗမာလူမျိုး အနည်းငယ်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့အပြင် ခရစ်ယာန် ဘာသာဝင်များနေထိုင်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီပြည်နယ်များအပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပေါ်တူဂီလူမျိုးများ မှဆင်းသက် လာသူများနေထိုင်ကြသည့် ဘရင်ဂျီကျေးရွာကဲ့သို့  ခရစ်ယာန်ဘာသာစတင်သန္ဓေတည် သည့် ထင်ရှားကျော်ကြားသည့် အရပ်ဒေသများလည်းရှိသည်။ မကွေးတိုင်းရှိ တောင်တွင်းကြီးမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ မြေပုံမြို့နယ်နှင့် ပလက်ဝမြို့နယ်များတွင်လည်း ခရစ်ယာန်ဘာသာဝင်များရှိကြပြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အခါနှင့်လားဟူဒေသရှိ ခရစ်ယာန်ဘာသာဝင် အသိုက်အဝန်းများ၊ မိုးကုတ်မြို့နယ်ရှိ လီဆူးတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်များ၊ စစ်ကိုင်းတိုင်းဒေသရှိ နာဂတိုင်းရင်းသားခရစ်ယာန်ဘာသာဝင်များနှင့် ဝပြည်နယ်တို့တွင်လည်း ခရစ်ယာန်ဘာသာဝင်များ အသီးသီးတည်ရှိကြသည်။ ခရစ်ယာန်ဘာသာဝင်များတွင်လည်း ကိုးကွယ်မှု ဂိုဏ်းဂဏများကွဲပြား ကြပြီး အများစုမှာ ဘပ်တစ်(စ်)( နှစ်ခြင်း)နှင့် ကက်သလစ်အသင်းဝင်များဖြစ်ပြီး အခြားသော အသင်းဂိုဏ်းများကိုးကွယ်သူများရှိ ကြသည်။ ကချင်၊ ကရင်နီ၊ ချင်းနှင့် ကရင်ပြည်နယ်များအပြင် ခရစ်ယာန်ဘာသာသည် ဒေသမျိုးစုံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံဖြင့်ရောနှောတည်ရှိပြီး ယနေ့ထိတိုင် မွတ်စ်လင်၊ ဟိန္ဒူနှင့် အခြားလူနည်းစုဘာသာဝင် များကဲ့သို့ပင် အစိုးရအဆက်ဆက်မှ “သွေးနှော” ဟု သတ်မှတ်ခဲ့ကြပြီး စနစ်တကျ ခွဲခြားဆက်ဆံမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

    ခရစ်ယာန်ဘာသာအား အဘယ်ကြောင့်ပစ်မှတ်ထားရသနည်း။

    ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းပြီးနောက် နိုင်ငံနှင့်အဝှမ်းတွင် ပဋိပက္ခနှင့်တော်လှန်စစ်များဖြစ်ပွားသည့် နေရာများအား လေ့လာကြည့်ပါက ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့သည် အဓိကကျသည့်နေရာများအဖြစ်ပါဝင်ကြောင်း တွေ့ရှိရပါသည်။ ၂၀၁၉ ခုနှစ်တွင် ကရင်နီပြည်နယ်သည် ထိုအချိန်က အာဏာရအစိုးရနှင့် နှစ်မြို့ဖွယ်ရာမကောင်းသည့် အတွေ့အကြုံများရှိခဲ့ပြီး ထိုအဖြစ်အပျက်သည် မျိုးဆက်အားလုံးအတွက် သတိထားမိစရာဖြစ်ခဲ့သည်။ ၂၀၂၁ခုနှစ်မှစတင်ကာ ယခုအချိန်အထိ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)သည် ခွန်အား နှင့်စိတ်ထက်သန်မှုများ မြင့်တက်လာသည့်အတွက် စစ်ကောင်စီ အနေဖြင့် ကရင်နီပြည်နယ်အား ထိန်းချုပ်ခွင့်ကို ဆုံးရှုံးခဲ့ရသည်။ ချင်းပြည်နယ်ရှိ ပြည်သူများသည်လည်း အမဲလိုက်ရာတွင် အသုံးပြုသည့် လက်လုပ်တူမီးသေနတ်များအသုံးပြုကာ ရရာလက်နက်စွဲကိုင်၍ တော်လှန်ခဲ့ပြီး ထိုတော်လှန်မှုသည် စစ်ကိုင်းတိုင်းရှိ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ အား ပြန်လည်ထိုးစစ်ဆင်ရန်အတွက် ခွန်အားဖြစ်စေခဲ့သည်။ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းသည် အစဥ်အဆက်ကပင် တပ်သားရှာဖွေစုဆောင်းရာအရပ်နှင့် လက်နက်ထုတ်လုပ်ရာအရပ်ဒေသ တို့ဖြစ်ခဲ့သည်။ တနင်္သာရီဒေသသည်လည်း တော်လှန်ရေးလှုပ်ရှားမှု များအားကောင်းထင်ရှားသည့် အရပ်ဖြစ်သည်။ သို့ရာတွင် ထိုဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တပ်နေရာများချထားခြင်းနှင့် ထိန်းချုပ်ထားသည့်အတွက် တနင်္သာရီဒေသရှိ တော်လှန်ရေး လှုပ်ရှားမှုများမှာ အလေးပေးဖော်ပြခြင်းခံရမှု နည်းသည်။ တော်လှန်ရေးတပ်ဖွဲ့များ ပိုမိုများပြားလာသည်ကို အလေးပေးဖော်ပြခံရသည့် ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် စစ်ကောင်စီ ၏ ၂၀၂၁ခုနှစ်တွင် ပစ်မှတ်ထားချေမှုန်းမှုကို အကြီးမားဆုံး ကြုံတွေ့ရသည်။​ တိုက်ပွဲများတွင် ပြည်သူလူထု၏ တော်လှန်ရေးအပေါ်ထားသည့် စိတ်အားထက်သန်မှုကို အားပျေ့ာစေရန်အတွက် အရပ်သားများ၊ အိုးအိမ်များ၊ ကျေးရွာများ၊ ကောက်ပဲသီးနှံများနှင့် ဘာသာရေးအဆောက်အအုံများအား စစ်တပ် မှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်တွင် ဘာသာရေးအရ ပစ်မှတ်ထားချေမှုန်းမှုများနည်းပါးသော်လည်း ထိုဒေသများရှိ ပြည်သူအများစုမှာ ခရစ်ယာန်ဘာသာဝင် များဖြစ်သည့်အတွက် လွန်ခဲ့သည့် ခြောက်လ တာကာလအတွင်း ခရစ်ယာန်ဘာသာဝင်များအများစု နေထိုင်သည့် ကျေးရွာများသည် လေကြောင်းတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို ခံခဲ့ရသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသရှိကြီးရှိ ရွှေဘိုနှင့်ရေဦးမြို့နယ်ကဲ့သို့သော ခရစ်ယာန်ဘာသာဝင်လူနည်းစုရှိသည့် မြို့နယ်များသည်လည်း အထက်ပါ တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

    စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရစ်ယာန်ဘာသာဝင်များ၏ အသိုက်အဝန်းများသည်သာ အကြမ်းဖက်မှု များနှင့် ကြုံတွေ့ရသည်မဟုတ်ပဲ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းသည်လည်း မြန်မာစစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံစားနေကြရသည်။ သို့သော်လည်း ကျေးရွာများကို မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်သားများမှချန်ရစ်ခဲ့သည့် သဲလွန်စများကို လေ့လာခြင်းဖြင့် ၎င်းတို့၏ စိတ်အားထက်သန်မှုတခုမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရစ်ယာန်ဘာသာဝင်များအား ညှင်းပန်းနှိပ်စက်ရန်ဖြစ်ကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် စစ်သားများအနေဖြင့် ရေဦးမြို့နယ် ရှိ ခရစ်ယာန် ဘာသာဝင်များနေထိုင်သည့် အဆောက်အအုံနံရံများပေါ်တွင် “မအေ***ကုလားတွေ မြန်မာပြည်က အပြီးထွက်သွားကြစမ်း၊ မဟုတ်ရင် မင်းတို့တွေအားလုံးကို လူမျိုးသုဥ်းသတ်ပစ်မယ်” အစရှိသည်တို့ကို ရေးသားထားခဲ့ကြသည်။ “ကုလား”ဆိုသည့် ခေါ်ဝေါ်သုံးစွဲမှုသည် ဘာသာရေးနှင့် နိုင်ငံရေး အစွန်းရောက်များအနေဖြင့် မွတ်စ်လင်မ်နှင့်ဟိန္ဒူဘာသာဝင်များအား ခွဲခြားဆက်ဆံရန်သုံးစွဲသည့် အသုံးအနှုန်းဖြစ်သည်။ မကြာသေးမီကာလကပင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ ဘုရင်ဂျီ (ချမ်းသာ)ကျေးရွာနှင့် ၎င်းတို့ ဘုရားဝတ်ပြုရာခရစ်ယာန်ဘာသာဘုရားရှိခိုးကျောင်းတို့သည် ပြာကျသည့်အထိ မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

    စစ်ရေးချဥ်းကပ်မှုများနှင့် ကြမ်းကြုတ်ရက်စက်မှုများအား စေ့ဆော်ခြင်း

    မကြာသေးမီဆယ်စုများအတွင်း ဗမာစစ်တပ်အနေဖြင့် ဘာသာရေးအခြေပြု ခွဲခြားဆက်ဆံခြင်းနှင့် အလားသဏ္ဍာန်တူတည့် နည်းလမ်းများအား အသုံးချခဲ့သည်။ အထူးသဖြင့် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိပြီးနောက် ဗုဒ္ဓဘာသာအစွန်းရောက်များပါဝင်လာကာ ဘာသာရေးအခြေပြုခွဲခြားဆက်ဆံ ခြင်းများကို အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ မွတ်စ်လင်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်သည့် “၉၆၉” လှုပ်ရှားမှုသည်လည်း ထိုအချိန်တွင်ပေါ်ပေါက်လာခဲ့ပြီး ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ လားရှိုးနှင့် မန္တလေးတိုင်းတို့တွင် ဘာသာရေးအကြမ်းဖက်မှုများနှင့် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်ခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။ တပ်မတော်နှင့် တပ်မတော်၏မိတ်ဖက်နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)တို့၏ အားပေးထောက်ခံမှုဖြင့် “၉၆၉”လှုပ်ရှားမှုသည် “အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး အစည်းအရုံး” အဖြစ် အသွင်ပြောင်းလာခဲ့ပြီး “မဘသ” ဟု လူသိများလာခဲ့သည်။  အဆိုပါအဖွဲ့အား သီတဂူဆရာတော်၊ ရွာမဆရာတော်နှင့် ဝီရသူတို့မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ထင်ရှားကျော်ကြားသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဘုန်းတော် ကြီးများနှင့် ၎င်းတို့၏နောက်လိုက်များ လည်း ပါဝင်ခဲ့သည်။ ထို့အပြင် ကရင်ပြည်နယ်မှ မြိုင်ကြီးငူဆရာတော်နှင့်အတူ အရှင် ကောဝိဓဇတို့သည်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU)အား ပြိုကွဲစေပြီး ဘာသာသာသနာ ခေါင်းစဥ်အောက်တွင် “ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)” ဖွဲ့စည်းခြင်းတို့အတွက် တာဝန်မကင်းပေ။ မဘသအဖွဲ့သည်လည်း လူမှု-နိုင်ငံရေးအရ လွှမ်းမိုးမှု အကြီးမားဆုံး အဖွဲ့အစည်းတခုဖြစ်ပြီး မွတ်စ်လင်မ်မုန်းတီးရေး သတင်း စကားများအား ဖန်တီးဖြန့်ဝေကာ အစိုးရအတွင်းတွင် ခွဲခြားဆက်ဆံမှုကို တရားဝင်ဖြစ်လာအောင် ပံ့ပိုးပေးနေသည်။

    မဘသအဖွဲ့သည် မြန်မာနိုင်ငံအတွင်းနှင့် ၂၀၁၅ခုနှစ်ထိအုပ်ချုပ်ခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် အတွင်း မွတ်စ်လင်မ်မုန်းတီးရေးလှုပ်ရှားမှုများတွင် ထင်ရှားသည့်အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ ထိုအစိုးရနှင့် ၎င်း၏အားပေးထောက်ခံသူများသည် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ်ခြင်းများအား အဓိကစေ့ဆော်သူများလည်းဖြစ်သည်။ ထိုအားပေး ထောက်ခံသူ များ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွတ်စ်လင်များအား ၂၀၁၂ခုနှစ်မှစတင်ကာ ဝေဖန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ၂၀၂၁ခုနှစ်တွင် စစ်အုပ်ချုပ်မှုကို ပြောင်ပြောင်တင်းတင်း အားပေးထောက်ခံကြသူများဖြစ်သည်။ ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ်သည့် ကာလအတွင်း မဘသအဖွဲ့အနေဖြင့် တပ်မတော်အား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့ မှုများပေးခဲ့ပြီး သြဇာတိက္ကမကြီးမားသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကပါ တပ်မတော်အား အားပေး ထောက်ခံခဲ့သည်။ ဥပမာ ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်တွင် သီတဂူဆရာတော်အနေဖြင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများအား သတ်ဖြတ်ခြင်းသည် အပြစ်မထိုက်သည့် အတွက် ငရဲကျမည်မဟုတ်ဟု ဟောပြောကာ တပ်မတော်အနေဖြင့် ဗုဒ္ဓဘာသာမဟုတ်သူများအား သတ်ဖြတ်ရန် အားပေးတိုက်တွန်းခဲ့သည်။  

    တဖက်တွင်လည်း ဗမာစစ်တပ်အနေဖြင့် ဗမာ-ဗုဒ္ဓဘာသာဆိုသည်သည့်အချက်အား အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး၊ ချင်း အမျိုးသားတပ်ဦး နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့နှင့် ဆက်ဆံသည့်အခါတွင် အသာစီးရယူရန်အသုံးချခဲ့သည့် သာဓကများလည်း အတိတ်တွင်ရှိခဲ့သည်။  တချိန်တည်းမှာပင် တပ်မတော်အားပေးထောက်ခံသူများအနေဖြင့် ခရစ်ယာန်ဘာသာဝင်အများစုပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် KNU၊KIA၊KNPPနှင့်CNFတို့သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့အား အားပေးထောက်ခံကာ နိုင်ငံတော်အား မငြိမ်မသက် ဖြစ်စေရန်နှင့် အနောက်နိုင်ငံများ၏ သြဇာအာဏာလွှမ်းမိုးမှုများဝင်ရောက်လာရန် ပြုလုပ်နေသည် ဆိုသည့် သတင်းစကားများဖြန့်ဝေလျက်ရှိသည်။

    ထိုအခြေအနေတွင် တပ်မတော်သားများအနေဖြင့် ၎င်းတို့ရှုံးနိမ့်ခဲ့ကြသည့်ဒေသများတွင်ပင် ရက်စက် ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်လိုသည့် စေ့ဆော်မှုများကို လေ့လာသုံးသပ်ရန် လိုအပ်ပါသည်။ ပဋိပက္ခများဆက်လက်ဖြစ်ပွားသည့်ဒေသများရှိ အကျုံးဝင်ပတ်သက်သူများနှင့် အသေးစိတ်၊နက်နဲစွာ အင်တာဗျူးပြုလုပ်ဆွေးနွေးခြင်းဖြင့် ထိုအရေးကိစ္စများနှင့်ပတ်သက်၍နက်နဲစွာ နားလည်နိုင်ပါလိမ့်မည်။

    တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ စနစ်တကျစုစည်းတည်ရှိသည့် ဒေသများဖြစ်သော ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တည်ရှိသည့် ကရင်နီပြည်နယ်နှင့် ချင်းအမျိုးသား တပ်ဦး(CDF) တပ်ဖွဲ့ဝင်များတည်ရှိသည့် ချင်းပြည်နယ်တို့ရှိ တပ်မတော်အား ပြန်လည် တိုက်ခိုက်နေသည့် လက်နက်ကိုင်တိုက်ပွဲများမှာ ထူးခြားပါသည်။ သို့သော်လည်း စစ်ကိုင်း တိုင်းကဲ့သို့သော လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ  ပိုမိုများပြား သည့်နေရာ ဒေသ၏ ဖြစ်စဥ် များမှာ ပိုမိုရှုပ်ထွေးပါသည်။ ထိုဒေသရှိသူများအား တပ်မတော် အားပေးထောက်ခံသူနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(People’s Defense Force)အား အားပေးထောက်ခံသူဟု အမျိုးအစား နှစ်ရပ်ခွဲခြားနိုင်ပါသည်။ တပ်မတော်အား အားပေး ထောက်ခံသူများသည် USDPပါတီနှင့် မဘသအဖွဲ့ဝင်များ၏ ပံ့ပိုးမှုကိုရရှိကြပြီး ၎င်းတို့အနေဖြင့် ယခုအချိန်တွင် “ပျူစောထီး” ဆိုသည့် ပြည်သူ့စစ်အဖွဲ့ဝင်များအဖြစ် တပ်မတော်၏ သင်ကြားပေးမှုနှင့်လက်နက်ပံ့ပိုးမှုများလည်း ရရှိ ထားသည်။

    လူမျိုးရေးနှင့်ဘာသာရေးအစွန်းရောက်များအနေဖြင့်  NLDအား အားပေးထောက်ခံသည့် ပြည်သူများ ကိုသာမကပဲ ၎င်းတို့ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ခံသည့် (သို့မဟုတ်) မထောက်ခံသည့် ဘာသာရေးလူနည်းစုများကိုပါ တိုက်ခိုက်ရန် လက်နက်နှင့်စေ့ဆော်မှု များရှိနေကြသည်။ သို့ရာတွင် အတိတ်ကအတွေ့အကြုံများအား ပြန်လည်သုံးသပ်ကာ မဘသ အဖွဲ့အစည်းသည် မွတ်စ်လင်မ်မုန်းတီးရေးလှုပ်ရှားမှု တခုတည်းကိုသာ ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း သတိချပ်ရမည်။ ပျူစောထီးများ အရေအတွက်များပြားလာသည်နှင့်အမျှ ၎င်းတို့၏ စေ့ဆော်မှုများလည်း မြင့်တက်လာသည်။ တချိန်တည်းတွင်ပင် ခရစ်ယာန်ဘာသာဝင်များ၏ လူမှုအဖွဲ့ အစည်းများသည် ၎င်းတို့တည်ရှိရာ အရပ်ဒေသတွင် ဘာသာရေးလူနည်းစုဖြစ်ခြင်းနှင့် စစ်ကိုင်းတိုင်း တွင် လူဦးရေအရ နည်းပါးခြင်းတို့ကြောင့် ခရစ်ယာန်ဘာသာဝင်များ၏ စိုးရိမ်ပူပန်မှုများသည် “သတိမမူ ဂူမမြင်” အဖြစ်နှင့် တွေ့ကြုံနေရသည်။

    ထိုကဲ့သို့ ခွဲခြားအုပ်ချုပ်သည့် နည်းလမ်းသည် အာဏာရှင်များအနေဖြင့် ၎င်းတို့၏ ပြည်သူလူထုအား ထိန်းချုပ်ထားနိုင်ရန် သုံးစွဲလာခဲ့သည့် နည်းလမ်းတခုဖြစ်သည်။ ကွဲပြားခြားနားသည့်အုပ်စုများအကြား ခွဲခြားအုပ်ချုပ်ခြင်းနှင့် ခေါင်းဆောင်မှုအား မလျော်သြဇာသုံးခြင်းအားဖြင့် အာဏာရှင်အစိုးရများသည် ပြည်သူလူထူအား စည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် ၎င်းတို့၏သြဇာအာဏာအား ပြန်လည် စိန်ခေါ်ခြင်းမပြုရန် ဟန့်တားကြသည်။  မြန်မာနိုင်ငံရှိ ခရစ်ယာန်လူမှုအဖွဲ့အစည်းများကို လေ့လာ ပါကလည်း ခရစ်ယာန်ဘာသာဝင်များနှင့် ခေါင်းဆောင်မျညူအနေဖြင့် ၎င်းတို့ကြုံတွေ့နေရသည့် အကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများအား ထုတ်ဖော်ပြောဆိုခြင်းမှ ဟန့်တားရန် အထက်ပါ နည်းလမ်းကို အသုံးပြုကာ ဖိနှိပ်ခံထားရကြောင်းတွေ့ရှိရသည်။ ထိုအချက်သည် ခရစ်ယာန် ဘာသာဝင်များအနေဖြင့် အဆိုပါ စိန်ခေါ်မှုများ အားကျော်လွှားရန်အတွက် ခရစ်ယာန် လူမှုအသိုင်းအဝိုင်းများအကြား စည်းလုံး ညီညွတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိရန် လိုအပ်သည်ကို မီးမောင်းထိုးပြနေပါသည်။

    ၂၀၂၁ခုနှစ်တွင် မြို့နယ်၄၄မြို့နယ်တွင် “ညမထွက်ရအမိန့်”ထုတ်ပြန်ပြီးနောက်ပိုင်းနှင့် တပ်မတော် အလိုကျပြုလုပ်မည့်ရွေးကောက်ပွဲအား ကြေညာပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ တွင် အကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိပါသည်။ ဖြစ်လာနိုင်မည့် တင်းမာမှုများ ကြောင့် ရခိုင်ပြည်နယ်တွင် ၂၀၁၇ခုနှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် အလားသဏ္ဍာန်တူသည့် ဘာသာရေးအခြေပြုခွဲခြားဆက်ဆံမှုများသည်လည်း ပေါ်ပေါက်လာနိုင်ဖွယ်ရှိပါသည်။

    သို့ပါသော်ကြောင့် ပဋိပက္ခကာလများအတွင်း ဘာသာလူမျိုးမခွဲခြားသောလူမှုအသိုင်းအဝိုင်း၏ အတူတကွ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် စည်းလုံး ညီညွတ်မှုတို့ကို အသိအမှတ်ပြုရန်မှာ လွန်စွာ အရေးကြီးလှပါသည်။ သို့သော်လည်း ထိုကဲ့သို့ အသိအမှတ်ပြုခြင်းသည် တပ်မတော်နှင့် ပျူစောထီးများ၏ ဘာသာရေးလူနည်းစုများအား အကြမ်းဖက်တိုက်ခိုက်ခြင်းများအတွက် ခွင့်လွှတ်ခြင်း နှင့် နားလည်ပေးခြင်းတို့ကို မပြုလုပ်နိုင်ကြောင်း သတိချပ်ရန်လည်း အရေးကြီးပါသည်။ ဘာသာရေးလွတ်လပ်ခွင့်ပါဝင်သည့် လူ့အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်မှာ အာဏာ လက်ဝယ်ကိုင်ထားသူများအနေဖြင့် မရှိမဖြစ် လိုက်နာကျင့်သုံး ရမည့် စည်းမျဥ်းနိယာမဖြစ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိုရက်စက် ကြမ်းကြုတ် မှုများကို ကျူးလွန်သူများအနေဖြင့် တာဝန်ခံလာစေရန် လေ့လာ စောင့်ကြည်ခြင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူအားလုံး အကျုံးဝင် ပါဝင်ပတ်သက်ရန် အားထုတ်မှုများပြုလုပ်ရမည်ဖြစ်သည်။

    နိဂုံးချုပ်အားဖြင့်ဆိုရသော် ဗမာစစ်တပ်သည် ဗုဒ္ဓဘာသာ-ဗမာဖြစ်သည်ဆိုသည့် အချက်အား အထက်စီးမှနေနိုင်သည့် ရာထူးတခုသဖွယ်အသုံးချကာ ပဋိပက္ခများအားနှိမ်နင်းရာတွင် ၎င်းတို့၏ စစ်ရေးဗျူဟာတရပ်အဖြစ် လူနည်းစုဘာသာဝင်များ ပစ်မှတ်ထားတိုက်ခိုက်သည်ကို တွေ့ရှိရသည်။ တပ်မတော်အနေဖြင့် စနစ်တကျကြံရွယ်ထားသည့် အကြမ်းဖက်မှုများကို ကျူးလွန်ပြီး ခွဲခြား အုပ်ချုပ်သည့် မဟာဗျူဟာကိုလည်း ကျင့်သုံးလျက်ရှိသည်။  ၂၀၂၁ခုနှစ်တွင် တပ်မတော်အနေဖြင့် လူမျိုးရေးအစွန်းရောက်သူများနှင့် ပျူစောထီးများအား စစ်ရေးတိုက်ခိုက်မှုများတွင် အသုံးချခဲ့သည့် အတွက် လူနည်းစုဖြစ်သော ခရစ်ယာန်ဘာသာဝင်များအများစုတည်ရှိသည့် ဒေသများနှင့် လူနည်းစုများ နေထိုင်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများရှိ ပြည်သူများအနေဖြင့် ကြီးစွာသောစိုးရိမ်ပူပန်မှု များပေါ်ပေါက်ခဲ့ရသည်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် လက်နက်မဲ့ အရပ်သား ပြည်သူများအား ပျူစောထီးများမှ တိုက်ခိုက်လိုသည့် စေ့ဆော်မှုများကို ကျယ်ပြန့်စွာ လေ့လာ ထားသည်များ မရှိပေ။

    သို့သော်လည်း ပဋိပက္ခများအဓိကဖြစ်ပွားနေသည့် ဒေသ၃ခုဖြစ်သည့် ကရင်နီပြည်နယ်၊ ချင်းပြည် နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဘာသာရေးအဆောက်အအုံများအားဖျက်ဆီးခြင်း၊ ပြည်သူ များအား ခြိမ်းခြောက်စာများပေးပို့ခြင်း အစရှိသည့် မှတ်တမ်းတင်ထားသည့် အကြမ်းဖက်မှုများကို လေ့လာခြင်းဖြင့် ၎င်းတို့သည် ခရစ်ယာန်ဘာသာဝင်လူနည်းစုများအား ဦးတည်ကာ တိုက်ခိုက် သတ်ဖြတ်လိုသည့် ကနဦးသတိပေးချက်များအဖြစ် မှတ်ယူနိုင်ပါသည်။

    Cieloသည် နိုင်ငံရေးနှင့် ပဋိပက္ခများနှင့် ပတ်သက်၍ လေ့လာသူတဦးဖြစ်ပြီး ငြိမ်းချမ်းရေး၊ လူငယ်အရေး၊ လုံခြုံရေးနှင့် လူနည်းစုအရေးကိစ္စများအစရှိသည့် နယ်ပယ်များတွင် ကျွမ်းကျင် သူတဦးဖြစ်ပါသည်။​

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.