Diiksa Thang (ကလောင်အမည်) နှင့် Emily Fishbeinတို့အနေဖြင့် ယခုဆောင်းပါးတွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကျင်းပခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာတို့ကို လေ့လာထားပါသည်။
Authors’ note: A similar version of this article was published on Al Jazeera.
ဖေဖော်ဝါရီလမှ ဧပြီလအတွင်း မြန်မာနိုင်ငံတဝှမ်းရှိ ထောင်နှင့်ချီသော ကျောင်းသူကျောင်းသားများသည် အမျိုးသားညီညွတ်ရေးအစိုးရမှ ပထမဦးဆုံး စတင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ အဆိုပါစာမေးပွဲများကို အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ၏ စီမံမှုအောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များအား ချေမှုန်းနေသည့်အတွက် အထက်ပါ စာမေးပွဲများအား လျှို့ဝှက်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အာဏာသိမ်းမှုဖြစ်ပွားပြီး ရက်သတ္တပတ်(၁)ပတ်ခန့်မှာပင် လက်နက်မဲ့ပြည်သူများအား သေစေနိုင်လောက်သည့် လက်နက်အင်အားသုံးကာ သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး ကျယ်ပြန့်လာသည်နှင့်အမျှ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့သည်။ တရားဝင်မှုရရှိရေးနှင့် နိုင်ငံတော်အား ထိန်းချုပ်နိုင်ရေးတို့အပြင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်ခြင်းတို့ကိုပါ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ဆက်နွယ်နေသည့် အခြားစင်ပြိုင်ဝန်ဆောင်မှုများအား ပစ်မှတ်ထားခဲ့သည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများနှင့် ဆက်နွယ်နေသည့် ကျောင်းများ၊ ဆေးရုံများအား ဖျက်ဆီးပစ်ခြင်း၊ လုပ်အားပေး စေတနာ့ဝန်ထမ်းများအား ဖမ်းဆီးခြင်းနှင့် တော်လှန်ရေးအင်အားစုများနှင့် ဆက်နွယ်နေသည့် ပြည်သူ့ဝန်ဆောင်မှုများအား ရယူနေကြသည့် ပြည်သူများကိုလည်း အကြမ်းဖက်အင်အားသုံးကာ ဖမ်းဆီးချေမှုန်းခြင်းများ ပြုလုပ်လျက်ရှိသည်။
လက်ရှိအခြေအနေတွင် ဆက်လက်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် အာဏာသိမ်းစစ်ကောင်စီမှ တင်းကျပ်ထားသည့် အင်တာနက်ပိတ်ဆို့မှုများကြောင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ များစွာထိခိုက်မှုနှင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ရပြီး တပ်မတော်၏ ထိန်းချုပ်မှုစနစ်ပြင်ပတွင်ရှိသည့် ပညာရေးဝန်ဆောင်မှုများလည်း ထိခိုက်ခဲ့ရသည်။ မိမိတို့အနေဖြင့် ကျောင်းသူကျောင်းသား(၂)ဦးနှင့် ဆရာ၊ဆရာမ (၅)ဦးတို့အား အင်တာဗျူးများမေးမြန်းရာတွင် ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှကျင်းပသည့် စာမေးပွဲများအား ဖြေဆိုလိုကြောင်း တွေ့ရှိရသည်။ ထိုသို့ဖြေဆိုရခြင်းမှာ အာဏာသိမ်းစစ်ကောင်စီအား ဆန့််ကျင်ကန့်ကွက်ရန်နှင့် အာဏာသိမ်းမှုအလွန်တွင် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး၏ တန်ဖိုးတရပ်ဖြစ်သော စစ်ကျွန်ပညာရေးအား ပြန်လည်ပြုပြင်ရန်ဆိုသည့် အကြောင်းအရင်းများကြောင့်ဖြစ်သည်။
“မြန်မာပြည်ရဲ့ ပညာရေးစနစ်က ခေတ်နဲ့လုံးဝ အံဝင်ဂွင်ကျမှုမရှိပဲ ကျောင်းသားတွေ၊မိဘတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုးအရမ်းဖြစ်စေတယ်။ စစ်အာဏာရှင်အဆက်ဆက်က သူတို့ အာဏာတည်မြဲရေးအတွက်ကို လူတွေကို ဝါဒမှိုင်းတွေတိုက်ပြီး အလွတ်ကျက်တဲ့စနစ်ကိုပဲ အားပေးခဲ့တာက ပြည်သူတွေကို ဖျက်ဆီးတာပဲ” ဟု မကွေးတိုင်းရှိ “စာမေးပွဲဝင်ရောက်ဖြေဆိုသူ စလိုင်းထွန်းထွန်းမှပြောကြားခဲ့သည်။ “အာဏာသိမ်းမှုဖြစ်စဥ်က ပညာရေးကို ပြန်လည်ပြုပြင်ဖို့အတွက်လည်း အချက်ပေးမှုတခုပဲ” ဟု ၎င်းကဖြေဆိုခဲ့သည်။
ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်သိမ်းခံရပြီး တနှစ်အကြာတွင် စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံရှိ ကျောင်းသူ၊ကျောင်းသားများအား ပုံမှန်အခြေအနေသို့ရောက်အောင် ပြန်လည်တွန်းပို့ရန် ကြိုးပမ်းခဲ့သည်။ အစိုးရဝန်ထမ်း ဆရာ၊ဆရာမပေါင်း ၂၀၀,၀၀၀ကျော်သည် အကြမ်းမဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွင် ပါဝင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည်။ အလားတူပင် ကျောင်းတက်ခွင့်ရှိသော ကျောင်းသူ၊ကျောင်းသားပေါင်း ၉၀ရာခိုင်နှုန်းသည်လည်း ၂၀၂၁ခုနှစ်ဇွန်လတွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အခါ တက်ရောက်ကြခြင်းမရှိပေ။ Frontier Myanmar မှ ယခုနှစ်ဖေဖော်ဝါရီလတွင် ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးအရ ကျောင်းသူ၊ကျောင်းသာပေါင်းထက်ဝက်ခန့်သည် ကျောင်းပြန်တက်ခြင်းမရှိကြသေးပေ။
ကနဦးကာလများတွင်မူ ကျောင်းသူကျောင်းသားများအနေဖြင့် ရွေးချယ်စရာ အနည်းငယ်သာရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ ရွေးချယ်စရာများမှာ အချိန်ကြာလာသည်နှင့်အမျှ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ထိန်းချုပ်နယ်မြေတွင်ရှိနှင့်ပြီးသော ပညာရေးစနစ်များအား အရှိန်အဟုန်မြှင့်တိုးတက်အောင် ဆောင်ရွက်သကဲ့သို့ နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်လာသည့် တော်လှန်ရေးအင်အားစုများ၏ထိန်းချုပ်ဒေသများရှိ.ဒေသခံပညာရေးအဖွဲ့အစည်းများ ပညာရေးအဖွဲ့အစည်းများအနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကွပ်ကဲမှုအောက်တွင် ထောင်ပေါင်းများစွာသော စာသင်ကျောင်းများဖွင့်လှစ်ခဲ့သည်။ စေတနာ့ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူ့အခြေပြု၊ရပ်ရွာအခြေပြုကျောင်းများ ဖွင့်လှစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အခြားသောကျောင်းများအနေဖြင့်လည်း အွန်လိုင်းပညာရေးကို ဖော်ဆောင်လျက်ရှိပြီး မူလတန်းနှင့် အထက်တန်းကျောင်းသူကျောင်းသားများအတွက် သင်ကြားရေး အရင်းအမြစ်များ ပေးအပ်နိုင်ရန် ကြိုးစားလျက်ရှိကြသည်။
အဆင့်မြင့်ပညာကဏ္ဍတွင်လည်း Virtual Federal University နှင့် မြန်မာ့နွေဦးတက္ကသိုလ်အစရှိသည်တို့ ပေါ်ပေါက်လာခဲ့ပြီး အွန်လိုင်းမှ ဘာသာရပ်မျိုးစုံအား သင်ကြားပေးလျက်ရှိပြီး ၎င်းဘာသာရပ်များသည် မြန်မာနိုင်ငံရှိ လက်ရှိအစိုးရ၏ တင်းကျပ်တားမြစ်ထားသည့် သင်ရိုးညွှန်းတမ်းများမှကွဲထွက်ကာ သင်ကြားပေးနေခြင်းဖြစ်သည်။ ဥပမာအနေဖြင့် နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံမဲ့ဖြစ်ခြင်း၊ မြန်မာ့သမိုင်းရှိ အလုပ်သမားအရေးများနှင့် “ဆရာ၊ဆရာမများ၏ အလိမ်အညာပုံပြင်များ” အစရှိသည်တို့ကို သင်ကြားလျက်ရှိပြီး ၎င်းဘာသာရပ်များသည် မြန်မာနိုင်ငံသမိုင်းတွင် စစ်တပ်၏ ဝါဒမှိုင်းပျံ့နှံ့စီးဝင်လာပုံကို လေ့လာခြင်းဖြစ်သည်။
Dr. Mary Shepard Wong နှင့် Azusa Pacific University ရှိ David Kareng တို့ ၂၀၂၂ခုနှစ်တွင် ပြုလုပ်ခဲ့သည့် သုတေသနအရ ထိုအပြောင်းအလဲများသည် မြန်မာနိုင်ငံ၏ ခေတ်နောက်ကျနေပြီဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကြီးမားသည့် အဆင့်မြင့်ပညာရေးစနစ်အား တမူထူးခြားစွာပြောင်းလဲပုံဖော်လိုခြင်းကို ထင်ဟပ်နေသည်ဟုဆိုသည်။ ထိုသုတေသနအရ အာဏာသိမ်းမှုအလွန်တွင်ပေါ်ပေါက်လာသည့် အဆင့်မြင့်ပညာကဏ္ဍရှိ ရွေးချယ်စရာများတွင် တိုင်းရင်းသားလူမျိုးများနှင့် မျိုးဆက်များအကြား ကန့်သတ်ချက်များကို ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊ ရွေးချယ်စရာသင်ကြားမှုနည်းစနစ်သစ်များရှိခြင်း၊ မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသည့် တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းကြောင်းများ၊ ဘာသာစကားများနှင့် ရိုးရာယဥ်ကျေးမှုများအား ထည့်သွင်းရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းများပါဝင်သည်။
အလားတူပင် University of Missouri-Columbia ရှိ Dr. Rosalie Metro ရေးသားကာ Frontierမှ ဇွန်လ ၂၀၂၁ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဆောင်းပါးတပုဒ်တွင်လည်း အာဏာသိမ်းမှုအလွန်တွင်ပေါ်ပေါက်လာသည့် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာကဏ္ဍရှိ အစားထိုးရွေးချယ်စရာများသည် နိုင်ငံတော်၏ ပညာရေးရေခံမြေခံအား ပြောင်းလဲနိုင်ပြီး အနာဂတ်အတွက်လည်း အကျိုးသက်ရောက်မှုများရှိလိမ့်မည်ဟု Dr. Rosalie Metro မှ ဆွေးနွေးရေးသားခဲ့ပါသည်။ သူမအနေဖြင့် “မြန်မာနိုင်ငံရှိ ပညာရေးသည် ပြောင်းလဲမှုများအား တုန့်ပြန်ခြင်းသီးသန့်မဟုတ်ပဲ ၎င်းအပြောင်းအလဲမှုများအတွက် မောင်းနှင်အားဖြစ်သည်” ဟု ရေးသားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ (သို့မဟုတ်) အထက်တန်းစာမေးပွဲများသည် လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်း မည်သည့်ရွေးချယ်မှုကို ပြုလုပ်ရမည်ကို သေချာရေရာစွာ ဆုံးဖြတ်နိုင်ခြင်းမရှိသည့် အထက်တန်းဖြေဆိုရန် အရည်အချင်းပြည့်မှီသည့် ထောင်နှင့်ချီသည့် ကျောင်းသူ၊ကျောင်းသားများအတွက် ရှေ့ဆက်ရန်နည်းလမ်းတခုဖြစ်ခဲ့သည်။
မြန်မာနိုင်ငံရှိ အရပ်သားအစိုးရအုပ်ချုပ်နေစဥ်ကာလဖြစ်သည့် ၂၀၂၀ခုနှစ်၊ မတ် တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကျင်းပစဥ်က ကျောင်းသူ၊ကျောင်းသားပေါင်း ၉၁၀,၀၀၀ ခန့်ဝင်ရောက်ဖြေဆိုခဲ့သည်။ ၂၀၂၂ခုနှစ် မတ်လတွင် အာဏာသိမ်းစစ်ကောင်စီမှ ကျင်းပသည့် စာမေးပွဲတွင် ကျောင်းသူ၊ကျောင်းသားပေါင်း ၂၈၀,၀၀၀သာ ဝင်ရောက်ဖြေဆိုခဲ့ပြီး ယခုနှစ်တွင်မူ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၆၀,၀၀၀သာရှိသည်။ ဖေဖော်ဝါရီလမှ ဧပြီလအတွင်းနှင့် သြဂုတ်လမှ အောက်တိုဘာလအတွင်း အသုတ်လိုက်ခွဲ၍ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ စာမေးပွဲများတွင် ကျောင်းသူ၊ကျောင်းသားပေါင်း ၆၀,၀၀၀ခန့်သာ ဝင်ရောက်ဖြေဆိုကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနရှိ ဒုတိယဝန်ကြီး ဂျာထွယ်ပန်၏ အဆိုအရ သိရှိရသည်။
ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ဘာသာရပ်(၆)ခုတွင် ဘာသာရပ်တခုကို တကြိမ်စီဖြေဆိုနိုင်ပြီး ဘာသာရပ်တခုစီတိုင်း၏ စာမေးပွဲများပြီးဆုံးပြီးနောက် (၂)နာရီအတွင်း ၎င်းတို့၏ အကြမ်းဖျဥ်း အမှတ်စာရင်းကို ရယူနိုင်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တနှစ်အကြာတွင် ကျောင်းသူ၊ကျောင်းသားများ၏ နောက်ဆုံးရမှတ်နှင့် စာမေးပွဲဝင်ရောက်ဖြေဆိုသူဦးရေကို ထုတ်ပြန်ကြေငြာမည်ဟုသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ စာမေးပွဲသည် ယခင်အစိုးရလက်ထပ်တွင် ပြဌာန်းခဲ့သည့် သင်ရိုးညွှန်းတမ်းကို အခြေခံကာ လက်ရှိစစ်ဆေးနေသည့် စာမေးပွဲများကဲ့သို့ပင် အထူးပြုဘာသာရပ်တခုနှင့် တွဲဖက်ဘာသာရပ်ငါးခုကို ယှဥ်တွဲဖြေဆိုရခြင်းဖြစ်သည်။ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် သင်္ချာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီ၊ ဘောဂဗေဒ၊ သမိုင်းနှင့်အင်္ဂလိပ်စာ ဘာသာရပ်တို့အကြား အထူးပြုဘာသာရပ်အား ရွေးချယ်နိုင်သည်။ သို့သော်လည်း ယခင်စာမေးပွဲများသည် ကျောင်းသူ၊ကျောင်းသားများ၏ အလွတ်ကျက်ခြင်းနှင့် အတိအကျပြန်လည်ဖြေဆိုခြင်းတို့ကို အားပေးထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ စာမေးပွဲများကမူ အဖြေမှန်ရွးချယ်ခြင်းမေးခွန်းများကိုသာ မေးမြန်းထားပြီး မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများမှတဆင့် ဖြေဆိုရခြင်းဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရရှိ ပညာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဂျာထွယ်ပန်မှ အဖြေမှန်ရွေးချယ်ရသည့် မေးခွန်းပုံစံများကို ကျောင်းသူ၊ကျောင်းသားများအနေဖြင့် သင်ယူခဲ့သည့် ဘာသာရပ်များနှင့် ဗဟုသုတများအား နားလည်မှုကို မြှင့်တင်ပေးရန်၊ ဆန်းစစ်ဝေဖန်တတ်ခြင်းနှင့် ပြဿနာများအားတီထွင်ဖန်တီးနိုင်မှုဖြင့် ဖြေရှင်းနိုင်ရန်နှင့် သင်ယူခဲ့ရသည့် ဗဟုသုတများအား လက်တွေ့ကျကျ အသုံးချနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟုဆိုသည်။ “စနစ်ဟောင်းက အလွတ်ကျက်တဲ့စနစ်၊ ဘာကိုမှ သေချာနားမလည်ပဲ နှုတ်တိုက်ကျက်တဲ့စနစ်ကို အားပေးတယ်၊ အခု ကျွန်မတို့ စနစ်သစ်မှာတော့ အဲ့လို စာမေးပွဲစနစ်မျိုးကို ပြန်လည် အသုံးချ၊ အသိအမှတ်ပြုတာ မလုပ်ပါဘူး” ဟု သူမအနေဖြင့် ပြောသည်။
ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာ၊ဆရာမများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ စာမေးပွဲမေးခွန်များသည် ပိုမိုပြည့်စုံသည့် သင်ကြားရေးစနစ်ကို တိုက်တွန်းအားပေးသည်ဟု ပြောဆိုခဲ့ကြသည်။ “ရူပဗေဒနဲ့ ဓာတုဗေဒကို ကြည့်မယ်ဆိုရင် အရင်တုန်းက သမီးတို့က သီအိုရီတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် definitions တွေပဲကျက်ရပြီး တွက်စာတွေ တွက်ရတယ်။ အခုတော့ အဓိကအခြေခံသဘောတရားကို သေချာနားလည်ဖို့အတွက် သီအိုရီတခုလုံးကို သေချာဖတ်ရပါတယ်” ဟု အိန္ဒိယနိုင်ငံ မီဇီုရမ်မြို့အနီးရှိ ရွှေ့ပြောင်းဒုက္ခသည်စခန်းတခုမှ စာမေးပွဲဝင်ရောက်ဖြေဆိုသည့် မတူပီမြို့နယ်၊ချင်းပြည်နယ်ဇာတိဖြစ်သူ ကျောင်းသူ Esther က ဖြေဆိုခဲ့သည်။
ချင်းပြည်နယ် ကန်ပက်လက်မြို့ရှိ စေတနာ့ဝန်ထမ်းကျောင်းဆရာတဦးဖြစ်သည့် Salai Lin အနေဖြင့်လည်း အလားတူအမြင်မျိုးကို မျှဝေခဲ့ပါသည်။ “ကျွန်တော်ထင်တာကတော့ အခု စာမေးပွဲစစ်တဲ့ပုံစံက အရင်စာမေးပွဲတွေထက် ပိုကောင်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နည်းလမ်းတွေက အဖြေတွေကို အလွတ်ကျက်တာထက် ကျောင်းသူ၊ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှုဥာဏ်ရည်ကို ပိုပြီးဦးစားပေးထားတာကို တွေ့ရတယ်” ဟု ၎င်းမှဖြေဆိုခဲ့သည်။
တချိန်တည်းမှာပင် ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာ၊ဆရာမများအနေဖြင့် စာမေးပွဲများတွင် ပါဝင်နိုင်ရန် စိန်ခေါ်မှုများနှင့် ခက်ခဲမှုများကို ကြုံတွေ့လျက်ရှိနေကြသည်။ မကွေးတိုင်းဒေသကြီး ယောနယ်ရှိ စေတနာ့ဝန်ထမ်းဆရာတဦးဖြစ်သော ဆရာကျော်အနေဖြင့် စစ်ကောင်စီမှ ဖမ်းဆီးမှုများကို ထွက်ပြေးတိမ်းရှောင်ရန်အတွက် ညဖက်များတွင် လျှို့ဝှက်နေရာများတွင် စာသင်ရ ကြောင်းနှင့် စစ်ကြောင်းထိုးမှုများကြောင့် တခါတလေသို့ရံဖန်ရံခါ လုံးဝစာသင်ကြားနိုင်ခြင်းမရှိကြောင်း ပြောပြခဲ့သည်။ “ရွာမှာ ဘာတခုမှ တည်ငြိမ်တယ်၊ အေးချမ်းတယ်ဆိုတာ မရှိဘူး၊ ဆိုတော့ ပညာသင်ကြားခွင့်ကတော့ တဖြည်းဖြည်း အလှမ်းဝေးလာတာပေ့ါ။ စစ်သားတွေလာရင် ကျွန်တော်တို့က ပြေးရတယ်၊ သူတို့ပြန်သွားရင် ကျွန်တော်တို့က ပြန်လာပြီး စာပြန်သင်ကြတယ်” ဟု ၎င်းမှဖြေဆိုခဲ့သည်။
စာမေးပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်ပေါက်ကြားမှုအား ရှောင်ရှားရန်အတွက် သူ့အနေဖြင့် စာမေးပွဲကျင်းပသည့်နေ့ရက်တွင် ကျောင်းသူ၊ကျောင်းသားများအား စာမေးပွဲမကျင်းပမီ တနာရီခန့်အလိုတွင်သာ ကြိုတင်အကြောင်းကြားသည်။ “ကျွန်တော်တို့က အရမ်းသတိထားရတယ်၊ ပြီးတော့ သတင်းတွေကို အမြဲတမ်းစောင့်ကြည့်နားစွင့်နေရတယ်” ဟု ပြောပြခဲ့သည်။
သူ၏ စိုးရိန်ပူပန်မှုများမှာ တရားနည်းလမ်းကျပါသည်။ ယမန်နှစ်စက်တင်ဘာလတွင် အကြမ်းမဖက်အာဏာဖီဆန်ခြင်းတွင် ပါဝင်သည့် ဆရာ၊ဆရာမများ စီမံခန့်ခွဲသင်ကြားနေသည့် စာသင်ကျောင်းတခုအား တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးသူငယ် (၁၁)ဦး သေဆုံးခဲ့ပြီး နောက်တလအကြာတွင်လည်း မြန်မာ့တပ်မတော်၏ စစ်သားများမှ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပတ်သက်နေသည့် ကျောင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် သင်ကြားပေးနေသည့် ဆရာတဦးအား ခေါင်းဖြတ်သတ်ကာ ၎င်း၏ ဦးခေါင်းအား ကျောင်းပရဝုဏ်တွင် ချိတ်ဆွဲထားခဲ့သည်။ အဆိုပါနှစ်၏ ဧပြီလတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ဒေသန္တရအုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲကိုလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူပေါင်း(၁၆၀)ကျော် သေကြေပျက်စီးခဲ့သည်။
ချင်းပြည်နယ်ရှိ ဆရာ၊ဆရာမ(၂)ဦးအနေဖြင့်လည်း စာမေးပွဲအတွက် ပြင်ဆင်ချိန်နှင့် စာမေးပွဲစစ်ဆေးနေသည့်ကာလအတွင်း ၎င်းတို့ ကျောင်းသူ၊ကျောင်းသားများ၏ လုံခြုံရေးအတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ချင်းပြည်ကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရကြောင်း ဖြေဆိုခဲ့သည်။ လုံခြုံရေးအား ပိုမိုအလေးထားရသည့် အခြေအနေမျိုးတွင် အချို့ကျောင်းသူ၊ကျောင်းသားများအနေဖြင့် တောထဲတွင် စာမေးပွဲများ ဝင်ရောက်ဖြေဆိုကြရသည်။
သို့သော်လည်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် အချို့သော ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မတူပီမြို့နယ်ရှိ စာမေးပွဲစစ်ဆေးသည့် နေရာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စာမေးပွဲရေးရာ ညှိနှိုင်းရေးမှု Happy New မှ ပြောကြားခဲ့သည်။ “ကျွန်မတို့က ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ မိဘတွေနဲ့ ပူးပေါင်းပြီး စုစည်းရတယ်။ CDF ကတော့ လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အကူအညီပေးပါတယ်” ဟု ၎င်းမှဖြေဆိုခဲ့သည်။
မြို့နယ်ပေါင်း(၄၈)မြို့နယ်ရှိ ကျောင်းသူ၊ကျောင်းသားများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိုဒေသရှိ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် အင်တာနက်မလိုအပ်သည့် ကိရိယာများအား စီမံထားသော်လည်း ထိုကိရိယာများသည် ကျောင်းသူ၊ကျောင်းသား ၂၀-၃၀ဦးခန့်ကိုသာ ပံ့ပိုးကူညီနိုင်ပြီး စာစစ်ဌာနများ မြောက်များစွာရှိပြီး ကျောင်းသူ၊ကျောင်းသားပေါင်း ရာနှင့်ချီသည့် မြို့နယ်များတွင် အဆိုပါ ကိရိယာများ ၂-၃ခုသာရှိသည်ဟု ဆရာ၊ဆရာမများမှ ဖြေဆိုခဲ့ကြသည်။
စိန်ခေါ်မှုများရှိသည့်အပြင် စာမေးပွဲကုန်ကျစရိတ်များကို ရပ်ရွာအသိုင်းအဝိုင်းများမှ ကိုယ်ထူကိုယ်ထ စီစဉ် ရသည်။ အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ကောင်းစွာမရရှိသည့် မတူပီမြို့နယ်တွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ စာမေးပွဲလာရောက်ဖြေဆိုသူများအတွက် တည်းခိုရန်အဆောင်များ စီစဥ်ပေးသော်လည်း ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်စားနပ်ရိက္ခာများ၊ စောင်များနှင့် ဟင်းချက်ရန်ပစ္စည်းများ ယူဆောင်လာရသည်ဟု Happy New မှ ပြောပြခဲ့သည်။ “ကျွန်မတို့လည်း တတ်နိုင်သလောက် ကူညီပေးပါတယ်။ ဒါပေမယ့် ထောက်ပံ့ငွေက အကြီးမားဆုံး အခက်အခဲဖြစ်နေတယ်” ဟု သူမမှ ဖြေဆိုခဲ့သည်။
ဒေသခံပြည်သူများ၏ အဆိုအရ ဆရာ၊ဆရာမများသည် စေတန့ာဝန်ထမ်းများဖြစ်ကြသည့်အတွက် ဆရာ၊ဆရာမများ၏ အခြေခံလိုအပ်ချက်များအား ရပ်ရွာလူထုမှ တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးခြင်းနှင့် လှူဒါန်းမှုများ ပြုလုပ်ပေးကြသည်။ ဆရာ၊ဆရာမများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ပုံငွေပွဲများကျင်းပခြင်းနှင့် အခြားအရပ်ဒေသများရှိ ပြည်သူများထံမှ အလှူငွေကောက်ခံခြင်းများ အစရှိသည့် နည်းလမ်းများကိုလည်း သုံးစွဲကြကြောင်း ရှင်းပြခဲ့သည်။
မကွေးတိုင်းဒေသကြီး ယောမြို့နယ်ရှိ စေတနာ့ဝန်ထမ်းဆရာကျော်မှ “တချို့ရွာသားတွေက ပညာရေးအတွက် ပိုက်ဆံတွေလှူကြတယ်။ ဆရာ၊ဆရာမတွေကို သူတို့လိုအပ်တာတွေ ဖြည့်ဆည်းပေးကြတယ်။ ကျောင်းသူ၊ကျောင်းသားတွေကလည်း အတန်းမပျက်သလောက်ပါပဲ။ ပြည်သူလူထုက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးအစီအမံတွေကို အားပေးထောက်ပံ့နေကြတယ်လို့ ပြောလို့ရပါတယ်” ဟု ဖြေဆိုခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီမှ စီမံအုပ်ချုပ်နေသည့် တက္ကသိုလ်များသည်သာ ဘွဲ့ဒီဂရီပေးအပ်နိုင်သည့် တခုတည်းသောရွေးချယ်စရာဖြစ်ပြီး မည်သည့် နိုင်ငံတကာအစိုးရများကမှ အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ခြင်းမရှိသေးသည့်အတွက် NUG မှဦးစီကျင်းပသညအထက်တန်းစာမေးပွဲဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့် မည်သည့်ရွေးချယ်မှုများကို ဆက်လက်ပြုလုပ်နိုင်မည်ဆိုသည့်အချက်မှာ ယခုထိတိုင် ဝေဝါးနေဆဲဖြစ်ပါသည်။ ဂျာထွယ်ပန်အနေဖြင့် ယခုစာမေးပွဲရလဒ်များအား အမေရိကန်နိုင်ငံရှိ အချို့တက္ကသိုလ်များမှ အထက်တန်းအောင်မြင်ကြောင်းလက်မှတ်အနေဖြင့် အသိအမှတ်ပြုမည်ဟု ပြောဆိုထားကြောင်း ဇူလိုင်လ(၁၃)ရက်နေ့တွင် မိမိတို့အား ပြောကြားခဲ့သည်။ သို့ရာတွင် မည်သည့်တက္ကသိုလ်များဖြစ်သည် (သို့မဟုတ်) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အခြားသောနိုင်ငံများရှိ တက္ကသိုလ်များနှင့် သဘောတူညီချက် တစုံတရာရရှိထားခြင်းရှိ၊မရှိကိုမူ ကျယ်ပြန့်စွာဖြေဆိုခဲ့ခြင်းမရှိပါ။
လုံခြုံရေးအခြေအနေအရ အမည်နာမကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသည့် စာမေးပွဲဖြေဆိုမှုများနှင့် ပတ်သက်၍ သုတေသနပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံရှိ မဟာတန်းတက်ရောက်နေသူ သုတေသီတဦးအနေဖြင့် အထက်တန်းအောင်မြင်ပြီးသည့် ကျောင်းသူ၊ကျောင်းသားမျာအတွက် အဓိပ္ပာယ်ပြည့်ဝသည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခြင်းမရှိပါက ထိုကျောင်းသူ၊ ကျောင်းသားများသည် မရေရာမှုများနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ သူ့အနေဖြင့် “စစ်တပ်ရဲ့ စာမေးပွဲတွေကို ဝင်ဖြေတာက လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေနဲ့ မကိုက်ညီဘူး။ ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာမေးပွဲတွေကလည်း အနာဂတ် ပညာရေးလမ်းကြောင်းနဲ့ပတ်သက်လို့ အာမခံချက်မပေးနိုင်ဘူး” ဟု ပြောဆိုခဲ့သည်။
University of Missouri-Columbia တက္ကသိုလ်ရှိ Dr. Metro အနေဖြင့်လည်း ရှေ့ဆက်ရန်အတွက် မရေရာမှုများနှင့် ပတ်သက်၍ အကြံပြုခြင်းများရှိခဲ့သည်။ “အမျိုးသားညီညွတ်ရေးအစိုးရ၏ စာမေးပွဲများသည် ထိုစာမေးပွဲများကို ဖန်တီးသူများနှင့် ဖြေဆိုသူတို့အတွက် ယုံကြည်မျှော်လင့်ချက်တခုအား ဖမ်းဆွဲရခြင်းဖြစ်သည်။ ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ကျောင်းသားများနှင့် ဒီမိုကရက်တစ်အစိုးရအနေဖြင့် နာခံတတ်သူများထက် ကြောင်းကျိုးဝေဖန်ဆန်းစစ်နိုင်သည့် ပြည်သူများဖြစ်လာစေရန် တိုက်တွန်းအားပေးသည့် ပညာရေးစနစ်သစ်အား ဖော်ဆောင်နိုင်မည်။ တွေးတောဆင်ခြင်ရန်မှာ “ကမ္ဘာအနှံ့ရှိနိုင်ငံများအနေဖြင့် ထိုကျောင်းသူ၊ကျောင်းသားများအား ၎င်းတို့၏ ပညာရေးကို ရှေ့ဆေက်နိုင်ရန်အတွက် အခွင့်အလမ်းများပေးအပ်ခြင်းဖြင့် ထိုယုံကြည်မျှော်လင့်ချက်အသစ်အား ဖမ်းဆုပ်လိုသူများကို ထောက်ပံ့ကူညီမည်လောဆိုသည့် မေးခွန်းပင်ဖြစ်သည်” ဟု ရေးသားခဲ့သည်။
စိန်ခေါ်မှုများမည်ကဲ့သို့ပင်ရှိနေကာမူ အမျိုးသားညီညွတ်ရေးအစိုးရမှကျင်းပသည့် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခြင်းနှင့် အခြားသော ပညာရေးအခွင့်အလမ်းများကို ရွေးချယ်နေကြခြင်းသည် ကျောင်းသူ၊ကျောင်းသားများ၊ မိဘများနှင့် ဆရာ၊ဆရာမများအကြား ဆက်လက်ခိုင်မာလျက်ရှိကြောင်း ဒေသခံသတင်းအရစ်အမြစ်များအရ သိရသည်။
“ကျွန်တော်တို့တိုင်းပြည်က သယံဇာတတွေ အရမ်းကြွယ်ဝပေမယ့် နိုင်ငံကဆင်းရဲတယ်။ ဒါဟာ စစ်တပ်အနေနဲ့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ကိုဖျက်ဆီးပစ်ခဲ့လို့ပဲ။ ဒီလိုအခြေအနေမျိုးမှာ အရာအားလုံးကို ချက်ချင်းပြောင်းလဲပစ်လိုက်ဖို့တော့ မလွယ်ကူဘူး။ ဒီတော်လှန်ရေးကြီးပြီးမှပဲ ခုပညာရေးစနစ်သစ်မှာ သင်ကြားတတ်မြောက်လာကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေဆီကပဲ အကျိုးအမြတ်က ထွက်လာမှာပဲ” ဟု “ဆော” မြို့နယ်ရှိ စလိုင်းထွန်းထွန်းမှ ပြောကြားခဲ့သည်။
* ယခုဆောင်းပါးတွင်ပါဝင်သည့် ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများ၏ အမည်နာမအစစ်များအား လုံခြုံရေးအခြေအနေအရ အသုံးပြုထားခြင်းမရှိပါ။ ထို့အပြင် ၎င်းတို့၏ နေရပ်မြို့နယ်များ၏ အမည်များကိုလည်း ထိန်ချန်ထားခဲ့ပါသည်။
Diiksa Thang(ကလောင်အမည်) သည် ချင်းပြည်နယ်တောင်ပိုင်းရှိ လူမှုဝန်ထမ်းနှင့် ကျောင်းသားတဦးဖြစ်ပြီး ဒေသအခြေပြုပညာရေးအား အထူးပြုလေ့လာနေသူဖြစ်ပါသည်။
Emily Fishbein သည် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းကို အသုံးပြုကာ မြန်မာနိုင်ငံရှိ သတင်းများတွင် ဖော်ပြခံရမှုနည်းပါးကာ မထင်မရှားဖြစ်နေသည့် အကြောင်းအရာများအား အထူးပြုလေ့လာကာ ဆောင်းပါးရေးသားသည့် အလွတ်တန်းစာရေးသူတဦးဖြစ်ပါသည်။
Like This Article
ဇူလိုင် 26, 2022
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023