4 Minutes To Read

ထိတ်လန့်ကြောက်ရွံ့မှုနှင့် မှောင်မိုက်နေသည့် မြို့တော်: အာဏာသိမ်းမှုနောက်ပိုင်း ရန်ကုန်မြို့တွင်းမှ ဘဝများ

4 Minutes To Read
  • English
  • ဗမာစာ
  • Phoenix (ကလောင်အမည်) အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ-၁ရက်နေ့ အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်းတွင် ရန်ကုန်မြို့၏ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဥ်ကျေးမှု အခြေအနေတို့ကို လူငယ်တယောက် အမြင်မှ ထင်ဟပ်သုံးသပ်ထားပါသည်။

    ယခုနှစ်၏ ဇန်နဝါရီလ ၄ရက်နေ့သည် ဗြိတိသျှအစိုးရထံမှ မြန်မာနိုင်ငံင လွတ်လပ်ရေးရခဲ့သည်မှာ ၇၅နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ပုံမှန်အနေအထား မျိုးသာဆိုပါက လွတ်လပ်ရေးနေ့တွင် နိုင်ငံနှင့်အဝှမ်း ပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြမည်ဖြစ်ပြီး ယမန်နှစ်များတွင် အစိုးရအနဖြင့် နေပြည်တော်တွင် ကြီးကျယ် ခမ်းနားသည့် အခမ်းအနားပွဲများ ကျင်းပခဲ့ကြပြီး နိုင်ငံနှင့်အဝှမ်းတွင်လည်း ပျော်ပွဲ ရွှင်ပွဲများနှင့် အားကစားပွဲများ ကျင်းပလေ့ရှိကြသည်။ အချို့သော လူကြိုက် များထင်ရှားသည့် ကစားပွဲများတွင်  ကစားသူမှ ၎င်း၏ မျက်လုံးအား အဝတ်စည်းထားကာ ၁၀ပေအကွာတွင်ရှိသည့် သံပုံးကိုရိုက်ရသည့် သံပုံးရိုက်ကစားနည်းနှင့် ပါဝင်ယှဥ်ပြိုင် ကစားကြသူများအနေဖြင့် မာရသွန် အတာတိုပြေးပွဲတခုအား ပြေးကာ ၎င်းတို့အရှေ့တွင် ချထားသည့် အိတ်များအတွင်းမှ အာလူးများကို ကောက်ကြရသည့် အာလူး ကောက်ပြိုင်ပွဲများပါဝင်သည်။

    သို့သော်လည်း ယခုနှစ်တွင်မူ နိုင်ငံနှင့်အဝှမ်းသည် မလှုပ်မယှက် ငြိမ်သက်နေကြသည်။ အာဏာသိမ်းစစ်တပ်အနေဖြင့် စိန်ရတုလွတ်လပ်ရေးနေ့အား ခြိမ့်ခြိမ့်သဲကျင်းပရန် တာဆူနေခဲ့သော်လည်း သာမန်ပြည်သူများအနေဖြင့် ကျင်းပကြသည့် ပျော်ပွဲရွှင်ပွဲများမှာ ယခင်နှစ်များနှင့် နှိုင်းယှဥ်ပါက လွန်စွာနည်းပါးကြောင်းတွေ့ရသည်။ စာရေးသူအနေဖြင့် ထိုနေ့တွင် လမ်းလျှောက်ထွက်ခဲ့ရာ အချို့သောဓာတ်တိုင်များတွင် နိုင်ငံတော်အလံများ ချိတ်ဆွဲထားသော်လည်း အနည်းငယ်မျှသော လူအချို့သာ ကစားပွဲများ ကျင်းပခဲ့ ကြကြောင်းကို တွေ့ရှိရသည်။ ယခင်နှစ်များတွင် ကလေးသူငယ်များနှင့် လူကြီးများ စုဝေးသိုင်းဖွဲ့ကာ ပျော်ပွဲရွှင်ပွဲများနှင့် ကစားပွဲများတွင် ဝင်ရောက်ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ သက်ကြီးရွယ်အိုများအနေဖြင့်လည်း ထိုကစားပွဲများ အား ၎င်းတို့၏ နေအိမ်တိုက်တာ များပေါ်ရှိ ဝရံတာများတွင် ထိုင်ကာ အားပေးခဲ့ကြသည်။ ထိုကစားပွဲများတွင် အနိုင်ရရှိ သူများအား ဆုချီးမြှင့်ရန်အတွက်လည်း ပြည်သူများအနေဖြင့် လိုအပ်သည့် ဘဏ္ဍာငွေ ထောက်ပံ့မှုများပြုလုပ်ခဲ့ကြသည်။

    ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဆိတ်သုဥ်းခဲ့ရသည့်အခမ်းအနားများတွင် လွတ်လပ် ရေးနေ့ အခမ်းအနားများသည်သာ ပါဝင်သည်မဟုတ်ပါ။ အခြားသော နှစ်စဥ် ကျင်းပလျက်ရှိသည့် ပွဲတော်များနှင့် အထူးစျေးရောင်းပွဲများသည်လည်း လူအနည်း ငယ်မျှကိုသာ ဆွဲဆောင်နိုင်ကြောင်းတွေ့ရှိရပါသည်။ ပွဲစီစဥ်သူများကို တိတိကျကျ မသိရသော်လည်း မိမိ၏ အိမ်နီးပတ်ဝန်းကျင်တွင်လည်း ဒီဇင်ဘာလတွင် ပျော်ပွဲ ရွှင်ပွဲတခုကျင်းပလေ့ရှိပါသည်။ ရန်ကုန်မြို့ရှိ စျေးသည်များအနေဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းများအား ရောင်းချရန် ထိုပွဲသို့ လာရောက်ကြပြီး အစားအသောက်များ ရောင်းချကြသည့် ဆိုင်ခန်းများကိုလည်း တွေ့ရှိနိုင်ပါသည်။ ထိုပွဲအား စိတ်ဝင်တစား လာရောက်လည်ပတ်သူ အလွန်များပြားလေ့ရှိပြီး လူအုပ်ကြီးထဲသို့ ထိုးဖောက် လမ်းလျှောက်နိုင်ရန်ကိုပင် လွယ်ကူလှသည်မဟုတ်ပါ။  ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထိုပွဲအား ၂နှစ်မျှ ရပ်နားထားပြီးနောက် ပြန်လည်ကျင်းပသည့်အခါတွင် လူအနည်းငယ်သာ လာရောက်ကြသည်။ ထိုပွဲအား မိမိအနေဖြင့် ယခင်နှစ်များတွင် မကြာခဏ သွားရောက် လေ့ရှိသော်လည်း ယခုဒီဇင်ဘာတွင်မူ သွားရောက်ခဲ့ခြင်းမရှိပါ။ ဒီဇင်ဘာလ ၂၃ရက်နေ့တွင် အဆိုပါပြပွဲတွင် လက်လုပ်ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ထိုနှစ်ဦးအနက်မှ တစ်ဦးမှာ ကလေးသူငယ်တယောက် ဖြစ်သည်ဆိုသည့် သတင်းများထွက်ပေါ်လာခဲ့သဖြင့် ထိုပွဲသို့ သွားရောက် သည့်သူများ ပိုမိုနည်းပါးသထက် နည်းပါးသွားခဲ့သည်။

    အထက်တွင်ဖော်ပြခဲ့သည်အတိုင်း မိမိအနေဖြင့် လွတ်လပ်ရေးနေ့တွင် ပတ်ဝန်းကျင် နေရာများသို့ လမ်းလျှောက်ထွက်ခဲ့သည်။ မိမိအနေဖြင့် မနှစ်မှစတင်ကာ ညနေခင်းတွင် လမ်းလျှောက်ထွက်ခြင်း အကျင့်ရလာခဲ့သည်။ ကိုဗစ်ကပ်ရောဂါကို ကြုံတွေ့ရခြင်း မရှိသေးသည့် ၂၀၁၉ခုနှစ်တွင် မိမိအနေဖြင့် တက္ကသိုလ်ရှိ ကျောင်းစာသင်ခန်းပြင်ပ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းနှင့် အိမ်တွင်နေ၍ ရုပ်ရှင်ကြည့်ခြင်းတို့ကိုသာ ညနေဖက်တွင် ပြုလုပ်လေ့ရှိပါသည်။ သို့သော်လည်း မတ်လ ၂၀၂၂ မှစတင်၍ မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ကြုံတွေ့ရပြီး တနေ့တာတွင် ၆နာရီမျှသာ လျှပ်စစ်မီးရရှိခြင်းများ   နှင့်ကြုံတွေ့လာခဲ့ရသည်။ လျှပ်စစ်မီးမရှိသည့်အခါတွင် လုပ်ကိုင်ဆောင်ရွက်နိုင်သည့်အရာဟူ၍ အလွန်နည်းပါးသဖြင့် ညနေစောင်းလမ်းလျှောက်ထွက်သည့်    အကျင့်ရလာခဲ့သည်။ တစိတ်တပိုင်းအားဖြင့်သာ ဒီမိုကရေစီရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကာလတွင် ၂၄နာရီ၇ရက် ပတ်လုံး လျှပ်စစ် မီးရရှိခဲ့ပြီး ထရန်စဖော်မာများ ပြင်ဆင်ရခြင်း၊ လျှပ်စစ်ဝါယာကြိုးများနှင့် မလွတ် ကင်းသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းသည့် အခါတွင်သာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံကြိုက်ခဲ့ရသည်။  ပြည်သူများအနေဖြင့် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုဒဏ်ကို  ခံနိုင်ရည်ရှိရန် ယခုထိ ကြိုးစားနေကြရဆဲဖြစ်သည်။ လက်ရှိ စစ်အာဏာ သိမ်းအစိုးရအနေဖြင့် တနေ့တာတွင် လျှပ်စစ် ဓာတ်အားပြတ်တောက်ချိန် လေးနာရီသာ ကြာမြင့်မည်ဟု ကြေငြာခဲ့သော်လည်း ထိုအချိန်ထက်မက ကြာမြင့်စွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်လေ့ရှိသည်။ 

    လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၏ အကျိုးဆက်အနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ တင်သွင်းရသည့် အားသွင်းနိုင်သည့် LED မီးလုံးများသည် မိသားစုဝင်များစွာတို့အတွက် လိုအပ်သည့် အိမ်သုံးပစ္စည်းများဖြစ်လာခဲ့ကြသည်။  မိမိတို့၏ မိတ်ဆွေ သူငယ်ချင်းများအိမ်သို့ သွားရောက်လာပတ်ပါကလည်း နံရံပေါ်တွင် သံတွင် ချိတ်ဆွဲထားသည့် လိမ္မော်ရောင် LED မီးလုံးများကို တွေ့ရှိနိုင်မည်ဖြစ် သည်။ ရန်ကုန်မြို့နေ ပြည်သူအများစုမှာ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းစွာမရရှိသည့် ပြည့်သိပ်ကျပ်ညပ်နေသော တိုက်ခန်းများတွင် နေထိုင်နေကြရသည်ဖြစ်သည်။ ထို့အတွက်ကြောင့် ထို မီးလုံးများကို နေ့လည်နေ့ခင်းကာလများတွင်ပင် လိုအပ်ကြသည်။ ရန်ကုန်မြို့နေ ပြည်သူများအတွက် လျှပ်စစ်မီးရရှိနေစဥ်အချိန်အတွင်း ထိုမီးလုံးများအား မမေ့မလျေ့ာ အားသွင်းရခြင်းသည် အိမ်မှုကိစ္စတခုသဖွယ်ဖြစ်လာကြသည်။  တခါတရံတွင်မူ ကြေငြာ်ထားခြင်းမရှိပဲ ရုတ်တရက် လျှပ်စစ်မီးပြတ်တောက်ခြင်းတို့ကြောင့် မိမိတို့အနေဖြင့် အရေးပေါ် အသုံးပြုနိုင်သည့်မီးလုံးများနှင့် ဖုန်းများကိုပင် လုံလောက်စွာ အားမသွင်းနိုင်သည့်အခက်အခဲများနှင့်ကြုံတွေ့ရသည်။

    အဆိုးရွားဆုံးအခြေအနေတခုမှာ မိမိ၏ လက်တော့ကွန်ပျူတာ၏ ဘက်ထရီပျက်စီး သွားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်မီးရရှိနေစဥ်တွင် ထိုကွန်ပျူတာအား အသုံးပြုနိုင်သော်လည်း အားသွင်းနိုင်ခြင်းမရှိပေ။ မိမိအနေဖြင့် ကွန်ပျူတာ အရောင်းဆိုင်တခုသို့ သွားရောက်၍ ဘက်ထရီလဲနိုင်သော်လည်း လုံလောက်သည့် ငွေကြေးမရှိပေ။ စစ်အာဏာသိမ်းအစိုးရလက်အောက်ရှိ ပညာ ရေးစနစ်တွင် ပညာဆက်လက်သင်ယူရန် ငြင်းဆန်သည့် မိမိကဲ့သို့ လူငယ်တဦးအနေဖြင့် ဘွဲ့ရရှိခြင်းလည်း မရှိသဖြင့် အလုပ်အကိုင်တခုရရှိရန် ခက်ခဲသည်။ စစ်အာဏာသိမ်းမှုစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစတင်၍နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီအချို့မှာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒကြောင့်သော်လည်းကောင်း၊ စီးပွားရေး ပိတ်ဆို့မှုများကြောင့်သော်လည်းကောင်း နိုင်ငံတွင်းမှ ထွက်ခွာခဲ့ကြသည်။ အကျိုးဆက် အနေဖြင့် ထိုကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခဲ့ကြသည့် ဝန်ထမ်းများလည်း အလုပ် လက်မဲ့ဖြစ်ခဲ့ကြရသည်။  ထို့အပြင် စစ်အာဏာသိမ်းအစိုးရလက်အောက်တွင် ပညာ ဆက်လက်မသင်ကြားကြသည့်တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများအနေဖြင့် လည်း ကျန်ရှိနေသည့် ပမာဏအနည်းငယ်မျှသော အလုပ်အကိုင်အခွင့်အလမ်းများအား ရရှိရန် တိုးဝှေ့ယှဥ်ပြိုင်နေကြရသည်။ အလုပ်ရှင်များအနေဖြင့် ၎င်းတို့ဝန်ထမ်းများအား လစာလျှော့ချခြင်းနှင့် အလုပ်ချိန်ပိုမိုတိုးမြှင့်ခြင်းအစရှိသည့် လုပ်အားခေါင်းပုံဖြတ်မှုများ ဖြစ်လာကြသည့်အပြင် လူငယ်များအနေဖြင့်လည်း အလုပ်အကိုင်အတွေ့အကြုံမရှိပဲ (သို့မဟုတ်) အလုပ်တခုရရှိရန် ချိတ်ဆက်ပေးနိုင်မည့်သူ မရှိပါက အလုပ်အကိုင် တခုရရှိရန်ပင် အလွန်ခက်ခဲလာကြောင်း တွေ့ရပါသည်။

    အဆိုပါဒုက္ခများသာမက ငွေကြေးဖောင်းပွမှုကပါ ထပ်မံရိုက်ခတ်လာခဲ့သည်။ နှစ်နှစ်တာ အတောအတွင်းတွင် နိုင်ငံခြားမှတင်သွင်းသည့် စားနပ်ရိက္ခာနှင့်ကုန်ပစ္စည်းများ၏ စျေးနှုန်းများမှာ ၂ဆမြင့်တက်သွားခဲ့သည်။  မြန်မာနိုင်ငံတွင် လုံလောက်စွာရရှိနိုင်သည့် ဆန်စျေးနှုန်းသည်ပင် မြင့်တက်လာခဲ့သည်ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် ဆန်တအိတ်လျှင် ၅၂၀၀၀ ကျပ်သာရှိသော်လည်း ၂၀၂၂ခုနှစ် သြဂုတ်လတွင် ဆန်တအိတ်လျှင် ၁ သိန်းကျပ်အထိ မြင့်တက်ခဲ့သည်။ အလားတူပင် နိုင်ငံခြားမှတင်သွင်းရသည့် ဒီဇယ်ဆီစျေးနှုန်းများသည်လည်း ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် တလီတာလျှင် ၆၆၅ကျပ်သာရှိသော်လည်း၂၀၂၂ခုနှစ် သြဂုတ်လတွင် တလီတာလျှင် ၂၄၀၀ကျပ်ထိ မြင့်တက်ခဲ့ရသည်။  တနေ့လုပ် တနေ့စား အလုပ်သမားများ၊ ၎င်းတို့၏ မိသားစုများနှင့် ငွေကြေးဖောင်းပွမှုကြောင့် ပိုင်ဆိုင်မှုများကျုံ့ဝင်သွားခဲ့သည့် လူလတ်တန်းစားတို့သည် ထိုရိုက်ခတ်မှုဒဏ်များကို အကြီးမားဆုံး ရင်ဆိုင်ခံစားခဲ့ကြရသည်။ စစ်အစိုးရအနေဖြင့် မရှိမဖြစ်လိုအပ်သည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များဖြစ်ကြသည့် ဆန်နှင့်ဆီ စျေးနှုန်းအား ထိန်းချုပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ စစ်အစိုးရအနေဖြင့် ကုန်သည်များနှင့် ဆိုင်ရှင်အချို့အား ထိုပစ္စည်းများကို သတ်မှတ် ထားသည့် စျေးနှုန်းတခုဖြင့် ရောင်းချရန် ဖိအားပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။ မကြာခဏဆိုသလိုပင် ဆန်၊ ဟင်းချက်ဆီနှင့် ကြက်ဥတို့အား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် နာရီနှင့်ချီကာ တန်းစီစောင့်ဆိုင်းနေရသည့် ပြည်သူများကိုလည်း ဆိုင်များရှေ့တွင်တွေ့ရှိနိုင်ပါသည်။ စက်သုံးဆီနှင့် နည်းပညာဆက်စပ်ပစ္စည်းများ၏ စျေးနှုန်းများသည်လည်း ခေါင်ခိုက်အောင် မြင့်မားလာခဲ့သည်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးကျဆင်းချိန်တွင် စက်သုံးဆီစျေးသည် တလီတာလျှင် ၂၅၀ကျပ်သာရှိခဲ့ပြီး သောက်ရေသန့် တလီတာလျှင် ၃၀၀ကျပ်ရှိခဲ့သည့်အတွက် “ရေအစား ဓာတ်ဆီပဲ သောက်တော့မယ်”ဟုပင် အချင်းချင်းစနောက်ခဲ့ကြသည်။ ယခုအချိန်တွင်မူ စက်သုံးဆီတလီတာလျှင် ကျပ်ငွေ ၃၀၀၀ ပတ်ဝန်းကျင်ထိမြင့်တက်လာခဲ့သည်။ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်လာခဲ့သည့်အတွက် စစ်အာဏာသိမ်းအစိုးအနေဖြင့် ဒေါ်လာစျေးအား နှုန်းထားပုံသေသတ်မှတ်၍ ရောင်းချရန် ဘဏ်များကိုညွှန်ကြားချက် ထုတ်ထားသော်လည်း မှောင်ခိုစျေးကွက်တွင် တဒေါ်လာလျှင် ကျပ်ငွေ၃၀၀၀ပတ်ဝန်းကျင်ထိပေး၍ လဲလှယ်နေကြရသည်။

    မိမိအနေဖြင့် အိမ်နီးနားပတ်ဝန်းကျင်မှစ၍ လမ်းလျှောက်ထွက်ခဲ့ရာ ကန်တော်ကြီးဆီသို့ ရောက်လာခဲ့သည်။ ရေကန်၏ဘောင်ပေါ်ရှိ အများပြည်သူအပန်းဖြေနိုင်သည့် ပန်းခြံတခုတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား တွေ့မြင်နိုင်သည်။ ကိုလိုနီခေတ်က ထိုနေရာတွင်  စကျင် ကျောက်များနှင့် ပြုလုပ်ထားသည့် တိုင်လုံးကြီးများ ဝန်းရံထားသည့် သတ္တမမြောက် အက်ဒွပ်ဘုရင်၏ ရုပ်တုရှိခဲ့သည်။  လွတ်လပ်ရေးရပြီးချိန်တွင် ထိုနေရာတွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်တုနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စကျင် ကျောက်တိုင် လုံးကြီးများမှာ စည်ပင်၏ ဖျက်စီးဖြိုချခြင်းကို မခံရမီ လွန်ခဲ့သည့် နှစ်အနည်းငယ်အထိ ဆက်လက်တည်ရှိနေခဲ့သည်။ စတီးနှင့် ကွန်ကရစ်များ အသုံးပြု၍ ခေတ်မှီအဆောက်အအုံများ တည်ဆောက်ရန်အတွက် ၂၀ရာစုတွင် တည်ဆောက်ခဲ့ကြ သည့် ‌ရှေးဟောင်း အဆောက်အအုံများအား ဖျက်ဆီးဖြိုချသည်များအနက် ထိုတိုင်လုံးကြီးများသည် တခုအပါအဝင်ဖြစ်ခဲ့သည်။  မိမိကဲ့သို့ ထိုအဆောက်အဦးများ၏ လှပခမ်းနားမှုပျက်စီးသွားခြင်းကို လွမ်းတသသဖြစ်မည့်သူများ ရှိပါမည်လားဟုလည်း တွေးမိသည်။ မိမိနှင့် ပေါင်းသင်းဆက်ဆံနေသူများအနက် အများစုမှာ neoclassical စတိုင်ဖြင့် တည်ဆောက်ထားသည့် ကိုလိုနီခေတ် အဆော်အအုံများ၏ လှပမှုအား အထူးတလည် အရေးယူဂရုစိုက်မှု မရှိကြသူများဖြစ်ကြပါသည်။

    မိမိနှင့် အမြင်တွင်မူ ထိုအနေရာများသည် အဆောက်အဦးဟောင်းများဆိုသည်ထက် ပိုမိုသာလွန်သည့် အဓိပ္ပာယ်ရှိပါသည်။ ရန်ကုန်ဟူ၍ဖြစ်လာစေရန် ထို အဆောက် အဦးများသည် အခရာကျသည့် နေရာမှ ပါဝင်ခဲ့ကြသည်။ မိမိအနေ  ဖြင့်ပျက်စီးယိုယွင်းနေသည့် သွင်ပြင်များဖြင့် မားမားမတ်မတ်ရပ်တည်နေသည့် ထိုအဆောက်အဦးများမြင်တွေ့ရသည့်အခါတွင် ပို၍ခေတ်မှီကာ မြို့ပြဆန်ခဲ့သည် ရန်ကုန်မြို့ကို အမှတ်ရမိသည်။ ထိုအချိန်က ရန်ကုန်သည် ဂျူးလူမျိုးများ၊ မွတ်စ်လင်မ်များ၊ ဗမာများနှင့် ဥရောပမှလူများ အတူတကွယှဥ်တွဲနေထိုင်သည့် မြို့တစ်မြို့ ဖြစ်သည့်အတွက် အရှေ့တိုင်း၏ နယူးယောက်ဟုပင် တင်စားခေါ်ဝေါ် ကြပါသည်။ ထိုခေတ်အခါတွင် မိမိတို့အနေဖြင့် သင်္ဘောပေါ်မှဆင်းသက်ကာ ရန်ကုန်မြေကို နင်းလိုက်သည်နှင့်တပြိုင်နက် ပထမဦးစွာ ကြားရမည့် ဘာသာစကားမှာ ဗမာဘာသာစကားဖြစ်ရန် အလားအလာ အလွန်နည်းပါးပါသည်။ ပြည်သူများအနေဖြင့် လွတ်လပ်မှု အတိုင်းအတာတခုအထိ ရရှိခဲ့သည့် လွန်ခဲ့သည့်၁၀စုနှစ်အတွင်းတွင် သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး ဦးဆောင်သည့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် အဆောက်အဦးဟောင်းများအား ပြန်လည်ဆန်းသစ်ထိန်းသိမ်းရန် အားထုတ်မှုများ ရှိခဲ့ပါသည်။ ထိုအဖွဲ့အစည်းအနေဖြင့် ယဥ်ကျေးမှုနှင့် နိုင်ငံရေးအရ အစဥ်အလာကြီးမားသည့် အဆောက်အဦးများအား အမှတ်တရ အလေးထားထိန်းသိမ်းရန်အတွက် ထိုကဲ့သို့သော အဆောက်အဦးများပေါ်တွင် အပြာရောင်ဆိုင်းဘုတ်ချိတ်ဆွဲခြင်းများကို ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာသိမ်း မှုနောက်ပိုင်းတွင် စစ်အစိုးရအနေဖြင့် ထင်ရှားကျော်ကြားသည် အဆောက်အဦးများအား အမွေအနှစ် အဆောက်အအုံများအဖြစ် ကြေငြာ်ခဲ့ကြသော်လည်း ထိန်းသိမ်းမှုများ မရှိခဲ့ပါ။

    ရန်ကုန်မြို့၏ နိုင်ငံရေးအရ အရေးပါမှုတွင် မြို့လည်ခေါင်တွင်ရှိသည့် စွန့်ပစ်ခံ အဆောက်အအုံဖြစ်သော မဟတ္တမဂန္ဒီ၏ အောက်မေ့ဖွယ် အဆောက်အအုံသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ၁၉၉၀ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဂန္ဒီညီလာခံဟုခေါ်တွင်လာနိုင်မည့် ညီလာခံတခုအား ကျင်းပခဲ့ကြသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ထိုအဆောက်အအုံသည် ယခုအချိန်တွင် ပျက်စီးယိုယွင်းနေပြီဖြစ်သည်။ အဆောက်အအုံပြင်ပ နံရံများသည် ရေညှိများနှင့် သစ်ပင်အမြစ်များဖြင့် ဖုံးလွှမ်းခြင်းကို ခံရပြီး ပြတင်းပေါက်များသည်လည်း ပိတ်ဆို့ကာရံလျက်ကာ အဆောက်အအုံတခုလုံးသည် ငှက်နှင့်ကြွက်များ၏ အသိုက်သဖွယ်သာ ဖြစ်နေသည်။ ထိုကဲ့သို့ပင် အဆောက်အအုံများစွားအား “နေထိုင် ရန်မသင့်” ဟူ၍ ကြေငြာ်ကာ အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ရန်အတွက် ဖြိုချဖျက်စီးခြင်းများကို ပြုလုပ်ခဲ့ကြသည်။

    တချိန်တည်းမှာပင် သာသနိကအဆောက်အအုံများသည် အလှူခံများထံမှ ငွေကြေး များရရှိသော်ကြောင့် ပိုမိုကောင်းမွန်သည့် အနေအထားတွင် တည်ရှိနေကြသည်။ ၁၉ရာစုနှောင်းပိုင်းတွင် ဆောက်လုပ်ခဲ့သည် သူတော်စင် ဗတ္တိဇံဆရာ ရှင်ယောဟန်အား ရည်စူး၍ ဆောက်လုပ်ခဲ့သည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသည် ကောင်းမွန်ခိုင်ခံ့စွာ ဆက်လက် တည်ရှိနေသည့် အဆောက်အအုံများထဲမှ တခုဖြစ်သည်။ ရန်ကုန်မြို့၏ ထင်ရှားသည့် စိန့်မေရီ နှင့် Holy Trinityဆိုသည့် ကာသီဒြယ် ဘုရားရှိခိုးကျောင်း နှစ်ခုသည်လည်း မကြာသေးခင်ကမှပင် ဆောက်လုပ်ထားသကဲ့သို့ ဆက်လက်ကောင်းမွန် ခမ်းနား လျက်ရှိသည်။ သို့သော်လည်း ထိုသာသနိက အဆောက်အအုံများအား အုပ်ချုပ် စီမံနေကြသည့် ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာ သံဃာတော်များအနေဖြင့် စစ်အာဏာရှင်များနှင့် ပူးပေါင်းကြသည့်အတွက် ပြင်းထန်သည့် ဝေဖန်မှုများနှင့်လည်း ကြုံတွေ့နေကြရသည်။ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မိမိကိုယ်မိမိ ဝန်ကြီးချုပ်ဟု သတ်မှတ်ခေါ်ဝေါ်နေသည့် မင်းအောင်လှိုင်အနေဖြင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဗလီများနှင့် ဘုန်းကြီး ကျောင်းများအား သွားရောက်လည်ပတ်ကာ သာသနာရေးအသိုင်းအဝိုင်းရှိ ထင်ရှားကျော်ကြားသည့် ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ ထို့အတွက် ကြောင့် အဆိုပါထင်ရှားကျော်ကြားသည့် ဘာသာရေးခေါင်းဆောင်များအား ၎င်းတို့၏ ဘာသာဝင်များမှ ပြင်းထန်စွာ ပြစ်တင်ဝေဖန် ခဲ့ကြသည်။

    ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့တွင် အတွေးများနေသော မိမိအနေဖြင့် ပတ်ဝန်းကျင်ကို ခေတ္တခဏ မေ့လျော့သွားခဲ့သည်။ မိမိအနားတွင် စစ်ကားနှစ်စီး ကျယ်လောင်စွာဖြင့် လျင်လျင်မြန်မြန်ဖြတ်သန်းသွားသည်ကို မြင်မှသာ လက်ရှိကမ္ဘာသို့ ပြန်လည် ရောက်ရှိလာတော့သည်။ ထိုစစ်ကားနှစ်စီးသည် FAW ဟု ခေါ်သည့် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် ကားများဖြစ်ပြီး မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု တစထက်တစ ကြီးမားလာကြောင်းကိုလည်း မီးမောင်းထိုးနေသည့် အမှတ်သင်္ကေတလည်း ဖြစ်ပါသည်။ ကားပေါ်ရှိစစ်သား များမှာ လက်နက်အြည့်အစုံ တပ်ဆင်ထားပြီး ၎င်းတို့အား တိုက်ခိုက်ရဲသူ မည်သူ့ကိုမဆို ပစ်ခတ်ချေမှုန်းရန် အဆင်သင့်ရှိနေသည်။ လွန်ခဲ့သောလများတွင် ထိုကဲ့သို့သော စစ်ကားများ လူနေအိမ်နှင့်ပတ်ဝန်းကျင်များတွင်းသို့ ဝင်ရောက် ကင်းလှည့်လာသည့် မြင်ကွင်းများသည် မကြာခဏအတွေ့ရများသည် မြင်ကွင်းများဖြစ်လာခဲ့သည်။ အရေးပါသည့် လမ်းဆုံ လမ်းခွများတွင် တပ်မတော်အနေဖြင့် အနီးအနားရှိ ပတ်ဝန်းကျင်များကို စဥ်ဆက်မပြတ် ကြည့်ရှုနိုင်ရန်အတွက် ပုံစံခပ်တုံးတုံး မီးခိုးရောင်နှစ်ထပ် အဆောက်အအုံများကိုပင် တည်ဆောက်နေရာယူလာကြသည်။ ထိုအဆောက်အအုံများတွင် တာဝန်ကျစစ်သားများအတွက် အိမ်သာ၊ ဆိုလာမီးများနှင့် အိပ်စက်နေထိုင်နိုင်သည့် နေရာတို့ပါဝင်သည်။ ထိုအဆောက်အအုံအပါ်ထပ်များတွင် ဝိုင်းဖွဲ့စကားပြောဆိုနေသည့် စစ်သားများနှင့် ရဲအရာရှိ သုံးဦး သို့မဟုတ် လေးဦးခန့်အား အစဥ်အမြဲတွေ့နိုင်သည် ပြည်သူလူထုအနေဖြင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့အား လွန်စွာမုန်းတီးစက်ဆုပ်သဖြင့် ၎င်းတို့အား ခေါ်ဝေါ်သုံးစွဲနိုင်သည့် ဝေါဟာရအသစ်များကိုပါ ဖန်တီးလာကြသည်။ ဥပမာ- ယာဥ်ထိန်းရဲများအား ၎င်းတို့ဝတ်ဆင်သည့် အဖြူရောင်ဦးထုပ်အဝိုင်းအား အစွဲပြု၍ “ဘဲဥ” ဟုခေါ်ဆိုကြပြီး အထက်ပါ နှစ်ထပ်ဘန်ကာများအား ရန်ကုန်မြို့ရှိ အများသုံးအိမ်သာများနှင့် ခိုင်းနှိုင်း၍ “ခွေးအိမ်သာ” ဟုပင် ခေါ်ဆိုလာကြသည်။

    စစ်သားများ၊ စစ်ကားများနှင့် ထိုနှစ်ထပ်တိုက် စောင့်ကြည့်မျှော်စင်များသည် ပြည်သူ လူထုအကြား အကြောက်တရားနှင့် မုန်းတီးမှုကို ပိုမိုကြီးထွားစေခဲ့သည်။ ရဲတပ်ဖွဲ့နှင့် စစ်တပ်အနေဖြင့် ပြည်သူလူထုအား ပြည်ပရန်နှင့် အန္တရာယ်များမှ ကာကွယ်ပေးသူများဟု သတ်မှတ်ခြင်းမပြုကြတော့ပဲ ပြည်သူလူထုအား ဖိနှိပ်သူများအဖြစ်သာ သတ်မှတ် လာကြတော့သည်။

    စစ်ကားများဖြတ်သန်းသွားသည့်အခါ မိမိအနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်အနီးတွင်ရှိသည့် ခုံတန်းရှည်တခုတွင် ထိုင်ချလိုက်သည်။ မိမိအနီးရှိ ခုံတန်းရှည်တခုတွင် သတ်လတ်ပိုင်း အမျိုးသမီး၂ဦးလည်း ထိုင်နေသည်။ ၎င်းတို့အနေဖြင့် ကျယ်လောင်စွာ စကားပြော ဆိုနေခြင်းမရှိသော်လည်း မိမိအနေဖြင့် ၎င်းတို့ပြောဆိုနေသည်ကို ကြားရပါသည်။ အမျိုးသမီးတဦးမှာ သူမ၏သား ဂျပန်နိုင်ငံသို့သွားရန် ပြင်ဆင်နေပြီး နိုင်ငံကူးလတ်မှတ်ရရန် မည်သို့မည်မျှ ခက်ခဲကြောင်းအား ရှင်းပြနေခြင်းဖြစ်ပါသည်။ ထိုအကြောင်းအရာအား ကြားလိုက်ရသည့်အတွက် မိမိအနေဖြင့် ပို၍ပင် အတွေးပွားမိသည်။ မိမိ၏ အသိအကျွမ်း၊မိတ်ဆွေများ အားလုံးနီးပါးသည်လည်း ဂျပန်ဘာသာစကားအား သင်ယူနေကြပြီး ဂျပန်ဘာသာစကားသင်တန်းများသည်လည်း မိုးဦးကျတွင် ပေါက် တတ်သည့် မှိုများကဲ့သို့ နေရာစုံတွင် ထိုးထွက်နေကြသည်။ စာအုပ်ဆိုင်များ အားလုံးနီးပါးတွင်လည်း ဂျပန်ဘာသာစကား ဖတ်စာအုပ်များအား ဝယ်ယူရရှိနိုင်သည်။ မိမိအနေဖြင့် ဂျပန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ရန် ဆန္ဒမရှိသော်လည်း ဂျပန်ဘာသာစကား စာမေးပွဲဖြေဆိုရန် စာရင်းသွင်းရခြင်းသည်ပင်လျှင် စျေးနှုန်းကြီးမြင့်သည်ဟု ကြားခဲ့ ဖူးသည်။ ပြည်သူအများအပြား နိုင်ငံရပ်ခြားသို့ထွက်ရန် ကြိုးစားနေကြသည့်အတွက် နိုင်ငံကူးလက်မှတ်ရရှိရန်မှာ အလွန်ခက်ခဲနေပြီး အကျင့်ပျက်ခြစားသည့် အရာရှိများ အနေဖြင့်လည်း နိုင်ငံရပ်ခြားသို့ အလွန်အမင်းသွားရောက်လိုသည့် ပြည်သူများထံမှ အမြတ်ထုတ်နေကြကြောင်းကို တွေ့ရှိရသည်။ အဖုံးအနီရောင်နှင့် နိုင်ငံကူး လတ်မှတ် စာအုပ်ကလေးရရှိရန် ငွေကြေးအမြောက်အများ ပေးနေကြရသည်။ နိုင်ငံကူး လတ်မှတ်လျှောက်ထားရသည့် လျှောက်လွှာတင်ခြင်းသည်ပင်လျှင် ၂ရက်မှ၃ရက်အထိ ကြာမြင့်သည့်အတွက် ကျေးလက်ဒေသမှလာရောက်သူများအနေဖြင့် နိုင်ငံကူးလက်မှတ်ရုံး အနီးအနားရှိနေရာများတွင် ဌားရမ်းတည်းခိုကြရသည်။

    လူငယ်အများအပြား နိုင်ငံပြင်ပသို့ ထွက်ခွာရန် ဆိုင်းပြင်းနေကြခြင်းကြောင့် ဆယ်စုနှစ်တခု (သို့မဟုတ်) နှစ်ခုအတွင်း မြန်မာနိုင်ငံတွင် ပညာတတ်လူငယ်များ ကျန်ရှိလိမ့်မည်မဟုတ်ပါ။ ထိုလူငယ်များအတွက်လည်း နိုင်ငံအတွင်းတွင် ပညာရေးနှင့် စီးပွားရေး အခွင့် အလမ်းများမရှိသဖြင့် ၎င်းတို့ နိုင်ငံရပ်ခြားသို့ ထွက်ခွာလိုသည်မှာလည်း နားလည် နိုင်ဖွယ်ဖြစ်သည်။ စစ်အာဏာရှင်များအနေဖြင့်လည်း ၎င်းတို့အတွက် အရေးပါသမှာ အချက်နှစ်ခုသာရှိသည်။ ပထမအချက်မှာ အတုအယောင် ရွေးကောက်ပွဲအားကျင်းပ၍ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ချီတက်နေပြီးဖြစ်ကြောင်း နိုင်ငံ တကာအသိုင်းအဝိုင်းအား ပြသရန်နှင့် ၎င်းတို့၏ အာဏာရယူမှုအား နှောင့်ယှက်လာမည့် ဆန့်ကျင်ဖက် အသံများအား ဖိနှိပ်ခြင်းတို့သာဖြစ်သည်။ စစ်အာဏာရှင်များအနေဖြင့် ပညာရေးစနစ်၊ စီးပွားရေးနှင့် အခြားသော ပြည်သူ့ကျန်းမာရေးကဏ္ဍတို့အား မြှင့်တင်ရန် စိတ်ဝင်စားမှုမရှိကြပါ။ ၎င်းတို့အနေဖြင့် လိုအပ်ပါက မြန်မာနိုင်ငံကို ဖရိုဖရဲ အခြေအနေများဖြင့် ချောက်နက်ထဲသို့ ပစ်ချရန်ပင် ဝန်လေးကြသည်မဟုတ်ပါ။

    အစိုးရတက္ကသိုလ်များသို့ တက်ရောက်ရန် လျှောက်ထားကြသည့်က အထက်တန်းအောင် ကျောင်းသူကျောင်းသားဦးရေများလည်း ထိတ်လန့်ဖွယ်ရာပင် နည်းပါးလာခဲ့သည်။ သတ္တိရှိသော ဆယ်ကျော်သက်များအနေဖြင့် အာဏာသိမ်စစ်အစိုးရမှ အုပ်ချုပ်သည့် တက္ကသိုလ်များတွင် ပညာဆည်းပူးရန် ငြင်းဆန်ကာ စစ်အုပ်ချုပ်မှုအား တော်လှန်ကြသည်။ အကျိုးဆက်အနေဖြင့် ငွေကြေးပြည့်စုံသည့် မိသားစုများမှ သားသမီးများသည် နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားနိုင်ကြသော်လည်း ထိုမျှလောက် ကံမကောင်း ကြရှာသည့် လူငယ်လူရွယ်များစွာတို့သည့် မြန်မာနိုင်ငံအတွင်းမှ ရရာနည်းလမ်းဖြင့် ထွက်ခွာရန် ကြိုးပမ်းနေကြရသည်။ အချို့မှာ ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန် ဂျပန်ဘာသာစကားအား သင်ကြားနေကြရပြီး အချို့မှာ ယူအေအီး၊ ကာတာနှင့် စင်္ကာပူနိုင်ငံများရှိ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများတွင် အလုပ်အကိုင်ရရှိရန် ကြိုးပမ်း နေကြရသည်။ လူငယ်အများအပြား ၎င်းတို့အခွင့်အလမ်းဆုံးရှုံးသွားကြသည်ကို မြင်တွေ့ ရသည်မှာ ဝမ်းနည်းထိခိုက်စရာကောင်းလှပါသည်။

    စိတ်ဆင်းရဲစရာအတွေးများဖြင့် ထိခိုက်နေပြီးနောက် မှောင်ရီပျိုးစအချိန်တွင် မိမိအနေဖြင့် အိမ်သို့ခပ်သွက်သွက်ပြန်ရန် ထိုင်ရာမှထလိုက်သည်။ အိမ်အပြန်လမ်းတွင် ဘတ်စ်ကား မှတ်တိုင်တခုအား ကျော်ဖြတ်လာရပြီး ထိုမှတ်တိုင်တွင် ထမင်းချိုင့် လေးများကိုင်ထားကြသည့် အချို့မှာ ထိုင်လျက်၊ အချို့မှာ မတ်တပ်ရပ်လျက် ဆင်ခြေဖုံးရပ်ကွက်များသို့ ပြန်ကြရန် ဘတ်စ်ကားစောင့်နေကြသူများအားလည်း တွေ့ရှိရသည်။ စစ်အာဏာသိမ်းစဥ်မှစတင်၍ တရိပ်ရိပ်တက်လာသည့် စက်သုံးဆီ စျေးကြောင့် ဘတ်စ်ကားခများလည်း တိုးမြင့်လာကြသည်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်၏ အရည်အသွေးမှာမူ ကျဆင်းသွားပြီး စက်သုံးဆီ စျေးတိုးမြင့်လာသည့်အတွက် ဘတ်စ်ကားယာဥ်မောင်းများမှ လေအေးပေးစက်များဖွင့်ကာ မောင်းနှင် ခြင်းမပြုတော့သည့်အတွက် ရန်ကုန်မြို့၏ မခံမရပ်နိုင်လောက်အောင် ပူပြင်းသည့် ရာသီတွင် ခရီးသွားလာရခြင်းမှာ ငရဲသဖွယ်ဖြစ်လာသည်။ ထိုမျှမက အုပ်စုဖွဲ့ ဓားပြတိုက်သူများအနေဖြင့် ဘတ်စ်ကားများအား စီးနင်းကာ ခရီးသည်များ၏ တန်ဖိုးရှိပစ္စည်းများနှင့် လက်ကိုင်ဖုန်းများအား အကြမ်းဖက်လုယူခြင်းများလည်း ရှိခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များသည်လည်း နိုင်ငံရေးအရ ဆန့်ကျင်တော်လှန်သူများကိုသာ ဖမ်းဆီးနေကြပြီး တရားသူကြီးအများအနေဖြင့်လည်း ထိုသူများကိုသာ ထောင်ချ အပြစ်ပေးရန် အားထုတ်ကာ အလုပ်ရှုပ်နေကြသည့်အတွက် ပြည်သူများအား အထက်ပါ ခိုးဆိုးလုနှိုက်မှုများမှ ကာကွယ်ပေးနိုင်စွမ်း မရှိကြတော့ပေ။

    မိမိတိုက်ခန်းပေါ်သို့ ရှေးရှု၍လျှောက်လာခဲ့သည်။ မိမိ၏ စိတ်နှလုံးမှာ လွန်စွာ လေးလံလျက်ရှိပြီး စိတ်ထဲရှိ အတွေးတို့မှာ မျက်နှာပေါ်တွင်များ ပေါ်နေမည်လားဟု တွေးဆမိသည်။ လမ်းတလျှောက်တွင် မိမိမြင်တွေ့ခဲ့သည့် ပြည်သူများမှာ လေးလံထိုင်းမှိုင်းကာ ဝမ်းနည်းဖိစီး နေကြသယောင်ရှိသည်။ မိမိအနေဖြင့်လည်း ရန်ကုန်မြို့တွင် နေထိုင်ရသည်မှာ ပျော်ရွှင်နိုင်ပါဦးမည်လောဟု တွေးတောကာ အနှစ်သာရကင်းမဲ့သည့် တနေ့တာ၏ အဆုံးတွင် မိမိနေရပ် တိုက်ခန်းဆီသို့ ပြန်ရန် မှောင်မဲနေသည့် လှေကားထစ်များကို တထစ်ချင်း တက်လာခဲ့တော့သည်။

    Phoenix (ကလောင်အမည်)သည် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူခဲ့သည့် ကျောင်းသားတဦးဖြစ်ပါသည်။ သူသည် လက်ရှိကာလတွင် “The Irrawaddy” ဧရာဝတီသတင်းဌာနတွင် အလွတ်တန်းစာရေးသူအနေဖြင့် ဆောင်းပါးများရေးသားလျက်ရှိပါသည်။  

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.