12 Minutes To Read

မြန်မာနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပေါ်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အထည်ချုပ်အမှတ်တံဆိပ်များ အနေဖြင့် အလုပ်သမားအခွင့်အရေး များကို အကာအကွယ်ပေးနိုင်ခြင်းကင်းမဲ့နေ

12 Minutes To Read
  • English
  • ဗမာစာ
  • ကော်ပရေးရှင်းကြီးများ တာဝန်ယူမှုရှိရေး မြန်မာ, Corporate Accountability Myanmar (CAM) သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပေါ်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အထည်ချုပ်အမှတ်တံဆိပ်များ အနေဖြင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု များနှင့်ပတ်သက်၍ မည်ကဲ့သို့ တုံ့ပြန်ဆောက်ရွက်နေသည်ကို လေ့လာ စုံစမ်းခဲ့သည်။

    မိတ်ဆက်

    “အာဏာသိမ်းတဲ့ ဖြစ်စဉ်နောက်ပိုင်းကတည်းက ဥပဒေရဲ့ အကာအကွယ်လည်းမရတော့ဘူး၊ သုံးပွင့်ဆိုင် စနစ်ကလည်း ပျက်သွားပြီဆိုတော့၊ ကျွန်တော်တို့မှာ ရွေးစရာမရှိတော့ဘူး၊ အထည်ချုပ်အမှတ်တံဆိပ်တွေကိုပဲ သူတို့ အထည်တွေချုပ်တဲ့စက်ရုံတွေမှာ ဖြစ်နေတဲ့ အလုပ်သမားအခွင့်အရေး ပြသနာတွေကို ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုရတော့တာပဲ…” ဟု အလုပ်သမားအခွင့်အရေး အဖွဲ့အစည်း LRO က ပြောပါသည်။ [1]

    ဥရောပကုန်သည်ကြီးများအသင်း, EuroCham မှထုတ်ပြန်သည့် အထည်ချုပ် ကဏ္ဍ ဆိုင်ရာ အချက်အလက်စာတမ်းမှ ဖော်ပြသည်မှာ နေထိုင်ရှင်သန်ရန် လုံလောက်သည့် လုပ်ခ ရရှိရေး ပူးပေါင်း လုပ်ဆောင်ချက်၊ (ACT)[2] 

    နိုဝင်ဘာ ၂၀၂၁ ခုနှစ်တွင် မြန်မာပြည်မှ ထွက်ခွာသွားပြီးနောက်ပိုင်း၌ပင်၊ “ACT အဖွဲ့ဝင် အထည်ချုပ်အမှတ်တံဆိပ် များနှင့် EuroCham အထည်ချုပ် ကဏ္ဍ စည်းရုံးရေး အဖွဲ့ (GAG) ၏ အဖွဲ့ဝင်များသည် အလုပ်သမားအခွင့်အရေးများ ကာကွယ်ရေးအတွက်ဆက်လက်ကြိုးစားလုပ်ဆောင်နေ ဆဲဖြစ်ပြီး၊ တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ ၎င်းတို့ကို ကုန် ပစ္စည်းပေးသွင်းနေကြသည့် စက်ရုံများရှိ သံသယဖြစ်ဖွယ် အလုပ်သမားအခွင့်အရေးများချိုးဖောက်မှုများနှင့်ပတ်သက်၍ စုံစမ်းမှုများလုပ်ဆောင်နေဆဲ ဖြစ်သည်။” မြန်မာပြည်ရှိ အထည်ချုပ် ကဏ္ဍ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများသည် ခေတ်အဆက်ဆက်၌ ပုံစံမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေဆဲဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစ၍ စစ်အာဏာရှင်ခေတ်မှ အရပ်သားတစ်ပိုင်းအစိုးရ လက်ထက်သို့ နိုင်ငံရေးပြောင်းလဲမှုဖြစ်ခဲ့ပြီးနောက်ပိုင်းတွင်၊ ၂၀၁၁ အလုပ်သမား အသင်းအဖွဲ့ဥပဒေ နှင့် ၂၀၁၂ ခုနှစ် အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ ကဲ့သို့သော ဥပဒေများအပါအဝင် အလုပ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေများချမှတ်ခြင်းကဲ့သို့သော ပြုပြင်ပြောင်းလဲမှုအချို့ချမှတ် လုပ်ဆောင်ခဲ့သည်။

    ဒဏ်ခတ် ပိတ်ဆို့မှုအချို့ကို ရုတ်သိမ်းခဲ့ပြီးနောက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ အထည်ချုပ်အမှတ်တံဆိပ်များသည် နိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာ အထည်ချုပ်အမှတ်တံဆိပ်များအချို့သည်၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO)၊ နှင့် မြန်မာပြည်ရှိ အလုပ်သမား အခွင့်အရေး နှင့် အလုပ်သမား သမဂ္ဂအရေးကို လုပ်ဆောင်နေကြသည့် အခြားသော နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများ နှင့်အတူတကွ၊ စီးပွားရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ အခြေခံစည်းမျဉ်းများ (UNGPs) မှချမှတ်ထားသည့် လူ့အခွင့်အရေးလေးစားလိုက်နာရန် တာဝန်ဆိုင်ရာ နိုင်ငံတကာစံနှုန်း များ၏ လမ်းညွှန်မှုဖြင့်၊ အလုပ်ရှင် အလုပ်သမားဆက်ဆံရေး တိုးတက်စေရန် လူမှုရေးရာ စကားဝိုင်း စီမံကိန်းများ နှင့် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များက ၎င်းတို့၏ ကုန်အမှာများ ဖျက်သိမ်းခဲ့ကြရာ၊ အဆိုပါကြိုးစားအားထုတ်မှုများ၏ အရှိန်မှာ ရပ်တန့်သွားခဲ့ရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် ၎င်းအခြေအနေမှာ ပို၍ဆိုးရွားသွားခဲ့ရသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံနှင့်အဝှမ်း လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် အလုပ်သမား သမဂ္ဂများအား ဖိနှိပ်မှုများ အပါအဝင် ဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အဆိုပါ လုပ်ဆောင်မှုများလည်း ရပ်တန့်သွားခဲ့သည်။

    မြန်မာပြည်ရှိ ကော်ပရေးရှင်းကြီးများ၏ တာဝန်ယူမှု၊တာဝန်ခံမှုအတွက် စောင့်ကြည့်ရေး (CAM) သည် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများ၊ စက်ရုံများ၌ တိုးပွားလာသော အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများအပေါ်မည်သို့ တုံံ့ပြန် ကိုင်တွယ်နေသည်ကို သိရှိရန် စုံစမ်းမှုများ ဆောင်ရွက်ခဲ့သည်။ CAM သည် အထည်ချုပ် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ လေးဦး၊ အလုပ်သမား အဖွဲ့အစည်းများ နှင့် အလုပ်သမား သမဂ္ဂများမှ လေးဦး အပါအဝင် ပတ်သက်ဆက်စပ်နေသူများကို ၂၀၂၂ ခုနှစ်၊ ဖေဖဝါရီ နှင့် မတ်လတို့တွင် မေးမြန်းဆွေးနွေးခဲ့သည်။ မတ်လအတွင်း စက်ရုံနှစ်ရုံ၌ အသေးစိတ်၊ မေးမြန်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။ ပထမစက်ရုံ၌ အလုပ်သမားသုံးယောက် နှင့် အဆိုပါအလုပ်သမားများကို အကူအညီပေးနေသည့် ပြည်တွင်းအဖွဲ့အစည်းတစ်ခု (LRO)မှ တာဝန်ရှိသူ နှစ်ဦး၊ ဒုတိယ စက်ရုံ၌ အလုပ်သမားနှစ်ယောက် နှင့် LRO မှ တာဝန်ရှိသူ တစ်ဦး တို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။[3]

    CAM သည် ၎င်းတို့ ပေးနိုင်သည့် အချိန်များ၌ ခြောက်ကြီမ်တိုင်တွေ့ဆုံခဲ့ပြီး၊ နောက်ထပ် ရှင်းလင်းစွာသိရန်လိုအပ်သည်များအတွက်လည်း တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းအပြင် ရရှိနိုင်သည့် အရင်းအမြစ် စာရွက်စာတမ်းများကို လေ့လာမှုများလည်း ပြုလုပ်ခဲ့သည်။ CAM သည် ကုန်အမှတ်တံဆိပ် ခြောက်ခုကို ဆက်သွယ်ခဲ့သည်။ သို့ရာတွင် ကုန်အမှတ်တံဆိပ် တစ်ခုတည်းသာ CAM ကို တုံ့ပြန်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များအကြောင်း ရှင်းပြခဲ့သည်။[4]

    CAM ၏ တွေ့ရှိချက်များအရ ကုန်အမှတ်တံဆိပ်အနည်းငယ်သာ ၎င်းတို့လုပ်ရိုးလုပ်စဉ် စက်ရုံများကို စစ်ဆေးခြင်း (audit) ကို အင်တာနက် လိုင်းမှတဆင့် မကြာသေးမီ အချိန်ကမှ စတင်လုပ်ဆောင်ခဲ့ကြပြီး၊ အလုပ်သမားများ၏ အခြေအနေ နှင့် လုပ်ငန်းခွင် အခြေအနေ ကို သိရှိရန် ဒေသတွင်း အတိုင်ပင်ခံများ ခန့်အပ်ဆောင်ရွက်မှုတချို့စတင်လုပ်ဆောင်ခဲ့ကြသည်။ LRO မှ အကြောင်းကြား တင်ပြမှုများရရှိပြီး အချို့သော ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ ကုန် ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများ၊ စက်ရုံများ၌ ဖြစ်ပွားနေသော အလုပ်သမားရေး အငြင်းပွားမှုများအပေါ် ဝင်ရောက် ဖြန်ဖြေမှုတချို့ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ လေ့လာမှုပြုလုပ်ခဲ့သည့် စက်ရုံတစ်ရုံ၌ ကုန်အမှတ်တံဆိပ်တစ်ခုသည် ၎င်း၏ဩဇာအရှိန်ကို အသုံးပြု၍ အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နိုင်ရန် တိုက်တွန်းအားပေးခဲ့ပြီး၊  အငြင်းပွားမှု[5] တစ်ချို့ကျန်နေသေးသော်လည်း တော်တော်များများကို ဖြေရှင်းနိုင်ခဲ့သည်။ သို့ရာတွင် လေ့လာမှုပြုလုပ်ခဲ့သည့် အခြားစက်ရုံတစ်ရုံ၌ ကုန်အမှတ်တံဆိပ်သည် တုံ့ပြန်ဖြေရှင်းမှုတစ်စုံတစ်ရာ ဆောင်ရွက်ရန် နှောင့်နေးခဲ့ပြီး၊ အလုပ်သမားများ၏ ယုံကြည်မှုပျက်ပြားခဲ့သည်။

    ပတ်သက်ဆက်စပ်နေသူများနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများ နှင့် အစီရင်ခံစာများတွင် ဖော်ပြချက်များအရ၊အာဏာသိမ်းရန်ကြိုးပမ်းမှုမတိုင်မီ၌ပင် ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ ကုန် ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများ၊ စက်ရုံများ၌ ဖြစ်ပွားနေသော အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများအပေါ် တုံံ့ပြန် ကိုင်တွယ်ရာတွင် အကန့်အသတ်များ ရှိခဲ့ကြသည်။ အထူးသဖြင့် ကုန်အမှတ်တံဆိပ်အသေးများသည် ၎င်းတို့၏ ကုန်ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများအပေါ် ဩဇာသက်ရောက်မှု အနည်းငယ်၊ (သို့မဟုတ်) အလျဉ်းမရှိကြပေ။ ၎င်းတို့၏ ကုန်မှာသည့် ပမာဏမှာ အနည်းအကျဉ်းသာ ဖြစ်၍ ၎င်းတို့က ကုန်အမှာရပ်လိုက်ပါကလည်း ၎င်းတို့၏ ကုန်ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများအပေါ်ငွေကြေးအရ သက်ရောက်နိုင်ချေ နည်းပါးခြင်းကြောင့်လည်းဖြစ်သည်။ တချို့သော ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ ကုန် ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများ၊ စက်ရုံများ၌ ဖြစ်ပွားနေသော အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများကို အသိအမှတ်ပြုရန် နှင့်  စီးပွားရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ အခြေခံစည်းမျဉ်းများ (UNGPs) မှချမှတ်ထားသည့် လူ့အခွင့်အရေးလေးစားလိုက်နာရန် တာဝန်ဆိုင်ရာ နိုင်ငံတကာစံနှုန်း များကို လျစ်လျှုရှုထားကြသည်။ ထိုကဲ့သို့သော ကုန်အမှတ်တံဆိပ်များသည် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများမှ အလုပ်သမားများအပေါ်ခေါင်းပုံဖြတ်မှုများမှ အကျိုးအမြတ်ရရှိကြသည်။ လုပ်ခလစာနည်းနည်းသာ ပေးရသော အလုပ်သမားထု နှင့် အလုပ်သမားအခွင့်အရေးများကို ကာကွယ်ပေးထားသော အစီအမံများ လုံလောက်မှုမရှိခြင်းတို့မှ အကျိုးအမြတ်ရရှိကြသည်။ အခြားတဖက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်ကြီး အချို့သည် ၎င်းတို့၏ ရေတိုအကျိုးကို မငဲ့ကွက်ပဲ ၎င်းတို့၏ ကုန်ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများ၌ အလုပ်သမားအခွင့်အရေးများကို ကာကွယ်ရန် ကြိုးပမ်းကြသည်။ ဤသည်မှာ ဒီမိုကရေစီခေါတ်ကာလ၌ အလုပ်သမား အဖွဲ့စည်းများနှင့် အလုပ်သမား သမဂ္ဂများသည် ၎င်းတို့၏ အသံကို ကျယ်လောင်စွာ ဖော်ထုတ်နိုင်ခဲ့ကြပြီး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် တောင်းဆိုနိုင်ခဲ့ခြင်းတို့ကြောင့်လည်းဖြစ်သည်။

    UNGP ကို လေးစားလိုက်နာ၍ ဂုဏ်သိက္ခာကို ထိပါးနိုင်သည့် အရေးကိုအလေးထားသည့် ကုန်အမှတ်တံဆိပ်ကြီးများအတွက်ပင်၊  ၎င်းတို့၏ ကုန်ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများ၊ စက်ရုံများ၌ ဖြစ်ပွားနေသော အလုပ်သမားရေး အငြင်းပွားမှုများအပေါ် ဝင်ရောက် ဖြန်ဖြေမှုလုပ်ငန်းစဉ်သည် အချိန်ယူရသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များ၊ အလုပ်သမားများ၊ အလုပ်သမား အဖွဲ့အစည်းများ နှင့် နိုင်ငံတော်အဆင့် အလုပ်သမား သမဂ္ဂများ၊ အခြေခံအဆင့် အလုပ်သမား သမဂ္ဂများ၊ ကုန်အမှတ်တံဆိပ်များ၏ ရုံးချုပ်နိုင်ငံရှိ အလုပ်သမား သမဂ္ဂများ၊ အလုပ်ရှင်များအပါအဝင် ပတ်သက်ဆက်စပ်နေသူ အသီးသီးပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အဆိုပါ ကုန်အမှတ်တံဆိပ်များ အနေဖြင့် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ၎င်းတို့၏ ကုန်ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများ၊ စက်ရုံများရှိ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများကို ကြားဝင်ဖြေရှင်းရန် ကြိုးပမ်းရာတွင် စစ်တပ်၏ အလုပ်သမား သမဂ္ဂများ အပေါ်ပြင်းထန်သည့် ဖိနှိပ်မှုများ နှင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်တို့အပေါ်  ပြင်းထန်စွာ ဖိနှိပ်မှုများကြောင့် ကြီးမားသည့် အကန့်အသတ်များနှင့် ရင်ဆိုင်နေကြရသည်။ အာဏာသိမ်းမှုမတိုင်မီက  အလုပ်သမားရေး အငြင်းပွားမှုများဖြေရှင်းရာတွင် အလုပ်သမား အဖွဲ့အစည်းများ နှင့် အလုပ်သမား သမဂ္ဂများက အလုပ်သမားများကို ကူညီခဲ့ကြသော်လည်း၊ ယခုအခါတွင် ၎င်းတို့ဖမ်းဆီးခံရမည့်အရေးမှ ရှောင်ရှားရန် ပုန်းခိုနေကြရသည်ဖြစ်ရာ ထိရောက်စွာ ကူညီနိုင်ခြင်း မရှိတော့ပေ။

    ထို့အပြင် မတည်ငြီမ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကြောင့် ဖိအားမျိုးစုံကြုံတွေ့ကြရသည်။ ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကြောင့် ကုန်အမှတ်တံဆိပ်များ အနေဖြင့် နိုင်ငံအတွင်း၌ ၎င်းတို့၏ လုပ်ငန်းများဆက်လက်လုပ်ကိုင်သင့်၊ မသင့် ဝိရောဓများပွားလျက်ရှိကြသည်။ ဤကဲ့သို့ မရေရာမှုများက ကုန်အမှတ်တံဆိပ်များ၏ ကုန် ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများ၊ စက်ရုံများ၌ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေများရှိလာစေရန် ၎င်းတို့၏ဩဇာကိုသုံး၍ သံဓိဠာန်ချလုပ်ဆောင်ရာတွင် သက်ရောက်မှုများရှိသည်။ သို့ရာတွင် ကုန်အမှတ်တံဆိပ်များအနေဖြင့် ယခုကဲ့သို့သော အခြေအနေတွင် ၎င်းတို့၏ လုပ်ငန်းများကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိစေရန်၊ အထူးအရှိန်မြှင့်လုပ်ဆောင်ရမည့်၊ လူ့အခွင့်အရေးထိခိုက်နစ်နာမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် Human Rights Due Diligence, HRDD ကိုလုပ်ဆောင်ရမည်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်များ၏ ကုန်ပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းများ၊ စက်ရုံများ၌ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ရန် လုပ်ငန်းခွင်အခြေအနေများကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ပြီး၊ ချိုးဖောက်မှုများရှိပါက မကျေလည်မှုများကို ကုစားမှုပေးရန်၊ ချက်ခြင်း တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ပါသည်။

    အထည်ချုပ် ကဏ္ဍကို ခြုံငုံဖော်ပြချက်အကျဉ်း

    အထည်ချုပ်လုပ်ငန်း တိုးတက်မှု လမ်းကြောင်း

    ၂၀၁၁ မတိုင်မီက အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာ့အထည်ချုပ် ကဏ္ဍအနေဖြင့် အနောက်နိုင်ငံဈေးကွက်ကို လက်လှမ်းမမှီခဲ့ပဲ၊ အာရှဈေးကွက်ကိုသာ လက်လှမ်းမှီခဲ့သည်။ ၂၀၁၁ တွင် ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေကြောင့် ပိတ်ဆို့မှုတစ်ချို့ရုတ်သိမ်းခဲ့ပြီး၊ EU ထံသို့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ပို့သည့် ပို့ကုန်များပေါ် အခွန်ကင်းလွတ်ခွင့်နှင့် အကန့်အသတ်များ ကင်းလွတ်ခွင့်ပေးထားသည့် အထူးအခွင့်အရေး တစ်ရပ်ပြန်လည်ရရှိခဲ့သည်။ EU နှင့် US တို့၏ အဆိုပါကင်းလွတ်ခွင့်များသည် အထည်ချုပ်လုပ်ငန်း တိုးတက်လာစေသည့် အချက်တစ်ချက်ဖြစ်သည်။ အထည်ချုပ်လုပ်ငန်းသည် ၂၀၁၀ ခုနှစ်တွင် တင်သွင်းသည့် ပမာဏ US$337 million ရှိရာမှ ၂၀၁၉ တွင် အထည်အလိပ်တင်ပို့မှု US$5.7 billion နှင့် ခြေအိတ်၊ လက်ကိုင်အိတ် တင်ပို့မှု  US$1 billion အထိတိုးတက်ခဲ့သည်။ EU သည်အကြီးမားဆုံးတစ်ခုတည်းသော ဈေးကွက်ဖြစ်ပြီး၊ ၂၀၁၉ တွင် အထည်ချုပ်လုပ်ငန်းမှ တင်ပို့မှုအားလုံး၏ ၅၄ ရာခိုင်နှုန်းကို EU သို့တင်ပို့ခဲ့သည်။ EU အပြင် ဂျပန်၊ ကိုရီးယား၊ မြောက်အမေရိကား သို့လည်းတင်သွင်းကြသည်။ မြန်မာ့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း MGMA သည် စက်ရုံ ၅၀ ကို စစ်တမ်းကောက်ယူခဲ့ရာ၊ စက်ရုံများ၏ တင်ပို့မှုပမာဏ သည် ၂၀၁၉ ခုနှစ်နှင့် နိုင်းယှဉ်ပါက ၂၀၂၀ တွင်  ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ တင်ပို့သည့် ပမာဏသည် အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင်မူ ၂၀၁၉ ခုနှစ်နှင့် နိုင်းယှဉ်ပါကထက်ဝက်သို့ ကျဆင်းခဲ့သည်။

    ကုန်အမှတ်တံဆိပ်များ

    မြန်မာနိုင်ငံတွင် လုပ်ငန်း လည်ပတ်နေသည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်ပေါင်း ၁၅၀ ကျော်ရှိသည်ဟု ခန့်မှန်းကြသည်။ H&M, C&A, Deuter, Gaastra, Muji, New Look, Primark, Suitsupply, Bestseller and Takko အစရှိသော ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များသည် ၂၀၁၂ ခုနှစ်တွင်မှ မြန်မာပြည်သို့ ဝင်ရောက်လာခဲ့ကြသည်။ ဒေသတွင်း ကုန်အမှတ်တံဆိပ်များမှာ ၂၀၀၀ ခုနှစ်များရှိ ပိတ်ဆို့မှု ကာလ တလျောက်လုံး မြန်မာပြည်သား ပစ္စည်းပေးသွင်းသူများနှင့် လက်တွဲခဲ့ပြီး၊ ကိုရီးယား နှင့် ဂျပန်ဈေးကွက်များသို့ တင်သွင်းခဲ့သည်။

    ဥရောပကုန်သည်ကြီးများအသင်း၏ အချက်အလက်များအရ၊ မြောက်အမေရိကရှိ ကုန်အမှတ်တံဆိပ်များသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုရှိစွာ ပစ္စည်းဝယ်ယူရေးအတွက် ကတိကဝတ်ပြုထားကြသည်။ အဆိုပါကုန်အမှတ်တံဆိပ်များသည် ၎င်းတို့ မှာယူသည့် ကုန်များထုတ်လုပ်သူများစာရင်းကို ၎င်းတို့၏ အင်တာနက်စာမျက်နှာ၊ သို့မဟုတ် အထည်ချုပ်လုပ်ငန်းစာရင်း ဖော်ပြချက်၊ OAR တွင်ဖော်ပြကြသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ OAR ၏ စာရင်းများအရ အဆိုပါကုန်အမှတ်တံဆိပ်များသည် လတ်တလော (သို့မဟုတ်) ယခင်က စက်ရုံပေါင်း ၄၀၈ ရုံမှပစ္စည်းတင်သွင်းခဲ့သည်။ အဆိုပါကုန်အမှတ်တံဆိပ်များသည် အရှေ့တောင်အာရှတခွင်ရှိ များပြားစွာသော တရုတ်နိုင်ငံသားပိုင် စက်ရုံများမှ ထုတ်ကုန်များကို ဟောင်ကောင် နှင့် ပီကျင်းရှိ ပစ္စည်းပေးသွင်းသူများမှတဆင့် ဝယ်ယူကြသည်။ မြန်မာပြည်မှ အထည်အလိပ်၊ ရှုးဖိနှပ် နှင့် ခရီးဆောင်အိပ်များ ထုတ်လုပ်သော ကုန်အမှတ်တံဆိပ်တစ်ချို့သည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုရှိစွာ ပစ္စည်းဝယ်ယူရေးအတွက် ကတိကဝတ်ပြုထားခြင်းမျိုးမရှိပေ။ အထူးသဖြင့် အာရှဈေးကွက်ကို ရောင်းသော ကုန်အမှတ်တံဆိပ်များ နှင့် ရှုးဖိနှပ် နှင့် ခရီးဆောင်အိတ်များ ထုတ်လုပ်သော ကုန်အမှတ်တံဆိပ်များဖြစ်သည်။

    ကိုဗစ် နှင့် အာဏာသိမ်းမှုများ၏ နောက်ပိုင်းတွင် အဓိက ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များသည် မြန်မာပြည်ထဲတွင် ဆက်လက်လုပ်ကိုင်နေသေးသည်။ သို့ရာတွင် Tesco သည် ဇန်နဝါရီ ၂၀၂၂ တွင် ဆိုးရွားသော လူ့အခွင့်အရေးအခြေအနေများကြောင့် မြန်မာပြည်မှ တာဝန်ယူမှုရှိစွာ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ Marks and Spencer သည်လည်း ကုန်အမှတ်တံဆိပ်များသည် အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာရန် ခက်ခဲသည့် အချက်ကို ဖော်ပြထားသော ကျင့်ဝတ်ရှိသောကုန်သွယ်မှုလုပ်ငန်း (ETI) ၏ အစီရင်ခံစာ စက်တင်ဘာ ၂၀၂၂ ခုနှစ် တွင် ထွက်ရှိလာပြီးနောက်၊ မြန်မာပြည်မှ တာဝန်ယူမှုရှိစွာ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

    ကုန်ပစ္စည်းပေးသွင်းသူများ

    ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းပေးသွင်းသူ နှစ်မျိုးရှိသည်။ ပြည်တွင်း ကုန်ပစ္စည်းပေးသွင်းသူများ သို့ မြန်မာပြည်သားပိုင် အထည်ရုံများသည် ၂၀၀၀ ခုနှစ်များရှိ ပိတ်ဆို့မှု ကာလ တလျောက်လုံး ကိုရီးယား၊ ဂျပန်၊ထိုင်ဝမ် နှင့်တရုတ် ပိုင်ရှင်များနှင့် လက်လီဝယ်ယူသူများအတွက် အထည်များထုတ်လုပ်ခဲ့သည်။ အခြားသော ကုန်ပစ္စည်းပေးသွင်းသူများသည် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များကို ပစ္စည်းပေးသွင်းရန် ၂၀၁၂ ခုနှစ်မှစတင်၍ ဝင်ရောက်လာသော တရုတ်နိုင်ငံသားပိုင်စက်ရုံများဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်းပေးသွင်းသူများသည် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များ၏ ကုန်ပစ္စည်းပေးသွင်းမှု ကွင်းစက်အတွင်းတွင် ရှိနေကြပြီး၊ အခြားနိုင်ငံများတွင်လည်း လုပ်ငန်းများလည်ပတ်လျက်ရှိကြသည့် သူများပင်ဖြစ်သည်။

    မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများသည် ယေဘုယျအားဖြင့် “ဖြတ်၊ ချုပ် ၊ ထုတ်ပိုး” CMP စနစ်ဖြင့်လုပ်ဆောင်ကြသည်။ မြန်မာနိုင်ငံတွင် CMP အထည်ချုပ်စက်ရုံများသည် တရုတ်နိုင်ငံမှ ကုန်ကြမ်းများ မှာယူကြသည်။ အလုပ်သမားများသည် အဝတ်စများကို အထည်ချုပ်ရန် ဖြတ်တောက်ပြီး၊ ချုပ်လုပ်ပြီးသော အထည်များကို ဥရောပ နှင့် အာရှဈေးကွက်များသို့ တင်ပို့ရန်ထုတ်ပိုးကြသည်။ ၂၀၂၁ ဖေဖဝါရီ နှင့် ၂၀၂၂ ဇန်နဝါရီလ အတွင်း CMP စက်ရုံ ၆၄ ခုသည် အပြီးတိုင် ပိတ်သိမ်းပြီး သို့မဟုတ် ပိတ်သိမ်းရန် ဆောင်ရွက်နေခဲ့ကြသည်။ ရုံ ၁၄၀ ခန့်ယာယီပိတ်သိမ်းခဲ့ကြပြီး၊ ၈၀ ကျော်က ၎င်းတို့၏ အလုပ်သမားများကို လျော့ချခဲ့ကြသည်။ ကိုဗစ်ကန့်သတ်ချက်များကြောင့် ဇန်နဝါရီ ၂၀၂၀ မှစ၍ စက်ရုံပေါင်း ၁၇၀-၂၀၀ နီးပါးပိတ်သိမ်းခဲ့ရသည်။ MGMA ၏အချက်အလက်များအရ အထည်ရုံပေါင်း ၆၀၀ ခန့်လက်ရှိတွင် လည်ပတ်နေပြီး၊ ၅၀၀ နီးပါးသည် MGMA ၏ အဖွဲ့ဝင်များဖြစ်သည်။

    ကုန်အမှတ်တံဆိပ်များ၏ အလုပ်သမားရေးကိစ္စများ၌ ကြားဝင်ဆောင်ရွက်မှု

    နိုင်ငံတကာစံနှုန်းများ

    ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုရှိစွာ ပစ္စည်းဝယ်ယူရေးအတွက် ကတိကဝတ်ပြုထား ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များသည် စီးပွားရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ (UNGPs) နှင့် OECD တို့ ၏ စည်းမျဉ်းများကို အခြေခံထားသော၊ ၂၀၁၈ တွင် OECD မှချမှတ်ထားသည့် အထည်ချုပ် ကဏ္ဍ၌ တာဝန်ယူမှုရှိစွာ ကုန်ပစ္စည်း ပေးသွင်း၊ ဝယ်ယူခြင်းအတွက် အထူးအလေးထား ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် လမ်းညွှန် Due Diligence ကိုလိုက်နာရမည်ဖြစ်သည်။

    Due Diligence သည် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏လုပ်ငန်းများကြောင့်ဖြစ်ပေါ်လာနိုင်သော၊ ဖြစ်ပေါ်လျက်ရှိသော ဆိုးကျိုးသက်ရောက်မှုများကို ဖော်ထုတ်ခြင်း၊ မဖြစ်ပွားစေရန် ဟန့်တားခြင်း၊ ဖြစ်ပွားမှုများကို လျော့ပါးစေခြင်း နှင့် အဆိုပါ ပြသနာများကို တာဝန်ယူဖြေရှင်းခြင်း အစရှိသောလုပ်ငန်းစဉ်ဖြစ်သည်။ ဆိုးကျိုးသက်ရောက်မှုများကို ဟန့်တားရန် Due Diligence ကို OECD လမ်းညွှန်ချက်နှင့် အညီလုပ်ဆောင်ရသည်။ စီးပွားရေးလုပ်ငန်း တစ်ခုသည် Due Diligence ကို ၎င်းတို့၏လုပ်ငန်းများနှင့် စပ်လျဉ်း၍လုပ်ဆောင်ရမည် ဖြစ်သလို၊ ၎င်းတို့၏ ကုန်ပစ္စည်းပေးသွင်းမှု ကွင်းစက်အတွင်းတွင် ရှိနေကြသော ကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများနှင့် အခြားသော မိမိလုပ်ငန်းနှင့် ဆက်နွယ်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်း လုပ်ဆောင်ရမည်ဖြစ်သည်။ Due Diligence သည် စီးပွားရေးလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှု နှင့် လုပ်ငန်းဆောင်ရွက်သည့် ပတ်ဝန်းကျင်ပြောင်းလဲမှုအပေါ် မူတည်ပြီး၊ ဆက်လက်လုပ်ဆောင်နေရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။

    ကုန်အမှတ်တံဆိပ်များ လူ့အခွင့်အရေးလေးစားလိုက်နာရန် လမ်းညွှန်ထားသည့် ဤနိုင်ငံတကာစံနှုန်းများသည် ကုန်အမှတ်တံဆိပ်များအနေဖြင့် ထိခိုက်နစ်နာမှုများကို ရှောင်ရှားရန်၊ မည်သည့်အချိန်ခါတွင်၊ မည်သို့ ၎င်းတို့၏ ကုန်ပစ္စည်းပေးသွင်းမှု ကွင်းစက်အတွင်းတွင် ရှိနေကြသော ကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြားဝင်လုပ်ဆောင်သင့်သည်ကို ညွှန်ပြထားသည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များဖြစ်သော Primark နှင့် H&M တို့သည် OECD လမ်းညွှန်ချက်များ နှင့် ILO အလုပ်သမားအခွင့်အရေး စံနှုန်းများအပါအဝင် နိုင်ငံတကာစံနှုန်းများကို ၎င်းတို့၏ ကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများလိုက်နာရမည့် လိုအပ်ချက်များအဖြစ် ထည့်သွင်းထားသည်။ ၎င်းတို့၏ ကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများလိုက်နာရမည့် ကျင့်ဝတ်စည်းမျဥ်းတွင် ခွဲခြားဆက်ဆံမှုမရှိခြင်း၊ မတူကွဲပြားသော လူ့အဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများနှင့် လည်ပတ်လျက်ရှိသော လုပ်ငန်းခွင်၊ တန်းတူညီမျှမှု၊ လုံလောက်စွာ နေထိုင်စားသောက်မှုအတွက် သင့်တင့်သောလခ၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် နှင့် စုပေါင်းတောင်းဆိုခွင့်၊ ကလေးအလုပ်သမားခိုင်းစေမှုနှင့် မတရားခိုင်းစေမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် တာဝန်ယူမှု နှင့် နစ်နာမှုများကိုတိုင်ကြားနိုင်သည့် လုပ်ငန်းစဉ် အစရှိသော  စံနှုန်းများကို ထည့်သွင်းဖော်ပြထားသည်။ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ ကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများအနေဖြင့် ချမှတ်ထားသော ကျင့်ဝတ်စည်းမျဥ်း၊ စံနှုန်းများအတိုင်း တာဝန်ယူမှုရှိစွာ လိုက်နာကျင့်သုံးမှုရှိစေရန် ဝင်ရောက်လုပ်ဆောင်ကြသည်။

    အာဏာသိမ်းမှုမတိုင်မီ ဝင်ရောက်လုပ်ဆောင်ခြင်း

    ဥရောပ ကုန်အမှတ်တံဆိပ်ကြီးများသည် လုပ်ငန်းခွင် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စံနှုန်းများ (OHS) တိုးတက်မှုရှိစေရန်၊ အလုပ်သမားအခွင့်အရေး စံနှုန်းများလိုက်နာမှုရှိစေရန် နှင့်၊ လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှု၊ ကလေးအလုပ်သမား ခိုင်းစေမှုနှင့်မတရားခိုင်းစေမှု အစရှိသောပြသနာများကိုဖြေရှင်းခြင်းဖြင့် ကူညီခဲ့သော်လည်း၊ မြန်မာပြည်ရှိကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များမှချမှတ်ထားသော ကျင့်ဝတ်စည်းမျဥ်းများကို မြန်မာပြည်ရှိ တရုတ်နိုင်ငံသားပိုင် ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံ လုပ်ငန်းများအနေဖြင့် လိုက်နာကျင့်သုံးရန် တာဝန်ရှိသည်။ အဆိုပါ ကုန်ပစ္စည်းပေးသွင်းသူများသည် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များ၏ ကုန်ပစ္စည်းပေးသွင်းမှု ကွင်းစက်အတွင်းတွင် ရှိနေကြပြီး၊ အခြားနိုင်ငံများတွင်လည်း လုပ်ငန်းများလည်ပတ်လျက်ရှိကြသည့် သူများပင်ဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံ လုပ်ငန်းများအနေဖြင့် အလုပ်သမား သမဂ္ဂများ မဖွဲ့စည်းနိုင်စေရန် တားဆီးသည့်နည်းလမ်းများကို ကျင့်သုံးနေကြသော်လည်း စည်းမျဥ်းများလိုက်နာမှုရှိ၊မရှိ စစ်ဆေးမှု (audit) ကိုမူ အောင်မြင်စေရေး လုပ်ဆောင်ရာတွင် ကျွမ်းကျင်မှုရှိကြသည်။ အာဏာသိမ်းမှုမတိုင်မီကပင် သမရိုးကျ စည်းမျဥ်းများလိုက်နာမှုရှိ၊မရှိ စစ်ဆေးမှု (audit) နည်းလမ်းများ နှင့် အလုပ်သမားအခွင့်အရေးတိုးတတ်မှုရှိစေရန် ရည်ရွယ်သည့် စီမံကိန်းများ အစရှိသည်တို့သည် မြန်မာပြည်ရှိကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများ၌ ဖြစ်ပေါ်ခဲ့သော အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှုမရှိခဲ့ပေ။

    စားသုံးသူများ၏ ဖိအားကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ကောင်းမွန်သည့် ပုံရိပ်ကို ထိမ်းသိမ်းရန် လွန်စွာ အရေးထားကြသည်။ ၎င်းတို့၏ ကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် အစီရင်ခံစာများကြောင့် ၎င်းတို့၏ ဂုဏ်သိက္ခာထိပါးမည့်အရေးကို ရှောင်ရှားလိုကြသည်။ သို့ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများအနေဖြင့် စိတ်ဝင်စားမှုမရှိသော်ငြားလည်း၊ လူမှုရေးစကားဝိုင်းများတွင် မဖြစ်မနေ ပါဝင်ရန် တိုက်တွန်းကြသည်။

    လူမှုရေးစကားဝိုင်းစီမံကိန်းများနှင့် ၎င်းတို့၏ကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း

    လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ မြန်မာလမ်းညွှန် (FOA) သို့မဟုတ် FOA လမ်းညွှန်ကို နိုဝင်ဘာ ၂၀၁၉ တွင် ချမှတ်ခဲ့ခြင်းဖြင့်၊ မြန်မာပြည်ရှိ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များ နှင့် အလုပ်သမား သမဂ္ဂများ အထင်ကရ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

    FOA လမ်းညွှန်သည် အလုပ်သမားများ၏ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အခွင့်အရေးကို ကျင့်သုံးနိုင်ရန် အခြေအနေ နှင့် လုပ်ငန်းစဉ်ကို အသေးစိတ်ဖော်ပြထားသည်။ လူမှုရေးစကားဝိုင်းများတွင် စေတနာ အရင်းခံဖြင့် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်စလုံး ပူးပေါင်းပါဝင်ရန် တာဝန်ရှိမှုကိုလည်း ဖော်ပြထားသည်။

    ၂၀၂၀ ခုနှစ် ဧပြီလ ၁ရက်နေ့ မှစ၍ မြန်မာပြည်ရှိ ACT ကုန်အမှတ်တံဆိပ်များ အတွက် ချုပ်ပေးကြသော စက်ရုံများအားလုံးသည် FOA လမ်းညွှန်ကို လုပ်ငန်းလိုအပ်ချက်တစ်ရပ်အဖြစ်၊ မဖြစ်မနေလိုက်နာကြရသည်။

    လူမှုရေးစကားဝိုင်း စီမံကိန်းတွင် ပါဝင်သည့် မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM နှင့် ကုန်အမှတ်တံဆိပ်များဖြစ်သော H&M, Tchibo  Bestseller ပူးပေါင်းအဖွဲ့တို့ကြား ဆွေးနွေးခဲ့သော စကားဝိုင်းမှစတင်၍ မြန်မာပြည်တွင် FOA လမ်းညွှန် ပေါ်ပေါက်လာခဲ့ရသည်။ အောက်တွင် အသေးစိတ်ဖော်ပြထားသော အဆိုပါ ကုန်အမှတ်တံဆိပ်များ၏ လုပ်ဆောင်ချက်သည် သမရိုးကျ စည်းမျဥ်းများလိုက်နာမှုရှိ၊မရှိ စစ်ဆေးမှု (audit) နည်းလမ်းများ နှင့် အထက်မှ အောက်သို့ညွှန်ကြားသည့် စနစ်များမှ ကွဲလွဲပါသည်။ ဤလူမှုရေးစကားဝိုင်းစီမံကိန်းသုံးခုသည် ကုန်အမှတ်တံဆိပ်များ နှင့် အလုပ်သမား သမဂ္ဂများအကြား ဆက်ဆံရေးနှင့် စကားလမ်းကြောင်းကို ဖွင့်ပေးပါသည်။

    မြန်မာပြည်ရှိ လူမှုရေးစကားဝိုင်းစီမံကိန်းသုံးခု

    လူမှုရေးစကားဝိုင်းစီမံကိန်းသုံးခု ရည်ရွယ်ချက်မှာ အလုပ်သမား သမဂ္ဂများ၊ အထည်ချုပ်အလုပ်သမားများ၊ စက်ရုံမန်နေဂျာများကို သင်တန်းပေးခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေး ကောင်းမွန်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည်။

    ILO-GP:  ILO၊ ဆွီဒင်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ SIDA၊  ဆွီဒင် ကုန်အမှတ်တံဆိပ် H&M တို့ပါဝင်သည်။[6]

    WE အစီအစဉ်/Tchibo: ဂျာမန် ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ GIZ နှင့် ဂျာမန် ကုန်အမှတ်တံဆိပ် Tchibo တို့ပါဝင်သည်။

    MYPOD: ဒိန်းမတ် သမဂ္ဂ အဖွဲ့ချုပ် 3F၊ ဒိန်းမတ် ကုန်အမှတ်တံဆိပ် Bestseller နှင့်၊ မြန်မာအလုပ်သမား သမဂ္ဂများ IWFM နှင့် MICSတို့ [7] ပါဝင်သည်။ ဒိန်းမတ် ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် ဒိန်းမတ် အစိုးရက ရန်ပုံငွေပေးသည်။[8]

    အဆိုပါ အစီအစဉ်များသည် အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေး ကောင်းမွန်ရေးအတွက် လမ်းခင်းပေးထားသော်ငြား၊ လူမှုရေးစကားဝိုင်း အစီအစဉ်များ၏ စိန်ခေါ်မှုမှာ၊ မြန်မာပြည်ရှိ အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးစနစ်၏ ရင့်ကျက်မှုမရှိသေးသည့် အခြေအနေအရင်းခံများကြောင့်ဖြစ်သည်။ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော ဥပဒေ၊ စည်းမျဉ်းများ မရှိခြင်း နှင့် စက်ရုံအဆင့်တွင်လည်းကောင်း၊ ကဏ္ဍအဆင့်တွင်လည်းကောင်း၊ ကုန်ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်။ ဝေဖန်သူများက ထောက်ပြသည်မှာ MGMA ကဲ့သို့သော အလုပ်ရှင်အဖွဲ့အစည်းများသည် သမဂ္ဂများအပါ် အကောင်းမြင်ဝါဒ မရှိကြဟု ထောက်ပြကြသည်။ အလုပ်ရှင်အဖွဲ့အစည်းများက အထည်ချုပ် ကဏ္ဍသည် လူမှုရေးစကားဝိုင်းများ လုပ်ဆောင်ရန် ရင့်ကျက်မှုမရှိသေးဟု ပြောကြားသည်။ ၎င်းတို့က အချို့စက်ရုံများကို လူမှုရေးစကားဝိုင်း အစီအစဉ်တွင် မပါဝင်ရန် ဟန့်တားကြသည်ဟု ကြားသိရသည်။ အလုပ်ရှင်များက အလုပ်သမားများသည် များသောအားဖြင့် ပညာအရည်အချင်း နိမ့်ပါးကြပြီး၊ တောရွာဒေသမှ လာကြရာ အလုပ်ရှင်နှင့် အပြုသဘော ဆက်ဆံရန် အရည်အချင်းမရှိကြဟု ယူဆကြသည်။ အဆိုပါ အယူအဆသည် အထက်ကို အောက်လူမှ ပြန်ပြောခွင့်မရှိသည့် ယဉ်ကျေးမှုမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ ၎င်းကြောင့် အလုပ်သမားများနှင့် အပြုသဘောဆောင်သော စကားဝိုင်းများတွင် ပါဝင်ရန် ဝင်လေးကြခြင်းဖြစ်သည်။

    FOA လမ်းညွှန်သည် စက်ရုံမန်နေဂျာများကို ရှင်းလင်းသောညွှန်ကြားချက်များ ပေးခြင်းဖြင့်၊ အထည်ချုပ် ကဏ္ဍ၌ အဆိုပါပြသနာများကို ဖြေရှင်းရန်၊ လူမှုရေးစကားဝိုင်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ် ဖေဖဝါရီလတွင် အာဏာသိမ်းမှုကြောင့် FOA လမ်းညွှန် အပါအဝင်၊ မြန်မာနိုင်ငံမှ    ACT ၏ လုပ်ဆောင်မှုများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် တရားဝင်ရုတ်သိမ်းခဲ့ရသည်။

    ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံများအတွက် စွမ်းအင်မြှင့်တင်ခြင်း အစီအစဉ်များ

    လူမှုရေးစကားဝိုင်းများ အပြင် ကုန်အမှတ်တံဆိပ်များသည် စွမ်းအင်မြှင့်တင်ခြင်း အစီအစဉ်များဖြင့် ၎င်းတို့ထံသို့ ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံများ၌ အလုပ်သမားအခွင့်အရေးလေးစားလိုက်နာရေးအတွက် ဝင်ရောက်ဆောင်ရွက်ကြသည်ကို တွေ့ရသည်။ ဥပမာကောင်း တစ်ခုအနေဖြင့် ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံများအတွက်  SMART မြန်မာမှ ပို့ချသောအစီအစဉ်များပါဝင်သည်။ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ ဓါတုပစ္စည်း  စီမံခန့်ခွဲမှု၊ ကြီးကြပ်သူများအား နစ်နာမှုများကိုတိုင်ကြားနိုင်သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သင်တန်းပေးခြင်း၊ ကျင့်ဝတ်စည်းမျဉ်းများ လိုက်နာမှု၊ စွမ်းအင်သုံးစွဲရာတွင် ထိထိရောက်ရောက်နှင့် အလေအလွင့်မရှိသုံးစွဲခြင်း အစရှိသည်တို့ပါဝင်သည်။ အလားတူပင် ၂၀၁၉ ခုနှစ်မှစ၍ Fair Wear အဖွဲ့ဝင် ကုန်အမှတ်တံဆိပ်များ [9]  မြန်မာပြည်ရှိ ၎င်းတို့ထံ ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံများကို လုပ်ငန်းခွင် ပညာပေးရေး အစီအစဉ် အခြေခံအဆင့် (WEP Basic) နှင့် လုပ်ငန်းခွင် ပညာပေးရေး အစီအစဉ် ဆက်သွယ်ပြောဆိုမှု (WEP Communication) တို့ကို မဖြစ်မနေတတ်ရောက်စေပါသည်။ လုပ်ငန်းခွင် ပညာပေးရေး အစီအစဉ် အခြေခံအဆင့် (WEP Basic) သည် အလုပ်သမား၊ ကြီးကြပ်သူနှင့် စီမံခန့်ခွဲသူတို့အတွက် အချိန်မရွေးတိုင်ကြားနိုင်သည့် စနစ်အပါအဝင် Fair Wear ၏ ကျင့်ဝတ်စည်းမျဉ်းများ (COLP) ကို နားလည်စေရန် ရည်ရွယ်သည်။ WEP Communication သည် အလုပ်သမား၊ ကြီးကြပ်သူနှင့် စီမံခန့်ခွဲသူတို့အကြား ဆက်သွယ်ပြောဆိုမှု အရည်အချင်းများတိုးတတ်လာစေရန် နှင့် အလုပ်သမားရေး အငြင်းပွားမှုများကို စက်ရုံအဆင့်၌ ဖြေရှင်းနိုင်သည့် အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ အာဏာသိမ်းမှု နှင့်ကိုဗစ်ကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံမှုကင်းမဲ့သည့် အခြေအနေများကြောင့် စက်ရုံများသို့သွားရောက်ရန် အခက်အခဲဖြစ်လာပြီး၊ Fair Wear အဖွဲ့ဝင် ကုန်အမှတ်တံဆိပ်များသည် မြန်မာပြည်ရှိ ၎င်းတို့ထံ ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံများ၌ ပုံမှန်လုပ်ဆောင်နေကျ စည်းမျဥ်းများလိုက်နာမှုရှိ၊မရှိ စစ်ဆေးမှု (audit) နှင့် သင်တန်းအစီအစဉ်များကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ပေ။

    အငြင်းပွားမှု ဖြေရှင်းရေးစနစ်၏ လိုအပ်ချက်များ နှင့် ၎င်းတို့ကို ဖြည့်ဆည်းခြင်း

    “နှစ်ဖက် အပြန်အလှန်ပြောဆို ဆွေးနွေးမှုများသည် နှစ်ဖက်လုံးအတွက် အကျိုးရှိမည့် အဖြေထွက်ရှိလာမည်ကို ယုံကြည်မှုကင်းမဲ့လာသည့် အခါ၊ အငြင်းပွားမှုများ ပိုမိုဆိုးရွားလာပြီး၊ သပိတ်မှောက်သည့် အခြေအနေထိ ဆိုက်ရောက်ရသည်။”

    မြန်မာပြည်၌ အဓိပ္ပါယ်ရှိသော လူမှုရေးစကားဝိုင်းများ ဆိတ်သုဉ်းနေခြင်း နှင့် အလုပ်သမားအခွင့်အရေးကို ဥပဒေကြောင်းအရ ကာကွယ်နိုင်မှုမရှိခြင်းတို့ကြောင့်၊ ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံများ၌ ဖြစ်ပေါ်လျက်ရှိသည့် အငြင်းပွားမှုပြဿနာများ ဖြေရှင်းနိုင်ရန် ကုန်အမှတ်တံဆိပ်များကို အကူအညီတောင်းကြရသည်။

    ၂၀၁၂ ခုနှစ် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ နှင့် ၂၀၁၉ ၎င်းကို ပြင်ဆင်ချက် အရ အခွင့်အရေးနှင့်သက်ဆိုင်သော အငြင်းပွားမှုများ နှင့် အကျိူးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို လုပ်ငန်းခွင် ညှိနှိုင်းဖြန်ဖြေရေးကော်မတီ WCC မှတစ်ဆင့် ပထမခြေလှမ်းအနေဖြင့် ဖြေရှင်းရမည်။

    “အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုဆိုသည်မှာ အလုပ်သမားဥပဒေတွင် ပါရှိသော အလုပ်ရှင်နှင့် အလုပ်သမားများ၏ အခွင့်အရေးနှင့်သက်ဆိုင်သော အငြင်းပွားမှုဟု အဓိပ္ပါယ်သတ်မှတ်သည်။ အကျိူးစီးပွားဆိုင်ရာ အငြင်းပွားမှုဆိုသည်မှာ စုပေါင်းသဘောတူညီမှုနှင့်ဆိုင်သော အငြင်းပွားမှု သို့မဟုတ် အလုပ်သမားဥပဒေတွင် မပါရှိသော်လည်း အလုပ်သမားများ၏ အကျိူးစီးပွားနှင့် သက်ဆိုင်သော သို့မဟုတ် လုပ်ငန်းခွင် ဆက်ဆံရေးနှင့်သက်ဆိုင်သော အငြင်းပွားမှုဟု အဓိပ္ပါယ်သတ်မှတ်သည်။”

    WCC သည် အလုပ်ရှင် နှင့် အလုပ်သမားကိုယ်စားလှယ် အရေအတွက် အညီအမျှနှင့်ဖွဲ့စည်းထားပါသည်။ သို့ရာတွင် များသောအားဖြင့် WCC သည် စီမံခန့်ခွဲမှု၏ ပံ့ပိုးမှုမရှိခြင်း၊ အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ချနိုင်မှု စွမ်းအားမရှိခြင်း၊ အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ရာတွင် ဒီမိုကရေစီနည်းကျရွေးချယ်မှု အားနည်းခြင်းကြောင့် ကော်မတီအပေါ်ယုံကြည်မှုမရှိခြင်း တို့ကြောင့် ထိရောက်မှုမရှိပေ။ မဖြေရှင်းနိုင်သော အခွင့်အရေးနှင့်သက်ဆိုင်သော အငြင်းပွားမှုကို မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။ မဖြေရှင်းနိုင်သေးပါက သက်ဆိုင်ရာဌာန သို့မဟုတ် တရားရုံးသို့ တိုင်ကြားနိုင်သည်။ [10] 

    အကျိူးစီးပွားဆိုင်ရာ အငြင်းပွားမှုကို မဖြေရှင်းနိုင်ပါက ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့သည် အမှုကိစ္စကို သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သို့ ညွှန်းပို့နိုင်သည်။ မရှိမဖြစ်မဟုတ်သော ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်သည့် အငြင်းပွားမှုများအတွက် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အလုပ်ရှင်က ကျေလည်မှုမရှိပါက အလုပ်ရှင်သည် အလုပ်သမားများအလုပ်မဆင်းနိုင်ရန် ဟန့်တားနိုင်သည် သို့မဟုတ် အလုပ်သမားများက သပိတ်မှောက်နိုင်သည် သို့မဟုတ် တစ်ဖက် ဖက်မှ အယူခံဝင်နိုင်သည်။ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တတိယ ရွေးချယ်မှုကို ပြုလုပ်နိုင်သည်။ အငြင်းပွားမှုကိုလက်ခံရရှိပြီးနောက် ခုံသမာဓိကောင်စီ သည် အနုညာတခုံရုံးကို တည်ထောင်ရမည်ဖြစ်ပြီး၊ ၎င်း၏ ဆုံးဖြတ်ချက်ကို အငြင်းပွားမှုတွင်ပါဝင်သည့် နှစ်ဖွဲ့လုံးက လိုက်နာရမည်။

    အငြင်းပွားမှုကို ဖြေရှင်းရန် အသေးစိတ်ဖော်ပြထားသော်လည်း ဥပဒေကြောင်းအရ ဖြေရှင်းရာတွင် အခက်အခဲ၊ စိန်ခေါ်မှုများရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားကြပြီး ဖြစ်သည်။ ၎င်းတို့တွင် စက်ရုံများစွာ၌ WCC မရှိခြင်း၊ ဥပဒေစိုးမိုးမှုအားနည်းခြင်း၊ သမဂ္ဂဖွဲ့စည်းနိုင်မှု အားနည်းခြင်း နှင့် အထူးပြုထားသည့် တရားရုံးမရှိခြင်းတို့ ပါဝင်သည်။ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ သို့မဟုတ် ခုံသမာဓိအဖွဲ့ရှိ အစိုးရအရာရှိများသည် အလုပ်ရှင်များကို ဘက်လိုက်၍ ဆုံးဖြတ်ချက်များ ချလေ့ရှိသည်။ အလုပ်သမားများ ဘက်မှရပ်တည်၍ ဆုံးဖြတ်ချက်များ ချမှတ်လျင်ပင် အလုပ်သမားအခွင့်အရေးကာကွယ်ရန် အလုပ်ရှင်များက အဆိုပါ ဆုံးဖြတ်ချက်များကို လိုက်နာရမည့်အစား၊ ဒဏ်ကြေးဆောင်ရန်သာ ရွေးချယ်ကြသည်။

    ခုံသမာဓိနှင့် ဥပဒေကြောင်းအရ ဖြေရှင်းသည့်လုပ်ငန်းစဉ်နှစ်ခုစလုံးတွင် အလုပ်ရှင်၏ စီးပွားရေး ဓနအင်အားသည် အဓိက ပြသနာတစ်ရပ်ဖြစ်သည်။ ဥပမာအဖြစ် အလုပ်ရှင်သည် အစည်းအဝေးသို့ အချန်မှီလာလေ့မရှိပဲ၊ ဆွေးနွေးပွဲသို့ ဆုံးဖြတ်ချက်ချနိုင်သူကို စေလွှတ်မှုမရှိခြင်းတို့ဖြစ်သည်။ အလုပ်ရှင်များက တရားရုံးတွင် သူတို့ကိုကိုယ်စားပြုရန် ရှေ့နေကို ငှားရမ်းနိုင်ကြသော်လည်း၊ အလုပ်သမားများမှာမူ အစည်းအဝေးများစွာတတ်ရောက်ပြီးမှ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ကြရသည်။ တရားရုံးကို လာရန်ကုန်ကျစရိတ်ကိုလည်း မိမိဘာသာကျခံကြရသည်။

    အလုပ်ရှင်၏ စီးပွားရေး ဓနအင်အားဖြင့် ဒဏ်ကြေးဆောင်ခြင်းသည် ဥပဒေကြောင်းအရ ပြောင်းလဲမှုကို ဖော်ဆောင်ရန် ကြီးမားသည့် အဟန့်အတားဖြစ်သည်။ ဥပဒေကြောင်းအရ အလုပ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် မဖြစ်နိုင်သည့် အခါ အလုပ်သမားအဖွဲ့အစည်းများနှင့် သမဂ္ဂများက ကုန်အမှတ်တံဆိပ်များမှ ဝင်ရောက်ဆောင်ရွက်ပေးရန် တောင်းဆိုကြသည်။ ထိုကဲ့သို့ ကုန်အမှတ်တံဆိပ်များမှ ဝင်ရောက်ဆောင်ရွက်ပေးကြသည့် သိသာသည့် လုပ်ဆောင်ချက်နှစ်ရပ်မှာ Fair Wearဖောင်ဒေးရှင်း၏ လုပ်ဆောင်မှုနှင့်၊  FOA လမ်းညွှန်နှင့် အညီ ဆောင်ရွက်သော ACT အဖွဲ့ဝင်များ နှင့် IWFM တို့၏ လုပ်ဆောင်မှုတို့ဖြစ်သည်။

    Fair Wear ဖောင်ဒေးရှင်းသည် အခြားရွေးချယ်စရာတစ်ခုအဖြစ် မကျေလည်မှုများကို ဖြေရှင်းသည့် ယန္တယားတစ်ခုကို ထူထောင်ခြင်းဖြင့်၊ ၎င်းတို့အဖွဲ့ဝင် ကုန်အမှတ်တံဆိပ်များမှ အလုပ်သမား အငြင်းပွားမှုများကို ဝင်ရောက်ဖြေရှင်းရန် တောင်းဆိုကြသည်။ Fair Wear သည် အငြင်းပွားမှုတိုင်ကြားနိုင်သည့် ကူညီဖြေရှင်းပေးရေး ဖုန်းလိုင်းများ ထားရှိပြီး၊ အလုပ်သမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် သမဂ္ဂများအပါအဝင် အလုပ်သမားများ၏ ကိုယ်စားလှယ်များမှ Fair Wear အဖွဲ့ဝင် ကုန်အမှတ်တံဆိပ်များထံ ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံများ၏ Fair Wear မှချမှတ်ထားသော ကျင့်ဝတ်စည်းကမ်းများချိုးဖောက်မှုရှိလျင်သော်လည်းကောင်း၊ လုပ်ငန်းခွင်အခြေအနေများကိုသော်လည်းကောင်း တိုင်ကြားနိုင်သည်။ ပြည်တွင်းရှိ FWF ဝန်ထမ်းများမှ တိုင်ကြားချက်များကို ဖုန်းလိုင်းမှတစ်ဆင့် လက်ခံကြသည်။ ထို့နောက် FWF ကုန်အမှတ်တံဆိပ်များသို့ အကြောင်းကြား ကြသည်။ စက်ရုံစီမံခန့်ခွဲမှုနှင့် အလုပ်သမားကိုယ်စားလှယ်များ အတူတကွ လတ်တလောဖြစ်ပေါ်နေသော ပြသနာ၏ အဖြေ နှင့် ပြသနာ၏ ရင်းမြစ်အကြောင်းခံကို ရှာဖွေကြသည်။ အာဏာသိမ်းသည့်ဖြစ်စဉ်နောက်ပိုင်းတွင်လည်း ကူညီဖြေရှင်းပေးရေး ဖုန်းလိုင်းများဆက်လက်ရှိနေသော်လည်း စိန်ခေါ်မှုများစွာရှိနေသည်။ အမှန်တကယ် အသက်ဝင်သည့် သမဂ္ဂများမရှိတော့ခြင်း၊ လုံခြုံရေး အခြေအနေများကြောင့် စက်ရုံသို့ သွားရောက်နိုင်မှုမရှိခြင်း နှင့် ပုံမှန် audit များလုပ်ဆောင်နိုင်မှုမရှိခြင်းတို့ ကြောင့်ဖြစ်သည်။

    အငြင်းပွားမှုဖြေရှင်းသည့် ယန္တယားတစ်ရပ်အနေဖြင့် အခြားအထင်ကရ လုပ်ဆောင်ချက်တစ်ချက်မှာ အငြင်းပွားမှုဖြေရှင်းသည့် ယန္တယားမူဘောင် DRM ဖြစ်သည်။ DRM သည် FOA လမ်းညွှန်ကို စည်းနှောင် သက်ရောက်မှုရှိစေရန် လုပ်ဆောင်ရာတွင် အခရာကျပါသည်။ DRM ကို ၂၀၂၀ ဩဂတ်လနှောင်းပိုင်းတွင် စတင် အသုံးပြုခဲ့ပါသည်။ လမ်းညွှန်ကို စောင့်ကြည့်သည့် ကော်မတီ GMC ကို IWFM ကိုယ်စားပြုသည့် ငါးယောက် နှင့် အလုပ်ရှင်များ၏ လုပ်ငန်းအဖွဲ့ကို ကိုယ်စားပြုသည့် ငါးယောက် စုစုပေါင်း ၁၀ယောက်ဖြင့် ဖွဲ့စည်းထားပြီး၊ ၎င်းတို့က ကုန်ပစ္စည်းပေးသွင်းသည့်စက်ရုံများက DRM ကိုလိုက်နာမှုရှိစေရန် ဆောင်ရွက်သည်။[11] 

    DRM သည် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ အခွင့်အရေးနှင့်သက်ဆိုင်သော အငြင်းပွားမှုများနှင့်သာ အကျုံးဝင်သည်။ အငြင်းပွားသည့် နှစ်ဖက်စလုံးက DRM ၏ရလာဒ်ကို လိုက်နာကြရသည်။ လိုက်နာမှုမရှိပါက ACT အဖွဲ့ဝင် ကုန်အမှတ်တံဆိပ်များသည် နောက်ဆုံးအနေဖြင့် ၎င်းတို့ထံ ကုန်ပစ္စည်းပေးသွင်းသူများနှင့် စီးပွားရေးအရ အဆက်အ၁၁သွယ်ဖြတ်တောက်ကြရမည်ဖြစ်သည်။ ဤသို့ဖြင့် ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့ထံ ကုန်ပစ္စည်းပေးသွင်းသည့်စက်ရုံများအပေါ် ဩဇာသက်ရောက်နိုင်ကြမည်ဖြစ်ပြီး၊ FOA လမ်းညွှန်ကို ၎င်းတို့ထံ ကုန်ပစ္စည်းပေးသွင်းသည့်စက်ရုံများ လိုက်နာနိုင်ရန် တွန်းအားပေးနိုင်ကြမည်ဖြစ်သည်။ FOA အခွင့်အရေးကို မချိုးဖောက်နိုင်ရန် နှင့် သမဂ္ဂများပြိုကွဲအောင်လုပ်ဆောင်ခြင်းတို့ကို ဟန့်တားနိုင်မည်ဖြစ်သည်။

    ကိုဗစ် ၁၉ ကာလအတွင်း ကုန်အမှတ်တံဆိပ်များ၏ဆောင်ရွက်မှု

    ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များသည် လူမှုရေးစကားဝိုင်း စီမံကိန်းများ နှင့် အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်တွင်ပါဝင်မှုများရှိသော်လည်း၊ မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံးရှိ ကုန်အမှာများကို၊ အထည်ချုပ် အလုပ်သမားများနှင့် ၎င်းတို့ထံသို့ ကုန်သွင်းသူများအပေါ်သက်ရောက်မှုကို ထည့်သွင်းမစဉ်းစားပဲ၊ ဖျက်သိမ်းခဲ့သည်။ ၎င်းကြောင့် အလုပ်သမားရေး လှုပ်ရှားသူများ၏ ရှုံ့ချမှုကို ခံခဲ့ကြရသည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များထံ ကုန်ပစ္စည်းပေးသွင်းသည့်စက်ရုံအများစု၌ ကိုဗစ်ဆိုင်ရာ အကျပ်အတည်းများကို အကြောင်းပြု၍ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားများကို အလုပ်ထုတ်ခြင်း၊ သမဂ္ဂပြိုကွဲအောင်လုပ်ဆောင်ခြင်းများပြုလုပ်ခဲ့ကြသည်။ အလုပ်ဖြစ်သည့် ပြသနာဖြေရှင်းသည့် လမ်းကြောင်းများကင်းမဲ့နေမှုကြောင့် သမဂ္ဂများက ကုန်အမှတ်တံဆိပ်များကို ကြားဝင်ဖြေရှင်းရန် တောင်းဆိုခဲ့ကြသည်။ အချို့စက်ရုံများတွင် သမဂ္ဂများသည် FOA လမ်းညွှန်ကို အသုံးပြု၍ စက်ရုံမန်နေဂျာများကို အလုပ်သမားများနှင့် ဆွေးနွေးရန် နှင့် အလုပ်ထုတ်ထားသည့် အလုပ်သမားများကို ပြန်ခန့်ရန် ဖိအားပေးစေရေး၊ ကုန်အမှတ်တံဆိပ်များကို တိုက်တွန်းနိုင်ခဲ့ကြသည်။ သို့ရာတွင် တချို့စက်ရုံများ၌ ကုန်အမှတ်တံဆိပ်များက ဝင်ရောက်ဖြေရှင်းပေးခြင်းမရှိပဲ၊ ပြသနာများ ဖြေရှင်းနိုင်မှုမရှိခဲ့ပေ။

    အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်း ကုန်အမှတ်တံဆိပ်များ၏ဆောင်ရွက်မှု

    အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်း အလုပ်သမားအဖွဲ့အစည်းများနှင့် သမဂ္ဂများသည် စိန်ခေါ်မှုများ၊ ကန့်သတ်မှုများကြားမှ အလုပ်သမားအခွင့်အရေးကိုကာကွယ်ရန် ရုန်းကန်နေကြရသည်။ သူတို့သည် ကုန်အမှတ်တံဆိပ်များ၊ အထူးသဖြင့် ACT အဖွဲ့ဝင်များအား ၎င်းတို့ထံ ကုန်ပစ္စည်းပေးသွင်းသည့်စက်ရုံများရှိ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို ဝင်ရောက် ဟန့်တားပေးရန် တောင်းဆိုကြသည်။  အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်း ACT သည် ၂၀၂၁ခုနှစ်မတ်လတွင် အငြင်းပွားမှုများကို အမြန်ဖြေရှင်းသည့် ယန္တယားကို စတင်ခဲ့ပြီး၊ FOA သာမက အခြားသော အငြင်းပွားမှုများကိုပါ လက်ခံဖြေရှင်းပေးခဲ့သည်။ အထည်ချုပ်လုပ်ငန်း ကဏ္ဍကျွမ်းကျင်သူတစ်ယောက်အဆိုအရ၊ ၂၀၂၁ ခုနှစ် မေလ မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ ACT သို့တိုင်ကြားသည့် အမှုပေါင်း ၄၀ကျော်ရှိခဲ့သည်။ အဆိုပါ အမှုများ၏ ၅၀ ရာခိုင်နှုန်းနီးပါး ဖြေရှင်းပေးခဲ့ပြီး၊ ကျန်အမှုများအတွက် ကုန်အမှတ်တံဆိပ်များ၊ ၎င်းတို့ထံ ကုန်ပစ္စည်းပေးသွင်းသည့်စက်ရုံများ နှင့် ACT မြန်မာနိုင်ငံမှ ရုတ်သိမ်းသည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ဆက်သွယ်ဆောင်ရွက်ခဲ့သည်။

    ACT ကဲ့သို့ ဩဇာသက်ရောက်သည့် ယန္တယားမရှိပဲ၊ ကုန်အမှတ်တံဆိပ်များ၏ ပံ့ပိုးမှုနှင့် ဝင်ရောက်ဖြေရှင်းပေးမှုကို ရရှိရန် ပိုမိုခက်ခဲသည်။ CAM ၏စက်ရုံနှစ်ရုံကို လေ့လာ၊တွေ့ရှိချက်များအရ ဥပဒေကြောင်းအရ အငြင်းပွားမှုဖြေရှင်းသည့် ယန္တယားများ အလုပ်မဖြစ်တော့ပဲ၊ LRO သည် သက်ဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များထံမှ အကူအညီတောင်းခံရသည်။ ကုန်အမှတ်တံဆိပ်များမှဝင်ရောက်ဖြေရှင်းမှုနှင့်သက်ဆိုင်သည့် စိန်ခေါ်မှုများတွင် ကုန်အမှတ်တံဆိပ်များ၏ တုံ့ပြန်မှုမရှိခြင်း၊ လုံလောက်မှုမရှိသည့် လူ့စွမ်းအားရင်းမြစ် နှင့် စက်ရုံအဆင့်နှင့် နိုင်ငံတော်အဆင့်တွင် သမဂ္ဂပြိုကွဲစေရန် ဆက်လက်လုပ်ဆောင်မှုများကြောင့် ရေရှည်တည်တံ့သည့် စကားဝိုင်းမရှိခြင်း တို့ပါဝင်သည်။

    စက်ရုံနှစ်ရုံကို လေ့လာခြင်း

    ဥပဒေကြောင်းအရ အငြင်းပွားမှုဖြေရှင်းခြင်းလုပ်ငန်းစဉ်သည် အလုပ်သမားများအတွက် ခြိမ်းခြေက်မှုတစ်ခုဖြစ်လာ

    အာဏာမသိမ်းမှီကတည်းက ကောင်းမွန်စွာ  မလည်ပတ်ခဲ့သော ဥပဒေကြောင်းအရ အငြင်းပွားမှုဖြေရှင်းခြင်းယန္တယားသည် ယခုအခါ ပိုမို၍ ဆိုးရွားလာခဲ့သည်။ ဆက်လက်၍ ဖော်ပြမည့် ဖြစ်ရပ်နှစ်ခုတွင်၊ ဖြစ်ရပ်တစ်ခုတွင် အလုပ်သမားများ၏ တိုင်ကြားမှုများ လျစ်လျှုရှုခံရပြီး၊ အခြား ဖြစ်ရပ်တစ်ခုတွင် တိုင်တန်းမှုပြုလုပ်ခဲ့သည့် အလုပ်သမားများခြိမ်းခြောက်ခံခဲ့ကြရသည်။ ပုံမှန်အားဖြင့် အလုပ်သမားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် နိုင်ငံတော်အဆင့် သမဂ္ဂတစ်ခုခုက အလုပ်သမားများ အလုပ်သမားရုံး၌ တိုင်တန်းမှုများပြုလုပ်ရာတွင် အကူအညီပေးသည်။ ၎င်းဖြစ်စဉ်တွင် တိုင်တန်းစာများပြင်ဆင်ခြင်း နှင့် အငြင်းပွားမှုဆိုင်ရာ ဥပဒေရေးရာနှင့်ပတ်သက်သည့် အခြားစာရွက်စာတမ်းများပြင်ဆင်ခြင်းတို့ပါဝင်သည်။ သို့ရွာတွင် ယခုလက်ရှိအချိန်၌ အလုပ်သမားအဖွဲ့အစည်း နှင့် သမဂ္ဂ ၁၆ ခုသည် တရားမဝင်အဖွဲ့များအဖြစ် ကြေငြာခံထားရပြီး၊ အလုပ်သမားများကို အရင်ကကဲ့သို့ လူကိုယ်တိုင် လိုက်ပါကူညီနိုင်ခြင်းမရှိတော့ပဲ၊ နောက်ကွယ်မှသာ ကူညီပေးနေရသည်။ သူတို့သည် တိုင်တန်းမှုများမည်သို့ပြုလုပ်နိုင်သည်ကို ဖုန်းဖြင့်သော်လည်ကောင်း၊ အင်တာနက်မှတစ်ဆင့်သော်လည်းကောင်း အကြံပေးခြင်းများ ပြုလုပ်ရသည်။

    စက်ရုံနှစ်ရုံလုံးတွင် အလုပ်သမားများက တိုင်တန်းရန် အလုပ်သမားဌာနသို့သွားသည့်အခါ၊ အရာရှိများက မည်သူတို့က ၎င်းတို့ကို ကူညီနေကြသနည်းဟုမေးမြန်းကြသည်။ တရားမဝင်သည့် အဖွဲ့များက ကူညီနေသည်ဆိုပါက အလုပ်သမားများကိုရော၊ ၎င်းအဖွဲ့များကိုရော အရေးယူမည်ဟု အရာရှိများက ခြိမ်းခြောက်ကြသည်။ စက်ရုံနှစ်ရုံလုံးတွင် အလုပ်ရှင်များက အလုပ်သမားအရာရှိများကို  လာဘ်ပေးမှုများရှိနေသည်ဟု အလုပ်သမားများက ယုံကြည်ကြသည်။ အလုပ်သမားရုံး၌ မျက်မြင်တွေ့ခဲ့ရသည့် အလုပ်သမားကိုယ်စားလှယ်၏ ပြောကြားချက်အရ၊ အလုပ်ရှင်ကိုယ်စားလှယ်များသည် အလုပ်သမားအရာရှိနှင့်တွေ့ဆုံရန် ချိန်းထားသည့် အချိန်ထက်စော၍ ရောက်ရှိခဲ့ကြသည်။ အလုပ်ရှင်ကိုယ်စားလှယ်များသည် အမဲရောင်အိတ်ကြီးတစ်အိတ်ကို ယူဆောင်လာခဲ့ကြပြီး၊ ရုံးထဲသို့ဝင်ရောက်သွားခဲ့သည်ကို သတိပြုမိခဲ့ကြသည်။ အလုပ်သမားများက သံသယဖြင့်စောင့်ကြည့်ခဲ့ကြပြီး၊ မိနစ် အနည်းငယ်ကြာသည့်အခါ ၎င်းတို့လက်ဗလာဖြင့် ပြန်ထွက်လာကြသည်ကို တွေ့ရှိခဲ့ကြသည်။ အဆိုပါအိတ်ထဲတွင် ဘာပါရှိသည်ကို မသိရှိကြသော်လည်း၊ အလုပ်သမားများက အလုပ်ရှင်သည် အလုပ်သမားရုံးကို လာဘ်ပေးခဲ့သည်ဟုသံသယရှိကြသည်။

    အခြားဖြစ်ရပ်တွင် အလုပ်သမားအရာရှိများသည် ရှင်းရှင်းလင်းလင်း အလုပ်ရှင်ကို အရေးပေးခဲ့ပြီး၊ အလုပ်ရှင်များကိုသာ ဥပဒေကြောင်းနှင့်ပတ်သက်သည့် သက်ဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးခဲ့ပြီး၊ အလုပ်သမားများမှာမူ ၎င်းတို့၏ အမှုနှင့်ပတ်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်ရမည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်မရရှိခဲ့ကြပေ။ ဖြစ်ရပ်နှစ်ခုလုံးတွင် အလုပ်သမားကိုယ်စားလှယ်များသည် အလုပ်သမားရုံးသို့ ချိန်းဆိုထားသည့် အချိန်နှင့် နေ့ရက်တို့တွင် လာရောက်ရန် အကြီမ်ကြီမ်ပျက်ကွက်ခဲ့သော်လည်း အရေးယူမခံခဲ့ကြရပေ။ [12]

    ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များ စက်ရုံနှစ်ရုံ၌ မည်သို့တုံ့ပြန်ဆောင်ရွက်နေကြသနည်း?

    အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြောင်းအရ အငြင်းပွားမှုဖြေရှင်းခြင်းယန္တယားသည် အလုပ်မဖြစ်သောကြောင့်၊ LRO သည် သက်ဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များကို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ သတင်းပေးပြီး၊ ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။ စက်ရုံတစ်ရုံ၌ ကုန်အမှတ်တံဆိပ်သည် ၎င်း၏ဩဇာကိုသုံး၍ လုပ်ဆောင်မှု အလုပ်ဖြစ်ခဲ့သည်။ သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်သည် တုံ့ပြန်ဆောင်ရွက်မှုအားကောင်းခဲ့ပြီး၊ LRO ကိုယ်စားလှယ်များ၊ စက်ရုံမန်နေဂျာ နှင့် အလုပ်သမားကိုယ်စားလှယ်များ ကြားညှိနှိုင်းဖြေရှင်းသည့်လုပ်ငန်းစဉ်ကို ပံ့ပိုးပေးခဲ့သည်။ လုပ်ခလစာ ဖြတ်တောက်ခံရမှု၊ အချိန်ပိုကြေးမရမှု နှင့် လုပ်ငန်းခွင် အနိုင်ကျင့်မှုတို့နှင့်သက်ဆိုင်သော ကိစ္စရပ်များကိုဖြေရှင်းနိုင်ခဲ့ပြီး၊ ရရှိထားသော သဘောတူညီမှုကိုလိုက်နာရန် ကြီးကြပ်ပေးခဲ့သည်။ သို့ရာတွင်စက်ရုံ၌ အလုပ်ရှင်သည် အလုပ်သမားများကို ခြိမ်းခြောက်၍ တစ်ဖုံ၊ သိမ်းသွင်း၍ တစ်နည်း၊ နည်းမျိုးစုံသုံး၍ စက်ရုံအဆင့် အခြေခံအလုပ်သမားသမဂ္ဂသို့ မဝင်ရောက်ကြရန် လုပ်ဆောင်နေဆဲဖြစ်သည်။

    အခြားစက်ရုံတွင် LRO ၏ နည်းလမ်းမအောင်မြင်ခဲ့ပေ။ ကုန်အမှတ်တံဆိပ်သည် တုံ့ပြန်ဆောင်ရွက်ရာတွင်လွန်စွာ နှောင့်နေးခဲ့ပြီး၊ LRO ကိုအကြောင်းပြန်ဖို့ပင် ၁ လကြာမြင့်ခဲ့သည်။ ကုန်အမှတ်တံဆိပ်က နောက်ဆုံးတုံ့ပြန်လာသည့်အခါ၊ အငြင်းပွားမှုဘာကြောင့် ဖြစ်ပေါ်သနည်း၊ မည်သည့်ဥပဒေများကိုချိုးဖောက်သနည်း အစရှိသဖြင့်သာ မေးမြန်းခဲ့သည်။ ပြသနာဖြေရှင်းရန် စက်ရုံစီမံခန့်ခွဲမှုကို အလုပ်သမားများနှင့် စကားဝိုင်းစတင်ရန် တိုက်တွန်းခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ပြသနာများ မဖြေရှင်းနိုင်ပဲ၊ အလုပ်သမားများ၏ ယုံကြည်မှုလည်း ပျက်သုဉ်းခဲ့ရသည်။ 

    ကုန်အမှတ်တံဆိပ်၏ တုံ့ပြန်လုပ်ဆောင်မှုများနှင့်ပတ်သက်သည့် စိန်ခေါ်မှုများ

    ကုန်အမှတ်တံဆိပ်၏ တုံ့ပြန်လုပ်ဆောင်မှုအားကောင်းရန် အရေးကြီး

    CAM ၏စက်ရုံနှစ်ရုံ၌ လေ့လာတွေ့ရှိမှုများနှင့် ကျယ်ကျယ်ပြန့်ပြန့်လေ့လာတွေ့ရှိချက်များအရ ကုန်အမှတ်တံဆိပ်၏ တုံ့ပြန်လုပ်ဆောင်မှုအားကောင်းရန် အရေးကြီးကြောင်းညွှန်ပြနေသည်။ စက်ရုံတစ်ရုံ၌ ကုန်အမှတ်တံဆိပ်၏ တုံ့ပြန်လုပ်ဆောင်မှုအားနည်းသောကြောင့်၊ ဖြေရှင်းရေးလုပ်ငန်းစဉ်ကို ပင်စတင်နိုင်ခြင်းမရှိခဲ့ပေ။ Fair Wear ကအထူးအလေးထားဖော်ပြသည်မှာ

    “စက်ရုံစီမံခန့်ခွဲမှုအနေဖြင့် ဖြေရှင်းရေးလုပ်ငန်းစဉ်ကို အရေးထားလုပ်ဆောင်စေရေး တွန်းအားပေးရန် ကုန်အမှတ်တံဆိပ်များ၏ ပံ့ပိုးမှုသည် လွန်စွာအရေးကြီးပါသည်။ ၎င်းတို့အနေဖြင့် သဘောတူညီထားသော လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် ကြီးကြပ်ရပါမည်။ ရေရှည်တည်တံ့သော ဖြေရှင်းမှုကိုရရှိရန် ပံ့ပိုးပေးရမည်။ ဥပမာ လိုအပ်သည့်နေရာတွင် ငွေကြေးအရ ပံ့ပိုးပေးခြင်းမျိုးဖြစ်သည်။ Fair Wear သည် သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်နှင့်ဆက်သွယ်၍၊ စီမံခန့်ခွဲမှုနှင့် အလုပ်သမားနှစ်ဖက်စလုံးအား ဖြေရှင်းရေးလုပ်ငန်းစဉ်ကို မိတ်ဆက်ပေးသည်။ ဆက်လက်၍ ကုန်အမှတ်တံဆိပ်၏ နောက်ဆက်တွဲ ကြားဝင်ဆောင်ရွက်မှုအပေါ် စီမံခန့်ခွဲမှုနှင့် အလုပ်သမားနှစ်ဖက်စလုံးမှ သဘောတူညီမှုရယူရပါမည်။ “ သို့ဖြစ်၍ ကောင်းမွန်သော စကားဝိုင်းများ၏ အရှိန်ကို ထိမ်းသိမ်းရန် စဉ်ဆက်မပြတ် ထပ်မံလုပ်ဆောင်ရန်လိုအပ်သည်များကို လုပ်ဆောင်နေရမည်ဖြစ်ပြီး၊ ပုံမှန် စမ်းစစ်သည့် အစည်းအဝေးများ လိုအပ်ပါသည်။ ကိစ္စရပ်များအားလုံးတွင်၊ ကုန်အမှတ်တံဆိပ်ဘက်မှ စဉ်ဆက်မပြတ် ထပ်မံလုပ်ဆောင်မှုများနှင့် တွန်းအားပေးမှုများမရှိလျင်၊ စီမံခန့်ခွဲမှုသည် သူတို့၏ အကျင့်အတိုင်း၊ အလုပ်သမားများနှင့်စကားဝိုင်းကို လျစ်လျူရှုလေ့ရှိသည်။”

    အချို့ ကုန်အမှတ်တံဆိပ်များသည် အပေါ်ယံသာ လုပ်ဆောင်ကြသည်ဟု LRO က မှတ်ချက်ပြုသည်။ LRO၏ အဆိုအရ သူတို့သည် လက်ရှိအချိန်တွင် စက်ရုံ၁၅ ခု၌ ကုန်အမှတ်တံဆိပ် ၈ခုနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ LRO က ပြောသည်မှာ စက်ရုံ ၃ ခု၌ ကုန်အမှတ်တံဆိပ်များ၏ စိတ်ဝင်စားမှု နှင့် ပါဝင်မှုအားနည်းခြင်းကြောင့် အောင်မြင်မှုမရှိပဲ၊ အခြားစက်ရုံများတွင် အတိုင်အတာ တစ်ခုထိအလုပ်ဖြစ်သည်ဟုဆိုပါသည်။ ကုန်အမှတ်တံဆိပ်များသည် တာဝန်ယူလိုစိတ်မရှိပဲ၊ စက်ရုံစီမံခန့်ခွဲသူများကို တိုက်တွန်းရန် စိတ်မပါကြဟု ဆိုသည်။ ဤအချက်သည် ဝေဖန်သူများထောက်ပြသကဲ့သို့ လူမှုရေးစကားဝိုင်းများ အလုပ်ဖြစ်ရေး စိန်ခေါ်မှုတစ်ရပ်ကို ထင်ဟပ်စေသည်။ “due diligence၊ လိုက်နာဆောင်ရွက်မှုနှင့် ကြီးကြပ်ကွက်ကဲစောင့်ကြည့်မှုတို့တွင် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များ၏ ခေါင်းဆောင်မှုမရှိခြင်း” တို့ဖြစ်သည်။ တခြားတဘက်တွင်မူ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များက ထောက်ပြသည်မှာ ကုန်ပစ္စည်းများ အချိန်မှီရောက် မရောက်မသေချာသောကြောင့်၊ မြန်မာပြည်မှ ကုန်မှာရသည်မှာ စွန့်စားရမှုများကြောင်း နှင့် အဆိုပါအချက်သည် ၎င်းတို့ထံ ကုန်ပစ္စည်းတင်သွင်းသူများအပေါ် ၎င်းတို့၏ ဩဇာသက်ရောက်မှုကို လျော့ပါးစေသည်။ ရလာဒ်အနေဖြင့် ကုန်အမှတ်တံဆိပ်များသည် မြန်မာပြည်တွင် စီးပွားရေးဆက်လက်လုပ်ကိုင်ရန် သံဓိဠာန်ကျသည့် အနေအထားမျိုး မရှိသောကြောင့် ၎င်းတို့၏ ကုန်အမှာများမှာလည်း တည်ငြိမ်မှုမရှိပေ။[13]
    အဆိုပါ အခြေအနေများကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့် ၎င်းတို့၏ အရှိန် ဩဇာကို ထိထိရောက်ရောက်အသုံးချရန် အခက်ကြုံကြရသည်။

    သက်ဆိုင်သူများအားလုံး ပါဝင်နိုင်မှုမရှိခြင်း

    အာဏာသိမ်းမှုမတိုင်မှီကပင် အောင်မြင်သော ပြသနာဖြေရှင်းသည့် လုပ်ငန်းစဉ်သည် ပတ်သက်စပ်ဆက်နေသူများအားလုံး၏ ပါဝင်မှုနှင့် ပံ့ပိုးမှုလိုအပ်ပါသည်။ ဆက်လက်ဖြစ်ပေါ်နေသော  စက်ရုံအဆင့်နှင့် နိုင်ငံအဆင့် နှစ်ခုစလုံးရှိ သမဂ္ဂများကိုဖြိုခွင်းသည့် လုပ်ဆောင်မှုများကြောင့် ပြသနာများဖြေရှင်းရေး စကားဝိုင်း အစည်းအဝေးများ၌ သမဂ္ဂများ ပါဝင်ရန် အခက်အခဲတွေ့ရသည်။

    ထိရောက်သော ပြသနာဖြေရှင်းသည့် အခြေအနေတစ်ရပ် ဖြစ်ထွန်းရန်မှာ ကုန်အမှတ်တံဆိပ်များ၊ လူမှုအဖွဲ့အစည်းများ၊ သမဂ္ဂအဖွဲ့ချုပ်များ၊စက်ရုံစီမံခန့်ခွဲမှု နှင့်အလုပ်သမားရေးလုပ်ဆောင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သည့်ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းမှုနှင့် ပံ့ပိုးမှုပေါ်တွင်မူတည်ပါသည်။”

    ဆက်လက်ဖြစ်ပေါ်နေသော စက်ရုံအဆင့်နှင့် နိုင်ငံအဆင့် နှစ်ခုစလုံးရှိ သမဂ္ဂများကိုဖြိုခွင်းသည့် လုပ်ဆောင်မှုများ

    CAM နှင့်စကားပြောသည့် အလုပ်သမားကိုယ်စားလှယ်များ နှင့် အလုပ်သမားအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက စက်ရုံအဆင့် သမဂ္ဂများ အားကောင်းလာစေရန် လွန်စွာအရေးကြီး ကြောင်း တညီတညွတ်တည်း ထောက်ပြသည်။ သမဂ္ဂများအနေဖြင့် အလုပ်သမားအခွင့်အရေးကာကွယ်ရန် နှင့် အလုပ်ရှင်နှင့် ဆွေးနွေးညှိနှိုင်းရန် ကျွမ်းကျင်မှုနှင့် အရည်အသွေးပြည့်စုံစေရေးသည် လွန်စွာအရေးကြီးပါသည်။ တခြားတဘက်တွင်လည်း ကုန်အမှတ်တံဆိပ်များက ၎င်းတို့၏ ဩဇာကိုသုံး၍ ၎င်းတို့ထံ ကုန်ပစ္စည်းတင်သွင်းသူများအပေါ် စကားဝိုင်းလုပ်ငန်းစဉ်၌ပါဝင်ရန် ပြင်ပမှ ဖိအားပေးခြင်းသည်၊ စက်ရုံအဆင့်နှင့် ကဏ္ဍအဆင့် နှစ်ခုစလုံး၌ စက်ရုံတွင်း လူမှုရေးစကားဝိုင်းများကို ထူထောင်နိုင်ခြင်းမရှိပါက၊ ရေရှည်တည်တံ့နိုင်မှုမရှိပေ။

    အကောင်းဆုံးဖြစ်သင့်သည်မှာ စက်ရုံအဆင့်၌ လူမှုစကားဝိုင်းယန္တယား ထိရောက်စွာ အသက်ဝင်လျက်ရှိသည့် အခြေအနေတစ်ရပ်ဖြစ်သည်။ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အခြေခံသမဂ္ဂအပါအဝင် အလုပ်သမားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော WCC ဖြင့် အငြင်းပွားမှုများကို  စက်ရုံတွင်းမှာပင် ဖြေရှင်းနိုင်ခြင်းဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကုန်အမှတ်တံဆိပ်များသည် ပြသနာများကို ဝင်ရောက်ဖြေရှင်းရန်ပင် မလိုအပ်ပေ။ သို့အတွက်ကြောင့် CAM နှင့်စကားပြောဖြစ်သည့် စပ်ဆက်ပတ်သက်သူအားလုံးက သမဂ္ဂများအားကောင်းစေရေး အရေးကြီးကြောင်း အလေးထားပြောကြားကြသည်။ ကိုဗစ် နှင့် အာဏာသိမ်းမှုများမတိုင်မှီက နိုင်ငံတော်အဆင့် သမဂ္ဂများ နှင့် အလုပ်သမားရေး အဖွဲ့အစည်းများက၊ အလုပ်သမားများနှင့် မန်နေဂျာများကို၊ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များ၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းများ၊ နှင့် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများ အပါအဝင် စပ်ဆက်ပတ်သက်နေသူများ၏ ပံ့ပိုးမှု၊ ပူးပေါင်းမှုဖြင့် ဆွေးနွေး ညှိနှိုင်းသည့် အရည်အချင်း နှင့် ဆက်သွယ်ပြောဆိုသည့် အရည်အချင်းဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးခဲ့သည်။ အစောပိုင်းက ဖော်ပြခဲ့သည့် လူမှုရေးစကားဝိုင်းစီမံကိန်းများသည် အလုပ်သမားများ၊ သမဂ္ဂများ နှင့် စက်ရုံမန်နေဂျာများ၏ စွမ်းရည်ကို မြှင့်တင်ခြင်းဖြင့် အထည်ချုပ်ကဏ္ဍရှိ အလုပ်ရှင် အလုပ်သမားဆက်ဆံရေး တိုးတက်စေရန် ရည်ရွယ်သည်။ သို့ရာတွင် အဆိုပါ ကြိုးစားအားထုတ်မှုများသည် ကိုဗစ် နှင့်အာဏာသိမ်းမှုတို့နောက်ပိုင်း အလုပ်ရှင်များက သမဂ္ဂဖွဲ့စည်းခြင်းကို ဟန့်တားခြင်း၊ ပြိုကွဲစေရန် လုပ်ဆောင်ခြင်းတို့ကြောင့် ပျက်ပြားခဲ့ရသည်။

    လေ့လာမှုပြုလုပ်ခဲ့သည့် စက်ရုံနှစ်ရုံလုံးတွင် သမဂ္ဂဖွဲ့စည်းခြင်းကို ဟန့်တားခဲ့သည်။ စက်ရုံနှစ်ရုံလုံးတွင် အလုပ်သမားများ သမဂ္ဂ အဖွဲ့ထဲဝင်ရောက်လျင်၊ အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။ စက်ရုံတစ်ရုံတွင် အလုပ်သမားများ သမဂ္ဂထဲမဝင်လျင်၊ မြန်မာကျပ် ၂၀,၀၀၀ ပေးမည်ဟု ဆွဲဆောင်သည်။ စက်ရုံနှစ်ရုံလုံးတွင် လုပ်ငန်းခွင် ခေါင်းပုံဖြတ်မှုများနှင့်ပတ်သက်၍ အလုပ်သမားများ၏ မကျေနပ်မှုများကို စုပေါင်း ဆန္ဒဖော်ထုတ်ရန် ကြိုးစားသည့် အခါတိုင်း၊ စက်ရုံကို စစ်သားများခေါ်မည်ဟု ခြိမ်းခြောက်ခံကြရသည်။ လှိုင်သာယာရှိ ဖိနပ်စက်ရုံတစ်ရုံတွင် ၂၀၂၁ ခုနှစ် မတ်လထဲ၌ စစ်သားများက အလုပ်သမား ၆ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ အလုပ်သမားများက ၎င်းတို့အား လစာအပြည့်ပေးမည်မဟုတ်ကြောင်း သိရှိရသည့်အခါ အငြင်းပွားမှုဖြစ်ပွားခဲ့ရာ အလုပ်ရှင်က စစ်သားများကိုစက်ရုံသို့ခေါ်ခဲ့ခြင်းဖြစ်သည်။

    နိုင်ငံတော်အဆင့်၌ ဖေဖဝါရီ ၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM၊ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS တို့က အမျိုးသားအဆင့်သုံးပွင့်ဆိုင် စကားဝိုင်းဖိုရမ် NDTF မှ နုတ်ထွက်ကြောင်းကြေငြာခဲ့သည်။ NDTF သည် နိုင်ငံတော်အဆင့်၌ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အစိုးရ၊ အလုပ်ရှင် နှင့် အလုပ်သမားကိုယ်စားလှယ်များ ၄ လတစ်ကြိမ် ပုံမှန်တွေ့ဆုံနေကြခြင်းဖြစ်သည်။ အဓိက သမဂ္ဂခေါင်းဆောင်များ နှင့် NTDF ကိုယ်စားလှယ်များအဖမ်းခံခဲ့ရပြီး၊ အများစုမှာ တိမ်းရှောင်နေကြရသည်။ တရားမဝင် ကြေငြာခံခဲ့ရသည့် သမဂ္ဂ ၁၆ ဖွဲ့၏ ခေါင်းဆောင်အချို့မှာ နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းခံခဲ့ရသည်။ [14]

    လူ့သားအရင်းမြစ် မလုံလောက်မှု

    အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ကုန်အမှတ်တံဆိပ်များမှ ဝင်ရောက်ဖြေရှင်းပေးသည့် လုပ်ငန်းစဉ်မှာ စပ်ဆက်ပတ်သက်သူများစွာ ပါဝင်ရန်လိုအပ်ပြီး၊ အချိန်ယူရပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဆွေးနွေး ညှိနှိုင်းသည့် စွမ်းရည် နှင့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ပါသည်။

    အာဏာသိမ်းမှု မဖြစ်ပွားမီက အချို့စက်ရုံများ၌ အလုပ်သမားအခွင့်အရေးပြသနာများကို ဖြေရှင်းရန် ကုန်အမှတ်တံဆိပ်များနှင့် လုပ်ဆောင်ခဲ့သည့် အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်သူတစ်ယောက်၏ အဆိုအရ လူသားရင်းမြစ်သည် မရှိမဖြစ်အရေးကြီးပါသည်။ ဥပမာတစ်ရပ်တွင် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်တစ်ခုထံသို့ ပစ္စည်းပေးသွင်းသည့် စက်ရုံ၌ သမဂ္ဂဖြိုခွင်းသည့်ပြသနာနှင့်ပတ်သက်၍ ဖြေရှင်းရာတွင်၊ စပ်ဆက်ပတ်သက်သူများအကြား အကြိမ်များစွာ ဆွေးနွေးညှိနှိုင်းခဲ့ရသည်။ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်၊ ပစ္စည်းပေးသွင်းသည့် စက်ရုံ ပိုင်ရှင်၊ စက်ရုံမန်နေဂျာ၊ အခြေခံ အလုပ်သမားသမဂ္ဂခေါင်းဆောင်၊  အမျိုးသား အဆင့်သမဂ္ဂကိုယ်စားလှယ်တစ်ယောက်၊ ကုန်အမှတ်တံဆိပ်၏ မိခင်နိုင်ငံမှ သမဂ္ဂတစ်ခု၊ ဒေသတွင်း NGO တစ်ခု၊ နှင့် ဘာသာပြန်တစ်ယောက် တို့ပါဝင်သည်။ အလုပ်ထုတ်ထားသည့် အလုပ်သမားများကို ပြန်ခန့်ရန်နှင့် ပြသနာများဖြေရှင်းရန် ၃ လ မှ ၄ လအထိကြာမြင့်ခဲ့သည်။

    LRO ၏ အဆိုအရ သူတို့နှင့် အတူတူ အလုပ်လုပ်သည့် ကုန်အမှတ်တံဆိပ် ၈ ခုတွင်၊ ၃ ခုသာ နိုင်ငံတွင်းတွင် ရုံးရှိပြီး၊ ရုံးတစ်ရုံးစီတွင် ဒေသခံဝန်ထမ်း ၂ ယောက် မှ ၃ ယောက်ခန့်အပ်ထားပါသည်။ LRO က သက်ဆိုင်ရာ စပ်ဆက်ပတ်သက်နေသူများကြား ကောင်းမွန်သော ဆွေးနွေးညှိနှိုင်းမှု နှင့် ဆက်သွယ် ဆောင်ရွက်မှုကို ပံ့ပိုးပေးရန်၊ နိုင်ငံတွင်းတွင် ရုံးများရှိနေပြီး၊ ဒေသခံဝန်ထမ်းများ ခန့်အပ်ထားရန် လိုအပ်သည် ဟုမှတ်ချက်ပြုပါသည်။ ဒေသခံဝန်ထမ်းများသည်  စပ်ဆက်ပတ်သက်နေသူများနှင့် ချိတ်ဆက်မှု၊ ဆွေးနွေးညှိနှိုင်းမှု နှင့် ပြသနာဖြေရှင်းရေး  တို့တွင် အတွေ့အကြုံနှင့် အရည်အသွေးရှိသင့်သည်။

    ကုန်အမှတ်တံဆိပ်များဘက်မှ လူ့စွမ်းအားရင်းမြစ် အရည်အသွေးမြှင့်တင်ရန် ကြီးမားသည့် ကြိုးစားအားထုတ်မှုလိုအပ်သည့်အပြင်၊ LRO ၏ အကြီးမားဆုံးစိန်ခေါ်မှုမှာ လူ့စွမ်းအားရင်းမြစ် အရည်အသွေး ဖြစ်သည်။ LRO အနေဖြင့် ယခုလက်ရှိအချိန်တွင် သူတို့စွမ်းအင်ရှိသရွေ့ လုပ်ကိုင်နေကြသော်လည်း၊ သူတို့အနေဖြင့် လူ့စွမ်းအားရင်းမြစ်များ ပိုမိုလိုအပ်ပါသည်။ အထူးသဖြင့် အလုပ်သမားအခွင့်အရေးများတွင် အတွေ့အကြုံရှိသူ နှင့် အင်္ဂလိပ်လို ကျွမ်းကျင်သူလိုအပ်ပါသည်။ LRO သည် တစ်နှစ်အတွင်း စက်ရုံ ၂၀ နှင့် ၃၀ ကြားဝင်ရောက် ဆောင်ရွက်ရန် ရည်ရွယ်ထားသော်လည်း၊ ဤသည်မှာ ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ LRO အနေဖြင့် ရည်မှန်းထားသည့်အတိုင်း လုပ်ဆောင်နိုင်သည်ဆိုလျင်ပင်၊ ၃၀၀ မှ ၄၀၀ ကြားရှိသော စက်ရုံများထံမှ ပစ္စည်းမှာယူနေသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ် ၁၅၀ ခန့်ရှိရာ၊[15] လူ့စွမ်းအားရင်းမြစ်မရှိသောကြောင့် အခြားစက်ရုံများနှင့် ကုန်အမှတ်တံဆိပ်များသို့ လက်လှမ်းမှီနိုင်လိမ့်မည် မဟုတ်ပေ။ ဤအရေအတွက်သည် ၎င်းတို့ထံမှ ပစ္စည်းမှာယူနေသော  ကုန်အမှတ်တံဆိပ်များမှာ  မည်သူတို့ ဖြစ်သည်ကိုပင် မသိရှိရသည့် ခန့်မှန်းချေစက်ရုံ ၂၀၀ ခန့်ပါဝင်မှုမရှိပေ။ လေ့လာတွေ့ရှိမှုများအရ၊ LRO မှလွဲ၍ အခြားသော အလုပ်သမားအဖွဲ့အစည်းများ နှင့် သမဂ္ဂများသည် ရှောင်တိန်းနေကြရပြီး၊ ကုန်အမှတ်တံဆိပ်များနှင့် လောလောဆယ် အလုပ်လုပ်ကိုင်နေကြခြင်းမရှိပေ။

    အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ အရှိန်မြင့်နေ

    စက်ရုံနှစ်ရုံ၌ လေ့လာတွေ့ရှိချက်များနှင့်၊ ကျယ်ကျယ်ပြန့်ပြန့်လေ့လာတွေ့ရှိမှုများအရ၊ လုပ်ခလစာဖြတ်တောက်မှု၊ အလုပ်ချိန် မတန်တဆ ခိုင်းစေမှု၊  ရက်မှန်ကြေး ဖြတ်တောက်ခံရမှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှု နှင့် လုပ်သက်ကြေးပေးရန် ပျက်ကွက်မှု အစရှိသဖြင့် အလုပ်သမား ခေါင်းပုံဖြတ်မှုများအရှိန်မြင့်လျက်ရှိသည်။ စက်ရုံ၌ အလုပ်သမားများ၏ လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရသည်။ အလုပ်သွား အလုပ်ပြန်တွင်လည်း စစ်ဆေးရေးဂိတ်များ၌ စစ်သားများရှိခြင်းကြောင့် လုံခြုံရေးစိုးရိမ်ရသည်။ စက်ရုံနှစ်ခုလုံး၌ အလုပ်ရှင်များက အတွေ့အကြုံရှိသည့် အလုပ်သမားများကို အမြဲတမ်းနှင့် စာချုပ်အလုပ်သမားများရရှိသည့် လုပ်ခလစာ၊ ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ လုပ်သက်ခံစားခွင့် နှင့် အခြားအကျိုးခံစားခွင့်များကို မပေးလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် နေ့စားလုပ်သားအဖြစ် ငှားရမ်းကြသည်။စက်ရုံတစ်ရုံ၌ နေ့စားအလုပ်သမားများသည် ဥပဒေအရ အများပြည်သူရုံးပိတ်ရက်တွင် လခရရှိရမည် ဖြစ်သော်လည်း မရရှိကြပေ။ ထို့အပြင် တစ်နေ့တာ ပြီးအောင်ချုပ်ရမည့် အထည်အရေအတွက်ကို အလုပ်သမားများ ချုပ်လုပ်နိုင်မည့်ပမာဏထက် များစွာကျော်လွန်ပြီး သတ်မှတ်သောကြောင့် အလုပ်သမားများသည် အချန်ပိုကြေးမရရှိကြပဲ၊ တနေ့ကို ၂ နာရီ၊ ၃ နာရီ အနည်းဆုံးအလုပ်လုပ်ကြရသည်။

    ဖိနှိပ်မှုများနှင့် ခြိမ်းခြောက်ခံနေရသည့် မတည်ငြိမ်သော အလုပ်အကိုင်အခွင့်အလမ်းများကြောင့် အလုပ်သမားအများစုသည် တိုင်ကြားမှု မပြုလုပ်ရဲကြပဲ၊ ခေါင်းပုံဖြတ်ခံရသည့် လုပ်ငန်းခွင် အခြေအနေအောက်တွင် ဆက်လက်လုပ်ကိုင်နေကြရသည်။ ကိုဗစ်ကြောင့် အလုပ်အကိုင် ၆၀,၀၀၀ ခန့်ထိ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်မှီအထိ ဆုံးရှုံးခဲ့ရပြီး၊ နောက်ထပ် ၂၅၀,၀၀၀ ခန့်ထပ်မံ ဆုံးရှုံးခဲ့ကြသည်။ ခေါင်းပုံဖြတ်သည့် လုပ်ငန်းခွင်တွင် ဆက်လက် မလုပ်ကိုင်လိုတော့သည့် အလုပ်သမားများသည် ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးနားချင်းနိုင်ငံများကိုတရားမဝင် ရွှေ့ပြောင်း၍ အလုပ်လုပ်ကြရာ အခြားသောအခက်အခဲ အသစ်များနှင့် ရင်ဆိုင်ကြရသည်။ အချို့သည် သူတို့၏ မွေးရပ်မြေသို့ ပြန်သွားကြပြီး စိုက်ပျိုး မွေးမြူရေး နှင့် ငါးဖမ်းလှေများတွင် ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြသည်။ [16]
    အချို့သည် မိမိအိမ်၌ စက်ချုပ်လုပ်ငန်းအသေးစား လုပ်ကိုင်ကြပြီး၊ အချို့သည် ၎င်းတို့၏ရွာတွင် ကုန်စုံဆိုင်ဖွင့် ခြင်း၊ စက်ဘီးပြင်ဆိုင်ကဲ့သို့ အခြားအသေးစား ဆိုင်များတွင် အလုပ်လုပ်ကိုင်ကြသည်။

    နိဂုံး

    လေ့လာတွေ့ရှိချက်များအရ ကုန်အမှတ်တံဆိပ်အနည်းငယ်မှ ၎င်းတို့၏ ဩဇာကိုသုံး၍ ၎င်းတို့ထံ ပစ္စည်းပေးသွင်းသည့်စက်ရုံများ၌ အလုပ်သမားအခွင့်အရေးကာကွယ်ရန် ဆောင်ရွက်မှုများသည် သမဂ္ဂများနှင့် အလုပ်သမားအဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာ စပ်ဆက်ပတ်သက်သူများ အားလုံးပူးပေါင်းပါဝင်ရန်အတွက် အခွင့်သာသည့် အခြေအနေများမရှိပဲ၊ ဆက်လက်တည်တံ့နိုင်မည်မဟုတ်ပေ။ များစွာသော စိန်ခေါ်မှုများနှင့် အခက်ခဲများကြားမှ LRO သည် အလုပ်သမားအခွင့်အရေးတိုးတက်စေရန် ဒေသခံအလုပ်သမားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားကြသော၊ တုံ့ပြန်ဆောင်ရွက်မှုအားကောင်းသော ကုန်အမှတ်တံဆိပ်အချို့နှင့် အတူတကွအလုပ်လုပ်ရန် ကြိုးစားရုန်းကန်နေရသည်။ သို့ရာတွင် ထိရောက်သော ဖြေရှင်းသည့် လုပ်ငန်းစဉ် တစ်ခုတွင် အဓိကကျသော အချက်ဖြစ်သည့် သက်ဆိုင်ရာ စပ်ဆက်ပတ်သက်နေသူများအားလုံး၏ ပူးပေါင်းပါဝင်မှု နှင့် ပံ့ပိုးမှုတို့ကင်းမဲ့နေသည်။ ထို့အပြင် ကုန်အမှတ်တံဆိပ်များသည် ရေရှည်တည်တံ့မည့် ဖြေရှင်းမှုကို မပံ့ပိုးပေးနိုင်ကြချေ။ ကဏ္ဍအဆင့်ကိုပင် မဆိုထားပဲ၊ စက်ရုံအဆင့်၌ပင် ရေရှည်တည်တံ့သည့် လူမှုရေးစကားဝိုင်းများပေါ်ထွန်းလာစေရန် အလုပ်သမားများနှင့် စက်ရုံမန်နေဂျာများကိုအရည်အသွေးမြှင့်တင်ပေးခြင်းမျိုး မပြုလုပ်နိုင်ကြပေ။ LRO အနေဖြင့် ကုန်အမှတ်တံဆိပ်များ တုံ့ပြန်ဆောင်ရွက်မှုအားကောင်းလာစေရန်နှင့် အထူးသဖြင့်သမဂ္ဂများ အားကောင်းလာစေရန် ပံ့ပိုးပေးစေလိုကြသည်။ သို့ရာတွင် ဤကဲ့သို့ အာဏာသိမ်းမှုနောက်ပိုင်း သမဂ္ဂဖြိုခွဲသည့် အခြေအနေများကြောင့် အဆိုပါ မျှော်မှန်းချက်သည် ဖြစ်နိုင်ချေရှိ၊မရှိမှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။ အာဏာသိမ်းမှုမတိုင်ခင်ကပင် အလုပ်ရှင် အလုပ်သမားဆက်ဆံရေးဆိုင်ရာ အရည်အသွေးမြှင့်တင်သည့် လုပ်ငန်းစဉ်များသည် အစပျိုးကာစ အခြေအနေတွင်သာရှိပြီး၊ ဆက်လက်လုပ်ဆောင်နေဆဲ အစီအစဉ်များဖြစ်ခဲ့သည်။ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အဆိုပါအစီအစဉ်များရပ်တန့်ခဲ့ရပြီး ပြန်စရန်လည်းမလွယ်ကူလှပေ။ထို့အပြင် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း၊ အာဏာသိမ်းမှုမဖြစ်ပွားမှီကပင် အလုပ်သမားကိုယ်စားလှယ်များနှင့် လူမှုရေး စကားဝိုင်းများဖြင့် ပြောဆိုဆွေးနွေးရန် လက်တွန့်ကြသည့် အလုပ်ရှင်များသည် နိုင်ငံနှင့်အဝှမ်းဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အခွင့်ကောင်းယူ၍ အလုပ်သမားများ၏ လွတ်လပ်စွာ စည်းရုံးခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်ဖိနှိပ်ကြသည်။ဤကဲ့သို့ အခွင့်မသာသည့် အခြေအနေအောက်တွင် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့် အလုပ်ရှင်များအား ၎င်းတို့၏ ကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာရန် တိုက်တွန်းရာတွင် အကန့်အသတ်များရှိသည်။ ထို့ကြောင့် ၎င်းတို့ထံ ကုန်ပစ္စည်းပေးသွင်းသော စက်ရုံများရှိ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ နှင့် နိုင်ငံတကာ အလုပ်သမားအခွင့်အရေးစံနှုန်းများကို အလေးထားမှုမရှိသော ကုန်အမှတ်တံဆိပ်များကို မဆိုထားနှင့်၊ ဂုဏ်သိက္ခာကို အလေးထားသော ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့်ပင် ၎င်းတို့ထံ ကုန်ပစ္စည်းပေးသွင်းသော စက်ရုံများ၌၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်း မရှိပေ။

    ကော်ပရေးရှင်းကြီးများ တာဝန်ယူမှုရှိရေး မြန်မာ, CAM သည် မြန်မာနိုင်ငံရှိ ကော်ပရေးရှင်းကြီးများ၏ တာဝန်ယူမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သုတေသနများ ပြုလုပ်ရန် ၂၀၂၀ မှစတင်ဖွဲ့စည်းခဲ့သည်ံ သုတေသီ အဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။

    Notes


    [1] LROနှင့် ဆွေးနွေးခန်းမှ ကောက်နှုတ်ချက်၊ LRO ဆိုသည်မှာ အချို့သော ကုမဏ္ဍီများအနေဖြင့် ၎င်းတို့ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံများတွင် အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်၍ တာဝန်ယူမှုများရှိစေရန် ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။
    [2] ACT ဟု ခေါ်ဆိုသည့် Action, Collaboration Transformation on Living Wages (နေထိုင်ရှင်သန်ရန် လုံလောက်သည့် လုပ်ခလစာရရှိရေး ပူးပေါင်းလုပ်ဆောင်ချက်) ဆိုသည်မှာ အထည်ချုပ်လုပ်ငန်းများတွင် လုပ်ခလစာအရေးဖြေရှင်းပေးနိုင်ရန် ကမ္ဘာကျော် အမှတ်တံဆိပ် ၂၀၊ လက်လီလုပ်ငန်းများနှင့် ကမ္ဘာလုံးဆိုင်ရာစက်မှုလုပ်ငန်းအသင်းချုပ်တို့မှ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ACTနှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက ဝက်ဘ်ဆိုဒ်စာမျက်နှာ actonlivingwages.comတွင် ထပ်မံကြည့်ရှုနိုင်ပါသည်။
    [3] အထက်ပါအတိုင်းဖြစ်ပါသည်။
    [4] မြန်မာနိုင်ငံရှိ ကုန်အမှတ်တံဆိပ်များနှင့် ဖြန့်ချီသူများအကြောင်းတွင် ပါဝင်သည့် “အထည်ချုပ်လုပ်ငန်းများအကြောင်း အကျဥ်းချုပ်” အောက်တွင် ထပ်မံလေ့လာနိုင်ပါသည်။
    [5] မြန်မာနိုင်ငံရှိ ကုန်အမှတ်တံဆိပ်များနှင့် ဖြန့်ချီသူများအကြောင်းတွင် ပါဝင်သည့် “အထည်ချုပ်လုပ်ငန်းများအကြောင်း အကျဥ်းချုပ်” အောက်တွင် ထပ်မံလေ့လာနိုင်ပါသည်။
    [6] ILO-GIP စီမံကိန်းသည် ဆွီဒင်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီနှင့် H&M အမှတ်တံဆိပ်တို့မှ ၂၀၁၆ ခုနှစ် ဇွန်လမှ ၂၀၂၀ မေလထိထိ ကူညီပံ့ပိုးပေးခဲ့သည့် စီမံကိန်းဖြစ်ပါသည်။
    [7] မြန်မာနိုင်ငံစက်မှု၊လက်မှုဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS.
    [8] “လူမှုရေးစကားဝိုင်း” စီမံကိန်းများနှင့် ပတ်သက်၍ အသေးစိတ်အကဲဖြတ်မှုများအား အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
    [9] မြန်မာနိုင်ငံရှိ စက်ရုံ ၂၇ခုတွင် ထုတ်လုပ်သည့် Fair Wear အမှတ်တံဆိပ် ၃၇ ခု မှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်။  AEVOR, Affenzahn, Deuter, Dynafit, engelbert strauss, ergobag, FOND OF, Funktion Schnitt, GotYaSatch, Hilly, Jack Wolfskin, LaMunt, Lowe Alpine, Mammut, Montane, Mountain Equipment, pinqponq, Rab, Ronhil, Salewa, SALZEN, satch, Schoffel PRO, Schoffel Sportbekleidung GmbH, SOL’s, Sprayway, Suitsupply, Takko, TH Clothes, Vaude, Wild Country.
    [10] ၁၂(ခ)၊ အလုပ်သမားအငြင်းပွားမှုဆိုင်ရာ ဖြေရှင်းရေးဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ခြင်း (၂၀၁၉)
    [11] ACT အဖွဲ့ဝင်အမှတ်တံဆိပ်များ ဖြန့်ဖြူးသည့် စက်ရုံ(၂၀၀)မှ စက်ရုံ(၄၀)ခန့်သည် “အလုပ်ရှင်များညှိနှိုင်းဆွေးနွေးရေးလုပ်ငန်းအသင်း” တွင် ပါဝင်လာခဲ့သည်။ ACT ကုန်အမှတ်တံဆိပ်မှန်သမျှသည် FOA မှ ပြဌာန်းထားသည့် စည်းကမ်းချက်များအား လက်ခံသဘောတူထားကြသည့်အတွက် “အလုပ်ရှင်များညှိနှိုင်းဆွေးနွေးရေးလုပ်ငန်းအသင်း”တွင် စက်ရုံများ၏ ပါဝင်လာမှုကို ပိုမိုကျယ်ပြန့်စွာအားကောင်းလာစေပြီး ACT အဖွဲ့ဝင် ကုန်အမှတ်တံဆိပ်ဖြန့်ဖြူးသူများအနေဖြင့် FOA မှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများကို လိုက်နာနိုင်စေရန်လည်း ဆောင်ရွက်နိုင်ခဲ့သည်။
    [12] ၂၀၁၂ ခုနှစ် “အလုပ်သမားအငြင်းပွားမှုများဖြေရှင်းရေး ဥပဒေ” နှင့် ၂၀၁၉ တွင် ပြင်ဆင်ဖြည့်စွက်ချက်အရ “ဥပဒေပါ အပိုဒ်-၃၈ အား ဖောက်ဖျက်သည့် မည်သည့် အလုပ်ရှင်နှင့် အလုပ်သမားမဆို ငွေကျပ် ၃၀၀၀၀၀ မှ ငွေကျပ် ၁၀၀၀၀၀၀ ထိ မပိုသည့် ဒဏ်ကြေးပေးဆောင်ရမည်” ဟု ပါရှိသည်။ အပိုဒ်-၄၆(က)တွင်လည်း “ဆွေးနွေးညှိနှိုင်းရေးကော်မတီမှ အငြင်းပွားမှုကို ဖြေရှင်းရန် သတ်မှတ်ချိန်းဆိုသည့်် နေ့ရက်နှင့်အချိန်တွင် မည်သည့်အလုပ်ရှင်နှင့် အလုပ်သမားမဆိုသည် လူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်လွှတ်၍သော်လည်းကောင်း တက်ရောက်ရန်အတွက် ခိုင်မာသည့်အကြောင်းပြချက်မရှိပဲ ပျက်ကွက်ခြင်းမပြုရ” ဆိုသည့်အတိုင်း ပါရှိပါသည်။
    [13] လုပ်ငန်းကျွမ်းကျင်သူတဦးအား မေးမြန်းထားသည့် အင်တာဗျူးမှ ကောက်နှုတ်ချက်။
    [14] မတ်လ ၈ရက်၊၂၀၂၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Global New Light of Myanmar (မြန်မာ့အလင်း) သတင်းစာ စာမျက်နှာ-၂ မှ ကောက်နှုတ်ချက်။
    [15] ဇန်နဝါရီ ၂၀၂၂ အထိ openapparel.org ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည့် မြန်မာနိုင်ငံရှိ ပံ့ပိုးမှု အစီအမံများ ၄၀၈ ခု ဖြစ်ပါသည်။ ၎င်းပံ့ပိုးမှု အစီအမံများသည် ကုန်အမှတ်တံဆိပ်များအနေဖြင့် ယခုကာလ (သို့မဟုတ်) ပြီးခဲ့သောကာလများတွင် ပွင့်လင်းမြင်သာမှုရှိခြင်းကို သတ်မှတ်ညွှန်ပြနိုင်သည့် စီမံဆောင်ရွက်မှုများဖြစ်ပါသည်။
    [16] ထွက်ပြေးတိမ်းရှောင်နေရသည့် အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတဦးနှင့် ဆွေးနွေးပြောဆိုမှုမှ ကောက်နှုတ်ချက်။

    Related Articles

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.