6 Minutes To Read

‌မောဟနွယ် ကိုယ်ကျင့်တရားများ ။ မြန်မာ့ အကြမ်းမဖက် အာဏာဖီဆန် လှုပ်ရှားမှုတွင် ကြုံတွေ့ရသည့် ရေပညာရှင်များ၏ ကိုယ်ကျင့်တရားဒွိဟများ

6 Minutes To Read
  • English
  • ဗမာစာ
  • နွေဦးတော်လှန်ရေးတွင် ရေပညာရှင်များ ကြုံတွေ့ရသည့် ကိုယ်ကျင့်တရားဆိုင်ရာ ဒွိဟများကို ဝင်းသီရိလွင် မှ လေ့လာဆွေးနွေးထားသည်။

    ဓါတ်ပုံမူရင်း။ ။ စောဝဏ္ဏ၊ ၂၀၁၈။

    မောဟနွယ် ကိုယ်ကျင့်တရား

    “အားလုံး ရပ်တန့်လိုက်မယ်ဆိုရင် လူတွေအများကြီး သေသွားမှာပေါ့” ဟု ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ က မြန်မာအစိုးရနှင့် အလုပ်လုပ်ကိုင်ခဲ့သည့် အကြီးတန်းအဆင့် ဒတ်ချ်လူမျိုး ရေပညာရှင် တစ်ဦးက ဆိုသည်။  သူမ သည် အကြမ်းမဖက် အာဏာဖီဆန် လှုပ်ရှားမှု (CDM) နှင့် ပတ်သက်၍ မှတ်ချက်ပြုခြင်းဖြစ်သည်။

    စစ်အာဏာသိမ်းမှုက မြန်မာ့ ပြည်သူ့ဝန်ထမ်းများအတွက် ကိုယ်ကျင့်တရားဆိုင်ရာ ဒွိဟအမြောက်မြား ကြုံတွေ့ စေခဲ့သည်။ ပညာသင်ကြားပေးသူများက ၎င်းတို့ ပညာဆက်လက်သင်ကြားပေးခြင်းက နောင်လာမည့် မျိုးဆက် အား ဒီမိုကရေစီနှင့် လွတ်လပ်မှုအပေါ် ဖိနှိပ်မှုကို လက်ခံရန် အမှာစကားပေးသကဲ့သို့ ဖြစ်မည် လား၊ (သို့မဟုတ်) ဒီမိုကရေစီ နှင့် လွတ်လပ်မှုကို မြှင့်တင်ရန် အခြား မည်သို့ တက်ကြွစွာလုပ်ဆောင်နိုင်မည်လဲ ဆိုသည့်  မေးခွန်းထုတ်ကြသည်။ မြန်မာ့ကျန်းမာရေး လုပ်သားများသည်လည်း အလားတူ ဒွိဟ ကြုံတွေ့ရသည်။ အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းအားဖြင့် (တနည်းအားဖြင့် CDMတွင်ပါဝင်ခြင်း) အဆိုပါခုခံဆန့်ကျင်မှုကို ဝန်းရံထောက်ခံနိုင်မည်။ သို့သော် တုန့်ပြန်အရေးယူခြင်းကိုခံရနိုင်သည်။ တဖက်တွင် လူနာများကို စောင့်ရှောက်ရန် ပြန်လည်အလုပ်ဝင်ခြင်းသည်ကလည်း စစ်ကောင်စီနှင့်ပူး‌ပေါင်း သူများဟု ထင်ခံရနိုင်သည်။

    ထိုနည်းတူစွာ နွေဦးတော်လှန်ရေးသည် ရေပညာရှင်များအတွက်လည်း အရေးကြီးသော ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်းများကို ထွက်ပေါ်စေခဲ့သည်။ ရေဆိုသည်မှာ အခြေခံလိုအပ်ချက်ဖြစ်သည်။ “သောက်သုံးရေသန့်နှင့် သန့်ရှင်းမှုရပိုင်ခွင့်မှာ လူသားတစ်ဦး၏ အခွင့်ရေးဖြစ်သည်” ဟု ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ကြေညာခဲ့သည်။  ရေပညာရှင်များအတွက် အာဏာဖီဆန်မှုတွင်ပါဝင်ပြီး မြန်မာပြည်သူပြည်သားများနှင့် ရပ်တည်မှုသည် အထက်ဖော်ပြပါ သောက်သုံးရေသန့်နှင့် သန့်ရှင်းမှုရပိုင်ခွင့်ကို ပျက်စီးယုတ်လျော့စေနိုင်သည်။ ကျွန်မအနေဖြင့် “မောဟနွယ်ကိုယ်ကျင့်တရား” ဟု ခေါ်ဝေါ် ထားသော အဆိုပါ ရေ နှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဒွိဟများ စုဆုံသည့် CDM လှုပ်ရှားမှု အတွင်း ရေပညာရှင်များ ကြုံတွေ့ရသည့် ရှုပ်ထွေးမှုကို ယခုဆောင်းပါးတွင် တင်ပြလိုသည်။

    အခြေခံလိုအပ်ချက်များနှင့် ကိုယ်ကျင့်တရား ဒွိဟ

    အာဏာသိမ်းပြီးနောက်တွင် မြန်မာအစိုးရနှင့် ဆက်လက်အလုပ်လုပ်ရန် ရွေးချယ်ခဲ့သည့် ရေပညာရှင်တစ်ဦးက “အစိုးရကို မကြည့်ပါနဲ့၊ ကြည့်နေရင် တိုင်းပြည်အခြေနေက ပိုပဲဆိုးလာမယ်၊ ဒါကြီးက ဘယ်လောက်ကြာမယ် ဆိုတာ လည်း မသိဘူး။ ရေဆိုတာက အခြေခံလိုအပ်ချက်ဖြစ်တယ်။ ကျွန်မတို့ အလုပ်လုပ်မှ ရမယ်”[1] ဟု ပြောခဲ့သည်။ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍမှ ရေပညာရှင်တစ်ဦး ပြောသကဲ့သို့  “ကျွန်မတို့က ရေပညာရှင် ကောင်းတစ်ဦး ဖြစ်ချင်ရင် ဒီအလုပ်က အစိုးရအတွက်ဖြစ်လို့ သို့မဟုတ် သူတို့ကို ထောက်ခံသလို ဖြစ်လို့ ဆိုပြီး ဘာမှမလုပ်ဘဲ ထိုင်နေလို့မရဘူး။ အဲ့လို ထိုင်နေရင် မြန်မာ့ ရေကဏ္ဍ တစ်ခုလုံး ပြိုလဲသွားလိမ့်မယ်” ဟု ဆိုသည်။[2].

    CDM လုပ်ခြင်းကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ရှိ ရေ နှင့် သန့်ရှင်းမှုဆိုင်ရာ ဝန်ထမ်းများမှာ အလုပ်တာဝန်တွေပိနေသည်ဟု ရေပညာရှင် တစ်ဦး က ဆိုသည်။ ထို့အပြင်လာမည့်နှစ်များတွင် အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် အယ်လ်နီညို သက်ရောက်မှုကြောင့် ရန်ကုန်မြို့တော်သည် ရေ ပြတ်လတ်မှုများ မကြာခဏ ကြုံတွေ့ရမည်ဟုလည်း ခန့်မှန်းခဲ့သည်။

    ထိုအချက်အလက်များသည် မှန်ကန်ခဲ့သည်။ ရေပြတ်လတ်မှုမရှိဟု တရားဝင်ပြောဆိုမှုများ ရှိသော် လည်း ရန်ကုန်မြို့ခံများမှာ မကြာခဏ ရေပေးဝေမှု ဖြတ်တောက်ခံရပြီး ရေပြတ်လတ်မှုများစွာကို ကြုံတွေ့ခဲ့ ရသည်။ အချို့ ဖြတ်တောက်မှုများမှာ တစိတ်တပိုင်းအားဖြင့် ရေပညာရှင်များ CDM လုပ်ခြင်းကြောင့် ဖြစ်နိုင်သည်။ YCDC မှ ရေပေးဝေမှုမှာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီက ‌ပေးဝေမှုပမာဏသို့ မရောက်ရှိတော့သည့်အပြင် ၎င်းအိမ်တွင်သုံးစွဲသည့်ရေသုံး ဘုံဘိုင်များသို့ ရေရရန်အတွက် ရေစုပ်စက်တစ်ခုကိုပင် တပ်ဆင်ခဲ့ရသည်ဟု ရေပညာရှင်တစ်ဦးက ပြောသည်။ ‌ရေဖိအားမှာ အလွန်နည်းပြီး ရေပေးဝေမှုမှာ ၂၄ နာရီ ပတ်လုံး လည်ပတ်နိုင်ခြင်း မရှိတော့ပေ။

    ထို့အပြင် အာဏာမသိမ်းမီကပင် မြန်မာနိုင်ငံရှိ ရေ ကဏ္ဍ မှာ များစွာလိုအပ်ချက်ရှိပြီး ဖြစ်သည်။ တိကျသော သတင်း အချက်လက် မှာ ရှားပါးသော်လည်း ရန်ကုန် ရေပေးဝေဖြန့်ဖြူးရေး၏ ၄၀ ရာခိုင်နှုန်း မှာ ဆုံးရှုံးသောရေ (unaccounted-for water) နှင့် အခွန်မရသော ရေ (non-revenue water – NRW) ကဲ့သို့ ရေပြုန်းတီးမှုများ ဖြစ်ပေါ် နေသည်ဟု ယုံကြည်ရသည်။ အခြားဒေသများတွင် ရေပြုန်းတီးမှုမှာ အဆိုပါ ရာခိုင်နှုန်းထက်ပင် ပိုများ နိုင်သည်။ WaterAid ၏ အဆိုအရ အာဏာမသိမ်းမီက “လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ သန့်ရှင်းသောရေကို ရရှိပြီး ၇၅ ရာခိုင်နှုန်းနီးပါးမှာ ကောင်းမွန်သော ရေအိမ်သာများ” ရှိသည်ဟုဆိုသည်။ သို့သော်လည်း အဆိုပါအချက်လက်မှာ အာရှတွင် သန့်ရှင်းသောရေ နှင့် ရေအိမ်သာများ သုံးစွဲနိုင်မှု အနိမ့်ဆုံး ဖြစ်သော အချို့ဒေသများပါဝင်သည့် ကျေးလက် ဒေသဧရိယာ အတော်များများ၏ အခြေနေကို မထင်ဟပ်ပါ။ အဓိက စိန်ခေါ်မှုမှာ ရေရှည်ခံသော အများပြည်သူသုံး အခြေခံအဆောက်အဦ နှင့် အရင်းမြစ်များ မရှိခြင်းဖြစ်ပြီး အခြေခံလိုအပ်ချက်များကို ပံ့ပိုးရန် ကြိုးပမ်းမှုများကို နှောင့်နှေးစေသည်။

    မည်သို့ပင်ဆိုစေကာမူ အချို့ ရေပညာရှင်များမှာ ကိုယ်ကျင့်တရားအရ လုပ်ဆောင်ရမည့်တာဝန်တရပ်ဟု ရှုမြင်၍ CDM တွင် ပါဝင်ကြသည်။ ဥပမာ မနီနီ (အမည်လွှဲ)သည် အာဏာမသိမ်းမီက နည်းပညာတက္ကသိုလ်တစ်ခု၏ ရေနှင့်ဆက်နွယ်သော စီမံကိန်းများတွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။ သူမက “ကျွန်မမှာ သားလေးရှိတယ်။ ပစ္စည်းဥစ္စာ ဆိုတာ ပျက်စီးလွယ်တယ်။ သူ့အတွက် ပစ္စည်းဥစ္စာ အမွေချန်ထားခဲ့တာထက်စာရင် သူ့အမေက အမှန်တရားအတွက် ရပ်တည်ခဲ့တယ် ဆိုတဲ့ ‘နာမည်ကောင်း’ လေးကို ချန်ထားခဲ့ ချင်တယ်။ ကျွန်မအနေနဲ့ သေသွားပြီးတောင် သားဂုဏ်ယူရတဲ့ မိခင်တစ်ဦး ဖြစ်ချင်တယ်”[3] ဟု ဆိုသည်။ မနီနီအတွက်ဆိုလျှင် အမှန်တရားအတွက် ရပ်တည်ခဲ့သည်ဟူသော ဂုဏ်သိက္ခာချန်ထားရစ်ဖို့ ပိုအရေးကြီးသည်။ သူမသည် အာဏာသိမ်းမှုက အလွန်မှားယွင်းပြီး မတရားမှု တစ်ခုဖြစ်သည်ဟု  ရှုမြင်သောကြောင့် ရေကဏ္ဍတွင် စိန်ခေါ်မှုများရှိသော်လည်း CDM ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အခြား CDM တွင် ပါဝင်ခဲ့သော ရေပညာရှင်တစ်ဦးက “အာဏာသိမ်းမှုက မတရား အဓမ္မဖြစ်တဲ့ အတွက်ကြောင့် အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ” ဟု ရိုးရှင်းစွာ ဆိုခဲ့သည်။[4]

    တဖက်တွင်လည်း မြန်မာရေပညာရှင်များမှာ CDM ပြုလုပ်လျှင် ရေဝန်ဆောင်မှုလုပ်ငန်းများ ပြိုလဲ၍ ပြည်သူများအတွက် အခြေခံ လူသားလိုအပ်ချက်တစ်ခုဖြစ်သော ရေ ပြတ်လတ်ချို့တဲ့နိုင်သည်ကို သိရှိခဲ့သည်။ တပြိုင်တည်းတွင် CDM ပြုလုပ်ခြင်းမှာ ကိုယ်ကျင့်တရားအရ မှန်ကန်သော လုပ်ရပ်ဟု လူထုအမြင်များရှိသည်ကိုလည်း လက်ခံကြသည်။ ရေပညာရှင်များအတွက် ဒွိဟမှာ လူသားများ၏အခြေခံ လိုအပ်ချက်ကို ပိုဂရုပြုသင့်သလား သို့မဟုတ် အုပ်ချုပ်သူများကို ဆန့်ကျင်သင့်သလား ဟူ၍ ဖြစ်သည်။

    ဗုဒ္ဓအယူအဆကိုယ်ကျင့်တရားနှင့် အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု

    မြန်မာ့တော်လှန်ရေးတွင် CDM ပြုလုပ်ခြင်း၊ မလုပ်ခြင်း ဆုံးဖြတ်မှုသည် ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်း တစ်ခု ဖြစ်လာသည်။ ယင်းကို အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းမဖက်အာဏာဖီဆန်‌ရေး လှုပ်ရှားမှုဆိုင်ရာ ပူးပေါင်း ကော်မတီ မှ ရေးဆွဲခဲ့သည့် CDM မူဝါဒ တွင် ထင်ထင်ရှားရှားမြင်တွေ့နိုင်သည်။ ယင်းတွင် CDM တွင် ပါဝင်သောသူ များ၏ စိတ်ဓါတ်မှာ မွန်မြတ်သည်ဟု ဖော်ပြထားသည်။[5] တရားမျှတမှုရှာဖွေရေးနှင့် ရုပ်ပိုင်း၊စိတ်ပိုင်း ဆိုင်ရာ စွမ်းရည်များ တိုးတက်လာရေးအတွက် မူများကိုလည်း မူဝါဒထဲတွင် အလေးပေး ဖော်ပြထားသည်။ နွေဦးတော်လှန်ရေးတွင် ပါဝင်သော CDM သမားများအား ကိုယ်ကျင့်တရား စိတ်ဓါတ်အရ ဖြောင့်မတ်မှန်ကန်သော ပုဂ္ဂိုလ်များ အဖြစ် ပုံဖော်ထားသည်က ထိုလှုပ်ရှားမှုတွင် မပါဝင်သော သူများအား မဖြောင့်မတ်သူများအဖြစ် သွယ်ဝိုက် ဆိုလိုနေပြီး ၎င်းတို့၏ ကိုယ်ကျင့်တရား စိတ်ဓါတ်အပေါ် အမြင်စောင်းစွာ သတ်မှတ်အကဲဖြတ်မှုများ ရှိနေသည်။ အမှန်တွင်လည်း CDM မပြုလုပ်သူ non-CDM သမားများကို တွေ့ဆုံ မေးမြန်းချင်သည်ဟု သူငယ်ချင်း များ နှင့် လုပ်ဖော်ကိုင်ဖက်များကို ကျွန်မ ပြောခဲ့စဥ်က “ဟာ ဘယ်ဖြေမလဲ လိပ်ပြာမှမလုံတာ” ဟု ပြန်ပြောခဲ့ ကြသည်။[6]

    ဤနေရာတွင် “လိပ်ပြာလုံသည်” ဟူသော အသုံးနှုန်းသည် နွေဦးတော်လှန်ရေးတွင် ကိုယ်ကျင့်တရားဆိုင်ရာ ဖိအားတစ်ခုအဖြစ် အသုံးပြုခြင်းဟု ကျွန်မအနေနဲ့ဆွေးနွေးလိုသည်။ CDM မူဝါဒအရ CDM သည် တကိုယ်ကောင်းဆန်မှု၊ မိမိကိုယ်ကို ဦးစားပေးမှု ကဲ့သို့ အနုတ်သဘောဆောင်ရှုမြင်ကြသည့် “အတ္တ” ၏ ဆန့်ကျင်ဘက်ဖြစ်သော “အနတ္တ” ဟူသော ဗုဒ္ဓအယူဆများနှင့် ဆက်နွယ်နေသည်ကိုတွေ့ရှိရသည်။ ဆိုလိုသည်မှာ CDM သမားများသည် ၎င်းတို့၏ လုပ်ရပ်အား ကိုယ်ကျင့်တရားသန့်ရှင်း စင်ကြယ်သော သဘောဆောင်သည့် အတ္တကင်း၍ ပုဂ္ဂိုလ်ရေး အကျိုးမြတ်ထက်သာလွန်သော စွန့်လွတ်အနစ်နာခံမှုများ ဟု ရှုမြင်ကြသည်။ မနီနီ သည် အစိုးရထံ အလုပ်လုပ်ရန်မှ  လွဲ၍ အခြားရွေးချယ်စရာ မရှိသူ non-CDM သမားများအတွက် ကိုယ်ချင်း စာနိုင်သော်လည်း  အခြား ရွေးချယ်စရာပြီး CDM မပြုလုပ်သူများအတွက်  ကိုယ်ချင်းမစာနိုင်ပေ။ “အကန့်သတ်တွေ ရှိလို့ CDM မလုပ်သူတွေကို နားလည်ပါတယ်။ ဒါပေမယ့် တခြားအလုပ်ရွေးချယ်စရာတွေ ရှိရဲ့သားနဲ့အစိုးရရုံးတွေမှာ အလုပ်လုပ်ချင်သူ တွေကိုတော့ ကျွန်မ နားကိုမလည်နိုင်ဘူး” ဟု ဆိုခဲ့သည်။[7]

    ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သော ကိုယ်ကျင့်တရား ဒီမိုကရေစီ၊ အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေး အမြင် စာအုပ် တွင် Michał Lubina က အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးခေါ်မှာ ဗုဒ္ဓ အယူဆများပေါ် မှီတည်ထားသော အနောက်တိုင်း အတွေးခေါ်များ ဖြစ်သည်ဟု ဆွေးနွေးထားသည်။ ထိုနည်းတူ စစ်တပ်ထိန်းချုပ်မှုကြောင့် သတင်းအချက်လက်ရယူမှု  အကန့်သတ်များ အချိန်ကြာမြင့်စွာ ရှိခဲ့ပြီးနောက် လူမှုသတင်း မီဒီယာများမှ တဆင့် အနောက်တိုင်း အတွေးခေါ်များနှင့် ယခု ထိတွေ့ခွင့်ရသော မြန်မာလူငယ်မျိုးဆက် မှာလည်း အဆိုပါ ရောပြွန်းနေသော အတွေးခေါ်များ လွှမ်းမိုးမှုရှိသည်ကို CDM လှုပ်ရှားမှုမှာ ရှင်းလင်းစွာ တွေ့ရသည်။ အဆိုပါ အချက် မှာ ရေပညာရှင် တာဝန်ထမ်းဆောင်ရခြင်း၏ နောက်ကွယ်မှ တွန်းအားများကို ဆန်းစစ်သည့်အခါတွင် ထင်ရှား လာသည်။

    ဗုဒ္ဓအယူအဆကိုယ်ကျင့်တရားနှင့် ရေ‌ပညာရှင်အလုပ်

    “ရေဆိုတာက ကုသိုလ်ပဲလေးနော်။ ရေကဏ္ဍမှာ အလုပ်လုပ်တာက လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလို့ သူတို့အတွက်လည်းကောင်းသလို ကိုယ့်အတွက်လည်း ကောင်းပါတယ်”[8] အဆိုပါ ကောက်နုတ်ချက် မှာ ရေနှင့်ဆိုင်သောအလုပ်လုပ်ခြင်းက ဗုဒ္ဓအတွေးအခေါ်တွင် နက်နဲစွာ အမြစ်တွယ်နေသည့် ကုသိုလ်ရသော အလုပ်အဖြစ် ရှုမြင်မှုကို ဖော်ပြနေသည်။  “ကုသိုလ်လည်းရ ဝမ်းလည်းဝ” ဟူသော ဗမာစကားပုံ တစ်ခု ကိုလည်း သတိရမိသည်။ လှုဒါန်းခြင်းအမှု၊ အထူးသဖြင့် ရေလှုဒါန်းခြင်းသည် အပ္ပါယ်လေးဘုံ[9] ၏ ထိတ်လန့်ကြောက်ရွံ့ဖွယ် လောကများထံ ကျရောက်ခြင်းမှ တားဆီးပေး နိုင်သည်။ ထို့အပြင် ရေပညာရှင် များတွင် အခွင့်ရေးဆိုင်ရာ အနောက်ပိုင်းအတွေးခေါ်များ၏ တွန်းအားလည်းရှိပါသည်။ ဥပမာအားဖြင့် တွေ့ဆုံမေးမြန်းခဲ့သူများထဲမှာ တစ်ယောက်မှာ “ရေဆိုတာ အခြေခံလိုအပ်ချက်တစ်ခု ၊ ရေက မရှိမဖြစ် လိုအပ်တဲ့အရာ”[10] သို့မဟုတ် “ ပြီးတော့ လူသား အခွင့်ရေးနှင့် လူ့အခွင့်ရေး ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလည်း ကြေညာထားပြီးပြီ” ဟု ဆိုသည်။[11]

    ကုလသမဂ္ဂ ထိပ်သီးညီလာခံတွင် ထပ်တလဲလဲ ပြောကြားခဲ့သော အကြောင်းရာများနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ဆွေးနွေးငြင်းခုံမှုများ နှင့် ညီညွတ်သော အနောက်တိုင်းအတွေးခေါ်များကို ကိုးကား ၍ ၎င်းတို့က CDM မပြုလုပ်ရသည့်အကြောင်းရင်းများကို အဆိုပါ အခွင့်ရေးအခြေပြု စဥ်းစားချက်များကို ရှင်းပြကြသည်။ ထို့ပြင် ရေနှင့် သန့်ရှင်းမှု ရရှိမှုနှင့် စီမံခန့်ခွဲမှုကို အာမခံသော စဥ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် နံပါတ် ၆ ဖြစ်သည့် “သန့်ရှင်းသောသောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး” အတွက် တာဝန် ရှိသည်ဟု ယူဆကြသည်။

    အာဏာပိုင်များနှင့် လက်တွဲ အလုပ်လုပ်နေသော်ငြားလည်း အချို့ဝန်ထမ်းများမှာ ခုခံတော်လှန်နေသော အဖွဲ့ များအား ငွေကြေး နှင့် သတင်းအချက်လက်ပေးခြင်းကဲ့သို့သော လုပ်ဆောင်ချက်များမှ တဆင့် ပံ့ပိုးခြင်းအားဖြင့် ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်များနှင့် ဖြောင့်မတ်မှန်ကန်မှုကို ညီညွတ်ရန် ကြိုးစားကြသည်။ နိုင်ငံရေးအုံကြွမှု ကာလများတွင် ကိုယ်ကျင့်တရားဆိုင်ရာ စဥ်းစားချက်များမှာ ဝေဝါးနိုင်ပြီး “ကောင်းသည် သို့မဟုတ် ဆိုးသည်” နှင့် “မှန်သည် သို့မဟုတ် မှားသည်” ကဲ့သို့ ထင်မြင်ယူဆချက်များအပေါ် မေးခွန်းထုတ်ရန် အမြင် ကျယ်ကျယ် ဖွင့်ထားရန် အရေးကြီးသည်ဟု မြင်မိသည်။

    “လူတွေကြားမှာ ပွတ်တိုက်မှုတွေ အများကြီးရှိနေတယ်။ တချို့က CDM လုပ်ကောင်းလုပ်မယ် ဒါပေမယ့် မလုံလောက်ဘူးလို့ ပြောမယ် ၊ တချို့က ဆန္ဒတွေ ပိုပြရမယ်ပြောမယ်၊ ကျွန်မ Facebook ပေါ်မှာ ဆိုးဆိုးရွားရွားတွေ မြင်တယ်။ တစ်ယောက်နဲ့တစ်ယောက်နဲ့ မှန်တယ်မှားတယ် ဝေဖန်နေကြတယ်။ တချို့ ဆိုးဆိုးရွားရွား ပြစ်တင်ပြောဆိုနေကြတယ်။ ကျွန်မ အများကြီး မြင်တွေ့ရတယ်။” [12] အဆိုပါစကားအရ CDM နှင့်ဆက်နွယ်နေသော ကိုယ်ကျင့်တရားဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများက စည်းလုံးညီညွတ်မှု နှင့် အပြုသဘောဆောင်သော ရလဒ်ထွက်စေခြင်းထက် အပြစ်ရှိသလိုခံစားရစေခြင်းနှင့် လူမှုအသိုင်းအဝိုင်းအစိတ်စိတ် အမွှာမွှာကွဲစေခြင်းသို့ ဦးတည် လာစေသည် ကို တွေ့ရသည်။

    ဘဝတူများ

    ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာပိုင်များက ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် ကြေညာခဲ့သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားတိုင်းနှင့် အသက်၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီး တိုင်းသည် အနဲဆုံး နှစ်နှစ် စစ်မှုထမ်းရန် လိုအပ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာနှင့် နည်းပညာကျောင်းဆင်း နိုင်ငံသားများမှာ အမျိုးသားဆိုလျှင် ၄၅ နှစ်ထိနှင့် အမျိုးသမီးဆို လျှင် ၃၅ နှစ်ထိ တာဝန် ထမ်းဆောင်ရန် လိုအပ်သည်။

    ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းမှုသည် နိုင်ငံသားအများစုအတွက် CDM လှုပ်ရှားမှုကာလအတွင်း ပြည်သူ့ ဝန်ထမ်းများ ကြုံတွေ့ ရသည့် အနေထားတူ အခြေနေတစ်ခု ဖန်တီးခဲ့သည်။ ဤအခြေအနေက ကျွန်မတို့သာ ပြည်သူ့ဝန်ထမ်းတစ်ယောက်ဆိုရင် CDM လုပ်မလား ဟူသည့် မေးခွန်းလည်း ထွက်ပေါ်လာသည်။ အားလုံးကြုံရသော အဆိုပါအတွေ့အကြုံသည် နိုင်ငံသားများ အကြား ကိုယ်ချင်းစာမှု နှင့် စည်းလုံးညီညွတ်မှု သဘောကို ရရှိစေနိုင်ပြီး နားလည်မှု နှင့် အပြန်လှန်ဖေးမမှုများ ရှိစေနိုင်သည်။ သို့မဟုတ် CDM သမားများနှင့် non-CDM သမားများ အကြား ဖြစ်ပေါ်ခဲ့သည့် လူကောင်း နှင့် လူဆိုး ခွဲခြား သတ်မှတ် အမြင်စောင်းသည့် လူမှုရေးအကွဲပြဲ ပုံစံ တထပ်တည်း ဖြစ်ပေါ်လာဦးမည်လား? အဆိုပါအခြေနေက လူ့အဖွဲ့ စည်း အတွင်း တင်းမာမှု များနှင့် ထပ်မံ အစွန်းရောက်မှုများကို ဦးတည်စေနိုင်သည်။ စစ်မှုမထမ်းမနေရ ဥပဒေကို မလွှဲမသွေ လိုက်နာရသူများအား လိုက်နာရန်ငြင်းဆန်သူများနှင့်မတူစွာ ရှုမြင်ခံရနိုင်ပြီး ထိုမှ လူမှုအသိုင်းအဝိုင်းအစိတ်စိတ် အမွှာမွှာ ကွဲခြင်းသို့ ဦးတည်ကောင်း ဦးတည်စေနိုင်မည်။

    သို့သော်ငြားလည်း လူငယ်များအား အတင်းအဓမ္မ စစ်မှုထမ်းစေမည့် အလားအလာကို ပြောရာတွင် ကျွန်မ ကြားမိသည်မှာ စည်းလုံးညီညွတ်မှုနှင့် ဆိုင်သော စိုးရိမ်ပူပန်မှုများထက် စိတ်ပျက်အားလျော့မှု များသာတွေ့ရသည်။ လူငယ်များမှာ စိတ်ပျက်အားလျော့နေပြီး ထိုအခြေနေမှ လွတ်မြောက် ရန်သာ ဆန္ဒပြင်းပြလျက်ရှိသည်။ Delta News Agency[13] သတင်းဌာန၏ အစီရင်ခံမှုတွင် CDM သမားတစ်ဦးမှ အာဏာသိမ်းပြီး ကတည်းမှ ထိုအခြေနေ ကြုံတွေ့ ခဲ့ရသော ပြည်သူ့ဝန်ထမ်းများအပေါ် စာနာနားလည်ရန် ဆိုထား သည်။ လူများသည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေနေတွင် နိုင်ငံအတွင်းမှ မြန်နိုင်သမျှအမြန်ဆုံး ထွက်ခွါရန် ကြိုးစားလျက်ရှိပြီး အစုလိုက်အပြုံလိုက် ထွက်ခွါမှုကို ဦးတည်စေနေသည်။ အဆိုပါ အစုလိုက်အပြုံလိုက် ထွက်ခွါမှုသည် အစုလိုက်အပြုံလိုက် အကြမ်းမဖက် အာဏာဖီဆန် လှုပ်ရှားမှုပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ စစ်မှုထမ်းခြင်းဆိုင်ရာ သတင်း  ပထမလှိုင်းမှာ အတိုင်းတာတစ်ခုထိ ကျော်လွန်သွားပြီ ဖြစ်သည်။ ကျွန်မ စိုးရိမ်မိ သည်က CDM မပြုလုပ်သူ ပြည်သူ့ဝန်ထမ်းများနှင့် ဖြစ်ပွားခဲ့သလို “ရွေးချယ်မှု အမှား”  ပြုလုပ်မိသူ နိုင်ငံသားများကို ပြစ်တင်ရှုံ့ချသည့်ဖြစ်စဉ်များ တွေ့လာရမည်ကိုဖြစ်သည်။ အဆိုပါအခြေနေက ဒီတော်လှန်ရေးမှာ ကျွန်မတို့ကို ဘယ်သို့ထပ်မံ ခေါ်ဆောင် သွားဦးပါမည်လဲ။

    ယခုစီမံကိန်းအကြောင်း

    သုတေသနလုပ်ငန်းစဉ်နှင့် နည်းနာ အကျဥ်းချုပ်

    ယခုဆောင်းပါးသည် ၂၀၂၃ ခုနှစ် ဂျူလိုင်လ မှ ဒီဇင်ဘာလ ထိ ပြုလုပ်ခဲ့သည့် “အကျပ်တည်းတွင်စီးမျောခြင်း။ ။ ရေပညာရှင်များ၏ ဒွိဟများနှင့် မြန်မာ့နိုင်ငံရေး ရှုပ်ထွေးမှုအတွင်း  စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ စိန်ခေါ် မှုများ” မဟာဘွဲ့ယူ စာတမ်း တစိတ်တပိုင်း ဖြစ်ပြီး “ကိုယ်ကျင့်တရားဆိုင်ရာဒွိဟ” နယ်ပယ်တွင်းသို့ ချဥ်းကပ် ထားသည်။ အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု ပြုလုပ်သူနှင့် မပြုလုပ်သူများအပါအဝင် မြန်မာနှင့် နယ်သာလန် ရှိ ရေပညာရှင် ၁၂ ဦးအား တွေ့ဆုံမေးမြန်း ထားခဲ့သည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ ဇာတ်လမ်း များနှင့် အခြေနေ အချိန်ခါအလိုက် ၎င်းတို့၏ တုန့်ပြန်မှုများကို အဓိကအလေးပေး လေ့လာထားပါသည်။ ကနဦးတွင် တွေ့ဆုံမေးမြန်းမှုတွင် ပါဝင်ဖြေဆိုမည့် သူများ အား လုပ်ဖော်ကိုင်ဖက်များမှ တဆင့် ဆက်သွယ်ခဲ့ပြီး ထိုမှ တဆင့် ဆင့်ကဲနမူနာကောက်ယူခြင်းနည်းနာ (snowballing method) အသုံးပြု၍ ပါဝင်ဖြေဆိုသူကွန်ယက်အား ချဲ့ထွင်ခဲ့ပါသည်။

    တွေ့ဆုံမေးမြန်းမှုများကို ဖြေဆိုသူများ၏ သဘောတူညီမှုနှင့် အသံသွင်းခဲ့သည်။ တွေ့ဆုံမေးမြန်းမှုများကို စနစ်ကျ၍ ညီညွတ်စေရန် တဝက်-စနစ်တကျကြိုတင်စီမံထားသော (semi-structured) သုတေသန မေးခွန်းများ ကို ပြင်ဆင်ခဲ့သည်။ အဆိုပါ မေးခွန်းများကို နောက်ကွယ်မှ တွန်းအားများ၊ ထည့်သွင်း စဥ်းစား ချက်များ၊ ဒွိဟများ နှင့် ရေပညာရှင်များ၏ အတွေ့ကြုံများဆိုင်ရာမေးခွန်းများ အဖြစ် ပြင်ဆင်ခဲ့သည်။  ဆွေးနွေးခဲ့သော အကြောင်းအရာများကို အသံမှစာသားမှတ်တမ်း အဖြစ်ကူးပြောင်းရေးသား၍ ကိုယ်ကျင့်တရား၊ ရေနှင့် ရေပညာရှင် ဆိုင်ရာ စကားလုံးများနှင့် စကားစုများကို သေချာစွာ ‌လေ့လာသုံးသပ်ခဲ့သည်။ နောက်ထပ်လိုအပ်သည့် အတွေးမြင်များ ကို ရရှိရန် သုတေသနမေးခွန်းတွင် ပါဝင်ဖြေဆိုသူများနှင့် ထပ်မံ တွေ့ဆုံ မေးမြန်းမှုများ လုပ်ခဲ့သည်။

    ဤစာတမ်းရေးသာရာတွင် ကျွန်မကိုယ်တိုင်သုတေသီလည်းဖြစ်၊ ၂၀၂၁ နောက်ပိုင်းအဖြစ်ပျက်များတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်ကို သတိချပ်ပါသည်။ တွေ့ဆုံမေးမြန်းမှုတွင်ပါဝင်သူများ၏ ဆက်နွယ်မှုကိုလည်း သတိချပ်ပါသည်။ မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် သာမက ၂၀၂၁ ဖြစ်စဥ်များတွင် တက်ကြွစွာ ပါဝင်ခဲ့မှုက အထူးသဖြင့် non-CDM သမားများနှင့် ဆက်ဆံဆောင်ရွက်သည့် အခါတွင် စိန်ခေါ်မှုများရှိပြီး အင်တာဗျူးဖြေဆိုသူများအပေါ် အမြင်နှင့် ၎င်းတို့နှင့်ဆက်ဆံရေးအပေါ် လွှမ်းမိုးမှုရှိနိုင်သည်ကိုလည်း သတိချပ်ပါသည်။ စစ်တပ်၏ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများနှင့် ဓမ္မဓိဌာန်ကျသော သတင်းအချက်လက်ရယူနိုင်မှုမှာ အကန့်သတ်ရှိသောကြောင့် နိုင်ငံတကာအဖွဲ့စည်းများ၏ အစီရင်ခံစာများနှင့် လွတ်လပ်သော မီဒီယာများ၏ အစီရင်ခံစာများကို ကိုးကားခဲ့ရပါသည်။

    စာရေးသူ၏ ဒွိဟ

    အကြမ်းမဖက် အာဏာဖီဆန် လှုပ်ရှားမှု (CDM) နှင့်  CDM မပြုလုပ်သူများ ၏ ပြဿနာမှာ အလွန် အငြင်းပွားဖွယ် ဖြစ်ပါသည်။ ပညာရေး၊ ကျန်းမာရေးနှင့် ရေ စီမံခန့်ခွဲရေး ကဏ္ဍများမှ ကျွမ်းကျင်ဝန်ထမ်းများအား CDM မပြု လုပ်သဖြင့် လူမှုဆိုင်ရာအရေးယူအပြစ်ပေးခြင်းသည် အကောင်းထက် အဆိုးကိုသာ ဖြစ်စေမည်ဟု ကျွန်မအနေနှင့် ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။ CDM အား လှုပ်ရှားမှုတရပ်ဟု အမည်ကင်ပွန်းတပ် ထားသော်လည်း အကြောင်းမလှစွာပင် လူတစ်ဦးတစ်ယောက်၏ ဖြစ်တည်မှုသည် CDM တွင် ပါဝင်ခြင်း၊ မပါဝင်ခြင်းပေါ်  မူတည် ဆက်နွယ်လာပါသည်။  အထူးသဖြင့် မြန်မာ့အခင်းကျင်းတွင် လူမှုအသိုင်းဝိုင်းကြား အကွဲပြဲများကို ပိုမိုပြင်းထန်လာစေပါသည်။ သို့သော် စစ်တပ်အတွင်း အာဏာဖီဆန်လှုပ်ရှားမှုတွင် မပါဝင်သူများအား အရေးယူ ဆောင်ရွက်ခြင်းမှာ လိုအပ်သည်ဟု ယုံကြည်ပါသည်။

    တဖက်တွင်လည်း မြန်မာတော်လှန်ရေး၏အခြေနေကို သုံးသပ်ရာမှာ ကျွန်မသည် မြန်မာနိုင်ငံတွင်ရှိခဲ့စဥ်က စစ်အစိုးရ၏ ကြမ်းကြုတ်ရက်စက်မှုကို မြင်တွေ့ခဲ့ရသည်ကို ဝန်ခံပါသည်။ သို့သော် ရေမြေခြားမှာ နေထိုင်လာသည်နှင့် အမျှ (အနည်းနှင့် အများ) စိတ်ပိုင်းဆိုင်ရာ ငြိတွယ်မှု နှင့် အခြေနေအရပ်ရပ်ပေါ် စိတ်ခံစားချက်နှင့် ယှဉ်၍ချဥ်းကပ်မှု ပိုမိုနည်းပါးလာပါသည် ကိုလည်း ကျွန်မကိုယ် ကျွန်မ သတိချပ်မိပါသည်။ ဒတ်ချ်လူမျိုး ရေပညာရှင် တစ်ဦးနှင့် ယခုခေါင်းစဥ်ကို ပထမဆုံး ဆွေးနွေးစဥ် က “သူတို့က မြန်မာနိုင်ငံသားမဟုတ်လို့ ၊ မြန်မာမဟုတ်လို့ ဒီလိုပြောနိုင်တာပဲ” ဟု မိမိဘာသာ တွေးမိသော အကြောင်းရာ ခေါင်းထဲရောက်လာပါသည်။ အချိန်တွေ ကြာသွားပြီး နောက်တွင် ၎င်းတို့ပြောခဲ့သည့် အကြောင်းရာများ ကို ထည့်သွင်းစဥ်းစားဖို့ လိုလာကြောင်းကို လက်ခံလာမိပါသည်။                         

    စစ်အစိုးရလုပ်ရပ်များ၏ တိုက်ရိုက် သို့မဟုတ် ချက်ချင်း မသက်ရောက်သည့် အဝေးမှနေ၍ တဖက်နှင့်တဖက် မုန်းတီးခြင်းကို ရှောင်ကြဥ်ရမည်ဟု အကြံပြုရန် ကျွန်မစိတ်တွင်ဝိရောဓိ၊ စိတ်တွင်းပဋိပက္ခ များ များစွာဖြစ်ရပါသည်။ ကျွန်မသေချာသိရှိသည်မှာ ကျွန်မတို့အားလုံးသည် စစ်အစိုးရကို ဆန့်ကျင်သူများဖြစ်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားကောင်းစားရေး အတွက်လိုလားသူများဖြစ်ကြပါသည်။ ထို့အတွက်ကြောင့် အာဏာဖီဆန်လှုပ်ရှားမှုတွင် မပါဝင်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကျွန်မတို့၏ စိတ်များကို ဖွင့်ထားသင့်သည်ဟုမြင်မိပါသည်။

    စစ်အစိုးရကို ခုခံနေသော မြန်မာမှ သတ္တိရှိရဲရင့်သူများအားလုံးကို အလေးပြုပါသည်။ ယခု ရေးသားမျှဝေမှုသည် တော်လှန်ရေးတွင် အသက်ပေးသွားခဲ့သော ကျွန်မ၏ သူငယ်ချင်းနှင့်  မိမိတို့၏ ယုံကြည်ချက် နှင့် လွတ်လပ်ခွင့်အတွက် ရဲရင့်စွာ ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ အတွက် ရည်ရွယ်ပါသည်။ တရားမျှတမှု၊ လွတ်လပ်မှု နှင့် ဒီမိုကရေစီအတွက် မြန်မာနိုင်ငံတွင်သာမကဘဲ အဆိုပါ နှုန်းစံများ ခြိမ်းခြောက်ခံနေရသော ကမ္ဘာ့ မည်သည့်နေရာအတွက်မဆို ကျွန်မတို့အားလုံး အတူတကွ ဆက်လက်တိုက်ပွဲ ဝင်ကြပါစို့။

    ဝင်းသီရိလွင် သည် ရေနှင့်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင် ယဥ်ကျေးမှုများ၊ ယုံကြည်မှုများ၊ လူမျိုးများ နှင့် ဝိသေသလက္ခဏာ မြင်ကွင်းများမှတဆင့် မြန်မာ နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို အထူးပြု လေ့လာသည့် နယ်သာလန်အခြေစိုက် IHE Delft Institute for Water Education မှ မဟာဘွဲ့ရ တစ်ဦးဖြစ်သည်။

     Notes
    [1] Code 08 အင်တာဗျူးဖြေဆိုသူ၊ ၄ ရက် ဩဂုတ်လ ၂၀၂၃။
    [2] Code 07 အင်တာဗျူးဖြေဆိုသူ၊ ၂ ရက် ဩဂုတ်လ ၂၀၂၃။
    [3] မနီနီ၊ ၂၆ ရက် ဩဂုတ်လ ၂၀၂၃။
    [4] Code 10 အင်တာဗျူးဖြေဆိုသူ၊ ၁၀ ရက် ဩဂုတ်လ ၂၀၂၃။
    [5] ကြေညာချက်တွင်ပါဝင်သော “မိမိတို့၏ ဘဝ နှင့် အတ္တ ကိုစွန့်လွှတ်အနစ်နာခံ၍ လူအများအတွက်ရည်ရွယ်ပြီး အခက်အခဲ အမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အကြမ်းဖက်စစ်အုပ်စုကို စဉ်ဆက်မပြတ် တော်လှန်နေကြသော CDM များ….”
    [6] Code 06 အင်တာဗျူးဖြေဆိုသူ၊ ၃၁ ရက် ဇန်နဝါရီလ ၂၀၂၄။
    [7] မနီနီ၊ ၂၆ ရက် ဩဂုတ်လ ၂၀၂၃။
    [8] Code 11 အင်တာဗျူးဖြေဆိုသူ၊ ၁၁ ရက် ဩဂုတ်လ ၂၀၂၃။
    [9] ဦးဓမ္မသာမိ၊ သင်ကြားပို့ချသူ။
    [10] Code 08 အင်တာဗျူးဖြေဆိုသူ၊ ၄ ရက် ဩဂုတ်လ ၂၀၂၃။
    [11] Code 07 အင်တာဗျူးဖြေဆိုသူ၊ ၂ ရက် ဩဂုတ်လ ၂၀၂၃။
    [12] Code 04 အင်တာဗျူးဖြေဆိုသူ၊ ၁ ရက် ဩဂုတ်လ ၂၀၂၃။
    [13] ဗီဒီယို၏ ၇:၂၅ မိနစ် တွင်ရှိသော သတင်းအား ရည်ရွယ်သည်။

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.