4 Minutes To Read

မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုအလွန် အဆင့်မြင့်ပညာကဏ္ဍ၊ ကြားကာလ ပညာရေးအဖွဲ့အစည်းအများ ပြုပြင်ပြောင်းလဲတိုးတက်ရမည့် အရာများ။

4 Minutes To Read
  • English
  • ဗမာစာ
  • Isabella Aung အနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုအလွန်ကာလတွင် ကြားကာလ ပညာရေးအဖွဲ့အစည်းများ ကြုံတွေ့ရသည့် အခက်အခဲများကို လေ့လာ ဆန်းစစ်ထားပါသည်။

    Credit: AFP (2015)

    ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုသည် နိုင်ငံတော်၏ အဆင့်မြင့်ပညာကဏ္ဍအား ဆိုးရွားပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။   တက္ကသိုလ်ကျောင်းသူ ကျောင်းသားများနှင့် ဆရာ၊ဆရာမများအနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် တက္ကသိုလ်ကျောင်းများအား ကာလအတန်ကြာအောင် ပိတ်သိမ်းထားခဲ့ရသည်။ စစ်အာဏာသိမ်းအစိုးရ၏ စေခိုင်းမှုကြောင့် အစိုးရတက္ကသိုလ်များအား ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း စစ်တပ်မှအုပ်ချုပ်သည့် ပညာရေးအား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြသည့် ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာ၊ဆရာမများသည် အကြမ်းမဖက်အာဏာဖီဆန်ခြင်း လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်ခဲ့ကြသည်။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ကြီးမားသည့်ကွာဟချက်ဖြစ်ခဲ့ရသည်။ ပညာရေးသည် အခြေခံလူ့အခွင့်အရေးဖြစ်သည်။ သို့သော်လည်း စစ်အုပ်ချုပ်မှုအား ဆန့်ကျင်ကန့်ကွက်ကြသည့် ကျောင်းသူ၊ကျောင်းသားများသည် ၎င်းတို့၏ ပညာရေးအား လက်လှမ်းမီရန်အတွက် ရုန်းကန်နေကြရသည်။ စစ်အာဏာသိမ်းပြီးကာလ ၂နှစ်ကျော်တွင် စစ်အုပ်ချုပ်မှုအား ဆန့်ကျင်ကြသူများအနေဖြင့် ထိုပညာရေးကွာဟချက်အား ဖြည့်တင်းရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလျက်ရှိကြသည်။​

    မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးကဏ္ဍတွင် လက်ရှိအားဖြင့် အမျိုးအစား(၄)မျိုးရှိပြီး ၎င်းတို့မှာ အစိုးရတက္ကသိုလ်များ၊ ပုဂ္ဂလိကတက္ကသိုလ်များ၊ အမြတ်အစွန်းမယူသည့် အွန်လိုင်းမှသင်ကြားသည့် တက္ကသိုလ်များနှင့် တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများဟူ၍ ရှိကြသည်။  စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား ဆန့်ကျင်ကန့်ကွက်ကြသည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် စစ်အုပ်ချုပ်မှုအောက်တွင်ရှိသည့် အစိုးရတက္ကသိုလ်များသည် ရွေးချယ်စရာမဟုတ်ကြပေ။ ကျန်ရှိသည့်ရွေးချယ်စရာ(၃)ခုအနက်တွင် အမြတ်အစွန်းယူသည့် ပုဂ္ဂလိကတက္ကသိုလ်များသည် ငွေကုန်ကြေးကျ များပြားလွန်းသည့်အတွက် အကြမ်းဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွင်ပါဝင်သည့် ကျောင်းသူ၊ကျောင်းသားများအတွက် ရွေးချယ်စရာမဟုတ်ပေ။ ထို့ကြောင့် အဆိုပါကျောင်းသူ၊ကျောင်းသားများလက်လှမ်းမီနိုင်သည့် အဆင့်မြင့်ပညာတက္ကသိုလ်များသည် ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် ဆက်နွယ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ခြင်းရှိသည့် (သို့မဟုတ်) ပတ်သက်ခြင်းမရှိသည့် အွန်လိုင်းတက္ကသိုလ်များသာဖြစ်ကြသည်။  တိုင်းရင်းသားလူနည်းစုလူငယ်များအတွက်မူ တိုင်းရင်းသားဒေသများရှိ ပြည်သူများနှင့် နေရပ်စွန့်ခွာထွက်ပြေးလာကြရသူများအတွက် ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးနေသည့် ပညာရေးအဖွဲ့အစည်းများသည် ရွေးချယ်စရာဖြစ်ကြသည်။ အဆိုပါ အဆင့်မြင့်ပညာအဖွဲ့အစည်းများတွင် Education Gathering Group (EGG) Academy, Kachin State Comprehensive University (KSCU), Karen Education & Culture Department (KECD), နှင့်Karenni National Collegeတို့ ပါဝင်ကြသည်။ KECD နှင့် EGG အစရှိသည့် အဖွဲ့အစည်းများသည် စစ်အာဏာသိမ်းမှုမဖြစ်မီကတည်းက ဖွင့်လှစ်သင်ကြားလျက်ရှိကြသည့် အဖွဲ့အစည်းများဖြစ်သည်။

    အွန်လိုင်းတက္ကသိုလ်များသည်လည်း ဗမာတိုင်းရင်းသားလူငယ်များနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားလူငယ်များအကြား ရေပန်းစားလျက်ရှိသည်။ မိမိအနေဖြင့် မြန်မာ့နွေဦးတက္ကသိုလ်၏ Institute of Human Rights and Democratic Governance (IHRDG)ဌာနတွင် အကြံပေးနှင့် guidance counselor အနေဖြင့် တာဝန်ယူလာသည့် သက်တမ်းတလျှောက်တွင် ကျောင်းသားများတွင်  ဗမာတိုင်းရင်းသားလူငယ်များနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားလူငယ်များပါဝင်ကြောင်းတွေ့ရှိရသည်။ အဆင့်မြင့်ပညာဆိုင်ရာ ပရိုဂရမ်များနှင့် ဘာသာရပ်များ သင်ကြားနေကြသည့် အွန်လိုင်းတက္ကသိုလ်များတွင် Irrawaddy Law School, Myanmar University of Social Science and Technology (MUST), Parami Universityနှင့် Spring University Myanmar တို့ပါဝင်ပြီး ထိုတက္ကသိုလ်များ ပိုမိုများပြားလာကြောင်းလည်း တွေ့ရသည်။  အဆိုပါ အွန်လိုင်းတက္ကသိုလ်များအနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များအတွက် လက်လှမ်းမီနိုင်ပြီး အမြတ်အစွန်းမယူသည့် ပညာရေးအား ပေးအပ်လျက်ရှိသော်လည်း နိုင်ငံရေးအရတက်ကြွပုန်ကန်သည့် ကျောင်းသူ၊ကျောင်းသားများ၏ ပညာရေးလက်လှမ်းမီနိုင်မှုအား ကူညီထောက်ပံ့ပေးရာတွင် အဆိုပါတက္ကသိုလ်များအနေဖြင့် စိန်ခေါ်မှုများနှင့် ကြုံတွေ့လျက်ရှိသည်။​

    မိမိအနေဖြင့် SUMရှိ IHRDGဌာနတွင် guidance counselor အနေဖြင့် တာဝန်ထမ်းဆောင်လာသည့်အတွက် အဆိုပါအဖွဲ့အစည်းရှိ စိန်ခေါ်မှုများကို ရေးသားလိုပါသည်။ မိမိအနေဖြင့် SUM ၏ IHRDG ဌာန၏ ဒါရိုက်တာ၏ အကြံပေးအဖြစ် ဖေဖော်ဝါရီလ ၂၀၂၂ခုနှစ်မှ​ စတင်တာဝန်ယူကာ အကယ်ဒမစ်အစီအစဥ်များ ရေးဆွဲခြင်းနှင့်ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။  ၂၀၂၃ခုနှစ်မတ်လတွင် guidance counselorတွင် ရာထူးဖြင့် ထပ်တိုးတာဝန်ထမ်းဆောင်ခဲ့သည်။ ထိုရာထူးတွင် မိမိအနေဖြင့် ကျောင်းသူ၊ကျောင်းသားတဦးချင်းစီနှင့် လက်တွဲကာ ၎င်းတို့လိုအပ်သည့် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံပေးခြင်းများပြုလုပ်ခဲ့သည်။ လာရောက်ဆွေးနွေးတိုင်ပင်ကြသူ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုကာလအလွန်တွင် အဆင့်မြင့်ပညာကဏ္ဍကိုရရှိရန် ကြိုးစားရာတွင် ကြုံတွေ့ရသည် အခက်အခဲများကို ပြောပြခဲ့ကြသည်။ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ကြုံတွေ့ကြရသည့် အဆိုပါအခက်အခဲများကို ဖော်ထုတ်ရေးသားခြင်းဖြင့် စိန်ခေါ်မှုများနှင့်ကြုံတွေ့နေရသည့် လူငယ်များအတွက် အဆင်မြင့်ပညာရေးကို လက်လှမ်းမီစေရန် ကြိုးပမ်းအားထုတ် လုပ်ဆောင်နေကြသူများနှင့် မူဝါဒဖော်ဆောင်သူများ လက်တွေ့ကျသည့်ဖြေရှင်းနည်းများ ရှာဖွေနိုင်စေရန် ရည်ရွယ်ပါသည်။ သို့သော်လည်း တိုင်းရင်းသားဒေသရှိ ပညာရေးအဖွဲ့အစည်းများနှင့် အခြားအွန်လိုင်းပညာသင်ကြားရေးအဖွဲ့များအနေဖြင့် မတူညီသည့် စိန်ခေါ်မှုများကို ကြုံတွေ့နိုင်ကြောင်းကိုလည်း မိမိအနေဖြင့် နားလည်လက်ခံပါသည်။​ ယခုဆောင်းပါးတွင် မိမိအနေဖြင့် IHRDG နှင့် လက်တွဲလုပ်ကိုင်သည့် အတွေ့အကြုံများအပေါ် အခြေခံကာရေးသားထားသော်လည်း အမြတ်အစွန်းမယူသည့် အွန်လိုင်းတက္ကသိုလ်များနှင့် တိုင်းရင်းသားဒေသများရှိ ပညာရေးအဖွဲ့အစည်း အမျိုးအစား(၂)ရပ်လုံးအား “ကြားကာလပညာရေးအဖွဲ့အစည်းများ” ဟူ၍ ခေါ်ဝေါ် သုံးနှုန်းသွားမည်ဖြစ်သည်။

    ဘွဲ့ဒီဂရီပေးအပ်နိုင်သည့် ပရိုဂရမ်မရှိခြင်း

    အမြတ်အစွန်းမယူသည့် အွန်လိုင်းတက္ကသိုလ်များနှင့် တိုင်းရင်းသားဒေသရှိ ပညာရေး အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများအတွက် အဆင့်မြင့်ပညာအဆင့် ပရိုဂရမ်များကို သင်ကြားနိုင်ကြသော်လည်း (၄)နှစ်တာ တက်ရောက်ရသည့် ဘွဲ့ဒီဂရီပေးအပ်နိုင်သည့် ပရိုဂရမ်များမရှိသည့်အတွက် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ရံဖန်ရံခါတွင် စိတ်ပျက်အားငယ်မှုများနှင့် ကြုံတွေ့ကြရသည်။ အစိုးရတက္ကသိုလ်များနှင့် မတူညီသည့်အချက်မှာ ကြားကာလပညာရေးအဖွဲ့အစည်းများသည် ဘာသာရပ်တခုကိုသာ​ ဦးတည်သင်ကြားသည့် အတန်းများနှင့် ကာလတို ဒီပလိုမာသင်တန်းများကိုသာ ဖွင့်လှစ်သင်ကြားပေးနိုင်သည်။ (၄)နှစ်တာ တက်ရောက်နိုင်ပြီး ဘွဲ့ဒီဂရီပေးအပ်နိုင်သည့် ပညာရေးအဖွဲ့အစည်းများ အနည်းငယ်သာရှိကြပြီး ထိုပရိုဂရမ်များအား ဝင်ခွင့်ရရန်မှာလည်း လွန်စွာမှ ပြိုင်ဆိုင်မှုပြင်းထန်လှသည်။ ဥပမာအနေဖြင့် ပါရမီတက္ကသိုလ်၏ (၄)နှစ်တာ ပရိုဂရမ်ကို တက်ရောက်နိုင်ခွင့်အတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု စစ်ဆေးထားသည့် စာမေးပွဲရလဒ်များ၊ ပညာသင်ကြားလိုသည့် ရည်ရွယ်ချယ် အက်ဆေးနှင့် ထောက်ခံစာများ လိုအပ်သည်။​ အဆိုပါလိုအပ်ချက်များသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ်အောက်တွင် ပညာသင်ကြားခဲ့ရသည့် လူငယ်များအတွက် ရင်းနှီးမှုမရှိသည့်အရာများဖြစ်သည့်အပြင် ကျောင်းသားအသစ် လက်ခံနိုင်သည့် အရေအတွက်သည်လည်း အကန့်အသတ်ရှိသည့်အတွက် ဝင်ခွင့်ရရန်မှာ လူငယ်အများစုအတွက် အလှမ်းဝေးကာ ကြောက်မယ်ဖွယ်ကောင်းလောက်အောင် ပြိုင်ဆိုင်မှုပြင်းထန်လှသည်။

    မိမိ၏ ကျောင်းသူ၊ကျောင်းသားအများစုအနေဖြင့် ဘွဲ့ပေးအပ်နိုင်သည့် ပရိုဂရမ်များမရှိခြင်းအပေါ်တွင် မချင့်မရဲဖြစ်ကြသည်။ ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသည့် ဝင်ခွင့်လိုအပ်ချက်များနှင့် ကြုံတွေ့ ရသည့်အခါတွင်လည်း မျှော်လင့်ချက်မဲ့သကဲ့သို့ဖြစ်ကြသည်။ ထို့ကြောင့် ပညာသင်ကြား ပေးနေကြသူများနှင့် အကြံပေးများအနေဖြင့် ကျောင်းသူ၊ကျောင်းသားများအား ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော ဝင်ခွင့်လျှောက်ထားခြင်းကဏ္ဍတွင် ကူညီပေးရန် လိုအပ်လျက်ရှိပါသည်။

    အသိအမှတ်ပြုမှုပေးနိုင်ခြင်း မရှိခြင်း

    စစ်အုပ်ချုပ်ရေးပညာရေးစနစ်ပြင်ပရှိ ပညာရေးအခွင့်အလမ်းများကို ရယူကြသော ကျောင်းသူ၊ ကျောင်းသားများ၏ အခက်အခဲတခုမှာ ထိုပညာရေးအခွင့်အလမ်းများသည် နိုင်ငံ ရပ်ခြားတွင် ဆက်လက်ပညာသင်ယူနိုင်ရန်အတွက် အသိအမှတ်ပြုမှုပေးခြင်း မရှိခြင်းဖြစ်သည်။ နိုင်ငံရပ်ခြား တွင်ဆက်လက်ပညာသင်ယူလိုကြသည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ၎င်းတို့ ရရှိထားသည့် လက်မှတ်များနှင့် ဒီပလိုမာများသည် နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ဘွဲ့လွန်ဆက်လက် တက်ရောက်သင်ကြားရန် ဝင်ခွင့်လျှောက်ထားရာတွင် လုံလောက်သည့် အသိအမှတ် ပြုမှုပေးနိုင်ခြင်း မရှိကြောင်းကိုလည်း သိရှိလာကြသည်။ ဘွဲ့ကြိုသင်တန်းများတက်ရောက်လိုကြသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း ၎င်းတို့သွားရောက်ပညာသင်ကြားလိုသည့် တက္ကသိုလ် ကျောင်းများသည် ထိုကျောင်းသူ၊ကျောင်းသားများတက်ရောက်ခဲ့သည့် အွန်လိုင်းနှင့် တိုင်းရင်းသား ဒေသများတွင်သင်ကြားကြသည့် ဘာသာရပ်များတွင် ရရှိခဲ့သည့်အမှတ်များကို အသိအမှတ်ပြု လက်ခံနိုင်ခြင်း မရှိကြကြောင်းကိုလည်း တွေ့ရှိရသည်။

    အချို့သောတက္ကသိုလ်များအနေဖြင့် အဆိုပါအခက်အခဲကို ဖြေရှင်းပေးနိုင်ရန် ကြိုးစားလာကြသည်။ ဥပမာအနေဖြင့် မြန်မာ့နွေဦးတက္ကသိုလ်သည် အမေရိကန်နိုင်ငံရှိ University of Arizonaနှင့် ပူးပေါင်းကာ နိုင်ငံတကာတက္ကသိုလ်များမှ လက်ခံနိုင်သည့် အမှတ်ပေးနိုင်စွမ်းရှိသည့် ကာလတိုသင်တန်းများ စီစဥ်ပေးလျက်ရှိသည်။ သို့သော်လည်း ထိုအစီအစဥ်အတွင် ကျောင်းသူ၊ကျောင်းသား(၃၀)ဦးသာ ရွေးချယ်ခံခဲ့ရပြီး ဝင်ခွင့်ရရှိရန်ကပင် လွန်စွာအကန့်အသတ်ကြီးမားလှသည်။ တက်ရောက် သင်ကြားနိုင်သည့် ဘာသာရပ်များမှာလည်း အကန့်အသတ်ရှိပြီး ကွန်ပျူတာသိပ္ပံ၊ လူမှုဗေဒနှင့် လူ့အဖွဲ့အစည်းအသွင်ပြောင်းရေး အစရှိသည့် ဘာသာရပ်များသာရှိသည်။ ဘာသာရပ် အမျိုးအစားများစွာအတွက် ဘွဲ့ကြိုသင်တန်းတက်ရောက်နိုင်ရန် အသိအမှတ်ပြု ထောက်ခံ ပေးနိုင်သည့်၊ အခြားတက္ကသိုလ်များသို့ လွှဲပြောင်းတက်ရောက်နိုင်သည့် ဘာသာရပ် များအတွက် ကြီးမားသည့်လိုအပ်ချက်ရှိသည်။ ကြားကာလပညာရေးအဖွဲ့အစည်းများနှင့် ၎င်းတို့အား ရန်ပုံငွေ ထောက်ပံ့ပေးသည့် အဖွဲ့အစည်းများအနေဖြင့် ကျောင်းသူ၊ကျောင်းသားများ၏ အဆိုပါ အခက်အခဲများကို ပြေလည်စေရန် မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို ရှာဖွေရန် လိုအပ်သည်။

    အသက်မွေးဝမ်းကြောင်းဆိုင်ရာဝန်ဆောင်မှုများ မရှိခြင်း

    ကျောင်းသူ၊ကျောင်းသားများအနေဖြင့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အဆင်သင့်ဖြစ်မှုနှင့် လုပ်ငန်းခွင်ဝင်ရန်လိုအပ်သည့် အရည်အချင်းများအတွက် ထောက်ပံ့ပေးနိုင်သည့် အခွင့်အလမ်းများ လက်လှမ်းမီနိုင်ရန်အတွက်လည်း အခက်အခဲများနှင့် ကြုံတွေ့နေရသည်။​ ကြားကာလ ပညာရေးအဖွဲ့အစည်းများအနေဖြင့် သင်ကြားပေးလျက်ရှိသည့် အချို့သောအစီအစဥ်များတွင် ကျောင်းသူ၊ကျောင်းသားများအား လက်တွေ့သင်ယူနိုင်သည့် အလုပ်သင်အစီအစဥ်များကိုလည်း ပရိုဂရမ်၏ မယူမနေရ ဘာသာရပ်တခုအဖြစ် ထည့်သွင်းထားသည်။

    ဥပမာအနေဖြင့် SUMရှိ IHRDG ဌာန၏ လူ့အခွင့်အရေးဒီပလိုမာ သင်တန်းကိုကြည့်နိုင်သည်။ ဆရာ၊ဆရာမအား ဗဟိုပြုသင်ကြားသည့် မြန်မာနိုင်ငံပညာရေးစနစ်”မှ “ကျောင်းသူ၊ ကျောင်းသားများအား ဗဟိုပြုသင်ကြားပြီး လက်တွေ့လုပ်ဆောင်မှုများပါဝင်သည့်” စနစ်ကို အသုံးပြုသည့် ကြားကာလပညာရေးအဖွဲ့အစည်းများသို့ ပြောင်းရွှေ့သင်ယူလာကြသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အလုပ်သင်အစီအစဥ်အား မယူမနေရ ဘာသာရပ်တခုအဖြစ် ထည့်သွင်းသင်ကြားလုပ်ဆောင်စေခြင်းသည်လည်း နယ်မြေသစ်တခုသို့ ဝင်ရောက်ရသကဲ့သို့ဖြစ်သည်။ ​ကျောင်းသူ၊ကျောင်းသားများအနေဖြင့် အသက်မွေးဝမ်းကြောင်းမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာအတွက် လိုအပ်သည့် အရည်အချင်းများဖြစ်သော ကိုယ်ရေးရာဇဝင်အကျဥ်းရေးသားခြင်း၊ အလုပ် လျှောက်လွှာရေးသားခြင်း၊ မိမိ၏ လုပ်ငန်းခွင်ဆိုင်ရာစိတ်ဝင်စားမှုနှင့် အရည်အချင်းတို့ကို အွန်လိုင်းစာမျက်နှာတွင် ရေးသားတည်ဆောက်နိုင်ခြင်းနှင့် အင်တာဗျူးဖြေဆိုခြင်း နည်းလမ်း များကိုလည်း ရင်းနှီးကျွမ်းဝင်မှုမရှိကြပါ။  စစ်အာဏာသိမ်းအစိုးရ၏ ပစ်မှတ်ထား တိုက်ခိုက် ခြင်းကိုခံနေရသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍနတို့မှ ဘာသာရပ်များကို လေ့လာ သင်ယူလာကြသည့် ကျောင်းသူ၊ကျောင်းသားများသည် ပိုမိုကြီးမားသည့် လုံခြုံရေးစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့အနေဖြင့် အလုပ်အကိုင်များလျှောက်ထားကြသည့်အခါတွင် ၎င်းတို့၏ အချက်အလက်များကို ထုတ်ဖော်ရေးသားရခြင်းသည် ၎င်းတို့အား ဖမ်းဆီးအရေးယူမှုခံရနိုင်သည့် စိန်ခေါ်မှုနှင့် ကြုံတွေ့ရနိုင်ပြီး လိုအပ်သည့် ပညာအရည်အချင်းနှင့် လုပ်ငန်းခွင့်အတွေ့အကြုံများကို ချန်လှပ်ထားခဲ့ရခြင်းကြောင့်လည်း အလုပ်အကိုင်ရရှိရန် ပိုမိုခက်ခဲသည်။

    မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူအများစုမှာ စစ်အာဏာသိမ်းမှုမတိုင်မီ အခြေအနေတွင် ရှိခဲ့သည့် အသက်မွေးဝမ်းကြောင်းမှုများကို ပြန်လည် လုပ်ကိုင်ရန် မဖြစ်နိုင်တော့ပေ။ ပညာရေးနှင့်ကျန်းမာရေးနယ်ပယ်တွင် အလုပ် အကိုင် အခွင့်အလမ်းများကို ရှာဖွေနေကြသူများအနေဖြင့် ပုဂ္ဂလလုံခြုံရေး စိန်ခေါ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများအကြား ဟန်ချက်ညီမှုကို ရှာဖွေရန် ကြီးမားစွာ ရုန်းကန်ရလျက်ရှိသည်။ ထို့ကြောင့် ကြားကာလပညာရေးအဖွဲ့အစည်းများအနေဖြင့်  ပညာရပ်နဲ့ ဆိုင်သော ဘာသာရပ်များ သင်ကြားခြင်းအပြင် ကျောင်းသူ၊ကျောင်းသားများ၏ မတူကွဲပြားသည့် အခြေအနေပေါ်တွင်လိုက်၍ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးရန်လည်း လိုအပ်ပါသည်။

    ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ

    စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပြည်ပတွင် ပညာဆက်လက်သင်ကြားရန် လျှောက်ထားကြသည့် ကျောင်းသူ၊ကျောင်းသားဦးရေမှာ သိသာစွာ မြင့်တက်လာခဲ့သည်။ သို့ရာတွင် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသည့် လူငယ်များအတွက် နိုင်ငံရပ်ခြားတွင် ပညာသင်ယူရန်မှာ ဖြစ်နိုင်သည့် အခွင့်အလမ်းမဟုတ်ပေ။ အမြတ်အစွန်းမယူသည့် အွန်လိုင်းတက္ကသိုလ်များနှင့် တိုင်းရင်းသား ဒေသများရှိ ပညာရေးအဖွဲ့အစည်းများအနေဖြင့် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပညာရေး လိုအပ်ချက်ကို ဖြည့်တင်းရန် ကြိုးစားကြသော်လည်း လူငယ်အများစုအတွက် ပညာရေးသည် ငွေကုန်ကြေးကျ များလွန်းလှသည့်အရာဖြစ်သည်။ ဝင်ငွေနည်းပါးသည့် လူငယ်များအနေဖြင့် ကြားကာလပညာရေးအဖွဲ့အစည်းများကိုပင် လက်လှမ်းမီရန် ခက်ခဲလှသည်။ လက်ရှိ သင်ကြားနေကြသည့် ဘာသာရပ်များနှင့် အစီအစဥ်များသည် အွန်လိုင်းမှ သင်ကြား နေကြခြင်းဖြစ်သည့်အတွက် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် အင်တာနက်ရရှိရန်လိုအပ်ပြီး သင်တန်းတက်ရန်အတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများဖြစ်သော စမတ်ဖုန်းနှင့် ကွန်ပျူတာများလိုအပ်သည်။​ မြန်မာနိုင်ငံတွင် အင်တာနက်နှင့် မိုဘိုင်းဒေတာ ကုန်ကျစရိတ်များ မြင့်တက်လာပြီး မကြာခဏလျှပ်စစ်မီးပြတ်တောက်ခြင်းများလည်းရှိသည်။ ထို့အပြင် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တော်လှန်သည့်နေရာများတွင် အင်တာနက်ဖြတ်တောက်ခြင်းများကို ပစ်မှတ်ထားပြုလုပ်သည့်အတွက် ပုန်းအောင်းနေရသော၊ နေရပ်မှထွက်ပြေးစွန့်ခွာနေရသော ကျောင်းသူ၊ကျောင်းသားများအနေဖြင့် အွန်လိုင်းမှသင်ကြားသည့် ကြားကာလပညာရေးကိုပင် လက်လှမ်းမီနိုင်ခြင်းမရှိပါ။ ကြားကာပညာရေးသည် ပုဂ္ဂလိကတက္ကသိုလ်များနှင့် ပြည်ပနိုင်ငံများတွင် သွားရောက်ပညာသင်ကြားခြင်းထက် ငွေကုန်ကြေးကျသက်သာသော်လည်း အမြဲတစေ အခမဲ့ တက်ရောက်သင်ယူနိုင်ခြင်း မဟုတ်ပေ။

    စစ်အာဏာသိမ်းမှုနှောင်းပိုင်းတွင် အဆင့်မြင့်ပညာကို ဆက်လက်ဆည်းပူးလိုကြသူ လူငယ်များအတွက် အမျိုးမျိုးသော ကျောင်းလခ သတ်မှတ်ထားသည့် ကျောင်းများ၊သင်တန်းများရှိသည်။ ဒုက္ခသည်များ၊ ပဋိပက္ခနှင့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသူများနှင့် လုံခြုံရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ပညာရှင်များအတွက် အဆင့်မြင့်ပညာကို တက်ရောက်သင်ကြားရန် ငွေကြေးပေးရပါက မည်မျှလောက်ပင်သေးငယ်သည့်ပမာဏမဆို ၎င်းတို့အတွက် ကြီးမားသည့် အဟန့်အတားဖြစ်စေနိုင်ပါသည်။​ ကြားကာလပညာရေးအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းနှင့် ပြည်ပ အလှူရှင်များ၊ ရန်ပုံငွေထောက်ပံ့သူများနှင့် ပူးပေါင်းကာ ပညာရေးအား လူတိုင်းလက်လှမ်းမီနိုင်ရန် အခွင့်အလမ်းများကို ချဲ့ထွင်ပေးရန် လိုအပ်ပါသည်။

    စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ

    စစ်အာဏာသိမ်းမှုနှောင်းပိုင်းတွင် မြန်မာနိုင်ငံတွင် အချို့သော ပြောင်းလဲတိုးတက် လာမှုများရှိသော်လည်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးသည် မြန်မာနိုင်ငံတွင် လုံလောက်စွာ အသိအမှတ်ပြုခံရသည့် အကြောင်းအရာတခု မဟုတ်ပေ။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအလွန်တွင် ဒီမိုကရေစီအရေးလှုပ်ရှားသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပညာရှင်များ ဖြစ်ကြသည့် ဒေါက်တာြဖိုးသီဟနှင့် ဖြူပန်းနုခင်တို့ အနေဖြင့် နိုင်ငံရေးပဋိပက္ခ၊ စစ်ပွဲနှင့် လူတဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့အကြား ဆက်နွယ်မှုကို ထုတ်ဖော်ပြောကြားလာကြသည်။  နိုင်ငံရေး အကြမ်းဖက်မှုများကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြဖြစ်မှုများ၊ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကို အဆုံးစီရင်မှုများအထိ ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ကြုံတွေ့ နေကြရကြောင်း မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူလူငယ်များအနေဖြင့် အစီရင်ခံရေးသားထားသည်။​

    မြန်မာနိုင်ငံရှိ လူငယ်များအနေဖြင့်လည်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းများနှင့် ကြုံတွေ့နေကြရသည်။ အမြတ်အစွန်းမယူသည့် အွန်လိုင်းတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသူ၊ကျောင်းသားများသည်လည်း အဆိုပါ အကျပ် အတည်းနှင့် ရင်ဆိုင်နေရသည်။ မိမိနှင့်လာရောက်ဆွေးနွေးတိုင်ပင်ကြသည့် ကျောင်းသူ၊ ကျောင်းသား အားလုံးသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများနှင့် ရင်ဆိုင်နေကြရပြီး အချို့သည် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပင် ထုတ်ဖော်ပြောဆိုလာကြသည်။ မြန်မာ့နွေဦးတက္ကသိုလ်ရှိ မိမိ၏လုပ်ဖော် ကိုင်ဖက်များအနေဖြင့်လည်း ၎င်းတို့နှင့်လက်တွဲလုပ်ဆောင်နေကြသည့် ကျောင်းသူ၊ ကျောင်းသား များတွင်လည်း အလားတူ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများရှိကြကြောင်း ပြောဆိုကြသည်။​ ဆရာ၊ဆရာမများနှင့် ကျောင်းစီမံအုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများနှင့် ရင်ဆိုင်နေရသော ကျောင်းသူ၊ကျောင်းသားများအား နားထောင်ပေးခြင်း၊ နှစ်သိမ့်ပေးခြင်းများ ပြုလုပ်လျက်ရှိသော်လည်း ကြားကာလ ပညာရေး အဖွဲ့အစည်းများအနေဖြင့် ကျောင်းသူ၊ကျောင်းသားများ၏ လိုအပ်ချက်ကို ထိရောက်စွာ ကူညီပေးနိုင်ရန်အတွက် နားလည်တတ်ကျွမ်းသည့် ပညာရှင်များကို ဌားရမ်း ရန်အတွက်လည်း အရေးတကြီးလိုအပ်လျက်ရှိသည်။  စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက် အမှန်တကယ်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများကို ဆက်သွယ်နိုင်ခြင်းသည်လည်း ကြားကာလပညာရေးစနစ်တွင် အခါမလပ် လက်လှမ်းမီနိုင်သည့် ကူညီမှုများဖြစ်သင့်သည်။

    နိဂုံးချုပ်

    ယခုဆောင်းပါးတွင် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုအလွန်တွင် ပေါ်ပေါက်လာသည့် ကြားကာလပညာရေးစနစ်တွင် တိုးတက်ရန်လိုအပ်သည့် အကြောင်းအရာ(၅)ခုအား ဆွေးနွေးထားပါသည်။ ​ထိုအကြောင်းအရာ(၅)ခုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့်သာမက အကြောင်းအရာတခုနှင့်တခုအကြား ပတ်သက်ဆက်နွယ်မှုများရှိပါသည်။  ဥပမာအနေဖြင့် စစ်အာဏာသိမ်းမှုကြောင့် မတည်ငြိမ်မှုများကို ကြုံတွေ့ခံစားပြီးသည့် လူငယ်များအတွက် ဘွဲ့ဒီဂရီ ပေးအပ်နိုင်သည့် အစီအစဥ်များမရှိခြင်း၊ ၎င်းတို့၏ ဒီပလိုမာများအား အသိအမှတ်ပြုမှုကင်းမဲ့ခြင်းနှင့် လုပ်ငန်းခွင်ဝင်ရန် ကူညီပေးသည့် ဝန်ဆောင်မှုများမရှိခြင်းသည်  လူငယ်များအတွက် ယခုကဲ့သို့ ခက်ခဲကျပ်တည်း သည့်ကာလများတွင် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရန် ခက်ခဲစေပြီး ငွေကြေး အကျပ်အတည်းများနှင့် ကြုံတွေ့လာနိုင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ထပ်မံဖြစ်ပေါ်စေနိုင်သည်။ အထက်တွင်ရေးသားဆွေးနွေးခဲ့သည့် စိန်ခေါ်မှု(၅)ရပ်အတွက် လိုအပ်သည့် ဖြေရှင်းမှုများ ရှာဖွေနေစဥ်တွင် ကြားကာလပညာရေးအဖွဲ့အစည်းများအနေဖြင့် အထက်ပါ စိန်ခေါ်မှု(၅)ရပ်အား ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက် ထိုအကြောင်းအရာ အချင်းချင်းအကြား ယှက်ဖြာဆက်နွယ်လျက်ရှိသော သဘောသဘာဝကိုလည်း နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

    Isabella Aung သည် Spring University Myanmar ရှိ Institute of Human Rights and Democratic Governance တွင် အကြံပေးနှင့် guidance counselor အနေဖြင့် တာဝန်ယူနေသူတဦးဖြစ်သည်။​ သူမသည် Queen’s တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်အား ပါရဂူတန်း တက်ရောက် သင်ကြားနေသူလည်းဖြစ်သည်။  သူမ၏ သုတေသနမှာ မျက်မှောက်ခေတ်အာဏာရှင်စနစ်သည် လူမှုကွန်ယက်မီဒီယာများတွင် မည်သို့မည်ပုံတည်ရှိပြီး ဆက်လက်တည်တံ့နေသနည်းနှင့် ထိုဖြစ်စဥ်သည် ကျား၊မရေးရာရှုထောင့်တွင် မည်ကဲ့သို့ထင်ဟပ်သည်ကို လေ့လာ ထုတ်ဖော်ခြင်းဖြစ်သည်။  သူမသည် UBC Myanmar Initiativethe Civil War Paths Project နှင့် Queen တက္ကသိုလ်၏ Queen’s Public Scholarship Program အစရှိသည့် အစီအစဥ်များတွင်လည်း သုတေသီအဖြစ်ပါဝင်လျက်ရှိသည်။

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.