4 Minutes To Read

အသွားနှစ်ဖက်ပါသည့် ဓားမြှောင်တလက်၊ ရိုဟင်ဂျာအမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာဒုက္ခများသည် ဘာသာရေးအစွန်းရောက်မှုများကြောင့် ပိုမိုဆိုးရွားပြင်းထန်လျက်ရှိသည်

4 Minutes To Read
  • English
  • ဗမာစာ
  • Md. Salman Rahman နှင့် Fatema Tuz Zohra Nowreen တို့သည် ရိုဟင်ဂျာအမျိုးသမီးများခံစားနေရသည့် ဘာသာရေးအား လွဲမှားစွာယူဆထားခြင်း ထောက်ချောက်များနှင့် ပတ်သက်၍ ဤဆောင်းပါးတွင် ဆွေးနွေးထားသည်။

    ဓာတ်ပုံမှာ Robin Hammond/MSFမှ ၂၀၁၈ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

    Cox’s Bazar ရှိ Kutupalong ဒုက္ခသည်စခန်းသို့ မိမိတို့ လမ်းလျှောက်လာစဉ် အရုဏ်ဦး၏ ပဏာမ အလင်းရောင်သည် ကောင်းကင်အား စတင်ခြယ်သလာသည်။ စခန်းတွင်းရှိ ဗလီအမျိုးမျိုးမှ ဆုတောင်းသံများသည် ၀တ်ပြုဆုတောင်းခြင်းများကို ပြုလုပ်ရန်နှင့် နံနက်ခင်း အခမ်းအနားများအတွက် အမျိုးသားများ နိုးကြားလာစေရန် နှိုးဆော်သကဲ့သို့ဖြစ်သည်။ တချိန်တည်းတွင် အမျိုးသမီးများသည် ပျားပန်းခတ်မျှလှုပ်ရှားလာကြကာ ချက်ပြုတ်ရန် မီးမွှေးပြီး မိသားစုအတွက် အစားအစာများ ပြင်ဆင်နေကြပြီဖြစ်သည်။ အေးချမ်းသာယာ၍ တဖန်ပြန်လည်ဆန်းသစ်သည့် ခံစားချက်ကို သယ်ဆောင်လာသည့် နံနက်ခင်းလေနုအေးလေးသည် ရိုဟင်ဂျာမွတ်ဆလင်အသိုက်အဝန်း၏ စဥ်ဆက်မပြတ်ဒုက္ခများအကြားတွင် မျှော်လင့်ချက်တခုအား တီးတိုးပြောနေသည့်အလား စခန်းတခွင်ကို သာယာလှပစွာ ဖြတ်သန်းတိုက်ခတ်သွားသည်။

    ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်သည် မြန်မာနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်သော လူမျိုးသုဥ်းသတ်ဖြတ်မှုမှ လွတ်မြောက်ရန် ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့အနက် သုံးပုံနှစ်ပုံမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ပြီး ဤလူမျိုးသုဥ်းသတ်ဖြတ်မှု၏ ပြင်းထန်သည့် ဒုက္ခကိုခံခဲ့ကြရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခွင့်ရပြီးနောက်ပိုင်းတွင်လည်း ကံမကောင်းအကြောင်းမလှစွာပင်  ၎င်းတို့၏အခြေအနေသည် တိုးတက်မှုအနည်းငယ်သာရှိခဲ့သည်။ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် လိင်ပိုင်းဆိုင်ရာ အခြေပြု အကြမ်းဖက်မှု၊ ကလေးသူငယ်များ လက်ထပ်ထိမ်းမြားမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် ပညာရေးဆိုင်ရာ အတားအဆီးများသည် ဆက်လက်ပျံ့နှံ့နေသည့် ပြဿနာများအဖြစ် တည်ရှိနေဆဲဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့(IOM)၏ အစီရင်ခံစာတွင် ရိုဟင်ဂျာမိန်းကလေးငယ်များကို ၎င်းတို့၏ မိသားစုများက ကျွေးမွေးရန် ရုန်းကန်နေရသဖြင့် အသက်(၁၁)နှစ်အရွယ်  မိန်းကလေးငယ်များအနေဖြင့် အိမ်ထောင်ပြုရန် အတင်းအကျပ် ခိုင်းစေခံနေရကြောင်း ပါရှိသည်။ နိုင်ငံတကာ၏ အာရုံစိုက်မှုများသည် အခြားအကျပ်အတည်းများဆီသို့ ကူးပြောင်းသွားသဖြင့် ရန်ပုံငွေသည် တလလျှင် (၁၂)ဒေါ်လာမှ (၈)ဒေါ်လာအထိ သိသိသာသာ ကျဆင်းသွားကာ ယခင်အခြေအနေဆိုးများအား ပိုမိုဆိုးရွားလာစေပြီး ရိုဟင်ဂျာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အခွင့်အရေး၊ အလားအလာများ လျော့နည်းလာသည်။

    ရံပုံငွေ ကျဆင်းခြင်းသည် အရွယ်မတိုင်မီ အိမ်ထောင်ပြုကြရသည့် ပြဿနာများကို ဖြစ်ပေါ်စေသော်လည်း ထိုပြဿနာများ၏ အဓိက အကြောင်းအရင်းမှာ ဘာသာရေး ယုံကြည်ချက်ဖြစ်သည်။ သမီးငါးယောက်ရှိသည့် ဖခင်နှင့် စကားပြောဆိုသည့်အခါတွင် ဖခင်Habibullahက “မိန်းကလေးတွေကို စောင့်ရှောက်တာ ဘာအကျိုးမှ မရှိဘူး။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိလာရင် မည်သည့်အချိန်မဆိုသည် အိမ်ထောင်ပြုရန် အကောင်းဆုံးအချိန်ဖြစ်သည်”ဟု ပြောခဲ့သည်။ သို့သော် အမှန်တကယ်အခြေအနေတွင် အစ္စလာမ်သည် ဤအမြင်နှင့် မတူညီသော အမြင်ကို ပုံဖော်ထားသည်။ နိုင်ငံတကာ အစ္စလာမ်မစ်တက္ကသိုလ် (International Islamic University)မှ ပါမောက္ခ Md. Manjur Hossain Patoari က “အစ္စလာမ်က အိမ်ထောင်ပြုရမယ့် အသက်အရွယ်ကို မသတ်မှတ်ထားဘဲ အမျိုးသမီးတွေအနေနဲ့ တာဝန်ဝတ္တရားတွေ ကျေပွန်အောင် ထမ်းဆောင်နိုင်ပြီး သားသမီးမွေးမြူစောင့်ရှောက်နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်သရွေ့ အိမ်ထောင်ပြုခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ အကျပ်ကိုင်မှုဟာ ဥပဒေနဲ့ မညီဘူးလို့လည်း ကြေငြာထားပါတယ်” ဟု ပြောဆိုခဲ့သည်။

    ထို့အပြင် တဦးထက်ပိုသော ဇနီးမယားနှင့် လက်ထပ်ထိမ်းမြားခြင်းသည် ရိုဟင်ဂျာအသိုင်းအဝန်းတွင် ကာလရှည်ကြာတည်ရှိနေခဲ့သည့် အစဉ်အလာတခုဖြစ်သည်။ ဤယဉ်ကျေးမှုဓလေ့ထုံးတမ်းများသည် ပြည်နယ်အတွင်း လူဦးရေတိုးပွားလာကာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများအကြား စိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့သည်။ ထို့ကြောင့် ၁၉၉၀ခုနှစ်တွင် မြန်မာစစ်အစိုးရက ရိုဟင်ဂျာအများစု လက်ထပ်ထိမ်းမြားခြင်းမပြုမီ မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့(နစက)နှင့် စစ်တပ်အာဏာပိုင်များထံမှ စစ်ဆေးခြင်းနှင့် တရားဝင်ခွင့်ပြုချက်ရယူရမည်ဟု မွတ်စလင်အများစုနေထိုင်ရာ ရခိုင်ပြည်နယ်တွင် အထူးအမိန့်ချမှတ်ခဲ့သည်။ ၎င်းတို့အနေဖြင့် နိုင်ငံရေး ရည်ရွယ်ချက်ရှိသော်လည်း ဤဥပဒေသည် ဤအခြေခံယဉ်ကျေးမှုကို ဆယ်စုနှစ် သုံးခုကျော်ကြာ ထိန်းကျောင်းနိုင်ခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေထိုင်ပြီးစဥ်မှစတင်၍ တဦးထက်ပိုသည့် ဇနီးမယားနှင့် ထိမ်းမြားလက်ထပ်ခြင်း ယဉ်ကျေးမှုသည် ပြန်လည်ပေါ်ထွန်းလာကာ ရိုဟင်ဂျာအမျိုးသမီးများ၏ ဖြစ်တည်မှုအခက်အခဲကို ပိုမိုဆိုးရွားလာစေသည်။ ရိုဟင်ဂျာ အမျိုးသား အများအပြားသည် အစ္စလာမ်ဘာသာမှ ဇနီးမယားလေးဦးအထိ လက်ထပ်ထိမ်းမြားရန် ခွင့်ပြုသည်ဆိုသည့် ဘာသာရေးယုံကြည်ချက်ကို ထင်ဟပ်ကာ ဇနီးမယားအများအပြားအား လက်ထပ်ခြင်းကို ရွေးချယ်ကြသည်။ သို့ရာတွင် အစ္စလာမ့်ဥပဒေတွင် အမျိုးသားတဦးသည် ၎င်းတို့အားလုံးကို တရားမျှတစွာဆက်ဆံနိုင်မှသာလျှင် အမျိုးသမီးအများအပြားနှင့် လက်ထပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ထိုသို့ တရားမျှတစွာဆက်ဆံနိုင်ခြင်းမရှိပါက ဇနီးမယားတဦးတည်းနှင့်သာ လက်ထပ်ထိမ်းမြားရန်ကို ပြင်းထန်ခိုင်မာစွာ အကြံပြုထားသည်။ သို့သော်လည်း ဒေသခံ အစ္စလာမ်ဘာသာရေးဆရာများအနေဖြင့် ဥပဒေများအား တသမတ်တည်း လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုသည့်အခါတွင် ရိုဟင်ဂျာအသိုင်းအဝိုင်းအနေဖြင့် အထက်ပါ အမှန်တရားအား မည်ကဲ့သို့ ဆုပ်ကိုင်နားလည်နိုင်မည်နည်း။

    ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ဒဏ္ဍာရီဆန်သည့် Fatwas (ဘာသာရေးဥပဒေ)များသည် အမျိုးသမီးများအား စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးလွတ်လပ်ခွင့်များကို ကန့်သတ်ရန် ရဲတင်းပွင့်လင်းစွာပင် ဟောပြောနေပြီး အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုကဲ့သို့သော ကိစ္စရပ်များကို လျစ်လျူရှုထားသည်။ “ယေဘုယျအားဖြင့်တော့ ရိုဟင်ဂျာတွေကို လူယုတ်မာလို့ သဘောထားတယ်။ ဒါပေမယ့် အထူးသဖြင့် အမျိုးသမီးတွေရဲ့ အခြေအနေက ပိုဆိုးပါတယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့ စစ်သွေးကြွအုပ်စုတွေက အမျိုးသမီးတွေကို ထိန်းချုပ်ဖို့အတွက် ဘာသာရေးအစွန်းရောက်ဝါဒကို ထိရောက်တဲ့လက်နက်အဖြစ် အသုံးပြုပါတယ်” ဟု အောက်စဖို့ဒ်တက္ကသိုလ်ရှိ ဒုက္ခသည်သုတေသနစင်တာမှ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်အရေးကျွမ်းကျင်သူ Nasir Uddin က ပြောကြားခဲ့သည်။ ထို့ကြောင့် ယောက်ျားပီသခြင်းဆိုသည့် သဘောတရားသည် “အမျိုးသမီးများအနေဖြင့် တန်းတူရည်တူဆက်ဆံခံရမှုနှင့် လူမှုအသိုင်းအဝိုင်းအတွင်း လွတ်လပ်စွာရွေးချယ်ခွင့်ကို ဆုံးရှုံးစေရမည်”ဆိုသည့် လူမှုရေးစံနှုန်းများကို ပုံဖော်သည့်နေရာတွင် ယောကျာ်းပီသခြင်း သဘောတရားသည် ခြောက်လှန့်မှုတခုအဖြစ် ပျံ့နှံ့သွားသည်။

    ရိုဟင်ဂျာလူမှုအဖွဲ့အစည်းတွင် အမျိုးသမီးတဦး လက်ထပ်ထိမ်းမြားပြီးသည်နှင့် သူမအနေဖြင့် မည်သည့် မတရားမှုကိုမဆို အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအခြေခံအကြမ်းဖက်မှုနှင့် ပတ်သက်သည့် မတရားမှုများကို နှုတ်ဆိတ်နေရန်သာ အကြံပြုခံထားရသည်။ ၎င်းအမျိုးသမီးများအနေဖြင့် အိမ်တွင်းအဓမ္မပြုကျင့်မှုများကို ဆန့်ကျင်ပြောဆိုရန် ရုန်းကန်နေရရုံသာမက ၎င်းတို့အား နိုင်ထက်စီးနင်းဆက်ဆံသည့် ခင်ပွန်းများနှင့် ကွာရှင်းပြတ်စဲရန် ကြိုးပမ်းရာတွင်လည်း ကြီးမားသည့် အတားအဆီးများကို ကြုံတွေ့နေရသည်။ အသက်(၂၁)နှစ်အရွယ် ကလေး(၄)ယောက်မိခင်တဦးဖြစ်သော ဆာဟာနာ*နှင့် တွေ့ဆုံမေးမြန်းခြင်းတွင် “အစ်မ ခင်ပွန်းက အစ်မကို ဘာပဲလုပ်လုပ် ကွာရှင်းခွင့်တောင်းလို့ မရဘူးလို့ စခန်းမှာ ပြောတယ်။ တကယ်လို့ အစ်မက ကွာရှင်းခွင့်တောင်းရင် အစ်မက အစ္စလာမ့်ဥပဒေတွေကို ဖီဆန်နေတာပဲလို့ ပြောတယ်” ဟု သူမက ပြောပြခဲ့သည်။ သို့သော် ကုရ်အာန်ကျမ်းတွင် အမျိုးသမီးတဦးသည် မိမိဆန္ဒအရ ကွာရှင်းခွင့်ကို စတင်ပိုင်ခွင့်ရှိကြောင်း သက်သေပြထားသည်။

    သားဆက်ခြားခြင်းဆိုင်ရာ ကိစ္စများတွင်ပင် အမျိုးသမီးများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် အနည်းငယ်သာရှိသည်။  အဆိပ်အတောက်ဖြစ်စေသည့် ယောက်ျားပီသမှု သဘောတရားများ ပျံ့နှံ့နေခြင်းသည် အမျိုးသမီးများ၏ဘဝကို အဆုံးအဖြတ်ပေးနေပြီး စိတ်ကူး၍ပင်မရနိုင်သည့် ၎င်းတို့၏ ကျန်းမားရေးကို အန္တရာယ်ဖြစ်စေနိုင်သည့် ကလေး(၄၊၅)ဦးခန့် မွေးဖွားနေရသည့် အခြေအနေနှင့် အမျိုးသမီးများသည် ကြုံတွေ့နေရသည်။ ပြင်းထန်သော ကျန်းမာရေးအန္တရာယ်များရှိနေသော်လည်း အချို့သော ရိုဟင်ဂျာအမျိုးသားများသည် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အားပါးစပ်ကို ပေးထားတော်မူလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုလူသားအား အစားအစာကို ကျွေးမွေးမည်ဟု ယုံကြည်ထားကြပြီး ၎င်းတို့၏ ဇနီးမယားများ သားဖွားစဉ်အတွင်း ကြုံတွေ့ရနိုင်သည့် အသက်အန္တရာယ်ကို လျစ်လျူရှုထားကြသည်။ ၎င်းတို့၏အသိုင်းအဝိုင်းအတွင်း ပြန့်ပွားနေသည့် ဘာသာရေးအယူသီးမှုများကြောင့် အမျိုးသမီးများသည် သားသမီးမွေးဖွားစဥ်တွင် ၎င်းတို့၏ နေအိမ်ပြင်ပရှိ သာလွန်ကောင်းမွန်သည့် ဆေးကုသမှုကို ရယူခွင့်မရှိကြပေ။ Dai ma(သမားရိုးကျ မွေးဖွားပေးသူ)မှ အကန့်အသတ်ရှိသည့် ဆေးကုသမှုကို ဆောင်ရွက်ပေးသော်လည်း ထိုဆေးကုသမှုလုပ်ငန်းစဥ်များသည် သင့်တော်သည့် သိပ္ပံဆိုင်ရာ ချဥ်းကပ်မှုများ ကင်းမဲ့နေပြီး အမျိုးသမီးများ၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အခြေအနေများကို ဖြစ်ပေါ်စေသည်။

    အလားတူပင် ဤကဲ့သို့ အခြေအမြစ်မရှိသည့် ဘာသာရေးယုံကြည်ချက်များသည် ဓမ္မတာလာခြင်းနှင့်ဆိုင်သော ပြဿနာများကို ကာလရှည်ကြာ ထိန်းချုပ်ထားပြီး အမျိုးသမီးများ၏ ရွေ့လျားသွားလာမှုနှင့် လွတ်လပ်မှုကို ကန့်သတ်ထားသည်။ ယင်းကန့်သတ်ချက်များတွင် အမျိုးသမီးများသည် ဓမ္မတာလာနေစဥ်အတွင်း အိမ်မှထွက်ခွာခြင်း(သို့မဟုတ်)ဆုတောင်းခြင်းတို့ကို တားမြစ်ခြင်းနှင့် အမျိုးသားမိသားစုဝင်များအနီးအနားတွင် ထိုင်ခြင်းတို့ပင် ပါဝင်သည်။ ဘင်္ဂလားဒေ့ရှ်လူမျိုး မနုဿဗေဒပညာရှင်နှင့် ဓမ္မတာလာစဥ် သန့်ရှင်းရေးနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှု အထူးကျွမ်းကျင်သူ Ms Farhana Sultana က ” ရှေ့တန်းဆရာဝန်တစ်ယောက်အနေနဲ့ စခန်းတွေမှာ မီးယပ်နဲ့ကိုယ်ဝန်နဲ့ပတ်သက်တဲ့ ပြဿနာအရေအတွက်ဟာ စိုးရိမ်စရာဖြစ်နေပါတယ်။ ဘာသာရေးအယူသီးမှုတွေလွှမ်းမိုးနေတဲ့ မိသားစုတွေကြောင့် အမျိုးသမီးတွေက မကြာခဏဆိုသလို သင့်လျော်တဲ့ဆေးဝါးကုသမှုကို ရှာဖွေဖို့ တားမြစ်ခံထားရတဲ့အတွက် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအကြား သင့်တင့်တဲ့ တကိုယ်ရေသန့်ရှင်းရေးကို မထိန်းသိမ်းနိုင်ဘဲ နောက်ဆုံးမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအကြား စိတ်ပိုင်းဆိုင်ရာနဲ့ မျိုးရိုးအလိုက် စိတ်ဒဏ်ရာများကို ဖြစ်စေပါတယ်” ဟု ပြောကြားခဲ့သည်။

    ဒုက္ခသည်စခန်းများတွင် စိတ်ကျန်းမာရေး ကုသမှုအတွက် “စိတ်ဒဏ်ရာဆိုင်ရာ အကြံဉာဏ်ပေးဆွေးနေးရေး” စင်တာများ အနည်းငယ်ရှိသော်လည်း စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေမှာ ဆိုးရွားနေပြီး ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းလည်း မရှိသေးပေ။ စစ်သွေးကြွအဖွဲ့ Arakan Rohingya Salvation Army (ARSA) သည် “စိတ်ဒဏ်ရာဆိုင်ရာ အကြံဉာဏ်ပေးဆွေးနေးရေး” စင်တာများကို ဖျက်ဆီးပြီး ထိုစင်တာများအတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးများကို ခြိမ်းခြောက်သည့် မှတ်တမ်းများလည်းရှိသည်။ ဤအစွန်းရောက်ဝါဒီ စစ်သွေးကြွအဖွဲ့သည် ဒုက္ခသည်စခန်းအတွင်းရှိ အဖွဲ့အစည်းအသီးသီးတွင် ရိုဟင်ဂျာ အမျိုးသမီးများအား ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းကိုလည်း တားမြစ်ထားသည်။ Human Rights Watchအဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ARSAသည် အမျိုးသမီးများအနေဖြင့် နေအိမ်ပြင်ပထွက် အလုပ်လုပ်ကိုင်ခြင်းအား တားမြစ်ထားသော ပြင်းထန်သည့် ဘာသာရေးအယူသီးမှုတရပ်ကို လှုံ့ဆော်ပြီး အနည်းဆုံး အမျိုးသမီး(၁၅၀)ဦးအား ၎င်းတို့၏ သင်ကြားရေး အလုပ်များကို စွန့်လွှတ်ရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။

    ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပြီး ငြင်းဆန်နိုင်စရာမရှိသော်လည်း  ပိုမိုဆိုးရွားသည့်အချက်မှာ ဘာသာရေးအစွန်းရောက်မှုသည် တရားစီရင်ရေးမဏ္ဍိုင်ကို မည်သို့မည်ပုံ စိမ့်ဝင်ပျံ့နှံ့နေသနည်းဟူ၍ ဖြစ်သည်။ ဒုက္ခသည်စခန်းများတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုနှင့် မုဒိမ်းမှုကဲ့သို့သော လိင်ပိုင်းဆိုင်ရာအခြေခံအကြမ်းဖက်မှုများသည် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် အဖြစ်များနေသော်လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်များနှင့် အီမာမ်များ(ဆုတောင်းသူခေါင်းဆောင်များ)သည် အဆိုပါပြဿနာများကို ဘာသာရေးအစွန်းရောက်မူဘောင်များမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ဒုက္ခသည်စခန်းတွင် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရသည့်အခါတွင် သူမသည် မတရားမှုကို ရင်ဆိုင်ရရုံသာမက သူမကိုယ်သူမ ပြန်လည်ထူထောင်ရန်လည်း မစွမ်းဆောင်နိုင်တော့ကြောင်း တွေ့ရှိရသည်။ ပြစ်မှုကျူးလွန်သူများသည် ဘာသာရေးအုပ်စုများနှင့် ဆက်စပ်မှုမှတစ်ဆင့် တရားမျှတမှုကို ရှောင်လွှဲလေ့ရှိသည်။ မုဒိမ်းမှုကျူးလွန်ခံရသူ Nasifa Akter*က သူမ၏အတွေ့အကြုံကို ပြန်လည်ပြောပြရာတွင် “အခင်းဖြစ်ပွားပြီးတော့ ကျွန်မမိသားစုက စခန်းခေါင်းဆောင်တွေဆီကနေ တရားမျှတမှုကို ရှာဖွေခဲ့ပါတယ်။ သူတို့က လျော်ကြေးနည်းနည်းပေးပြီး ဖြေရှင်းပြီး ကျွန်မဆန္ဒကို ဆန့်ကျင်တဲ့ ကျူးလွန်သူနဲ့ လက်ထပ်ဖို့ ဖိအားပေးတယ်။ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးနဲ့လက်ထပ်ရတဲ့ အမျိုးသားအပေါ် လူမှုအသိုင်းအဝိုင်းရဲ့ ဆိုးကျိုးရိုက်ခတ်မှုတွေပါရှိသေးတယ်ဆိုပြီး ကျွန်မအဖေကိုတောင် သူတို့ကသတိပေးခဲ့တယ်” ဟု ပြောပြခဲ့သည်။

    အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာဒဏ်ရာဖြစ်စေသည့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် UNHCRနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UN Refugee Agency) တို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများသည်  ကော့ဘဇား(Cox’s Bazar)ရှိ ဒုက္ခသည်စခန်း(၁၇)ခုတွင် ရပ်ရွာစေတနာ့ဝန်ထမ်း(၁၀၀၀)ကျော်ဖြင့် ဝန်ဆောင်မှုပေးသည့်နေရာများကို တည်ထောင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် ဒုက္ခသည်စခန်းအတွင်း တာဝန်ခံ (CIC) ဝန်ထမ်းများကို ခန့်အပ်ထားရှိပြီး နိုင်ငံတကာNGOများနှင့် ပူးပေါင်း၍ စခန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဟဇာတဖြစ်မှုနှင့် တရားမျှတမှု ရှိစေရန် ဆောင်ရွက်ထားရှိသည်။ သို့သော်လည်း ဤကြိုးပမ်းအားထုတ်မှုများသည် ပြစ်မှုကျူးလွန်ခံရသူများမှ သတင်းပေးပို့မှုမရှိခြင်းနှင့် လက်တုံ့ပြန်ခံရမည်ကို ကြောက်ရွံ့ခြင်းကြောင့် ကြီးမားသည့်အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။ အမျိုးသမီးများသည် နေအိမ်ပြင်ပလှုပ်ရှားမှုများတွင် ဝင်ရောက်ပါဝင်ခွင့် အကန့်အသတ်ရှိသည့်အတွက်ကြောင့် သက်ဆိုင်ရာအာဏာပိုင်များထံ သတင်းပို့ခြင်းမှာ ရှုပ်ထွေးသည့်ကိစ္စရပ်ဖြစ်သည်။ ထို့အပြင် ဥပဒေအရ အရေးယူရန် ကုန်ကျစရိတ်များသည် ရိုဟင်ဂျာ အမျိုးသမီးများအတွက် အတားအဆီးဖြစ်စေပြီး လျော်ကြေးငွေရယူရန်မှာလည်း မဖြစ်နိုင်ပေ။

    ခြိမ်းခြောက်ခြင်း ယဉ်ကျေးမှုသည် ဒုက္ခသည်စခန်းအတွင်း ပျံ့နှံ့သွားပြီး ဒုက္ခအတိရောက်နေသည့် ကျူးလွန်ခံရသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို နှုတ်ပိတ်စေခဲ့သည်။ ၎င်းအမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အခြေအနေကို ထုတ်ဖော်ပြောကြားလျှင်ပင် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများသည် အန္တရာယ်ပြုခြင်းနှင့် လက်တုံ့ပြန်ခြင်းအစရှိသည့် စွန့်စားရမှုများနှင့် ရင်ဆိုင်ရသည်။ ထို့ကြောင့် CIC နှင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကဲ့သို့သော ဥပဒေပြုအာဏာပိုင်များသည် ဒုက္ခသည်စခန်းများအတွင်း အခြေအနေများ သေချာစွာတိုးတက်ကောင်းမွန်လာစေရန် ပြုလုပ်ဆောင်ရွက်ရာတွင် နည်းလမ်းအနည်းငယ်သာရှိသည်။ အခြားအချက်တခုမှာ အကြမ်းဖျင်းအားဖြင့် ဒုက္ခသည်(၈၈၀,၀၀၀)တို့သည် စတုရန်းကီလိုမီတာပေါင်း(၁၃)ကီလိုမီတာရှိသည့် အကျယ်အဝန်းရှိနေရာတွင် နေထိုင်ကြရသည့်အတွက် အကြမ်းဖက်မှုတိုင်းအား စောင့်ကြည့်ရန် ခက်ခဲသည့်အတွက်လည်း ဖြစ်သည်။ ထိရောက်သောဆုံးဖြတ်ချက်များသည် ဝေးကွာသည့် မျှော်လင့်ချက်တခုအဖြစ် ဆက်လက်တည်ရှိနေကာ မရေတွက်နိုင်သည့် အမျိုးသမီးများသည် ၎င်းတို့၏ကံဆိုးမှုများကို တိတ်ဆိတ်စွာ ဆက်လက်ခံစားနေကြရသည်။

    ကော့စ်ဘဇားရှိ မိမိတို့၏နောက်ဆုံးနေ့တွင် ဒုက္ခသည်စခန်းမှ ပြန်လာချိန်တွင် နေဝင်ချိန်ရောက်လုနီးပြီဖြစ်သည့်အတွက် ဒုက္ခသည်စခန်းတစ်ခုလုံးအား အမှောင်ထုက လွှမ်းခြုံထားသည်။ ရေးထားသော Sahanaနှင့်Nasifaတို့ကို အမှတ်ရစေသည့် တူညီသည့် ဒုက္ခဝေဒနာများကို ခံစားနေကြရသည့် အမျိုးသမီးများနှင့် မိန်းကလေးအချို့ အလျင်အမြန် အိမ်ပြန်နေကြသည်ကို မိမိတို့တွေ့ခဲ့ရသည်။ သမိုင်းကာလတလျှောက်တွင် အမျိုးသမီးများအနေဖြင့် ပဋိပက္ခများ၏ အပြင်းထန်ဆုံးသက်ရောက်မှုကို ခံစားခဲ့ရကြပြီး ရိုဟင်ဂျာအမျိုးသမီးများကြားအတွင် ဤအမှန်တရားသည် နာကျင်စရာကောင်းစွာပင် ပေါ်လွင်နေသည်။ မြန်မာစစ်တပ်၏ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ၏ စိတ်ဒဏ်ရာများသည် ၎င်းတို့၏ စိတ်ထဲတွင် သစ်လွင်နေဆဲဖြစ်သည်။ လူမှုရေးရှုထောင့်များကို ထိန်းချုပ်ရန် ဘာသာရေးအစွန်းရောက်ဝါဒကို နည်းလမ်းတခုအဖြစ် အသုံးပြုပါက ၎င်းတို့၏မျက်နှာများကို မြှုပ်နှံရန် လုံခြုံသောနေရာကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။

    *စာရေးသူမှတ်ချက်၊ အင်တာဗျူးတွင် ပါဝင်ဖြေဆိုခဲ့သည့် အမျိုးသမီးများ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ကာကွယ်ရန်အတွက် ၎င်းတို့၏ အမည်နာမများအား ဤဆောင်းပါးတွင် ပြောင်းလဲသုံးစွဲထားသည်။

    Md. Salman Rahman သည် ဝါရှင်တန်ဒီစီမြို့ အခြေစိုက်ဖြစ်သည့် “The Millennium Project’s South Asia Foresight Network (SAFN)တွင် တွဲဖက်သုတေသီတဦးဖြစ်သည်။ Mr. Rahmanသည် နယူးဂျာစီတွင် အခြေစိုက်သည့် သုတေသနအဖွဲ့အစည်းတခုဖြစ်သည့် Consortium of Indo-Pacific Researchers (CIPR)တွင်လည်း လက်ထောက်သုတေသီအနေဖြင့် အလုပ်လုပ်ကိုင်ခဲ့ဖူးသည်။  

    Fatema Tuz Zohra Nowreen သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် “စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် လုံခြုံငြိမ်းချမ်းရေး”ဆိုင်ရာ ကဏ္ဍတွင် ဦးဆောင်အဖွဲ့အစည်းဖြစ်သည့် Aachol Foundationတွင် သုတေသီအနေဖြင့် အလုပ်လုပ်ကိုင်လျက်ရှိသည်။

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.