2 Minutes To Read

နွေဦးဒိုင်ယာရီ

2 Minutes To Read
  • English
  • ဗမာစာ
  • ဇိုဟေးဆာ (ကလောင်အမည်) သည်နိုင်ငံ့ဝန်ထမ်းများစစ်အာဏာရှင်အမိန့်ဆန့်ကျင်ရေး လှုပ်ရှားမှု့ တွင်ပါဝင် သည့်အတွက်သူမ၏ဘဝနေထိုင်သည့် ပုံစံပြောင်းလဲသွား သည့်အခါ ကြံ့ကြံ့ခံခဲ့ရပုံနှင့် မီဇိုရမ်သို့ ဒုက္ခသည် အဖြစ်ရွှေ့ပြောင်းလာရပုံတို့ကို မှတ်တမ်း ပြုထားသည်။

    Credit: Jack Zack Fronicz

    ကျွန်မသည်ကျောင်းဆရာမတစ်ဦးဖြစ်ပါသည်။ဆရာမဖြစ်သည့်အားလျော်စွာလူငယ်ရတနာလေးများ၏အနာဂတ်ကိုဦးဆောင်လမ်းပြပေးသည့်မိမိအလုပ်အတွက်ဂုဏ်ယူပါသည်။ ဆရာမအလုပ်ကိုမြတ်နိုးသူပီပီသင် ကြားရေးတွင်စိတ်ရောကိုယ်ပါနှစ်ထားသည့်အတွက်အခြားမည်သည့်လုပ်ငန်းကိုမျှမကျွမ်းကျင်ပါ။ကျွန်မ၏ခင်ပွန်းသည်ပုဂ္ဂလိကဘဏ်ဝန်ထမ်းဖြစ်သည်။ လင်မယားနှစ်ယောက်စလုံးဝန်ထမ်းများဖြစ်ကြ၍ပုံမှန်လစာ ငွေဖြင့်စားဝတ်နေရေးပြေလည်အောင်စီမံခန့်ခွဲရပါသည်။ ရောင့်ရဲတင်းတိမ်အောင်လည်းသားသမီးများကို လေ့ကျင့်ပျိုးထောင်ပေးထားပါသည်။ မပြည့်စုံသော်လည်းပျော်ရွှင်တဲ့မိသားစုဘဝကိုကြိုးစားတည်ဆောက် ခဲ့ပါသည်။သို့သော်တစ်ခုသောနွေဦးမနက်ခင်းတွင်ကျွန်မ၏အိပ်မက်များဖျက်ဆီးခံလိုက်ရပါသည်။

    ထိုနေ့ကား၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီလ(၁)ရက်နေ့ဖြစ်သည်။ကျွန်မ၏တည်ငြိမ်နေသည့်ဘဝလှုပ်ခတ်ကာအပြာင်းလဲကြီးပြောင်းလဲခဲ့ရပါသည်။ ထိုနေ့တွင်စစ်တပ်သည်တိုင်းပြည်ကိုအရေးပေါ်အခြေအနေ ကြေညာကာ အုပ်ချုပ်ရေး အာဏာကိုမတရားသိမ်းပိုက်ခဲ့သည်။ အမိမဲ့သားပမာခံစားရပါသည်။ အနာဂတ် ပျောက်ခဲ့ ရသည်။ ခေတ်နောက်ပြန်ဆွဲကာအတိတ်ဘဝကိုပြန်ရောက်သွားရသလိုခံစားရသည်။ အလုပ်လုပ် ချင်စိတ်စိုး စဥ်းမျှပင်မရှိတော့ပေ။ ဖုန်းလိုင်းအင်တာနက်လိုင်းအားလုံးပြတ်တောက်ကာအထီးကျန်ဆန်လွန်း လှသည်။ ဘာတွေဖြစ်ခဲ့ပြီးဘာတွေဖြစ်လာဦးမည်ကိုမည်သူမျှမသိ။ တစ်ယောက်တစ်ပေါက်ကိုယ်ထင်ရာ ကိုယ်ပြော နေကြသည်။ တစ်ဌာနလုံး၊ ကျောင်းလုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံးပြည်သူများအတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြသည်။

    မန္တလေးမြို့တွင်ဖြစ်၏။အာဏာသိမ်းပြီး(၂)ရက်ခန့်အကြာတွင်ဆိုင်ကယ်ကားမောင်းနှင်သောပြည်သူများသည်မိမိတို့ရင်ထဲခံစား ရသည့်မွန်းကြပ်မှုများကိုဟွန်းတီးခြင်းဖြင့်ထုတ်ဖော်လာကြသည်။ တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်မြို့လုံးဟွန်းတီးသံဖြင့်ဆူညံနေလေသည်။ ၎င်းနောက်လက်၃ချောင်းထောင်အမူအရာ ဖြင့်အကြမ်းမဖက်အာဏာဖီဆန်ရေးအသံတိတ်ဆန္ဒထုတ်ဖော်လာကြသည်။ လက်၃ချောင်းထောင်ပိုစတာ များနေရာအနှံ့ပျံ့နှံ့လာသည်။ မကြာပါ။  အာဏာရှင်စနစ်ဆန့်ကျင်ရေးကြွေးကြော်သံများနှင့်အတူရင်ထဲတွင် မခံမရပ်နိုင်အောင်ခံစားနေကြသည့်ပြည်သူများ၏ အသံများထွက်ပေါ်လာပါတော့သည်။

    နိုင်ငံတစ်ဝှမ်းလုံးရှိတက္ကသိုလ်များမှဆရာဆရာမများနှင့်ဝန်ထမ်းများကလည်းလက်၃ချောင်းထောင်ပိုစတာများကိုင်ဆောင်ကာဝန်ထမ်းထုဆန္ဒထုတ်ဖော်ကမ်ပိန်းများပြုလုပ်လာကြသည်။ ဇာတ်တိုက်ထားခြင်း မရှိ သည့်ပြိုင်တူ ကြွေးကြော်သံများဖြင့်တိတ်ဆိတ်ငြိမ်သက်နေသောကျောင်း တော်ကြီးသည်ပြန်လည်သက် ဝင် လာပါတော့သည်။ ထိုအချိန်သည်ကိုဗစ်၁၉ကူးစက်မှုမြင့်မားသည့်အချိန်ဖြစ်၍ကျောင်းများပိတ်ထားကာ ဝန် ထမ်းများအလှည့်ကျတာဝန်ထမ်းဆောင်ရသည့်ကာလဖြစ်သည်။ သို့သော်ထိုနေ့တွင်ဝန်ထမ်းများစုံစုံညီညီ အင်အားပြနိုင်ခြင်းကိုကြည့်ခြင်းအားဖြင့်အာဏာရှင်စနစ်ဆိုးကိုဝန်ထမ်းများမှမည်၍မည်မျှရွံရှာမုန်းတီးနေကြသည်ကိုအထူးတလည်ပြောပြရန်ပင်လိုတော့မည်မထင်ပါ။

    စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုတွင်တိုင်းရင်းသားပေါင်းစုံကျောင်းသားပြည်သူဝန်ထမ်းမ ကျန် ဘက် ပေါင်းစုံမှပါဝင်လာကြသည်။ ပြည်သူများ၏အသဲထဲကမဲတပြားဖြင့်ရွေးကောက်တင်မြောက်ခဲ့ သည့် အနိုင် ရပါတီဦးဆောင်မှုဖြင့်ပြည်သူ့အစိုးအဖွဲ့ဖွဲ့စည်းရန်လက်တကမ်းသာလိုတော့သည်အချိန်တွင်အာဏာရူးလောဘသား တစ်စု၏မတရားလုပ်ရပ်အပေါ်နာကျည်းကြသည်။ ကျွန်မတို့တက္ကသိုလ်သပိတ်စစ် ကြောင်းသည် လည်းအခက်အခဲအတားအဆီးအမျိုးမျိုးကြားမှနေ့စဥ်ချီတက်ဆန္ဒပြခဲ့သည်။ ထိုစဥ်ကျွန်မသည်ဆယ်ကျော် သက်သမီးလေးနှင့်အတူနေထိုင်ပြီးလုံခြုံရေးအတွက်စိုးရိမ်ရသောကြောင့်လိုက်ပါချီတက် ခြင်းမပြုနိုင်သည့် အတွက်ကိုယ့်လိပ်ပြာကိုယ်မလုံဖြစ်ခဲ့ရသည်။ တာဝန်မကျေသလိုခံစားခဲ့ရသည်။ ထိုသို့ သောခံစားချက် ကိုညနေ၈နာရီထိုးချိန် အာဏာရှင်စနစ်ကိုမောင်းထုတ်ရန်သံပုံးနာနာတီးခြင်းဖြင့်ပြန်လည် ဖြေလျော့ ခဲ့ ပါ သည်။

    ကြွေးကြော်သံများအနက်” ရုံးမတက်နှင့်ရုန်းထွက်” ဟူသည့်ကြွေးကြော်သံသည်ဝန်ထမ်းထုကြီးအတွက်စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာသည်။ ကျွန်မသည်တာဝန်သိတတ်သူအလုပ်ကိုမြတ်နိုးသူဖြစ်၍ဆုံးဖြတ် ချက်ချ နိုင်ရန်အချိန်ယူရသည်။သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များနှင့်တိုင်ပင်ရသည်။ မိသားစုနှင့်တိုင်ပင် သည်။ မိဘညီအကိုမောင်နှမများနှင့်လည်းတိုင်ပင်သည်။ မိမိ၏ဌာနမှူးမှလည်းအမှန်တရားဖက်တွင် ရဲရဲ ဝံ့ဝံ့ရပ်တည် ရန်ကျိုးကြောင်းပြပေးသည်။ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အမြဲမိန့်ကြားသည့် “ ပြည်သူသာ လျှင်အဓိက” ဟူသည့်မိန့်ခွန်းကိုနားထဲကြားယောင်နေမိသည်။ မိမိတတ်နိုင်သည့်ဖက်မှအာဏာ ရှင်စနစ်ကို တွန်းလှန်ရန်ခင်ပွန်းသည်၏အားပေးထောက်ခံမှုကိုလည်းရရှိခဲ့သည်။ ဤသို့ဖြင့်ခိုင်မာသည့်ဆုံး ဖြတ်ချက် ချနိုင်ခဲ့သည်။ ဌာနရှိရုံးအကူမှသည်ပါမောက္ခဌာနမှူးအထိတစ်ယောက်မကျန်အကြမ်းမဖက်အာ ဏာဖီဆန် ရေးလှုပ်ရှားမှုတွင်တက်ညီလက်ညီပါ ဝင်ခဲ့ကြသည်။ ဖေဖော်ဝါရီလ(၈)ရက်နေ့မှစ၍ အလုပ် မသွားသည့် CDM သူရဲကောင်းအဖြစ်ဂုဏ်ယူစွာ အုတ်တချပ်သဲတပွင့်ပါဝင်ခဲ့သည်။

    စစ်တပ်အာဏာသိမ်းပြီး(၃)ပတ်ခန့်အကြာတွင်လုံခြုံရေးကိုအကြောင်းပြုပြီးစစ်ကောင်စီတပ်သားများနှင့်ရဲများကျောင်းဝင်းထဲသို့ရောက်ရှိလာခြင်းကြောင့် CDMer များ၏ဘဝလုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်လာ သည်။ ဤသို့ဖြင့်ရုံးမတက်ရုန်းထွက်သည့်နောက်တစ်လခန့်အကြာမတ်လ(၆)ရက်နေ့တွင် သမီးလေးနှင့် အတူမိဘရပ်ထံပြန်လာခဲ့သည်။သားလေးနှင့်သူ့အဖေသည်တာဝန်ကိုယ်စီဖြင့်ရန်ကုန်မြို့တွင်ကျန်နေခဲ့ သည်။ ရွာကိုရောက်ရှိပြီး(၁၀)ရက်ခန့်အကြာတွင်ဌာနမှချစ်ခင်ရသည့်သူငယ်ချင်းကရုံးပြန်တက်မည်ဖြစ် ကြောင်းမိ မိ လည်းဆန္ဒရှိပါကရုံးတက်စာရင်းပို့ထားပေးမည်ဖြစ်ကြောင်းအကြောင်းကြားလာသည်။ သစ္စာဖောက် ခံရ သလိုခံစားခဲ့ရသည်။မကြာပါ။ မိမိလေးစားရသည့်ဌာနမှူးမှလည်းအဖမ်းအဆီးများ၍ အသက်ဘေး လုံခြုံ ရေးအတွက်အလုပ်ပြန်ဝင်ပြီဖြစ်ကြောင်းအကြောင်းကြားလာပါသည်။ ရင်ဘတ်ချင်း တူခံယူချက်ချင်း တူ သည့်လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပြန်အလှန်အားပေးစကားပြောကြသည်။ အရှုံး မပေးအဆုံးထိရှေ့ ဆက် သွားကြရန်သာရှိတော့သည်။

    ၂၀၂၁ခုနှစ်ဧပြီလ(၂၇)ရက်နေ့ညနေ၂နာရီဝန်းကျင်တွင်တူလေး(ပထမနှစ်သမိုင်းအထူးပြု၊ကလေးတက္ကသိုလ်)ကိုစစ်ကောင်စီတပ်သားများကမနေ့ညကသေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းကြားသိလိုက်ရသည့်အခါရင်ကွဲမတတ်ခံစားရသည်။ထိုနေ့တွင်တီးတိန်မြို့တမြို့လုံးတိတ်ဆိတ်နေလေသည်။ပြည်သူများ၏အသက်အိုးအိမ်ကာကွယ်ပေးမည့်စစ်ကောင်စီတပ်သားများကအပြစ်မဲ့ပြည်သူများကိုအကြောင်းမဲ့လူမဆန်စွာပစ်သတ်ခဲ့လေသည်။ယခုကဲ့သို့အလားတူအဖြစ်ဆိုးမျိုးမည်သူတဦးတယောက်မျှမခံစားကြပါစေနဲ့ဟုဆုတောင်းခဲ့ပါ သည်။ဤဆုတောင်းကားမပြည့်ခဲ့ပါ။ယနေ့အထိပြည်သူများ၏အသက်အိုးအိမ်များစွာစတေးခဲ့ရပါသည်။ ဤစနစ်ဆိုးကြီးကိုမိမိတို့မတော်လှန်ရင်မည်သူတော်လှန်မည်နည်း။

    အမှန်တရားအတွက်တိုက်ပွဲခြင်းကြောင့်ရာထူးမှထုတ်ပယ်ခံရသောနေ့ (၂၀၊၀၅၊၂၀၂၁) သည်မိမိဘဝတွင် မေ့ မရနိုင်သည့်နေ့တစ်နေ့ဖြစ်ခဲ့သည်။အနှစ်(၂၀)ကျော်မြတ်မြတ်နိုးနိုးစိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်ခဲ့သည့်အလုပ်ဖြစ်ရကားမိမိ၏ခြေလက်အင်္ဂါများဖြတ်တောက်ခံရသလိုခံစားရသည်။မိသားစု၏ရေသောက်မြစ်ကြီး ခမ်းခြောက်ခဲ့ပြီ။သက်ပြည့်ပင်စင်ခံစားခွင့်ကိုမျှော်ကိုးရင်းကထိကမှတွဲဖက်ပါမောက္ခရာထူးသို့တိုးမြှင့်ခန့်ထားခံရအောင်ပင်ပင်ပမ်းပမ်းကြိုးစားခဲ့မှုများသဲထဲရေသွန်ဖြစ်ခဲ့ရပြီ။ဘဝသည်အထီးကျန်ဆန်လွန်းလှသည်။အလုပ်ကိုသံယောဇဥ်ဖြတ်ဖို့မလွယ်ကူပါ။သို့သော်အယူခံဝင်ရန်စိုးစဥ်းမျှပင်စိတ်ကူးမရှိခဲ့ပေ။ ထာဝရဘုရား သခင်သည်မိမိအဖို့အကောင်းဆုံးသောအရာများပြင်ဆင်ပေးလိမ့်မည်ကိုယုံကြည်နေမိသည်။

    တော်လှန်ရေးကာလအတွင်းမိဘအရိပ်ကိုပြန်လည်ခိုလုံခွင့်ရရှိပြီးအသက်၈၀နှစ်အရွယ်ဖခင်ကြီးကိုအနီးကပ်ပြုစုခွင့်ရခဲ့သည့်အတွက်ကိုယ့်ကိုယ်ကိုကျေနပ်နေရသည်။မိဘညီအကိုမောင်နှမများ၏နားလည်ပေးမှု၊အဖက်ဖက်မှဝန်းရံပေးမှုသည်လည်းကျွန်မအတွက်ခွန်အားဖြစ်စေခဲ့ပါသည်။ကျွန်မသည်အခွင့်အခါသင့်သလိုဖခင်၏တောင်ယာစိုက်ခင်းသို့သွားရောက်ကာအပင်များပြုစုခဲ့သည်။ပေါက်ပြားကိုင်ပြီးလမ်းဖောက်သည်။ပေါက်တူးကိုင်ပြီးမြက်ပင်ပေါင်းပင်ရှင်းရသည်။သံတူရွင်းကိုင်ပြီးမြေတူးသည်။ဓားကိုင်ပြီးသစ်ပင်ခုတ်သည်။ ခဲတံနှင့်ဘောလ်ပင်းကိုသာကိုင်ခဲ့သည့်ကျွန်မ၏လက်အစုံကိုဘက်စုံအသုံးချတတ်လာသည်။အဆိုးထဲက အကောင်းဟုဆိုရပေမည်။တဖက်တွင်လည်းသာရေးနာရေးနှင့်သက်ဆိုင်သည့်ရပ်ရွာဓလေ့ထုံးတမ်များနှင့် ထိတွေ့ခံစားခွင့်ရရှိခဲ့သည်။

    သဘောထားခံယူချက်ဟူသည်မတူကွဲပြားကြသည်ဖြစ်ရာကျွန်မတို့ရွာမှအများစု၏သဘောထားသည်လည်းကျွန်မနှင့်ပြဒါးတလမ်းသံတလမ်းဖြစ်နေသည်။ဝန်ထမ်းများ CDM လုပ်သူနည်းသည်။ဘယ်အစိုးရ တက် တက်ကိုယ့်အလုပ်ကိုယ်လုပ်ရမည်ဟုခံယူထားကြသည်။စစ်ကောင်စီမှဝန်ထမ်းအသစ်ခေါ်ယူသည့်အခါသွားရောက်ဖြေဆိုကြသည်။အလုပ်ရလျှင်လည်းဂုဏ်ယူနေကြသည်။သူတို့ကိုယ်သူတို့ဟုတ်လှပြီဟုထင်နေကြ သည်။ဤသို့သောဝန်းကျင်နေရာမျိုးတွင်နေရသည့်အတွက်မိမိအဖို့မှာအနေခက်လှသည်။

    တခါတရံတွင်အိမ်တွင်နေသားမကျခြင်းကြောင့်ဖြစ်စေပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့်ဖြစ်စေမပျော်မရွင် ဖြစ်နေသည့်အမေဖြစ်သူကိုမေမေစိတ်ဓာတ်မကျပါနဲ့သမီးတို့တော်လှန်ရေးကအောင်မြင်မှာပါဟုအမြဲအားပေးသည့်ဆယ်ကျော်သက်သမီးလေးလောက်သူတို့နားမလည်ကြသည်ကိုတွေးမိပြီးစိတ်မကောင်းဖြစ်ခဲ့ရ သည်။အမှားအမှန်ဝေဖန်ပိုင်းခြားချင့်ချိန်နိုင်စွမ်းရှိသည့်သမီးလေးအတွက်ဂုဏ်ယူရသည်။သမီးလေး၏ဆင်းရဲအနစ်နာခံမှုသည်မိမိထက်ပိုလို့တောင်နေပါသေးသည်။ကျွန်မ၏ခင်ပွန်းမှလည်းသမီးလေးကိုသမီးမေမေကတော်လှန်ရေးသူရဲကောင်းကြီးဖေဖေတို့သမီးတို့ကသမီးမေမေအတွက်ဂုဏ်ယူရမည်ဟုတဖွဖွပြောဆိုသည့်အတွက်လည်းခွန်အားဖြစ်စေခဲ့သည်။

    စိတ်အားငယ်သည့်အချိန်တွင်ကိုယ်ခံအားလည်းနည်းနေ၍လားမသိမှတ်မှတ်ရရ၂၀၂၁ခုနှစ်မေလ(၂၉)ရက်နေ့တွင်တစ်မိသားစုလုံးကိုဗစ်၁၉ကူးစက်ခံရသည်။စိတ်ဓာတ်မကျအောင်မနည်းအားတင်းထားရသည်။အိမ်တိုင်ရာရောက်ကုသပေးသည့်သူနာပြုစိတ်ဓာတ်ပြည့်ဝသူရင်ဘတ်ချင်းတူသူ CDMer ဆရာမကို ကျေးဇူးတင် လေးစားမိပါသည်။နေထိုင်မကောင်းဖြစ်၍စိတ်အားငယ်နေချိန်တွင်သူမ၏အားပေးနှစ်သိမ့်ပေးမှုများသည်ခွန်အားဖြစ်စေခဲ့ပါသည်။

    ရွာကိုရောက်ရှိခြင်းတစ်နှစ်ခန့်ကြာလာသည်နှင့်အမျှပတ်ဝန်းကျင်အသိုင်းအဝိုင်း၏အမျိုးမျိုးဝေဖန်ပြောဆို ခြင်းခံရသည်။ယောက်ျားနှင့်ကွဲပြီလားဟုခဏခဏအမေးခံရခြင်းသည်စိတ်အနှောင့်အယှက်အဖြစ်ရဆုံးဖြစ်သည်။CDMဝင်တော့လစာမရတော့ဘူးပေါ့။တော်လှန်ရေးဘယ်လိုနည်းနှင့်မှနိုင်မှာမဟုတ်ကြောင်း၊အလုပ်ပြန်ဝင်သင့်ကြောင်းမညာမတာပြောရက်လေကြသည်။အမျိုးအရင်းခေါက်ခေါက်များထံမှအားပေးစကားမဆိုထားနှင့်ပြစ်တင်ဝေဖန်မှုကိုသာခံခဲ့ရသည်။တဖက်တွင် လည်းမြို့နေ CDMerများဖမ်းဆီးခံရမှုမှာ တနေ့တခြား ပိုများလာသည်။သို့လောသို့လောနှင့်လုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်လာပြန်သည်။အချိန်ကြာလာသည်နှင့် အမျှရွာရှိစာသင်ကျောင်းများလည်းပြန်ဖွင့်လှစ်လာကြသည်။သို့သော်သမီးလေးသည်စစ်ကောင်စီမှဖွင့်လှစ်သည့်ကျောင်းတွင်တက်ရောက်ရန်ဆန္ဒမရှိပေ။အင်တာနက်လိုင်းများဖြတ်တောက်ထားသဖြင့်အွန်လိုင်းပညာရေးဖြင့်လေ့လာရန်ကလည်းမဖြစ်နိုင်ပေ။

    ထိုစဥ်အိန္ဒိယနိုင်ငံမီဇိုမ်ပြည်နယ်ကနေရွာကိုအလည်ပြန်လာသည့်ကက်သလစ်ဘုန်းတော်ကြီးနှင့်သွားရောက်တွေ့ဆုံကာသမီးလေး၏ပညာရေးအတွက်လိုက်ပါခွင့်ရရှိခဲ့သည်။ဤသို့ဖြင့်၂၀၂၂ဧပြီလ(၉)ရက်နေ့တွင်မီဇို ပြည်နယ်၊ဘွင်ပွီးရွာသို့ရောက်ရှိခဲ့သည်။တိုင်းတပါး၏စာသင်ကျောင်းတွင်ပညာဆက်လက်ဆည်းပူးခွင့်ရရှိသောသမီးလေးသည်စိန်ခေါ်မှုအမျိုးမျိုးနှင့်ရင်ဆိုင်ရသည်။ဒေသခံများ၏ဘာသာစကားနားမလည်ခြင်း၊ကျောင်းတွင်ဟိန္ဒီ၊မီဇိုနှင့်လိုင်ဇိုစသည့်ဘာသာရပ်များသင်ကြားရသောကြောင့်သင်ရိုးညွှန်းတမ်းနှင့်မရင်းနှီး ခြင်း၊ယဥ်ကျေးမှုမတူညီခြင်းကြောင့်ပေါင်းသင်းဆက်ဆံရေးတွင်အဆင်မပြေခြင်းစသည့်အခက်အခဲအမျိုးမျိုးရင်ဆိုင်ရသည့်သမီးလေးကိုကြည့်ပြီးဂရုဏာသက်မိသည်။ကိုယ့်ကိုယ်ကိုတရားခံတစ်ဦးကဲ့သို့လည်းခံစားရသည်။

    ကျွန်မသည်ဘော်ဒါစားဖိုမှူး၏အချက်အပြုတ်လုပ်ငန်းများကူညီလုပ်ကိုင်ပေးခဲ့သည်။တနေ့တနေ့အာလူးနွှာရ၊စပါးလုံးရွေးရ၊အိုးတိုက်ပန်းကန်ဆေးရနှင့်အချိန်ကုန်ခဲ့ရသည်။လူပင်ပန်းစိတ်ပင်ပန်းခဲ့ရသည်။မြန်မာပြည်ကိုလွမ်းသည်။အရင်ဘဝကိုတမ်းတမိသည်။ပြန်ချင်စိတ်ကိုမနည်းမျိုသိပ်ထားရသည်။သို့သော်ပျော်ရာမှာမနေတော်ရာမှာနေရမည့်မိမိဘဝကိုမေ့ထား၍မရပေ။CDMerတစ်ဦးရင်ဆိုင်ရသည့် Refugee ဘဝသည် ခက်ခဲလွန်းလှပါသည်။ လူမှန်နေရာမှန်ပြန်ရောက်ရှိနိုင်ရန်ဘုရားသခင်ထံပါးအမြဲဆုတောင်းနေမိသည်။

    ICA (Institute of Chin Affairs) ၏ဖေ့စ်ဘုတ်စာမျက်နှာတွင်၂၀၂၃ခုနှစ်သြဂုတ်လ(၈)ရက်နေ့ရက်စွဲ ဖြင့်Research Fellow (၅)ဦးဖိတ်ခေါ်ထားကြောင်းသူငယ်ချင်းများထံမှကြားသိရသည်။ စိတ်ဝင်စား သည်။အတွေ့အကြုံမရှိအခက်အခဲအမျိုးမျိုးကြားမှကြိုးစားပြင်ဆင်ခဲ့သည်။အလုပ်လုပ်ရင်းစဥ်းစားသည်။ စဥ်းစားမိသည့်အကြောင်းအရာများကိုချရေးသည်။အတွေ့အကြုံရှိသည့်သူငယ်ချင်းများထံမှအကြံအဥာဏ်တောင်းခံသည်။ လျှောက်လွာပိတ်ရက်သြဂုတ်လ(၃၁) ရက်နေ့အမှီပေးပို့နိုင်ခဲ့သည်။ စက်တင်ဘာလ (၁၅)ရက် နေ့တွင်ဆန်ခါတင်အရွေးခံရကြောင်းအကြောင်းကြားစာရရှိသည့်အခါပျော်ရသည်။ အလုပ်စ လျှောက်သည့်အချိန်ကခံစားမှုမျိုးတဖန်ပြန်ခံစားရသည်။မိမိစိတ်ဝင်စားသည့်နယ်ပယ်ဖြစ်၍အရွေးခံချင် သည်။စက်တင်ဘာလ(၂၇)ရက်နေ့တွင်ရွေးချယ်ခံရကြောင်းအကြောင်းကြားလာသည်။အလွန်ဝမ်းသာသည်။ကောင်းမြတ်တော်မှုသည့်ဘုရားရှင်ဘုန်းတော်ဂုဏ်တော်ထင်ရှားစေသတည်း။

    Canada အခြေစိုက် International Development Research Centre (IDRC)၏ကြီးမှူးမှုဖြင့် Institute of Chin Affairs (ICA) နှင့် Mizoram University (MZU)တို့အကြားနားလည်မှုစာချွန်လွှာအရ ဆောင်ရွက်သည့် Myanmar Fellowship Program တွင် Research  Fellowအဖြစ်ပါဝင် ခွင့်ရသည့် အတွက် ကိုယ့်ကိုယ်ကိုကျေနပ်ဂုဏ်ယူသည်။တဖက်တွင်သမီးလေးနှင့်ခွဲခွါရမည်ကိုတွေးပြီးရင်မောရသည်။သမီးအတွက်စိတ်မပူရန်စိတ်ချလက်ချသွားရန်ကိုယ့်ကိုယ်ကိုသာဂရုစိုက်ရန်တတွတ်တွတ်မှာကြားသည့်သမီးလေးကိုဘွလ်ပွီးတွင်ထားခဲ့ပြီးကျွန်မ၏ဒုတိယဘဝခြေလှမ်းသည်မြို့တော်အိုက်ဇောလ်ဆီသို့တဦးတည်းအထီး ကျန်စွာစတင်လာခဲ့သည်။

    ၂၀၂၂ခုနှစ်အောက်တိုဘာလ(၁၀)ရက်နေ့တွင်အိုလ်ဇောလ်မြို့ Chanmari ရပ်ကွက် ရှိ ICA ရုံးခန်းတွင် Deputy Director, Learning facilitator နှင့် research fellow၅ဦးတွေ့ စုံမိတ်ဆက်ခဲ့ကြသည်။ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့တွင် Mizoram University ၏ ပုရဝုဏ်တွင် Chin Research Centreကို ICA နှင့် MZU မှတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ဖွင့်လှစ် နိုင်ခဲ့သည်။ဤသို့ဖြင့် ICA နှင့် MZU အကြားသမိုင်းဝင်မှတ်တိုင်တစ်ခုထူနိုင်ခဲ့ခြင်းသည်မြန်မာ့နွေဦးတော်လှန်ရေးမှသန္ဓေတည်လာသည်ဟုဆိုရပေမည်။

    ကျွန်မတို့သည် MZU မှပါမောက္ခနှင့်တွဲဖက်ပါမောက္ခအဆင့်ရှိသည့်ဆရာကြီး ဆရာမကြီးများ ထံမှ သုတေသနရေးသားရေးဆိုင်ရာအခြေခံနည်းလမ်းများကိုလေ့လာသင်ယူရန်အခွင့်အလမ်းရရှိခဲ့ပါသည်။နိုင်ငံရပ်ခြားသို့ရောက်ရှိကာဘာလုပ်ဘာကိုင်ရမှန်းမသိဘဝကိုစမ်းတဝါးဝါးဖြတ်သန်းနေစဥ်မိမိတို့ကိုပညာရွှေအိုးဖြည့်ပေးသည်သာမကစားဝတ်နေရေးပြေလည်ရန်ထောက်ပံ့စီစဥ်ဆောင်ရွက်ပေးသည့် ICA မှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ အစစအရာရာဂရုစိုက်ပေးသည့်အဖွဲ့ခေါင်းဆောင် Hannah Russel နှင့် learning facilitator ကိုလည်း ကျေးဇူးတင်ရှိပါသည်။

    ဤ Program နှင့်လက်တွဲ၍စစ်ဘေးရှောင်ကျောင်းနေအရွယ်ကလေးငယ်များပညာသင်ကြားရေး အခွင့် အလမ်းရရှိစေရေးကျောင်းသားမိဘများနှင့်တာဝန်ရှိပုဂ္ဂိုလ်များနှင့်ညိုနိုင်းဆွေးနွေးအဖြေရှာရင်း၎င်းတို့ရင်ဆိုင်ကြုံတွေ့ရသည့်အခက်အခဲများကိုကျော်လွားနိုင်မည့်နည်းလမ်းများအပြင် credit transfer အထိဖော်ဆောင် သွားနိုင်သည့်သုတေသနတစ်စောင်ရေးသားပြုစုရန် ရည်ရွယ် ပါသည်။ထို့ ပြင်မိမိ ပတ်ဝန်းကျင် အသိုင်း အဝိုင်း၊ မိမိလူမျိုးအတွက် အကျိုးပြုသုတေသနများ ရေးသားပြုစုရင်း သုတေသီ တစ်ဦးအဖြစ် ဖြင့်နွေဦး တာဝန်ကိုဆက်လက်ထမ်းဆောင်ရန်ရည်ရွယ်လျက်ရှိပါသည်။

    နွေဦးမှအစပြုလာသည့်ဤခရီးသည်အဘယ်အထိလျှောက်ရဦးမည်နည်း။အဘယ်မှာဆုံးမည်နည်းခန့်မှန်းရ ခက်လှပါသည်။မကြာတော့ပါ။လွမ်းမောဖွယ်ဥဩတွန်သံများနှင့်အတူနောက်ထပ်နွေဦးရောက်ရှိလာပါတော့မည်။မည်သို့ပင်ဆိုစေကာမှုနွေဦးတော်လှန်ရေးအောင်ပွဲကြိုဆိုရန်အတွက်မိမိနှလုံးသားထဲစိုက်ထူထားသည့်အောင်သပြေပင်ကိုရေလောင်းပေါင်းတင်ပြုစုရဦးမည်။အမှောင်ပြီးလျှင်အလင်းရောက်လာစမြဲပါ။ နွေဦး တော်လှန်ရေးအောင်မြင်ပြီးသကာလတိုင်းရေးပြည်ရေးအေးချမ်း၍အခြေအနေပေးလာပါကဤ Program မှလေ့လာသင်ယူရရှိသည့်ပညာရပ်များကို မိမိ လုပ်ဖော်ကိုင်ဖက်များနှင့်ကျောင်းသား ကျောင်းသူများ ကို ပြန်လည်မျှဝေရင်း သင်ကြားရေးနှင့် သုတေသနကို ပေါင်းစပ်ကာပညာရပ်ဝန်း ကျင်ကောင်း တစ်ခု ဖန်တီးဖော်ဆောင်နိုင်ရန်ကြိုးစားသွားပါမည်။

    ဇိုဟေးဆာ (ကလောင်အမည်) သည် အဆင့်မြင့်ပညာရေးဌာနမှ CDM ပြုသူဖြစ်ပီး ယခုအခါချင်းရေးရာ တက္ကသိုလ်နှင့်မီဇိုရမ်တက္ကသိုလ်တို.ပူးပေါင်းဆောင်ရွက်မှု့လက်အောက်ရှိမြန်မာသုတေသနပညာရှင်များထဲမှတစ်ဦးဖြစ်သည်။

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.