ကီကုချိ တိုင်ဟေး မှ မြန်မာ့ဖယ်ဒရယ်စနစ်နှင့် အမျိုးသားရေးရာဖြစ်တည်မှုဇစ်မြစ်တို့မှာခွန်ကြည်၏ရှေ့တန်းမှပြောဆိုထားခဲ့သည့်အချက်တို့တွင်မှတ်သားစရာအဖြစ်ထင်ကျန်နေကြောင်းတင်ပြထားသည်။
မြန်မာနိုင်ငံသည်၁၉၄၈ခုနှစ်တွင်လွတ်လပ်ရေးရပြီးချိန်မှစ၍အုပ်ချုပ်ရေးစနစ်ကိုတစ်ပြည်ထောင်နိုင်ငံအဖြစ်ရွေးချယ်ခဲ့သည်။ယင်းသည်ယနေ့ခေတ်နိုင်ငံရေးအတွက်သာမက၊နိုင်ငံအဖြစ်ရပ်တည်မှုအတွက်လည်းအရေးပါသည်။ထိုအကြောင်းအရာနှင့်ပတ်သက်၍၊ပင်လုံညီလာခံသည်(ပြည်မ)မြေပြန့်ဗမာပြည်[1] ကိုယ်စားလှယ်များနှင့်တိုင်းရင်းသားအုပ်စုများကဖယ်ဒရယ်နိုင်ငံတည်ထောင်ရန်ကတိပြုခဲ့ရာနေရာအဖြစ်မကြာခဏပြန်လည်သတိရစရာဖြစ်စေသည်။တိုင်းရင်းသားလူနည်းစုများအကြားတွင် ၁၉၄၇ ခုနှစ်ပင်လုံညီလာခံကိုမြန်မာနိုင်ငံ၏လွတ်လပ်ရေးသူရဲကောင်းအောင်ဆန်းမှဖယ်ဒရယ်စနစ် အခြေခံသည့်တိုင်းပြည်တည်ဆောက်ရန်ကတိပြုခဲ့သည့်ဖြစ်ရပ်ဟု အမှတ်ရနေကြသည်။ သို့သော်၊ အောင်ဆန်းဖန်တီးခဲ့သည့်စစ်တပ်ကိုတိုင်းပြည်ကိုကာကွယ်စောင့်ရှောက်သူများနေရာတွင်ထား၍၊ အာဏာသိမ်းစစ်တပ်နှင့်အစိုးရတို့သည်ပင်လုံညီလာခံကိုပြည်ထောင်စုညီညွတ်ရေး၏ဇစ်မြစ်အဖြစ်အမွှန်းတင်ပြီး သူတို့အုပ်ချုပ်ခြင်းကိုတရားဝင်ဖြစ်အောင်ပြုလုပ်ခဲ့ကြသည်။ (Walton 2008)
ပင်လုံညီလာခံ၏မျက်မှောက်ခေတ်တွင်ပါဝင်ဆက်စပ်နေမှုရှိနေသည်ဆိုစေကာမူ၊အရေးပါသောအလှည့်အပြောင်းဖြစ်စေသည့်ဖြစ်ရပ်များကိုသမိုင်းဆိုင်ရာစုံစမ်းစစ်ဆေးခြင်းများပြုရာတွင်၊အထူးသဖြင့်ညီလာခံကိုလက်ခံကျင်းပပေးသူများဖြစ်သည့်ဗဟိုအစိုးရလက်အောက်ခံပဒေသရာဇ်ရှမ်းပြည်ကိုအုပ်ချုပ်သူမျိုးနွယ်စုအကြီးအကဲစော်ဘွားများ၏အကြောင်းအရာများမှာသတိပြုဖွယ်ကောင်း လောက်အောင်နည်းပါးလွန်းသည်။၁၉၄၆ခုနှစ်မတ်လနှင့်နောက်နှစ်ဖေဖော်ဝါရီလတို့တွင်ကျင်းပခဲ့သောညီလာခံကိုရှမ်းပြည်နယ်များတွင်အုပ်ချုပ်ခဲ့သည့်အကြီးအကဲစော်ဘွားများကဦးစီးကျင်းပခဲ့ကြသည်။မူလရည်ရွယ်ချက်မှာသူတို့၏စစ်ဘေးဒဏ်ဖြင့်ထောင်းထောင်းကြေနေသည့်ပြည်နယ်များ၏အနာဂါတ်နှင့်၊မြေပြန့်ဗမာများနှင့်ဆက်ဆံရေးအတွက်စဥ်းစားချင့်ချိန်ရန်ဖြစ်သည်။ထိုညီလာခံနှစ်ရပ်စလုံးတွင်ကချင်၊ချင်းနှင့်ဗမာအုပ်စုများပါဝင်ပြီး၊၁၉၃၀ပြည့်နောက်ပိုင်းနှစ်များမှစ၍ရှမ်းပြည်နယ်များတွင်မြေရှင်ပဒေသရာဇ်စနစ်ကိုကြီးထွားလာသောနိုင်ငံရေးနိုးကြားလှုပ်ရှားမှုများဖြင့်ဆန့်ကျင်သည့်သာမန်အရပ်သားများလည်းပါဝင်သည်။အကြီးအကဲစော်ဘွားများ၏ကြိုးစားအားထုတ်မှုများသည်၁၉၄၇ခုနှစ်ဖေဖော်ဝါရီလ၁၂ရက်တွင်ချုပ်ဆိုသည့်ပင်လုံစာချုပ်တွင်ပါဝင်သည်အထိဖြစ်ခဲ့ရသည့်တိုင်၊သူတို့၏အခန်းကဏ္ဍမှာအထင်သေးခံနေရဆဲဖြစ်သည်။
ပင်လုံညီလာခံတွင်အကြီးအကဲစော်ဘွားများ၏သဘောထားအမြင်ကိုအခြေခံစေသည့်ဖယ်ဒရယ်စိတ်ကူးတစ်ခုပံ့ပိုးပေးခဲ့သူရှိသည်။ထိုသူမှာစဝ်ခွန်ကြည်(၁၉၀၁-၁၉၄၇)ဖြစ်ပြီး၊၁၉၃၀ပြည့်နှစ်များတွင် “မြန်မာပြည်ထောင်စု (United States of Burma)”တည်ဆောက်ရန် ထောက်ခံပြောဆိုပေးနေသူဖြစ်သည်။သူ၏စိတ်ကူးအကြံအစည်များသည်အကြီးအကဲစော်ဘွားများကိုသာမကရှမ်းဒေသမှတက်ကြွလှုပ်ရှားသူလူငယ်များကိုလည်းနှိုးဆွပေးသည်။ စဝ်ခွန်ကြည်အတွက် ဖယ်ဒရယ်မူဆိုင်ရာအခြေအနေများမှာ အဘယ်နည်း? မြန်မာနိုင်ငံတွင်ဖယ်ဒရယ်မူကိုမည်သူကရှေ့ဆုံးမှစတင်ထောက်ခံအားပေးခဲ့ပါသနည်း။
ရှမ်းဒေသများသည် ယနေ့ခေတ်မတိုင်မီအချိန်ကပင် တည်ရှိခဲ့ကြပြီး မျိုးနွယ်စုအကြီးအကဲအဆင့်ဆင့်စော်ဘွားများမှအုပ်ချုပ်ခဲ့ကြသည်။အဆင့်အမြင့်ဆုံးမှာအကြီးအကဲစော်ဘွားများဖြစ်ပြီးအခွင့်အာဏာအများဆုံးရရှိထားသူများဖြစ်သည်။သူတို့အဆင့်အောက်တွင်မြို့စားများနှင့်ငွေခွန်မှူးများရှိကြ၍မြို့များရွာများကိုအုပ်ချုပ်ကြသည်။ (Sanda Simms 2017, p. 27) အင်္ဂလိပ်မြန်မာစစ်ပွဲများအပြီးတွင်ဗမာအများစုနေထိုင်ကြသောမြေပြန့်ကို၊ ကိုလိုနီအုပ်ချုပ်ရေးမှတိုက်ရိုက်အုပ်ချုပ်၍၊ရှမ်းပြည်နယ်အပါအဝင်တိုင်းရင်းသားလူနည်းစုများနေထိုင်ရာကျန်နေရာဒေသများကိုတဆင့်ခံအုပ်ချုပ်သည်။ဗမာပြည်မနှင့်ရှမ်းပြည်နယ်များကိုပူးတွဲအုပ်ချုပ်ရေးကိုလိုနီစနစ်အောက်သို့သွတ်သွင်းလိုက်ပြီးနောက်၁၈၈၆မှ၁၈၉၇အကြားတွင်ဗြိတိသျှတို့ကအကြီးအကဲစော်ဘွားများကို ဆာနာတ် (Sanad) ဆိုသောအကန့်အသတ်ဖြင့်အချုပ်အခြာအာဏာကို တရားဝင်ပေးအပ်ခဲ့သည်။ (Great Britain 1947, pp. 12-13)
စဝ်ခွန်ကြည်သည်ရှမ်းပြည်နယ်များမှအကြီးအကဲစော်ဘွားတစ်ဦးဖြစ်ခဲ့သည်။ ဆီဆိုင်(သထုံ) မြို့စားစဝ်ခွန်ဆိုင်(၁၈၉၇-၁၉၀၁)နှင့်၊မိခင်ဒေါ်မမကြီးတို့မှ၁၉၀၁ခုနှစ်တွင်ဖွားမြင်ခဲ့သည်။ သူသည်ရှမ်းနှင့်ပအို့ဝ် မျိုးနွယ်နှစ်ဖက်လုံးပါသူဖြစ်သည်။ ဆီဆိုင်(သထုံ)မြို့လေးသည်စတုရန်းမိုင် ၅၀၀ ခန့်ရှိပြီး လူဦးရေ ၁၅,၀၀၀ခန့်နေထိုင်ကြသည်။ (Tun Myint 2016, pp. 219-220) ခွန်ကြည်သည် ရှမ်းစော်ဘွားများတက်ရောက်သည့် တောင်ကြီးမှကျောင်းနှင့် ရန်ကုန် စိန့်ပေါလ် ခရစ်ယာန်ကျောင်းတို့တွင်ပညာသင်ကြားခဲ့ပြီးအင်းစိန်စက်မှုသိပ္ပံကျောင်းတို့တွင်လေ့လာသင်ယူခဲ့သည်။ (Sanda Simms 2017, p. 326)
သူ လူပျိုဖော်ဝင်စအရွယ်၊ ပထမကမ္ဘာစစ်ဖြစ်ချိန် ၁၉၁၄ခုနှစ်သည်ဗြိတိသျှပိုင်အိန္ဒိယအပေါ် အရေးပါသည့်သက်ရောက်မှုများစွာဖြစ်ခဲ့သည်။ဒိုင်အာခီပုံစံကိုမြန်မာနိုင်ငံ၏အစိုးရကမိတ်ဆက်လာရပြီးထိုအကြောင်းမှာ၊အိန္ဒိယနှင့်မြန်မာနိုင်ငံနှစ်ခုလုံးတွင်နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှုများအရှိန်အဟုန်ကောင်းလာသောကြောင့်ဖြစ်သည်။ထိုသို့အုပ်ချုပ်ရေးပုံစံပြုပြင်ပြောင်းလဲခြင်းမတိုင်မီက ရှမ်းပြည်နယ်များကိုပဒေသရာဇ်ရှမ်းပြည်အဖြစ်၁၉၂၂ ခုနှစ်တွင်ပေါင်းစပ်ထားခဲ့သည်။ တချိန်တည်း မှာပင်ရှမ်းအကြီးအကဲစော်ဘွားများဖယ်ဒရယ်ကောင်စီကိုအကြံပေးအဖွဲ့အနေဖြင့်ဖွဲ့စည်းပြီးစော်ဘွားများနှင့်လုပ်ဖော်ကိုင်ဖက်များကိုအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့သည်။ (Great Britain 1947, pp. 13-14)
၁၉၃၀ခုနှစ်တွင်ခွန်ကြည်သည်ဆီဆိုင်(သထုံ)ပြည်နယ်မြို့စားအရိုက်အရာအမွေခံပြီး၊အင်းလေးမှကုန်သည်တစ်ဦး၏သမီးဖြစ်သူဒေါ်အေးသန့်နှင့်အိမ်ထောင်ကျကာစီးပွားရှာလျက်အသက်မွေးနေထိုင်ခဲ့သည်။(Sanda Simms 2017, p. 326) ထိုအချိန်တွင် ဗြိတိသျှတို့က ဗမာပြည်မြေပြန့်အထိ အချုပ်အခြာအာဏာကို ဖြန့်ကျက်ရန်ပြင်ဆင်နေချိန်ဖြစ်သည်။ ဗြိတိသျှပိုင်အိန္ဒိယတွင် ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုများအရှိန်မြင့်လာသဖြင့်ကိုလိုနီအစိုးရသည်ပြည်တွင်းမှကိုယ်ပိုင်အုပ်ချုပ်ရေးကိုအလိုက်သင့်ပြင်ဆင်ရန်လိုလာသည်။ထိုအချက်မှာအိန္ဒိယအတွက်သာမကဗမာပြည်အတွက်ပါဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင်ယင်းဖြစ်စဥ်များသည်ထူးခြားသည့်အဓိပ္ပါယ်ရှိသည်၊ဗြိတိသျှပိုင်အိန္ဒိယလက်အောက်မှခွဲထွက်ရေးနှင့်၊ကိုလိုနီနယ်များတွင်မိမိအဆင့်အတန်းကိုမြှင့်တင်ရေးဖြစ်သည်။ အိန္ဒိယစားပွဲဝိုင်းဆွေးနွေးပွဲ (India Round Table Conference) ၁၉၃၀-၃၁ နှင့် ဘားမားစားပွဲဝိုင်းဆွေးနွေးပွဲ (Burma Round Table Conference) ၁၉၃၁-၃၂ နောက်ပိုင်းတွင် ဗြိတိသျှတို့သည် ဗမာအစိုးရအက်ဥပဒေ (Government of Burma Act, 1935) ကို ၁၉၃၅ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး၊ ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှပိုင်အိန္ဒိယလက်အောက်မှမြန်မာပြည်ကို ခွဲထွက်ခွင့်ပြုကာ တိုက်ရိုက်ကိုလိုနီနိုင်ငံအဖြစ်အုပ်ချုပ်ခဲ့သည်။
ထိုသို့ခွဲထွက်ရာတွင်၊ပဒေသရာဇ်ရှမ်းပြည်မှာအဓိကကျသောမေးခွန်းနှင့်ရင်ဆိုင်ရသည်- ဗြိတိသျှပိုင် အိန္ဒိယ၏အစိပ်အပိုင်းအဖြစ်ဆက်လက်ပါဝင်မည်လော၊သို့မဟုတ် မြန်မာပြည်၏တစိပ်တပိုင်း ဖြစ်မည်လော။အိန္ဒိယစားပွဲဝိုင်းဆွေးနွေးပွဲ ၁၉၃၀-၃၁ နှင့် ဘားမားစားပွဲဝိုင်းဆွေးနွေးပွဲ ၁၉၃၁-၃၂ တွင် အကြီးအကဲစော်ဘွားများကကိုယ်စားပြုတက်ရောက်ကြသည်။ ထိုဆွေးနွေးပွဲတွင်၊အကယ်၍ပဒေသရာဇ်ရှမ်းပြည်ကိုဗမာပြည်မနှင့်ပေါင်းစပ်ချိတ်ဆက်မည်ဆိုပါကပဒေသရာဇ်ရှမ်းပြည်ကိုတစ်ပြည်ထောင်တည်းအဖြစ်ပူးတွဲမထားသင့်ကြောင်းနှင့်၊ဗဟိုအစိုးရနှင့်သီးခြားပြည်နယ်များအကြားအာဏာကန့်သတ်ခွဲဝေသော ဖယ်ဒရေးရှင်းအဖြစ်သာထားရန် ထိုဆွေးနွေးပွဲများတွင် ကိုယ်စားလှယ်များကရှင်းပြခဲ့သည်။ (Shwe Ohn 2014, pp. 103-108)
သို့သော်၊ပဒေသရာဇ်ရှမ်းပြည်ကိုဗမာပြည်မနှင့်တစ်စုတစ်စည်းတည်းပူးပေါင်းမည်/မပူးပေါင်းမည်ကို ဗမာအစိုးရအက်ဥပဒေ ကြောင့်ခေတ္တ ဆိုင်းငံ့ထားသည်။ ထိုအက်ဥပဒေက မြန်မာပြည် ကိုအိန္ဒိယနှင့် သီးခြားဖြစ်စေပြီး၊နယ်စွန်နယ်ဖျားပြည်နယ်ဒေသများကိုမြေပြန့် အစိုးရအုပ်ချုပ်မှု အောက်မှ ဖယ်ထုတ်ထားသည်။ မြေပြန့်ကို “အစိုးရမင်းများရှိရာဗမာပြည် (Ministerial Burma)” ဟုသိကြပြီးကွဲပြားသည့် အစိုးရ အုပ်ချုပ်မှုစနစ်အောက်တွင်စီမံကိန်းနယ်မြေများအဖြစ်ထားသည်။ဤသည်မှာအများခေါ်ဝေါ်ကြသော ခွဲ၍အုပ်ချုပ်သည့်မူဝါဒ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင်ရှမ်းနှင့်ဗမာအကြားဆက်ဆံရေးအတွက်စဥ်းစားရန်အခွင့်အလမ်းတခုထပ်ပေါ်လာခဲ့သည်။(တောင်ပိုင်နယ်စော်ဘွား ၁၈၉၄-၁၉၇၅) စဝ်ခွန်ပန်ဆင်၊ (မိုင်းပွန်နယ်စော်ဘွား ၁၉၀၇-၁၉၄၇)စဝ်စံထွန်းနှင့်ခွန်ကြည်တို့ကပြည်နယ်အသေးလေးများကိုဗဟိုအစိုးရလက်အောက်ခံ
ဖယ်ဒရယ်ရှမ်းပြည်နယ်များအတွင်းသို့ပူးပေါင်းရန်(မိုင်းကိုင်အစည်းအဝေး) အစည်းအဝေးတစ်ခု ခေါ် သည်။၁၉၄၆ခုနှစ်မတ်လတွင်၊လဲခြား၊မိုင်းကိုင်နှင့်မိုင်းနောင်မှစော်ဘွားများကပဒေသရာဇ်ရှမ်းပြည်မှပြဿနာများကိုဆွေးနွေးရန် နောက်ထပ်ညီလာခံတစ်ခုကျင်းပသည်၊ ယခုခေတ်အခေါ် ပထမ ပင်လုံညီလာခံပင်ဖြစ်သည်။(UHRC 1999, vol. 1, pp. 107-213) ခွန်ကြည်မှာ၁၉၄၇ခုနှစ်ဖေဖော်ဝါရီလတွင်ကျင်းပသောဒုတိယပင်လုံညီလာခံကိုကျန်းမာရေးအခြေအနေဆိုးရွားလာသောကြောင့်မတက်ရောက်နိုင်ခဲ့ပေ၊သို့သော်ဦးဖြူ[2] ကခွန်ကြည်ကိုယ်စားပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးသည်ကိုကြည့်ခြင်းဖြင့်သူ၏အရေးပါမှုကိုငြင်းကွယ်၍မရပေ။ခွန်ကြည်သည်ပင်လုံညီလာခံဖြစ်မြောက်ရေးအတွက်သိသာထင်ရှားသည့်ပံ့ပိုးမှုပေးခဲ့သည်ဟုပြောနိုင်ပေသည်။
ရှမ်းလူမျိုးအုပ်ချုပ်သူလူတန်းစားများကိုနိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်လာစေရန် နိုးကြားလာစေသူဟုရှမ်းလှုပ်ရှားတက်ကြွသူမျ[3]
ကခွန်ကြည်ကိုစတင်လေးစားကြည်ညိုလာကြသည်။ မြန်မာနိုင်ငံခေတ်သစ်သမိုင်းတွင် သူ့ကိုလူသိမများသော်လည်း ရှမ်းလှုပ်ရှားတက်ကြွသူများ[1]က ခွန်ကြည်သည်လွတ်လပ်ရေးအတွက်မြေပြန့်နှင့်တသားတည်းပူးပေါင်းရန်အားပေးခြင်းကြောင့်အထူးချီးကျူးကြသည်။ ဥပမာဆိုလျှင်-ထွန်းမြင့် (တောင်ကြီး) ကသူ၏အမှတ်တရစာစုများတွင် ခွန်ကြည်၏အကူအညီအထောက်အပံ့သည်နိုင်ငံရေးဆိုင်ရာကမ်ပိန်းမဲဆွယ်ရေးကိုပါဝင်စေသည်အထိဖြစ်ခဲ့ ကြောင်းပြန်လည်ဖော်ပြရေးသားထားသည်။ ခွန်ကြည်ကို ပဒေသရာဇ်ရှမ်းပြည်ဒီမိုကရေစီထွန်း ကားရေးနှင့်အစိုးရမင်းများရုံးစိုက်ရာဗမာပြည်နှင့်အတူဖယ်ဒရယ်နိုင်ငံတည်ထောင်ရန်ကြိုးပမ်း တိုက်ပွဲဝင်ခဲ့သူအဖြစ်မြင်ကြသည်။ (Tun Myint 2016, pp. 219-220) ရွှေအုံးကဆက်လက်၍ “ ရှမ်းပြည်နယ်မှအုပ်ချုပ်သူလူတန်းစားများအကြားတွင် ပထမဆုံးနိုးကြားလာပြီးနိုင်ငံရေးတွင် ပါဝင်လှုပ်ရှားလာသူမှာခွန်ကြည်ပင်ဖြစ်သည်”ဟုရေးသားခဲ့သည်။ဗဟိုအစိုးရလက်အောက်ခံဖယ်ဒရယ်ပြည်နယ်များမှအရပ်သားများ၏အသံကိုသူကောင်းစွာနားထောင်ခဲ့ပြီး ရှမ်းနှင့် ဗမာအကြား ဖယ်ဒရယ်စနစ် ကိုတောင်းဆိုခဲ့သည်။ (Shwe Ohn 2014, pp. 103-108)
ပဒေသရာဇ်ရှမ်းပြည်မြေပြန့်ဗမာပြည်နှင့်ဆက်ဆံရေးအဆင်မပြေမှုကိုရင်ဆိုင်ရသည့်အခါခွန်ကြည်က “ရှမ်းပြည်၏အမှားတော်ပုံ”ဟုစာစောင်ရေးသားခဲ့သည်။ ထိုစာစောင်ကို ၁၉၄၀တွင်ထုတ်ဝေခဲ့သည်။ စာစောင်တွင်မျက်နှာဖုံး၊နိဒါန်း(၁ မျက်နှာ)၊စာကိုယ်(၁၇မျက်နှာ/၁၉၃၅တွင်ရေးသားခဲ့သည်)၊ ရှင်းလင်းချက်မှတ်စု(၄မျက်နှာ/နေ့စွဲမပါ)နှင့်နောက်ဆက်တွဲ(၇မျက်နှာ/၁၉၄၀တွင်ရေးသားခဲ့/မိုင်းပွန်ပြည်နယ်စော်ဘွားစံထွန်းနှင့်အပြန်အလှန်ရေးသားသည့်စာများ)ပါဝင်သည်။
ခွန်ကြည်က ဗဟိုအစိုးရလက်အောက်ခံ ရှမ်းပြည်နယ်များကိုဗမာနိုင်ငံအတွင်းသို့ပေါင်းစပ်ရန်တောင်းဆိုခဲ့သည်။စာစောင်ထဲတွင်ရှမ်းနှင့်ဗမာတိုင်းရင်းသားအုပ်စုများအကြားသမိုင်းဆိုင်ရာနှင့်နိုင်ငံရေးရာဆက်ဆံမှုများဆွေးနွေးထားသည်။၁၉၂၈ခုနှစ်တွင်ဖွဲ့စည်းပြီး၊ဗြိတိသျှပိုင်အိန္ဒိယ၏ဖွဲ့စည်းပုံအခြေခံဥပေဒတည်ဆောက်ပုံပြုပြင်ပြောင်းလဲရေးကိုရည်ရွယ်သည့်ဆိုင်မွန်ကော်မရှင်အစီရင်ခံစာကိုဝေဖန်ရာတွင်ခွန်ကြည်ကသာလွန်အားကြီးခြင်းအတွက်လှုပ်ရှားရုန်းကန်ခဲ့သည့်ကာလများနှင့်ခေတ်အဆက်ဆက်အုပ်ချုပ်သည့်လူတန်းစားများအကြောင်းအပါအဝင်၊အုပ်စုနှစ်စုလုံးနှင့်နွယ်ယှက်နေသည့်သမိုင်းကိုအလေးပေးဖော်ပြခဲ့သည်။မကြာခဏဖြစ်တတ်သောပဋိပက္ခများရှိသည့်တိုင်၊ရှမ်းနှင့်ဗမာအသိုင်းအဝန်းအကြားနီးစပ်သည့်ယဥ်ကျေးမှု၊စီးပွားရေးနှင့် ပညာရေးဆိုင်ရာဖလှယ်မှုများရှိခဲ့သည်ကိုသူကဆွေးနွေးတင်ပြခဲ့သည်။
၆.ရှမ်းပြည်နယ်အတွက်သဘာဝကျသည့်ထွက်ပေါက်လမ်းကြောင်းမှာဗမာပြည်ဖက်သို့ဦးတည်နေသည်။ဗမာပြည်သည်ဘုရားဖူးရန်၊စီးပွားရေးယဥ်ကျေးမှုပိုင်းအတွေးအခေါ်နှင့်ပညာရပ်ဆိုင်ရာအလဲအလှယ်လုပ်ရန်တို့အတွက်အချက်အခြာကျသည့်နေရာဖြစ်သည်၊နိုင်ငံရေးရေချိန်မည်သို့ရှိသည်ဖြစ်စေရှမ်းနှင့်ဗမာတို့၏ဆက်သွယ်မှုမှာလည်းအလိုအလျောက်ပင်မယိမ်းမယိုင်အစဥ်အမြဲနီးစပ်ခဲ့သည်။ (Hkun Kyi 1940, p. 8)
ပဒေသရာဇ်ရှမ်းပြည်သည် လူဦးရေ၁.၅သန်းဖြင့် အကျယ်အဝန်းဧရိယာ ၅၆,၀၀၀ စတုရန်းမိုင်ခန့်လွှမ်းခြုံထားသည်။အခွန်ရရှိငွေမှာ ရူပီး ၈,၅၀၀,၀၀ ဖြစ်ပြီးရူပီး ၅,၈၀၀,၀၀၀ကိုဖယ်ဒရယ်ဘတ်ဂျက်သို့ပေးရသည်၊ကျန်ငွေကိုပြည်နယ်တခုချင်းစီအတွက် သုံးသည်။ ဖယ်ဒရယ်ဘတ်ဂျက်တွင်ဗမာနိုင်ငံအစိုးရထိန်းချုပ်ထားသည့်သစ်တောများနှင့်ရှမ်းပြည်နယ်မှထွက်သောဓါတ်သတ္ထုများမှရသည့်အခွန်လည်းပါဝင်သည်။ သို့တိုင်အောင် ဘဏ္ဍာငွေကြေးအခက်အခဲများရင်ဆိုင်နေရဆဲဖြစ်သည်။ အထူးသဖြင့်၁၉၃၂ တွင် ဗမာပြည်မှ အမတော်ကြေးထောက်ပံ့ငွေရပ်စဲသွားမည်ဟုမျှော်လင့်ထားသည့်အတိုင်းဖြစ်လာပြီးသည့်နောက်ပိုင်းတွင်ဖြစ်သည်။ထိုမှတဆင့်နှစ်စဥ်အနည်းဆုံးလိုငွေပြလာသည်။အကြီးအကဲစော်ဘွားများ၏ခံစားခွင့်မှာပြည်နယ်အတွက်လက်ခံရရှိငွေရာခိုင်နှုန်းပေါ်တွင်မူတည်နေသည့်စနစ်အောက်တွင်ပြည်နယ်တစ်ခုချင်းစီမှာဒုက္ခခံစားရပြီး အခွန်တိုးမြှင့်ကောက်ရန်ဖိအားဖြစ်စေသည်။
ထို့ကြောင့်ဗမာပြည်မနှင့်လုံးဝခွဲထွက်ရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့်ဗြိတိသျှအင်ပါယာ၏အစိပ်အပိုင်းအဆင့်ဆိုသည်မှာစိတ်ကူးယဥ်အိပ်မက်ဆန်လွန်းသည်၊စိတ်ကူးနှင့်ကွန့်မြူးနိုင်သော်လည်း တကယ့်လက်တွေ့နိုင်ငံရေးအရအကောင်အထည်ဖော်ရန်မှာမဖြစ်နိုင်ပေ။ကျွန်ုပ်တို့နိုင်ငံကဲ့သို့ပြည်နယ်အများအပြားနှင့်တည်ရှိနေသည့်တိုင်းပြည်တွင်မည်သို့မျှသီးခြားခွဲထွက်၍ရပ်တည်ရန်မှာမဖြစ်နိုင်ပေ။ ကျွန်ုပ်တို့သည် လူဦးရေကျိုးတို့ကျဲတဲနှင့်ဗမာ၊ထိုင်း၊တရုတ်နှင့်ပြင်သစ်အင်ဒိုချိုင်းနားတို့အကြားတွင်ကြားညပ်နေသောသေးငယ်သည့်ပြည်လေးတခုသာဖြစ်သည်။တစ်ပြည်နယ်ထဲမိမိကိုယ်ပိုင်အစိုးရတည်ထောင်၍သီးခြားထီးထီးရပ်တည်ရန်အလွန်စိတ်ပြင်းပြနေသည်ဆိုပါကရှေးဦးစွာကျွန်ုပ်တို့စဥ်းစားရမည်မှာကြံ့ခိုင်သည့်စစ်တပ်လိုအပ်ချက်ဖြစ်သည်။ကိန်းဂဏန်းများရှု့ထောင့်မှသာမက၊စီးပွားရေးအတွက်ပိုအားသာချက်ရှိစွာဖြင့်မိမိတို့ခြေထောက်ပေါ်မိမိရပ်တည်နိုင်ရန်ထင်သည်ထက်စွမ်းရည်ပိုလိုအပ်ကြောင်းလွပ်လပ်ရေးကညွှန်းဆိုနေသည်။ (Hkun Kyi 1940, p. 10)
အစိုးရမင်းများရုံးစိုက်ရာဗမာပြည်မှလုံးဝခွဲထွက်ရန်နှင့်ဗြိတိသျှအင်ပါယာအတွင်း ပဒေသရာဇ်ရှမ်းပြည်အဖြစ်ကိုယ်ပိုင်အုပ်ချုပ်ရန်စိတ်ကူးဆိုသည်မှာလက်တွေ့မဆန်ဟုရှု့မြင်သည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း၊ ပဒေသရာဇ်ရှမ်းပြည်သည် ဗမာပြည်မအပေါ်အရင်းအမြစ်များနှင့် ငွေလုံးငွေရင်းအတွက်အားကိုးနေရသည်ဟုခွန်ကြည်ကထောက်ပြခဲ့သည်။အခြားမည်သည့်နေရာကမျှချေးငှားဖို့မမျှော်လင့်နိုင်ချေ။ဗမာပြည်မနှင့်နိုင်ငံရေးအရသီးခြားရပ်တည်မည်ဆိုပါကအနာဂါတ်တွင်ကိုယ်ပိုင်အုပ်ချုပ်သည့်ဗမာပြည်မနှင့်အခွန်အခများနှင့်ပတ်သက်သည့်တိုက်ပွဲရင်ဆိုင်နိုင်ရဖွယ်ရှိသည်။ ပဒေသရာဇ်ရှမ်းပြည်သည် ဗမာပြည်မအပေါ်တွင် ရှမ်းပြည်ထွက်ကုန်များကိုတင်ပို့ခြင်းနှင့် ကုန်ပစ္စည်း တင်သွင်းခြင်း နှစ်ရပ်လုံးအပေါ်မှီခိုနေရလေရာ၊ဗမာပြည်မမှပဒေသရာဇ်ရှမ်းပြည် ထွက်ကုန်ပစ္စည်း များအပေါ်မည်သည့်အခွန်စည်းကြပ်သမျှမဆိုရှမ်းပြည်နယ်များဆက်လက်ရပ်တည်ရန်အကြီးအကျယ်ထိခိုက်နစ်နာမည်ဖြစ်သည်။ခွန်ကြည်ကဗမာပြည်မသို့တင်ပို့သည့်ကုန်ချိန် ၈၀,၀၀၀တန်နှင့် ဗမာပြည်မှ တင်သွင်းသည့် ကုန်ချိန်၂၅,၀၀တန် ဖြင့်ထိုသို့လေးလံသည့်မှီခိုမှု ကိုစာရင်းဇယားများ နှင့်အလေးအနက်တင်ပြခဲ့သည်။ (Hkun Kyi 1940, p. 11)ရှမ်းနှင့်ဗမာ ဆက်ဆံရေးသည်ခွဲခြား၍မရပဲလိုအပ်ချက်ဖြစ်သည်ဟုခွန်ကြည်ကထုတ်ပြန်ရေးသားခဲ့သည်။
ထိုမျှမက အိန္ဒိယ၏အစိုးရအက်ဥပဒေအသစ်သည် အိန္ဒိယလူမျိုးအုပ်ချုပ်သူများနှင့် အကြီးအကဲ စော်ဘွားများကိုဗြိတိသျှအင်ပါယာ၏အနာဂါတ်အစိုးရလက်ထက်တွင်ဒိုမီနီယံပိုင်နက်နယ်ပယ်တွင် စိုးမိုးအုပ်ချုပ်နိုင်သည့်အာဏာအဖြစ်ပါဝင်စေလိမ့်မည်ဟုမှတ်ချက်ပြုခဲ့သည်။ဗမာပြည်သည်လည်းထိုသို့ဒိုမီနီယံဖြစ်လာပေလိမ့်မည်။အကယ်၍အိန္ဒိယမှကြီးမြတ်သည့်အုပ်ချုပ်သူများကလွတ်လပ်ရေးအမြန်ရရှိရေးအတွက်ပူးပေါင်းပါဝင်ရန်လိုလားပါက ရှမ်းအကြီးအကဲ စော်ဘွားများလည်းထိုသိုပြုမူသင့်သည်ဟု ခွန်ကြည်က မှတ်ချက်ပေးခဲ့သည်။ ဗမာပြည်မ နှင့်ရှမ်းဖယ်ဒရယ်ပြည်နယ်များချိတ်ဆက်မှုခိုင်မာရန်ကြိုးစားအားထုတ်သင့်သည်။ ဤသို့အသိ အမြင် ရှိခြင်းကိုအခြေခံ၍၊စားပွဲဝိုင်းဆွေးနွေးပွဲညီလာခံတွင်ပဒေသရာဇ်ရှမ်းပြည်ကိုဗမာပြည်၏ပထဝီသဘောတရားအရပြည်နယ်ခွဲတခုဟုကိုယ်စားပြုတင်ပြခြင်းမှာအရေးပါသောအချက်ဖြစ်သည်။ဗမာ ပြည်နှင့်ပူးပေါင်းဆောင်ရွက်ရာမှတဆင့်ပဒေသရာဇ်ရှမ်းပြည်၏တောင်းဆိုချက်များနှင့်ရည်မှန်းချက်ဆန္ဒများအတွက်လည်းထိရောက်စွာပြောဆိုနိုင်မည်ဖြစ် သည်။ (Hkun Kyi 1940, p. 11)
ရှမ်းနှင့်ဗမာပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များရှိနေသော်လည်း၊အုပ်ချုပ်ရန်တာဝန်ရှိနေသည့်စော်ဘွားများမှာမည်သည့်အခါမျှညီညွတ်စည်းလုံးကြသည်မရှိဟုသူကဝေဖန်ခဲ့သည်။သူရေးသားခဲ့သည်မှာ-
စော်ဘွားများမှာအချင်းချင်း ရန်ငြိုးထားနေကြသည်။စည်းလုံးခြင်းမပြိုကွဲရန်တောင်ကြီးတွင်တွေ့ဆုံကြသော်လည်းအပြင်ပန်းအမြင်ကောင်းပြီးအတွင်းစိတ်တွင်ဆိုးသည်ဆိုသည်ထက်ပိုဆိုးနေကြသည်။ထို့ကြောင့်ကျွန်ုပ်အမြင်တွင်စည်းလုံးမှုပျက်ပြားနေသည့်အုပ်စိုးသူမင်းများလက်ထဲတွင်ရှမ်းပြည် စုံးစုံးမြုပ်သွားတော့မည်ဟုထင်သည်။ (Hkun Kyi 1940, p.13).[4]
ထိုအချက်သည်ပင်၊ခွန်ကြည်၏ဆွေးနွေးတင်ပြချက်ဖြစ်သော“ဆင်းရဲသားကောင်စီ” ပါဝင်လာခြင်းဖြစ်သည်။တတိုင်းပြည်လုံးစည်းလုံးညီညွတ်ကြရန်အရပ်သားများကဦးစွာစည်းလုံးသင့်ပြီး၊ပဒေသရာဇ်ရှမ်းပြည်နယ်များတွင်စည်းလုံးညီညွတ်ခြင်းမရှိသည့်အကြီးအကဲစော်ဘွားများကိုနမူနာကောင်းပြရန်သူကတိုက်တွန်းခဲ့သည်။
သို့ဖြစ်၍ရှမ်းပြည်သည် စည်းလုံးမညီညွတ်သောနယ်ရှင်တို့၏ လက်တွင်းတိမ် မြုပ်ရန်ရှိသည်ကိုထင်မြင်၍။ တိုင်းပြည်၏စည်းလုံးခြင်းကို ရှေးဦးပဋ္ဌမ မျှော်ကိုးရန် ဖြစ်လာတော့၏။ ဤကဲ့သို့သောအခြေခံအကြောင်းကိစ္စတို့ကြောင့် တိုင်းသူပြည်သားပါဝင်သော ဆင်းရဲသားကောင်စီထားရန် ပဒေသရာဇ်ကောင်စီတွင် အဆိုသွင်းခဲ့၏။ ဆင်းရဲသားကောင်စီ တနေ့နေ့ ဖြစ်လာသည့်အခါ။ နယ်ရှင်အပေါင်းတို့သည်။ စည်းလုံးညီညွတ်ဖြောင့်စင်းလာရမည်မှာ အမှန်ဖြစ်၏။ ရှမ်းပြည်သည် တိုက်ရိုက်လက်အောက်ခံပြည်နယ်မဟုတ်ဘဲ။ ကိုယ်အမျိုးဘာသာ တူအစဉ်အဆက်ဖြင့် ဆိုင်ရာဆိုင်ရာနယ်ရှင်များမှတဆင့်ခံအုပ်ချုပ်လာသော ပြည်နယ်ဖြစ်သည်ကို။ အမျိုးသားတို့မှန်သောနယ်လမ်းဖြင့်။ ဂုဏ်ယူအကိုးအကား၊ ပြုရန်နှင့်၊ အလွဲသုံးစားခြင်းမပြုထိုက်သည်ကို။ လေးနက်စွာစဉ်းစားပြီး။ ညီညွတ်ခြင်းရှိမှသာလျှင်။ နယ်ရှင်များနှင့် တိုင်းသူပြည်သားအားလုံးအရင်းတို့သည်။ ကမ္ဘာသူကမ္ဘာသားတို့၏အဆင့်အတန်းကိုမှီ၍ တင့်တယ်ခြင်းနှင့် ပြည့်စုံအပ်သော အခြေအနေကို ရောက်ရှိရန်။ နှိုင်းနှိုင်းဆဆဖြင့် ဆောင်ရွက်လုပ်ကိုင်နှိုင်ပေလိမ့်မည်။
(Hkun Kyi 1940, pp. 13-14)[5]
ပြည်နယ်တခုလုံးပေါင်းစည်းရန်မှာအရပ်သားများမှဦးစွာစည်းလုံးရမည်၊ ”ဆင်းရဲသားကောင်စီ”ကိုထိုရည်ရွယ်ချက်အောင်မြင်စေရန်ဖွဲ့စည်းသည်။
ဤသို့အခြေအနေတွင်အစိုးရမင်းများရုံးစိုက်ရာဗမာပြည်နှင့် ပဒေသရာဇ်ရှမ်းပြည်သည် ရပ်တည်ချက် တူညီသင့်ပြီး“မြန်မာပြည်ထောင်စုနိုင်ငံ (United States of Burma)”တည်ထောင် ရန်ခွန်ကြည်ကအဆုံးသတ်ကောက်ချက်ချထားသည်။ဤ”မြန်မာပြည်ထောင်စုနိုင်ငံ”တွင်ဗမာအစိုးရအဖွဲ့၏ပြည်ထောင်စုကောင်စီ၌ရှမ်းကိုယ်စားလှယ်တစ်ဦး ထားရှိရန်၊ ပဒေသရာဇ်ရှမ်းပြည်ဘက်တွင် ကောင်စီနှစ်ရပ် ထားရှိရန်နှင့် အနည်းဆုံး၉၀%သောကိုယ်စားလှယ်များ ပဒေသရာဇ်ရှမ်းပြည်မှဖြစ်ပြီး၁၀%ထက်မကျော်သောကိုယ်စားလှယ်များမှာဗမာအစိုးရရုံးစိုက်ရာဘက်မှဖြစ်ရစေမည်။ထို့အပြင်၊ ပဒေသရာဇ်ရှမ်းပြည် ရှိသစ်တော၊ဓါတ်သတ္ထု၊စီးပွားရေး၊စက်မှု၊ လယ်ယာစိုက်ပျိုးရေး၊ဘဏ္ဍာရေး၊ပညာရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဌာနများမှဝန်ထမ်းများသည် အကြီးအကဲစော်ဘွားများသို့မဟုတ်ပြည်နယ်မှရွေးကောက်တင်မြှောက်ခံရသူများဖြစ်ရမည်။(Hkun Kyi 1940, pp. 13-15)
ဗမာပြည်မမှ ပဒေသရာဇ်ရှမ်းပြည်ခွဲထွက်နိုင်ခြေရှိကြောင်းကိုခွန်ကြည်ကမငြင်းကွယ်ခဲ့ပေ။ရှမ်းသည်ဗမာပြည်၏အလယ်ဗဟိုတွင် တည်ရှိနေပြီး၊သဘာဝသံယံဇာတများဖွံ့ဖြိုးမှုနောက်ကျသည့်တိုင်၊ ယနေ့ခေတ်အစောပိုင်းကာလအထိလွတ်လပ်သည့်အဆင့်ကိုခံစားနေခဲ့သည်။ထို့ကြောင့် ပြည်သူများဆန္ဒရှိလျှင်လုံးဝလွတ်လပ်ရေးဆက်လက်ရှိနေနိုင်သည်။သို့သော်၊ လွတ်လပ်ပြီးဗမာပြည်မနှင့်သီးခြားကွဲထွက်နေရန်မှာလွယ်ကူမည်မဟုတ်၊အားလုံးစည်းလုံးညီညွတ်ရန်မရှိမဖြစ်လိုအပ်ပြီးအထက်ပါအချက်နှစ်ခုလုံးမှတခုခုကိုရွေးချယ်ရန်ဖြစ်သည်ဟုသူကထပ်မံပြောခဲ့သည်။ (Hkun Kyi 1940, pp. 14-16)တိုင်းနိုင်ငံတစ်ခုထူထောင်ဖန်တီးရန်မှာထိုတိုင်းပြည်၏တနယ်တည်းသားများစည်းလုံးညီညွတ်မှသာဖန်တီးနိုင်မည်ဟုအလေးအနက်ထားပြောခဲ့သည်။
အချုပ်အားဖြင့်ဆိုရသော်၊ခွန်ကြည်က ပဒေသရာဇ်ရှမ်းပြည်စည်းလုံးညီညွတ်ရန် အထူးအလေးပေး ခဲ့သည်။ပဒေသရာဇ်ရှမ်းပြည်၏အုပ်ချုပ်ရေးကိုသက်ဆိုင်ရာနယ်ရှင်စော်ဘွားအသီးသီးနှင့်ထိုနယ်တွင်နေထိုင်ကြသူအရပ်သားများကဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။တစ်ချိန်တည်းမှာပင်ထိုသို့ဆောင်ရွက်ရန်မှာလည်းမြေပြန့်ဗမာပြည်မကလွဲလျှင်လက်တွေ့မဆန်ဟုသူယုံကြည်ခဲ့သည်၊ ဤသည်မှာ ဗြိတိသျှပိုင်အိန္ဒိယမှသီးခြားလွတ်လပ်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရဖွဲ့စည်းရန်ဖယ်ဒရယ်ရှမ်းပြည်သည်ဗမာပြည်၏အစိုးရနှင့်အတူပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သောကြောင့်ဟုသူကကောက်ချက်ချခဲ့သည်။
အထက်ဖော်ပြပါဖြစ်သင့်ဖြစ်ထိုက်သည့်အကြောင်းအချက်များအားလုံးသည် မြန်မာနိုင်ငံတွင်ဖယ်ဒရယ်စနစ်၏ရှေ့ပြေးများပင်ဖြစ်သည်။လွတ်လပ်ရေးရပြီးဆယ်စုနှစ်အကြာတွင် ရှမ်းလှုပ်ရှားတက်ကြွသူများအပါအဝင်တိုင်းရင်းသားအုပ်စုများက၁၉၄၇ အခြေခံဥပဒေကိုပြင်ဆင်ပေးပါရန်စတင်တောင်းဆိုလာကြသည်။ ထွန်းမြင့်(တောင်ကြီး)ခေါင်းဆောင်သည့် “မှန်ကန်”သောဖယ်ဒရယ်စနစ်အတွက်လိုအပ်ချက်များမှာ၁၉၆၁ခုနှစ်တောင်ကြီးပြည်နယ်ပေါင်းစုံညီလာခံနှင့်နောက်နှစ်ပြည်နယ်ပြည်မနှီးနှောဖလှယ်ပွဲကြီးခေါ်ယူရန်တောင်းဆိုချက်တို့ပေါ်ထွက်လာခဲ့သည်။နိုင်ငံရေးလှုပ်ရှားမှုများတန်းစီပေါ်ထွက်လာပြီးယနေ့ခေတ်တွင်ထိုလှုပ်ရှားမှုများကိုဖယ်ဒရယ်လှုပ်ရှားမှုဟူ၍ခေါ်ကြသည်။၁၉၆၂ခုနှစ်အာဏာသိမ်းမှုကြောင့် ပျက်သွားသော်လည်း၁၉၈၈ လူထုအုံကြွမှုတွင်တောင်းဆိုချက်များတဖန်ပြန်ပေါ်ထွက်လာခဲ့သည်။ထို့အပြင်ခေတ်သစ်တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်းပင်လုံစာချုပ်ကိုဖယ်ဒရယ်စနစ်၏အာရုဏ်ဦးအဖြစ် အလေးထားရှုမြင်ကာ ဖယ်ဒရယ်စနစ်အစပျိုးရန်တောင်းဆိုနေကြသည်။ (cf. SNLD2020)သမိုင်းဖြစ်ရပ်မျိုးစုံပြောင်းလဲသည့်ကြားမှာပင်ခွန်ကြည်၏ဖယ်ဒရယ်စနစ်ဆက်လက်ရှင်သန်နေသည်ဟုဆိုနိုင်သည်။
စီမံကိန်းဖော်ပြချက် – ယခုဆောင်းပါးသည်ယောခ့်တက္ကသိုလ်ကလက်ခံကျင်းပသော “Plural Pasts for Collective Futures in Burma/Myanmar: Histories of Belonging and Identities (Re)Imagined,”အလုပ်ရုံဆွေးနွေးပွဲမှစာတမ်းဖြစ်သည်။လူမှု့သိပ္ပံနှင့်လူသားဆိုင်ရာသုတေသနကောင်စီချိတ်ဆက်မှု Social Science and Humanities Research Council (SSHRC) Connectionမှပံ့ပိုးပေးသည့်၂ရက်တာအလုပ်ရုံဆွေးနွေးပွဲသို့ဂျပန်နှင့်ကနေဒါအခြေစိုက်မြန်မာ့အရေးလေ့လာသူပညာရှင်၁၂ဦးတို့ကိုဖိတ်ကြားပြီးအကျိုးရှိရှိအပြန်အလှန်ဆွေးနွေးကြကာ၊ မြန်မာ့အနာဂါတ်အတွက်စဥ်းစားတွေးခေါ်နိုင်ရန်ပညာရှင်များကွန်ယက်ကိုနိုင်ငံတကာအဆင့်ထိခိုင်မာစေခဲ့ပါသည်။
တိုင်ဟေး ကီကုချိသည် ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနမှသုတေသီပညာရှင်ဖြစ်သည်။သူကမြန်မာပြည်၏အမျိုးသားနိုင်ငံဖွဲ့စည်းတည်ထောင်ခြင်းဖြစ်စဥ်နှင့်အမျိုးသားစည်းလုံးညီညွတ်မှုအကြောင်းကိုစိတ်ဝင်စားသည်။
Notes
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023