5 Minutes To Read

ဘုရားသခင်၏ကျေးဇူးတော်ဖြစ်သော သိပ္ဗံနည်းပညာ – ၁၉ ရာစုအမေရိကန်နိုင်ငံကို ကရင်နှစ်ခြင်းခရစ်ယာန်တစ်ဦး၏ အမြင် ဖြင့်အဓိပ္ဗါယ်ဖော်ခြင်း

5 Minutes To Read
  • English
  • ဗမာစာ
  • Hitomi Fujimura က ၁၉  ရာစုနှစ် အမေရိကန်နိုင်ငံ တွင်ခေတ်မီအသိပညာ ကို ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များမည်သို့သဘောပေါက်ခဲ့သည်ကိုရှာဖွေတင်ပြထားပါသည်။ ယခုဆောင်းပါးမူရင်းကို ၂၀၂၂ မတ်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ဒီမှာဖတ်ရှုရန်။

    ၁၉  ရာစုအလယ်လောက် က အမေရိကန်ပြည်ထောင်စုသို့ရေလမ်းခရီးဖြင့် သွားခဲ့ကြသည့် မြန်မာ ပြည်ဖွားများ၏ သူတို့ယခင်ကမသိခဲ့ရသည့် “ခေတ်သစ်”အတွေ့အကြုံများအကြောင်းဖြစ်ပါသည်။ ထိုမှတ်တမ်းများသည် မည်သည့်အခါကမျှစာပေ ပညာရှင်များ သို့မဟုတ် အများပြည်သူတို့၏အာရုံစိုက် ခြင်းမခံခဲ့ရသော်လည်း ရွှင်လန်းတက်ကြွဖွယ်ကိုယ်တိုင်တွေ့ကြုံခဲ့သည့်အမြင်များဖြစ်သည်။ အောက်ဖော်ပြပါ အကြောင်းအရာ များသည် မြန်မာပြည်ဖွားများ၏အတွေ့အကြုံကိုကိုလိုနီမူဘောင် အတွင်း ကန့်သတ်ထားခြင်းမရှိသည်ကိုပြသည်။ မြန်မာပြည်ဖွားများကိုယ်တိုင်မြင်ခဲ့သည့်လူမသိ သောအတိတ်ကာလကိုကျွန်ုပ်တို့အားလေ့လာနိုင်စေသည်၊အချို့ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသည့် ၁၈၄၀ နှင့် ၁၈၅၀ နှစ် များဆီကနောက်ဆုံးပေါ်နည်းပညာများကိုလှစ် ဟပြသသည်။ဘာသာကူးပြောင်းလာသည့်ကရင်လူမျိုးများက နည်းပညာနှင့်ကျွန်ုပ်တို့ လွယ်လွယ် ပုံ ဖော်ပြောဆိုလေ့ရှိသော “ခေတ်မီသည့်” သို့မဟုတ် “တိုးတက်သည့်”ဘဝနေနည်းအသစ်ကို နား မလည်နိုင်၊ သာမန် လူသားထက်သာလွန်သည့်ဘုရားသခင်မှသာ တတ်နိုင်မည် ဟု အဓိပ္ဗါယ် ကောက်ကြသည်။

    ပညာရပ်ဆိုင်ရာလေ့လာသူတို့ဆွေးနွေးချက်များတွင်အာရှတိုက်သို့ခေတ်မီနည်းပညာများရောက်ရှိလာသည်မှာအနောက်နိုင်ငံများ၏ကိုလိုနီနယ်ချဲ့ခြင်းနှင့်အတူပါလာသည်ဟုညီမျှခြင်းချတတ်ကြသည်(ထိုအချိန်ကလူသိများသည့်ဆွေးနွေးငြင်းခုံချက်များ ကို  Headrick 1981 နှင့် Headrick 1988တွင်ကြည့်ပါ)။ မြန်မာနိုင်ငံအရေးတွင် ဗြိတိသျှအင်ပါယာ ကတိုင်းပြည်ကိုသူတို့၏အခြားအာရှကိုလိုနီနိုင်ငံများနှင့်ချိတ်ဆက်၍ ရေနွေးငွေ့သင်္ဘောများ၊မီးရထားများ နှင့် နောက်ပိုင်းတွင် ပင်လယ်အောက် ကြေးနန်းကြိုးများဖြင့် ကိုလိုနီကွန်ယက်တည်ဆောက်ထားခဲ့သည်။  မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး  မြန်မာပြည်မှလူအများထိုခေတ်မီကွန်ယက်တွင်  မည်သို့တွေ့ကြုံဖူးသည်၊လျင်မြန်စွာပြောင်းနေသောလူ့လောကအခြေအနေကို သူတို့မည်သို့နားလည်သဘောပေါက်ပြီး တုန့်ပြန်သည်ကို ကိုလိုနီစံနစ်အောက်မှာအတွေ့အကြုံအနေနှင့်ယူဆသုံးသပ်ထားသည်။ (Thant Myint-U 2001Charney 2006)

    မြန်မာပြည်သူများ ထိုသို့နည်းပညာအသစ်များကိုစတင်ကြုံတွေ့ရသည့်ကနဦးကာလကိုလေ့လာထိုက်သည်၊ အဘယ်ကြောင့်ဆိုသော် မတူညီသည့် လောကအမြင်နှင့် တွေးခေါ်ပုံတို့မည်သည့်အခိုက်အတန့်တွင်ဆုံမှတ်တစ်ခုသို့ရောက်သည်ကိုအမိအရဖမ်းဆုပ်နိုင်သည်။ ခွန်အားပြည့်ဝသောလေ့လာမှု Powerful Learning ရေးသူ Michael Charney က ၁၈၃၅ ခုနှစ်တွင် မြန်မာကိုလိုနီခေတ်အရာရှိတစ်ဦးမှ သူ့ကိုယ့်စကားလုံးဖြင့် နည်းပညာအသစ်ကိုမည်သို့သရုပ်ဖော်ပြသည်ကိုရေးသားထားသည်။ (Charney 2006, pp146-7)

    ရွှေထွန်းဆိုသူမှာ တနင်္သာရီတိုင်း ကော်မရှင်နာမင်းကြီး ၏တပည့် အဖြစ် ကာလကတ္တားသို့ထားဝယ်မှ အသွား ခရီးကိုမှတ်တမ်းတင်ထားခဲ့သည်။ လျှပ်စစ်စက်တစ်ခုနှင့်ပတ်သက်သည့် ဆန်းကျယ်အံ့သြမှု ကိုမှတ်တမ်းတင်ရာတွင်သူက “မိုဃ်းကြိုးစက်”ဟုခေါ်ခဲ့သည်။ လျှပ်စစ်စက်ထားသည့်နေရာတွင် ရေထဲလက်နှိုက်မိသဖြင့်ဓါတ်လိုက်ခံရသည့်အတွေ့အကြုံရပြီးနောက်သူရေးသားခဲ့သည်မှာ ”ဒါထက် ကြီးတဲ့ မိုဃ်းကြိုးစက်သာရှိရင် တမြို့လုံးတောင်မီးလောင်နိုင်တယ်” ဟူ၏။[1]  ယင်းမှတ်တမ်းမှာနောင် တွင်မြန်မာပညာတတ်များအကြား (Charney 2006, p148) ဗဟုသုတကြွယ်ဝမှုပုံစံပြောင်းလာမည့် မျိုးစေ့ဖြစ်သည့်အစောပိုင်းကာလတိုင်းရင်းသားတို့၏အတွေ့အကြုံ တစ်ခုအဖြစ် Charneyကမှတ်တမ်း တင်ထားသော်လည်း ၊ ရွှေထွန်း၏  လျှပ်စစ်ဓါတ်ကို သဘာဝဖြစ်စဉ်တစ်ခုကဲ့သို့ ဥပမာတွင် လူသားတို့ ထိန်းချုပ်ကွပ်ကဲနိုင်သည်ထက်သာလွန်သည့်အရာတခုခုဟုဆိုသဖြင့် အနောက်တိုင်းပုံစံ သိပ္ဗံဆိုင်ရာ အသိဉာဏ်နှင့် ပြည်တွင်းမှလူအများအဓိပ္ဗါယ်ပေါက်မှု့တို့မကိုက်ညီကြောင်း ညွှန်ပြနေသည်။ ထိုနည်း အတိုင်း အလားတူအချက်များကို ကရင်နှစ်ခြင်းခရစ်ယာန်မှတ်တမ်းများတွင်ဆွေးနွေးပါဦးမည်။

    စိတ်ဝင်စားဖွယ်ကောင်းသည့်အတွက်ရွှေထွန်း၏မှတ်တမ်းကိုပုံနှိပ်စာအုပ်အဖြစ်ထုတ်ဝေခဲ့ရာ သူ့အဖြစ်အပျက်သည်မြန်မာတို့၏ ခေတ်မီပုံနှိပ်လုပ်ငန်းကိုစတင်ရင်းနှီးကျွမ်းဝင်မှုအကြောင်းသာဓကပြနေသည်။သို့သော်ဗြိတိသျှကိုလိုနီအုပ်ချုပ်သူများကသာထိုအတွေ့အကြုံသစ်များကိုပေးနိုင်သည်ဟုဆိုလျှင်အလွယ်ပြောလွန်းရာကျပေမည်။ တနင်္သာရီတိုင်းမှာမကြာမီကဘာသာပြောင်းလာသူများသည်လည်းရွှေထွန်းကဲ့သို့ အလားတူအတွေ့အကြုံများရခဲ့လေသည်။ ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၏မှတ်တမ်းများကိုမိတ်ဆက်ပေးခြင်းဖြင့် ဤ ဆောင်းပါးသည်ကွန်ယက်ပေါင်းများစွာဖြင့် ကိုလိုနီစံနစ်ဘောင်ကိုကျော် ၍ လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာကြီးအကြောင်းမြန်မာပြည်ဖွားများပြောဆိုရှင်းပြချက် ကိုသာဓကများအဖြစ်ပြနေသည်။

    ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၊ သူတို့စာအရေးအသား နှင့် ပုံနှိပ်သတင်းစာ

    ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၏အမေရိကန်နိုင်ငံသွားကိုယ်တွေ့မှတ်တမ်းများကိုစကောကရင်[2] ဘာသာဖြင့်ရေးသားထားသည့်သတင်းစာ ဆာထူးဂေါ်၊ အင်္ဂလိပ်ဘာသာဖြင့် The Morning Star တွင်တွေ့ရှိနိုင်သည်။ ကရင်စကားပြောဆိုသူများသည် ၁၈၂၀ခုနှစ်နှောင်းပိုင်းကာလများ၏ အမေရိကန်သာသနာပြုခရီးကိုစိတ်ဝင်စားမှုရှိကြောင်းစတင်ပြသခဲ့ပြီးချိန်မှစ၍ကရင်လူမျိုးများခရစ်ယာန်ဘာသာသို့ကူးပြောင်းခြင်းလျင်မြန်စွာတိုးပွားခဲ့သည်။ ဧဝံဂေလိအယူခံဝင်ခြင်းသည်ဗုဒ္ဓဘာသာကိုးကွယ်သည့်ကရင်များထက်စာလျှင်ဘိုးဘွားစဉ်ဆက် ဝိဉာဉ်ကိုးကွယ်ခဲ့သည့် ကရင်များအကြား ပိုအောင်မြင်သည်ဟုထင်ရသည်။ ၁၈၃၀ပြည့်နှစ်အစောပိုင်းကာလများတွင် ကရင်စာလုံးများနှင့်စကောကရင်စာရေးနည်းစံနစ်ကိုအမေရိကန်သာသနာပြုများကခွဲခြားရန်ဆုံးဖြတ်ခဲ့ကြသည်။ကနဦးတွင်သာသနာပြုများတီထွင်ထားသည့်ကရင်စာအရေးအသားကို ဘာသာပြောင်းလာသည့်ကရင်လူမျိုးအနည်းငယ်သာအသုံးပြုနိုင် ကြသည်။မည်သို့ဖြစ်စေကာမူ ဆာထူးဂေါ် သတင်းစာ  စတင်ထုတ်ဝေသည့် ၁၈၄၂ အချိန်တွင် အနည်း ဆုံးကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ဒါဇင်ပေါင်းများစွာ  စကောကရင် ဘာသာ သင်ယူပြီးဖြစ်သလို ပုံမှန်စာရေးသားနေကြပြီဖြစ်သည်။၁၈၄၀ပြည့်နှစ်များမှသူတို့ရေးသားထားသည့်စာများကိုရနိုင်ရန်ခက် ခဲသည်။သို့သော် ကံကောင်းစွာဖြင့်ကြည့်မြင်တိုင် ရန်ကုန် တွင်နေထိုင်သူ စကောကရင်သက်ကြီးပိုင်း တစ်ဦးကိုယ်ပိုင်စုဆောင်းထားသည့်အထဲမှမိတ္တူတစ်စုံရခဲ့သည်။ [3] အချို့အကြောင်းအရာများမပါရှိတော့ ချေ၊ စာမျက်နှာတော်တော်များများလည်း ပိုးကိုက်ထားသည့်အပေါက်များကြောင့်ဖတ်မရပေ၊ သို့သော် စာအစုံသည်၁၈၄၀ပြည့်နှစ်  များကအကြောင်းအပြည့်စုံဆုံးတင်ပြထားသည့်စာစုများဖြစ်သည်။[4]

    ၁၈၄၈ ခုနှစ် မှ ကိုလာ ၏ ဇတ်လမ်း

    ကျွန်ုပ်တို့ကိုပထမဆုံး ဇတ်လမ်းပြောပြမည့်သူကကိုလာ ဖြစ်သည်။ အမေရိကန်သာသနာပြုဗင်တန်နှင့်အတူ ရေလမ်းခရီးသွားခဲ့သည်။ ၁၈၄၈ တွင်နေထိုင်မကောင်းသဖြင့် သက်သာစေရန် ဗင်တန် အမိနိုင်ငံသို့ပြန်ရသည်။ Ocean Queenသင်္ဘောဖြင့်ခရီးနှင်ကြရာသာသနာပြုအဖွဲ့၏ခရီးစဉ်သည် Cape of Hope (ဟုတ်အငူ) မှတဆင့်သွားခြင်းဖြစ်သည်။ (Baptist Missionary[4] Magazine 1848, p93)ဗင်တန်၊ကိုလာနှင့် အခြားမြန်မာလူမျိုး ခရစ်ယာန်ဘာသာကူးပြောင်းလာသူ မြတ်အေးတို့ ၁၈၄၈ ခုနှစ် မတ်လတွင် နယူးယောက် သို့ရောက်ရှိကြသည်။ (Ibid,p151)အမေရိကန်နိုင်ငံတွင်ထိုအဖွဲ့မည်မျှကြာကြာနေခဲ့သည်ကိုအတိအကျမသိရသော်လည်း နယူးယောက်မြို့တွင်အနည်းဆုံး၂လကြာမြင့်ခဲ့သည်။ ထိုနှစ်မေလတွင်ကျင်းပသောအမေရိကန် နှစ်ခြင်းခရစ်ယာန်သာသနာပြုအသင်းညီလာခံသို့ ကိုလယ်နှင့်မြတ်အေးတို့နှစ်ဦးစလုံး တက်ရောက်ခဲ့ကြသည်။(Ibid, p207)ဘာသာကူးပြောင်းလာသူထိုနှစ်ဦး အမေရိကန်နိုင်ငံသို့ဘာကြောင့်လည်ပတ်ခဲ့သည်မှာမရှင်းလင်းသော်လည်းသာသနာပြုများ၏ရည်ရွယ်ချက် အောင်မြင်သည်ကို ယုံမှားဖွယ်မရှိသက်သေထူဆောင်ရွက်နိုင်ခဲ့ကြသည်၊သူတို့၏နိုင်ငံခြားခရီးစဉ်မှအကျိုးဖြစ်ထွန်းမှုကိုမြန်မာပြည်တွင် ကျန်ရစ်ခဲ့သောဘာသာတူ

    နှစ်ခြင်းခရစ်ယာန်များကိုချပြရင်းအလှူငွေကောက်ခံနိုင်ခဲ့ကြသည်။ဘာသာမပြောင်းမီက ကိုလာ၏ဘဝအကြောင်းကိုမသိရပေ။ သမိုင်းမှတ်တမ်းအချို့က သူသည် ထားဝယ်ဒေသမှပိုးကရင်ဘာသာစကားပြောသူဋ္ဌာနေတစ်ဦးဖြစ်ကြောင်းခန့်မှန်းထားသည်။ ၁၉၆၃ ခုနှစ်တွင်အမေရိကန်သာသနာပြု မှထုတ်သော History of Baptist Work among the Pwo Karens of Burma, (မြန်မာနိုင်ငံရှိ ပိုးကရင်များအကြားခရစ်ယာန်သာသနာပြုလုပ်ငန်း သမိုင်း) အင်္ဂလိပ် လက်ရေးမူ တွင် ၁၈၄၈ ခုနှစ်က အမေရိကန်နိုင်ငံသို့ခရီးသွားခဲ့သည့် ဘာသာပြောင်းသူတစ်ဦးကို ပိုးကရင်များထဲမှပထမဆုံးဘာသာပြောင်း  သူအဖြစ်ဖော်ပြထားသည်။[5] လက်ရေးမူအရ သူဘရေတန်၏ဘာသာစကားသင်ဆရာဖြစ်ပြီးသမ္မာကျမ်းစာဘာသာပြန်ရာတွင်ကူညီနေသူ၊နောင်တွင်ဒုံယန်ဘုရားကျောင်းမှသင်းအုပ်ဆရာ [6]  ဖြစ်လာသည်။ အသက် ၇၅ နှစ်အရွယ် ၁၈၉၃ ဇူလိုင်လတွင်ကွယ်လွန်ခဲ့သည်။[7]ကိုလာ၏ စာများကိုအခန်းဆက်ဆောင်းပါး၅ခုအဖြစ် ဆာထူးဂေါ် တွင်၁၈၄၉  ခုနှစ် ၌ဖော်ပြခဲ့သည်။[8]  ထို ဆောင်းပါး ၅ စောင်သည် မူလတွင် စာရှည်ကြီးတစ်စောင်ဖြစ်ပေလိမ့်မည်၊သို့သော် ထိုအချိန်က စာစောင်အယ်ဒီတာသည် အမေရိကန်သာသနာပြု ဖြစ်နိုင်ပြီး စာကိုဆောင်းပါး ၅စောင်အဖြစ် ခွဲ ၍ ထုတ်ဝေခဲ့သည်။၁၈၄၈ ခု သြဂုတ် ၂၅ ရက် နေ့စွဲတပ်ထားသည့် စာကိုကိုလာကစာရေးဖြစ်ရခြင်းတွန်းအားအကြောင်းရှင်းပြရင်းအစပျိုးထားပြီး သူ့အတွေ့အကြုံကိုမြန်မာပြည်ရှိအခြားကရင်တိုင်းရင်းသားများအားမျှဝေပေးချင်ကြောင်းရေးထားသည်။[9] သူ့စာပထမပိုင်းသည်နိုင်ငံရပ်ခြားမှလူများအပေါ်သူ့အမြင်ကိုအကျဉ်းချုပ်ရေးထားခြင်းဖြစ်သည်။

    အမေရိကသည်ကောင်းသည်။အမေရိကန်လူမျိုးများဘုရားသခင်ကိုယုံကြည်ကြသည်၊ဘုရားစကားကိုဖတ်သည်၊နားလည်သည် ထို့ကြောင့် ဘုရားကဉာဏ်ပညာမှန်သမျှသူတို့ကိုပေးခဲ့သည်။ သူတို့လိုချင်တာတစ်ခုခုရှိရင်သူတို့ဘာမဆိုလုပ်နိုင်သည်။ သူတို့မြို့တွေမှာနေကြသည်၊သူတို့အိမ်များသည်အရှေ့နိုင်ငံများမြန်မာပြည်မှအိမ်များနှင့်မတူပါ။ ဘုရားသခင်ကသူတို့ကိုကောင်းချီးပေးပြီး အများကြီးလုပ်ကိုင်နိုင်ရန်အခွင့်ပေးထားသည်။ အကယ်၍ ကျွန်ုပ်တို့နိုင်ငံကလူတွေအားလုံးဘုရားအတွက်ဆုတောင်းမည်ဆိုလျှင်၊ ကိုယ့်ဝိဉာဉ်ကိုဘုရားထံဆည်းကပ်မည်ဆိုလျှင်၊ကျွန်ုပ်တို့ငြိမ်းချမ်းစွာနေနိုင်မည်ဖြစ်သည်၊ဘုရားသခင်ကလည်းအမေရိကန်လူမျိုးများရရှိထားသည့်တတ်ကျွမ်းမှုကို ကျွန်ုပ်တို့အား ထပ်တူ ပျော်ရွှင်စွာပေးလိမ့်မည်။[10]

    [10]

    နိုင်ငံအရွယ်အစား နှင့်လူနေမှုဘဝ နှစ်ခုလုံးဘာမှသူ့နေရပ်တိုင်းပြည်နှင့်မတူခြားနားသော အမေရိကန်တို့၏ဘုရားသခင်အပေါ်ကြည်ညိုခြင်းကဘုရားထံမှဉာဏ်ပညာရခြင်းတွင်အရေးပါသောအချက်အဖြစ် ကိုလာ ကထည့်သွင်းစဉ်းစားထားသည်။ သူ့စာကိုဆက်ရေးရာတွင် သူအထက်တွင် ပြောခဲ့သည့် “ဉာဏ်ပညာ”ဆိုသည်မှာဘာကိုဆိုလိုကြောင်းဆက်ရှင်းပြထားသည်။

    ထိုအရာမှာ“မီးရထားစက်ခေါင်း” ဖြစ်သည်။

    အမေရိက သည်နိုင်ငံငယ်လေးမဟုတ်ပါ၊ သို့သော်မြို့များအကြားအပြန်အလှန်သွားလာရလွယ်ကူပြီးမြန်ဆန်သည်။ဘုရားသခင်ကသူတို့ကို ရေလမ်းဖြစ်စေ ကုန်းလမ်းဖြစ်စေ သွားချင်လျှင် ဉာဏ်ပညာပေး ထားသည်။ကုန်းလမ်းကသွားလျှင် ခြေလျင်လျှောက်စရာမလိုပါ။ရေလမ်းကသွားလျှင်ရေနွေးငွေ့သင်္ဘောများရှိပြီး ကုန်းလမ်းအတွက်မီးရထားများရှိသည်။မီးရထားများသွားပုံမှာအောက်ပါအတိုင်းဖြစ်သည်။ မီးရထားကသူ့ဖာသာသူရွေ့သည်မဟုတ်၊ အပူပေးထားသည့်တွဲတတွဲကလုပ်ဆောင်ပေးနေခြင်းဖြစ်သည်။လူစီးရန်တွဲပေါင်းများစွာကထိုအပူပေးထားသည့်တွဲနောက်မှာချိတ်ထားသည်။ တွဲတခုချင်းကသိပ်မကြီးလှပေ။ အရှည်မှာ ၇လံခန့်ရှိသည် အကျယ်က၆တောင်ခန့်ရှိသည်။ ခေါင်းတွဲကနောက်တွဲမည်မျှကိုဆွဲနိုင်ကြောင်းကျွန်ုပ်သေချာမသိပါ။ ရေနွေးငွေ့မီးရထားများအလေးချိန်အလွန်စီးပြီး ဆက်တိုက်လှုပ်ရှားနေသည်။ မီးရထားလမ်းကောင်းလျှင် တနာရီ မိုင် ၅၀-၆၀ ခန့်အလျင်နှင့် သွားသည်။ မီးရထားလမ်းကကြမ်းလျှင် တနာရီ မိုင်၃၀-၄၀ ခန့်အလျင်နှင့် သွားသည်။ သူတို့(မီးရထားများ)မြို့တမြို့နှင့်တမြို့အကြားအလွန်လျင်မြန်စွာပြေးသည်။သူပြေးသည်မှာငှက်ပျံသလိုဖြစ်သည်။သို့သော်မည်သည့်ငှက်မျှမီးရထားများလောက်မြန်အောင်မပျံနိုင်ပါ။[11]

    [11]

    မီးရထား၏အလျင်ကိုအံ့သြဘနန်းဖြစ်ပြီး ထိုအရာဝတ္တု မည်သို့လှုပ်ရှားသွားလာသည်ကိုရှင်းပြရန် ကိုလလာ ကြိုးစားထားသည်ဟာထင်ရှားသည်။ မီးရထားခေါင်းတွဲကို ”မီးအပူပေးထားသည့် တွဲတတွဲ” ဟုသူ့ပုံဖော်ချက်သည်သူ၏စစ်မှန်သောစူးစမ်းလေ့လာမှုကိုပြောနေခြင်းဖြစ်သည်။သူ့အတွက်တော့မီးရထားဆိုသည်မှာ အမှန်တကယ်မီးလောင်နေပုံရသည် အဘယ်ကြောင့်ဆိုသော်ခရီးလမ်း တလျှောက် ရေနွေးငွေ့ပူများမှုတ်ထုတ်နေသည်ပင်။စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အလျင်ကိုရှင်းပြရာတွင် ကိုလာက အနောက်တိုင်းယူနစ်အတိုင်းအတာများသုံးသွားသည်၊ အကွာအဝေးကိုတွက်ချက်ရာ တွင်လည်းသုံးနေကျမဟုတ်သည့်စံနစ်ကိုထည့်ပြောသွားသည်။ မည်သို့ပင်ဖြစ်စေသူ့အနေနှင့်ယခု တွေ့မြင်သိရှိရသည်တို့မှာအိပ်မက် ဆန် ပြီးသူ၏စာဖတ်သူများနားလည်အောင်ရှင်းပြရာတွင် စိတ်ဝင်တစားယုံကြည်လက်ခံနိုင်လောက်အောင် မစွမ်းခဲ့ချေ။ ထို့ကြောင့် သူကဥပမာဖြင့် ပုံပေါ်အောင်ထပ်ရှင်းပြသည်၊ မီးရထားတစီးနှင့်ငှက်တကောင်တို့၏ရွေ့လျားသည့် အမြန်နှုန်း ကိုနှိုင်းယှဉ်ထားသည်။ကိုလာ ရေးသားခဲ့သည်များအပြင် သူ၏သိပ္ဗံနည်းပညာကိုပုံပေါ်အောင်ရှင်းလင်းပြသရာတွင်သုံးသည့်စကားလုံးအသစ်များအရသူ့အမြင်တွင်ဆန်းနေကြောင်းပြသည်။မီးရထား ကို သူ့အခေါ်အဝေါ်က “လေးမယ်ဦး” ဖြစ်သည်။ယနေ့ခေတ်တွင်ထိုအခေါ်အဝေါ်မှာအားလုံးအသိဖြစ်နေသော်လည်း၁၈၄၀ပြည့်နှစ်များတွင်အထူးအဆန်းဖြစ်နေပေမည်။ ဝေါဟာရ ရင်းမြစ်ဗေဒ အရ “လေး” ဆိုသည်မှာဗမာစကား “လှည်း”  မှအငှားယူထားသော လှည်းဖြစ်သည်၊”မယ်ဦး” သည်လည်း နောက်ထပ်ဗမာစကားလုံးဖြစ်သည့် “မီး” မှငှားယူထားပြီး အဓိပ္ဗါယ်မှာ ”မီး” [12] ပင်ဖြစ်သည်။ယခင်ကမိမိအမြင် စိမ်းနေသည့်၊ လူတို့ဖန်တီးထားသောပစ္စည်းတစ်ခု အလွန်လျင်မြန်စွာပြေးနေသည်မှာ ထူးဆန်းဖွယ်ကောင်းကြောင်း ထိုစကားအဓိပ္ဗါယ်ရှင်းလင်းချက်တွင် ထင်ဟပ်ပေါ်လွင်စေသည်။ပစ္စည်းအသစ်အဆန်းများကို ကိုလာတစ်ယောက် ပဟေဠိအဖြေညှိမရခြင်းမှာ မီးရထား နှင့်ပင်ပြီးမသွားပေ။ သူ့အတွက်ပို ၍ပင်ရှုပ်ထွေးစေသောကြေးနန်းပို့ခြင်းအကြောင်းလည်းသူရေးသားခဲ့လေသည်။

    သံချောင်းတွေနှင့်စကားပြောတာမျိုးသူတို့လုပ်ကြသည်။ကျွန်ုပ်တို့ဒါမျိုးတခါမျှမမြင်ဖူးပါ။ သူတို့အချင်းချင်းတကယ်စကားမပြောသည်ကတော့အသေအချာပြောနိုင်သည်။ စာအပြန်အလှန်ပေးခြင်းနှင့်ဆင်တူသည်။ကျွန်ုပ်တို့လက်ထဲစာရောက်လာလျှင်စာကိုပြန်ပို့ပါကတစ်စုံတစ်ယောက်ကပို့ပေးရသည်၊ထို့ကြောင့်မြန်မြန်မရောက်ပါ။သူတို့၏စာနှင့်တူသောသတင်းစကားက သံချောင်းများမှတဆင့် ၅ ရက် ၆ရက်၊၁၀ရက်မှရက်၂၀၊သို့မဟုတ်တစ်လအတွင်းနောက်တစ်နေရာကိုရောက်သည်။သံချောင်းများမှတဆင့်စာတွေပို့ခြင်းကိုလက်နှင့်ရေးသည်မဟုတ်ပါ။ စာပို့လိုသူတစ်ဦးကအခြားနေရာတွင်နေထိုင်သူနောက်တစ်ဦးထံစာပို့ရန်သံချောင်းများဖြင့်စာပို့ပေးသူအော်ပရေတာထံသွားရသည်။တောင်းဆိုသည့်အဖိုးအခပေးရသည်။ထိုအခါအော်ပရေတာကချက်ခြင်းစာရိုက်ပေးသည်။ ထိုစာကနောက်တနေရာသို့ရောက်သွားမည်။ သို့သော် သူရိုက်ပို့လိုက်သောစာသည်အခြားမည်သူမဆိုဖတ်နိုင်သည့်စာမဟုတ်ပေ။အော်ပရေတာသာလျှင်ဘာသာပြန်အဓိပ္ဗါယ်ဖော်နိုင်သူဖြစ်သည်။ရိုးရိုးစာများလိုမဟုတ်ပါ။ စာကြောင်းတွင်လွန်ပူအသေးစားလေးနှင့်ဖောက်ထားသကဲ့သို့အပေါက်များပါရှိသည်၊အပေါက်ကိုတလုံးချင်းဖတ်ရသည်။သံချောင်းဖြင့်ပို့လိုက်သည့်သတင်းစကား(စာ) ပို့စေချင်သည့် ဖက်သို့ရောက်ပြီဆိုလျှင် နောက်အော်ပရေတာက အဓိပ္ဗါယ်ပြန်ဖော်ပြီး စာရွက်ပေါ်တွင်စာကိုပြန်ရေးချရသည်။ ဒီကိစ္စတစ်ခုလုံးကို ကျွနု်ပ်လုံးဝနားမလည်တော့ပါ။ ယခုကျွန်ုပ်ရေးပြထားသလောက်သာနားလည်ပါသည်။ [13]

    [13]

    အထက်ဖော်ပြပါစာမှာ အင်္ဂလိပ်ဘာသာဖြင့် “magnetic telegraph”သံလိုက်ကြေးနန်းဟု ခေါင်းစဉ်တပ်ထားသဖြင့် ကိုလာရေးခဲ့သည်မှာကြေးနန်းဖြင့်စာပို့စံနစ်အကြောင်းဖြစ်သည်ဟုယုံကြည်ရသည်။[14] ၁၈၄၈ ခုနှစ်သည်မော့စ်စံနစ်ဟုခေါ်သည့်သံလိုက်ကြေးနန်းစံနစ်အသစ် ခေတ်စားပြီး အများသူငါ စတင်သုံးနိုင်သည့် အချိန်ကာလဖြစ်သည်။[15]

    An original copy of the front page of the Hsa Too Gaw issue in which Ko Ler's article was published. Image courtesy of Hitomi Fujimura.

    ကိုလာ ဖွင့်ဟဝန်ခံသည့်သူမြင်တွေ့နေရသည်များမှာသူနားလည်နိုင်စွမ်းထက်ကျော်လွန်နေပါသည်ဆိုသော်လည်း ကြေးနန်းစံနစ်လုပ်ဆောင်ပုံရေးထားသည့်သူ့မှတ်တမ်းကအံ့သြဖွယ်ကောင်းအောင်တိကျလွန်းသည်။ မည်သို့ဆိုစေကာမူ စာကြောင်းများနှင့် အစက်များသာသုံးသည့် ထို ဆက်သွယ်ရေးစံနစ်မှာ လျို့ဝှက်နက်နဲသည်။ကိုလယ်ပြောခဲ့သလိုကြေးနန်းစာဆိုသည်မှာအဓိပ္ဗါယ်ဖော်တတ်သည့်သူမှလွဲပြီး  နားမလည်နိုင် ပေ။ထို့အပြင် သံကြိုးများမှတဆင့် မိုင်ပေါင်းများစွာကွာဝေးသည့်နေရာသို့ စာများပို့သည်ကိုတွေ့ရခြင်းမှာလည်းပြောမပြတတ်အောင်ဆွံ့အသွားစေသည်။ထိုဖြစ်စဉ်တစ်ခုလုံးသည် သာမန်လူသားတို့စွမ်းဆောင်နိုင်ရည်ကိုကျော်လွန်နေပြီဟုထင်ရသည်။

    စက်မှုနည်းပညာကို ဘုရားသခင်ကပေးသည့် အသိဉာဏ်ဟု ထူးခြားသည့်လက္ခဏာအဖြစ် ကိုလာ ဖော်ပြခဲ့သည်ကိုပြန်စဉ်းစားလျှင် သဘာဝဖြစ်စဉ်တခုလုံးကို သူနှိုင်းယှဉ်ပြခြင်းက သူ၏နားလည်မှုပုံစံနောက်ကွယ်တွင်ဘာရှိနေသည်ကို အရိပ်အမြွက်ပြနေသည်။ ခရစ်ယာန်ဘာသာကိုသက်ဝင်ယုံကြည်ခြင်းမတိုင်မီနတ်ဝိဉာဉ်ကိုးကွယ်ခဲ့ကြသည့်အစောပိုင်းကာလကရင်ခရစ်ယာန်ဘာသာပြောင်းလာသူများအတွက်သဘာဝတရားကိုခြယ်လှယ်ထိန်းချုပ်ခြင်းသည်လူ့လောကတွင်မည်သို့မျှမဖြစ်နိုင်ဟုတွက်ထားကြသည်။

    ဥပမာ- သဘာဝနှင့်ပတ်သက်သည့်ဝိဉာဉ်အမျိုးမျိုးရှိခဲ့သည်၊ ရေ နှင့် မြေ တို့၏အရှင်သခင်၊ ဧရာမကျောက်တုံးကြီးအရှင်သခင်၊ နှင့် ကောက်ပဲသီးနှံအရှင်သခင် [16] တို့ဖြစ်သည်။ လူအများကထိုဝိဉာဉ် အရှင်သခင် တို့ကြိုက်နှစ်သက်ရန်ချော့ပြီးမည်သို့မျှ ဘေး ဒုက္ခမကျရန်ဆုတောင်းကြရသည်။ ခရစ်ယာန် ဘုရားကိုလည်း ကရင်ဘာသာတွင် အရှင်သခင်အဖြစ်ပြောဆိုသည်[17] ထို့ကြောင့် ကိုလာ အတွက် အမေရိကန်တို့၏ သဘာဝလွန်အသိပညာဉာဏ် သည် ဘုရားသခင်တန်ခိုးဖြင့်လူသားနယ်လွန်လောကတွင်သာဖြစ်ရမည်ဟု ဆက်စပ်တွေးထားသည်မှာ သဘာဝကျပါသည်။

    ၁၈၅၃ ခုနှစ် မှ ထောမူ၏ဇတ်လမ်း

    နောက်ဇတ်လမ်းတစ်ပုဒ်မှာ အမေရိကန်မြေပေါ်သို့ ၁၈၅၃ တွင်ခြေချခဲ့သူ ထောမူကပြောပြခြင်းဖြစ်သည်။ ထောမူ သည် ထားဝယ်မှ စကောကရင် စကားပြောသူတစ်ဦးဖြစ်သည်။သူမည်သည့်အချိန်ကခရစ်ယာန်ဖြစ်သည်မှာမသေချာသော်လည်း ခရစ်ယာန်ဘာသာကိုစတင် သိရှိသည်မှာ ကလေးဘဝကပင်ဖြစ်ပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော် သူ့မိခင် က ၁၈၃၄ ခုနှစ်ကတည်းကပင်နှစ်ခြင်းခရစ်ယာန် ဖြစ်ပြီးနေသည်။ ယခင် က စုန်းနတ်ကဝေများကို ကိုးကွယ်သည့်အလေ့အထ မှ သူ့မိခင် က ၁၈၃၇ တွင် နှစ်ခြင်းခံယူခဲ့ပြီး သားသမီးများကိုလည်း နှစ်ခြင်းခရစ်ယာန်များတီထွင်ထားသည့် ကရင်စာနှင့် သမ္မာကျမ်းစာ ကိုလေ့လာစေသည်။ [18] ထောမူသည် ၁၈၄၀ [19] တွင် ခရစ်ယာန် တရားဟောဆရာအဖြစ် မြိတ် အရှေ့တောင်ဖက် ရှိ ဂျူးဆိုသည့်ရွာငယ်လေးတွင် အမှုထမ်းသည်။ နောက်ပိုင်းတွင် ထိုဒေသ တလျှောက် နာမည်ရသည့် သင်းအုပ်ဆရာ ထဲမှတစ်ဦး ဖြစ်လာပြီး သာသနာပြု အစည်းအဝေးတစ်ခုတွင် ထားဝယ် ဘာသာရေးဆိုင်ရာလူထု ကို ကိုယ်စားပြုတက်ရောက်ရသည်။ [20] အမေရိကန်သာသနာပြုကားတိုင် အဖွဲ့နှင့်အတူထောမူသွားခဲ့ခြင်းဖြစ်သည်။ ဘော့စတွန်တွင် ၁၅ ရက်ခန့်အချိန်အနည်းငယ်သာနေပြီး ၁၈၅၃ ဇန္နဝါရီတွင်ပြန်လည်ထွက်ခွာလာခဲ့သည်။[21]  အမေရိကန်တွင်နေချိန် နည်းပါးသော်လည်း ထောမူ နေထိုင်သည့်ကာလအတွင်း  ထူးခြားဖြစ်စဉ် များနှင့်သာ ပြည့်နှက်နေခဲ့သည်။ သူ့ဂျာနယ်ကိုနှစ်ပိုင်းခွဲထားပြီး ဆာထူးဂေါ် တွင် သီးခြားဖော်ပြသည်။ ပထမပိုင်း သည် ၁၈၅၃ သြဂုတ်လထုတ်တွင် ပါဝင်ပြီး “ထောမူ၏စာ” ဟု ခေါင်းစဉ်တပ်ထားသည်၊ ဒုတိယပိုင်း က ၁၈၅၄ ဧပြီလထုတ်တွင်ပါဝင်သည်။ ကိုလာ နှင့်ခပ်ဆင်ဆင် အမေရိကန်နိုင်ငံတွင် မြင်တွေ့ခဲ့ရသည် တို့ကို ထောမူကပြောပြချင်ကြောင်းရှင်းပြထားသည်။ “အဘယ်ကြောင့်ဆိုသော် သူတို့(အမေရိကန်များ) အသိဉာဏ်အများကြီးအသုံးချသည်”။[22] ဦးဆုံးပထမ သူသတိထားမိသည်ကလည်း ရထားလမ်းများဖြစ်သည်။

    သူတို့(အမေရိကန်များ) သွားလာသည့်အခါ မြေပေါ်တွင်အမြန်သွားသော မီးရထားများကိုလည်းပြုလုပ်ကြသည်။ ရထားသံလမ်း ကိုသံနှင့်ပြုလုပ်ထားသောကြောင့် ရထားသွားနေချိန်တွင်ဘာမှအတားအဆီးမဖြစ်နိုင်ပေ။ ရထားသံလမ်းများ၏ ဘေးအစွန်းနှစ်ဖက် ကို ထိန်းထားသည့်အတွက်တွဲများသံလမ်းမှချော်မကျနိုင်ပါ။ ထိုသို့စီမံထားခြင်းဖြင့် ရထားလမ်းများ တနေရာမှနောက်တနေရာအကြား အသွားအပြန် လုပ်နိုင်လေသည်။ မြို့တမြို့ ဆိုလျှင်အလွန်ဝေးလံနိုင်သည်၊ရထားလမ်းများကမိုင် ၁၀၀၀၊ သို့မဟုတ် ၁၅၀၀ အထိ အရှည်ဆန့်နိုင်သည်။ ရထားလမ်းရှည်လျားသည်သာမကမီးရထားစက်ခေါင်းကလည်းအလွန်လျင်မြန်သည်။ ရထားလမ်းကိုသာခင်းမည်ဆိုပါက အင်းဝ နှင့် မြိတ် လိုခရီးရှည်ကို ဥပမာအားဖြင့် တနေ့နှင့်တဝက် အတွင်းသွားနိုင်ပေလိမ့်မည်။ယင်းသို့ဖြင့် လူအချင်းချင်းဝေးကွာနေသော်လည်း နီးနေသည့်ပမာဖြစ်သည်။[23]

    [23]

    မီးရထားစက်ခေါင်းများ၏အလျင်ကလည်းထောမူ၏အာရုံကိုအတော်ဖမ်းစားသည်။ အချိန်တိုအတွင်း

    မီးရထားများမည်သို့ပြေးနိုင်သည်ကိုထင်ရှားအောင်ပုံဖော်ရာတွင်ထောမူက သူနှင့်အနီးဆုံးမြို့ဖြစ်သည့်

    မြိတ်နှင့် ကုန်းဘောင်မင်းဆက်မြို့ဟောင်း အင်းဝ တို့ကိုရည်ညွှန်းခဲ့သည်။ ထိုခေတ်တွင်  ကရင်စကား

    ပြောဆိုသူလူအများစုမှာခြေလျင် သို့မဟုတ် လှေငယ်လေးများဖြင့်ခရီးသွားသည်ကိုမှတ်သား မိသဖြင့်တနေ့နှင့်တဝက်အချိန်အတွင်းမိုင် ၇၀၀ ကျော်သွားနိုင်သည်ဆိုခြင်းမှာမယုံနိုင်လောက်အောင်ဖြစ်ပေလိမ့်မည်။ စာစောင်ကိုဖတ်ရှုသူများကမီးရထားလမ်းများအကြောင်း သဘောပေါက်နားလည်ခဲ့ကြမည်မဟုတ်သော်လည်းထိုသာသနာပြုဆရာတို့၏အမိနိုင်ငံတွင်စိတ်ကူး၍ပင်မရသည်များဖြစ်ခဲ့မည်ဟုခန့်မှန်းနိုင်ပါသည်။

    ယခင်က မရှိခဲ့သောတီထွင်မှုဖြစ်သည့် ဓါတ်ငွေ့သုံးမီးအိမ်များအကြောင်း၊ ကြေးနန်းစံနစ်၊ နှင့် သတ္တဝါတို့ ပုံစံနမူနာများအကြောင်း လည်း ထောမူ ရေးခဲ့သည်။   အထူးသဖြင့် ရုပ်လုံးသွင်းနမူနာများအကြောင်းသူရှင်းပြထားသည်မှာစူးစမ်းလေ့လာထိုက်သည်ဟု ထင်ပါသည်။

    သူတို့ (အမေရိကန်) က ကမ္ဘာပေါ်မှာသူတို့ ဘာကိုအမဲလိုက်လို့ရတယ်ဆိုတာကောင်းကောင်းသိ ကြသည်။ဥပမာ-ခြေလေးချောင်းသတ္တဝါများ၊ ငှက်များ၊ မြွေများ၊ကင်းခြေများ၊နှင့်ရေသတ္တဝါများ ဖြစ်သည်။သူတို့က ထိုသတ္တဝါများကို အဆောက်အဦအကြီးကြီးတွင်ထားပြီးဆေးတမျိုးတွင် နှစ်စိမ်ထားလိုက်ခါ သတ္တဝါ၏ပုံစံမပျက်အောင်ထိန်းသိမ်းထားသည်။ မည်သူမဆိုကြည့်ချင်လျှင် လာကြည့်လို့ရသည်။ မျက်နှာအပါအဝင် ရုပ်ရည်ပုံပန်းသဏ္ဍန် များလုံးဝမပျက်စီးပါ။ အသက်ရှင်နေသည့်အတိုင်းဖြစ်ပါသည်။ ညီအစ်ကိုများခင်ဗျားအမေရိကန်နိုင်ငံမှာ အခြားအရာတွေ အများကြီးကျွန်ုပ်တွေ့ခဲ့ရပါသည်။ ကျွနုပ် စကားလုံးနှင့် မရှင်းပြနိုင်သည်များလည်းအများကြီး ရှိပါသည်။ အရင်ကထိုအရာတွေကိုလုံးဝမမြင်ဖူးလို့ဖြစ်ပါသည်။

    [24]

    သေပြီးသားသတ္တဝါများ၏ရုပ်ပိုင်းသွင်ပြင်ကို အသက်ရှိနေသည့်အလားတာရှည်ခံအောင်ထိန်းသိမ်းထားနိုင်သည့်ထူးဆန်းသောနည်းကိုစူးစမ်းပြီးသော် ကိုလာ ကဲ့သို့ပင် ထောမူသည်လည်း အမေရိကန်လူမျိုးများသည် သဘာဝတရားကိုလွန်ဆန်နိုင်သည့်နည်းကိုသိနေသည်ဟုတထစ်ချယုံကြည်ခဲ့သည်။ ထောမူ၏မှတ်ချက်ဖြစ်သော “သူတို့ (အမေရိကန်)  က ကမ္ဘာပေါ်မှာသူတို့ ဘာကိုအမဲလိုက်လို့ရတယ်ဆိုတာကောင်းကောင်းသိကြသည်” ကထိုယုံကြည်ချက်ကိုသက်သေခံနေသည်။

    သူ့စာနောက်ပိုင်းတွင် ထောမူ က ဘုရားကျောင်းလုပ်ငန်းများနှင့် နှစ်ခြင်းခရစ်ယာန်ဝင်တို့၏ဘဝအကြောင်းအာရုံ ပြောင်းရေးသားခဲ့သည်။ ဝတ်ပြုဆုတောင်းသည့် အစည်းအဝေးတက်အပြီး ဘုရားရှိခိုးကျောင်းအရွယ်အစားကြီးသည်ဖြစ်စေ၊ ရွာတရွာလိုငယ်သည်ဖြစ်စေ  မြို့တိုင်းမှာဘုရားရှိခိုးကျောင်းရှိခြင်း၊ တနင်္ဂနွေနေ့တိုင်းဘုရားကျောင်းတက်[25] သူဦးရေ တို့ကို သဘောကျအထင်ကြီးခဲ့သည်။ဘုရားရှိခိုးကျောင်းတွင်ဝတ်ပြုဆုတောင်းသည့်အကြောင်းအသေးစိတ်ပြောပြပြီးသည့်နောက်ဘော့စတွန်မြို့၏လူနေမှုဘဝအကြောင်းထောမူဆက်ပြောသည်။

    ဉာဏ်ပညာကြီးသူတွေဒီမြို့မှာနေကြတာကျွန်ုပ်သိလာရသည်။ ဒီလိုသိရတာလည်းဝမ်းသာ မိသည်။သူတို့အိမ်တွေလမ်းတွေကိုလည်း အသေးစိတ် ဂရုတစိုက်ဆောက်လုပ်ထားကြသည်။ ကျွနု်ပ်တို့တွေ့သမျှ သူတို့အဝတ်အစားများနှင့်အရာအားလုံးသည် ကြော့ရှင်းပြီး တန်ဖိုးကြီး သည်။ဒါတွေကိုကျွန်ုက်တို့တွေ့ပြီး အလွန်ကောင်းသည်ဟုထင်သည်။ ညီအစ်ကိုများခင်ဗျား- ခင်ဗျားတို့မိသားစုတွေကိုအကုန်ခေါ်လာပြီး ထမင်းဝိုင်းကူချက်သလို အချင်းချင်းကူညီ ကြပါစို့။ကြီးကြီးကျယ်ကျယ်လုပ်ငန်းတွေကိုအခုချိန်မှာချက်ခြင်းလုပ်နိုင်မှာမဟုတ်သော်လည်းအလုပ်အသေးလေးတစ်ခုကိုစီစဉ်နိုင်ပါသည်၊ကျွန်ုပ်တို့ကိုယ်တိုင်လုပ်ဆောင်နိုင်ကြပါသည်။

    [26]

    ဘော့စတွန်မှကျယ်ပြန့်သည့်ခရစ်ယာန်အသိုင်းအဝိုင်းကို ထောမူရှင်းပြထားသည်ကိုသိရှိပြီး နောက် ကောင်းမွန် အနုစိပ်သည့် အိမ်ယာများ၊မြို့အနေအထား နှင့် လူတို့အဝတ်အစားများကို သူချီးမွမ်းထားခြင်းကို ခရစ်ယာန်တို့၏ဘဝနှင့် ဆက်နွယ်နေသည်ဟုမှတ်ယူနိုင်သည်။ အမေရိကန်လူနေမှု့ဘဝတွင်ဘုရားသခင်၏ကောင်းချီးပေးမှု့ကပါဝင်နေသည်ကိုအသိအမှတ်ပြုရင်းသူ၏ဘာသာတူနှစ်ခြင်းခရစ်ယာန်များကို စည်းလုံးကြရန် နှင့် အချင်းချင်း ကူညီပြီး အမေရိကန်တို့လိုဘဝမျိုးရရှိရန် ထောမူ ဆော်သြထားသည်။ ထမင်းဝိုင်းကူချက်ခြင်းဆိုသည်မှာ အလုပ်အသေးလေးတစ်ခုအတွက်ဥပမာဖြစ်ပြီး ပိုကြီးကျယ်သည့် ရည်မှန်းချက်အောင်မြင်ရန် မိမိလုပ်နိုင်သည့်အလုပ်ကိုလုပ်ကြဖို့အရေးကြီးကြောင်းသွယ်ဝိုက်ညွှန်းဆိုသည်။ကိုလာ ကဲ့သို့ပင် ထောမူလည်းမိမိနှင့်မရင်းနှီးမကျွမ်းဝင်သော အမေရိကန်လူနေမှု ဘဝပုံစံကိုအပြုသဘောဖက်မှ နားလည်ခဲ့ပြီးသူ၏စာဖတ်ပရိသတ်အားဘုရားသခင်ကိုယုံကြည်ရန်နှင့်၊ သို့မှသာ ဘုရားထံမှစောင်မသည့် ကျေးဇူးတော်ကိုလက်ခံရရှိမည်ဖြစ်ပြီး အမေရိကန်တို့အတိုင်း အသိဉာဏ်ရရှိမည်ဖြစ်ကြောင်းတိုက်တွန်းခဲ့သည်။

    “ခေတ်မီ ဗဟုသုတ” ကိုလိုနီခေတ်နှင့် လောကီရေးရာများ မှ လမ်းလွှဲသွားခြင်း

    ကိုလာနှင့် ထောမူ နှစ်ဦးလုံး၏အဖြစ်တွင်တင်ပြသကဲ့သို့၊နားလည်နိုင်စွမ်းမရှိပဲသူတို့အမြင်တွင်လူသားတို့အသိဉာဏ်ထက်ကျော်လွန်သည့်သိပ္ဗံနည်းပညာများနှင့် ယင်း၏စက်မှုဆိုင်ရာအကောင်အထည်ဖော်ခြင်းကို ကရင်နှစ်ခြင်းခရစ်ယာန်များက တန်ခိုးရှင်မှပေးသော အသိဉာဏ်ဟု အဓိပ္ဗါယ်ကောက်ကြသည်။ သူတို့၏အဖြစ်အပျက်များကိုအသေးစိတ်ရှင်းပြချက်များနှင့် ကွက်ကွက်ကွင်းကွင်း ပေါ်စေ သည့်စကားလုံးများက  “ခေတ်မီဗဟုသုတ” ကို နည်းမျိုးစုံဖြင့် အဓိပ္ဗါယ်ဖော်ပေးသည်။  အထက်တွင်ဖော်ပြခဲ့သည့် ဇတ်လမ်း များကိုခေတ်မီ ကိုလိုနီစံနစ် တစ်ခုတည်းကြောင့်ဟုဆိုလျှင် သင့်တော်မည်မဟုတ်ပေ အဘယ်ကြောင့်ဆိုသော် ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၏အတွေ့အကြုံများမှာဗြိတိသျှကိုလိုနီကွန်ယက်ပြင်ပတွင်လှုပ်ရှားသက်ဝင်တွေ့ကြုံခဲ့သောကြောင့်ဖြစ်သည်။ သူတို့အားကိုးအားထားပြုရာ ကွန်ယက်မှာ အမေရိကန်နှစ်ခြင်းသာသနာပြုများကပြင်ဆင်ပေးခဲ့သောကွန်ယက်ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီတို့၏လုပ်ငန်းများ နှင့် အမေရိကန် သာသနာပြုများ၏ကွန်ယက်များ၊ သူတို့ရည်မှန်းချက်များ မှာကဏ္ဍအတော်များများတွင်ထပ်တူဖြစ်နေသော်လည်းမြန်မာပြည်သားတို့၏အတွေ့အကြုံများကို ကိုလိုနီမူဘောင်အတွင်း၌သာရှိသည်ဟုအမြဲတစေမယူဆနိုင်ကြောင်းအထက်ဖော်ပြပါအကြောင်းအရာများကသက်သေထူနေသည်။[27]

    ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၏ အမေရိကန်ခရီးစဉ် ကသူတို့၏ရွေ့လျားသွားလာနိုင်မှုကိုသက်သေထူပြီးနောက်ကိုလိုနီနယ်မြေအတွင်းဥရောပသားမဟုတ်သူများသည်ခေတ်မီဗဟုသုတများဆောင်ကြဉ်းလာမည့်အနောက်နိုင်ငံသားတို့ရောက်ရှိလာသည်ကို မတုန်မလှုပ်စောင့်မျှော်နေသည့်၊ငြိမ်နေသည့်ပြည်သူများဖြစ်ကြောင်းအဆိုပြုချက်ကိုမေးခွန်းထုတ်ရမည်ဖြစ်သည်။နည်းလမ်းအသွယ်သွယ်မှဖွင့်ပေးထားသည့်စိတ်ကူးများ၊အတွေးများနှင့်အတွေ့အကြုံများအမျိုးမျိုးရှိသည်။ဖြစ်နိုင်ခြေရှိသည့်လှုပ်ရှားတက်ကြွသောအပြန်အလှန်ဆက်ဆံရေး၊ ဥပမာ လူတို့ရွေ့လျားသွားလာခြင်းကိုပြန်ကြည့်လျှင် “ခေတ်မီအသိပညာ”ဆိုသည်ဟာဖြစ်ပေါ်လာသည့် ရပ်ဝန်းအတိုင်းအတာကိုပြန်လည်စဉ်းစားဖို့လိုအပ်ပါသည်။၁၉ရာစုတွင်သိပ္ဗွံဆိုင်ရာအသိပညာဖန်တီးခြင်းမှာတဖက်သတ် သို့မဟုတ် အနောက်နိုင်ငံကချည်းသာဖြစ်ပေါ်လာသည်မဟုတ်၊ သို့သော်အပြန်အလှန် မျှဝေသည့်ဖြစ်စဉ်တစ်ခုသာဖြစ်သည်။(Raina 2013[28] ပညာရှင်များ‌အရင်ယူဆခဲ့သလို မြန်မာပြည်ဖွားများသည်အများက ကိုလိုနီပိုင်နက်အတွင်းတွင်သာ ကန့်သတ်ခံနေရသည်မဟုတ်ပဲ ပို ၍ ပင်လွယ်ကူစွာရွေ့လျားသွားလာကြသူများဖြစ်ပေသည်။

    နောက်ဆုံးအနေနှင့် ၊ကရင်နှစ်ခြင်းခရစ်ယာန်များအဓိပ္ဗါယ်ဖွင့်ပုံအရ ခေတ်မီ လောကီပညာ များကိုနားလည်ခြင်းတစ်ခုတည်းက သိပ္ဗံနည်းပညာဆိုင်ရာအမြင်မဟုတ်ကြောင်း  ကျွန်ုပ်တို့အားပြောပြနေသည်။ ထိုအချိန်ကဥရောပ-အမေရိကန် လူမျိုးတို့အတွက် သိပ္ဗံဆိုင်ရာတိုးတက်မှုသည် လူ့ယဉ်ကျေးမှုတိုးတက်လာခြင်းနှင့် ကြီးကျယ်မြင့်မြတ် မှုတို့၏အမှတ်အသားဖြစ်သည်။သို့သော်ကရင်နှစ်ခြင်းခရစ်ယာန်တို့အမြင်တွင် ဘုရား သခင်၏ဂုဏ်ကျေးဇူး ကိုလူ့လောကတွင်ပြသသည့်သက်သေခံချက်ပင်ဖြစ်သည်။ပညာရှင် များ၏ဆွေးနွေး ချက်မျာကိုပဲ့တင်ထပ်ပြီး အသိပညာညဏ်ဆိုသည်ဟာ  ကိုယ်တိုင်မျက်မြင်တွေ့ရှိသူများ သို့မဟုတ် လေ့လာသိရှိသူများ၏နားလည်ခြင်းကိုအခြေခံပြီး သူတို့၏စဉ်းစားတွေးခေါ်ရာမှဖြစ်ပေါ်လာရသည်ဟုအမြင်ကိုလိုက်လျှင်(Burke 2000Livingston 2005) ကရင်နှစ်ခြင်းခရစ်ယာန်များသည် အသစ်ဖြစ်သော၊ပုံစံပြောင်းလဲလာသောအရှိအကြောင်းကိုသူတို့မြင်ကွင်းမှတဆင့်မိမိဗဟုသုတများဖန်တီးနေခြင်းသာဖြစ်သည်ဟုယူဆလို့ရသည်။ဤဖြစ်စဉ်တွင်သူတို့မကြာမီကဆည်းပူးရယူခဲ့သည့်ခရစ်ယာန်ကမ္ဘ့ာအမြင်ကသဘာဝတရားနှင့်လူသားစွမ်းရည်ကိုကျော်လွန်သည့် ဉာဏ်ပညာအသစ်အကြောင်နားလည်စေရန်အထောက်အကူပေးဖို့ဖြစ်တန်ရာသည်။

    Hitomi Fujimura သည် အိုဆာကာတက္ကသိုလ်မှ ပါရဂူဘွဲ့လွန် ပညာရှင်ဖြစ်သည်။ လက်ရှိတွင် သူမသည်ကနေဒါ နိုင်ငံ ယော့ခ် တက္ကသိုလ် တွင် ပါရဂူဘွဲ့လွန်ပညာရှင်အဖြစ်လေ့လာနေသည်။ ၂၀၁၄ မှ ၂၀၁၆ အထိ မြန်မာနိုင်ငံတွင် ၂နှစ်ခန့် ကွင်းဆင်းလေ့လာ ပြီးနောက် ၂၀၁၉  ခုနှစ်တွင် ပါရဂူ ဘွဲ့ရရှိခဲ့သည်။ သူမ၏ ပြုစုရေးသားချက်တွင် ကရင် လူမျိုးဘာသာပြောင်းလာသူများ၏အတွေ့အကြုံများနှင့်သူတို့အခန်းကဏ္ဍများ ၊အထူးသဖြင့်နှစ်ခြင်းခရစ်ယာန်ပညာတတ်များ သူတို့၏သာသနာပြုလုပ်ငန်း နှင့် နိုင်ငံရေးဆောင်ရွက်ချက်များ ကို ပြန်လည်ဆင်ခြင်သုံးသပ်ထားသည်။ သူမ၏သုတေသန ပြုချက်များတွင် ပြည်တွင်း နှစ်ခြင်းခရစ်ယာန် များ၏ ကိုလိုနီခေတ်မြန်မာပြည် တွင်လှုပ်ရှားဆောင်ရွက်မှုများ နှင့် မြန်မာနိုင်ငံ ခရစ်ယာန် သမိုင်းအထွေထွေ ပါဝင်ခဲ့သည်။ ယခုဆောင်းပါးကိုလဘက်ရည်ဝိုင်း ဘာသာပြန် အဖွဲ့မှ မြန်မာဘာသာသို့ပြန်ဆိုပါသည်။

    [1] Shoay Doon, Maung 1836 Journal of a Visit to Calcutta in the Year 1835. Maulmein: Free School Press, p.21
    [2] စကော ကရင်သည် မြန်မာပြည်တွင် ပြောဆိုသည့်ကရင်နီ ဘာသာစကားများထဲမှတခုဖြစ်သည်။ ကရင်နီဘာသာ ဒါဇင်ပေါင်းများစွာရှိသည့်အနက် စကောကရင် သည်ပြောဆိုသူအများဆုံးဖြစ်သည်။
    [3] မယုံနိုင်လောက်အောင်ဗဟုသုတကြွယ်ဝသောကရင်နှစ်ခြင်းခရစ်ယာန်ဆရာ‌‌ဂွေါထူးကိုသူ၏တန်ဖိုးကြီးပြီး ရှေးအကျဆုံးဆာထူးဂေါ် မိတ္တူကို ပြသသည့်အတွက် ကျေးဇူးတင်ကြောင်းပြောလိုပါသည်။
    [4] ၁၈၄၀ ပြည့်နှစ်များအတွင်းထုတ်ဝေသည့်စာစောင်များကို Cornell and Berkeley တွင်ထားရှိပါသည်၊ သို့သော်သိပ်မစုံလင်ပါ။ Mercer Universityက ၁၈၅၀ပြည့်နှစ်များမှ ၁၉ ၄၀ပြည့်နှစ်များအတွင်းအမေရိကန် နှစ်ခြင်းခရစ်ယာန် သမိုင်းအသင်း၏ထောက်ပံ့ချက်ဖြင့်အခြားထုတ်ဝေသည့်စာစောင်များကိုအခမဲ့အွန်လိုင်းကြည့်ရှုနိုင်ရန်ပေးထားပါသည်။
    [5] သူ၏အမည်ကိုလက်ရေးမူတွင် “ခွန်လတ်”အဖြစ်စာလုံးပေါင်းထားသော်လည်း တသမတ်တည်းမကျခြင်းမှာဘာသာစကားကွာခြားမှုတွင်“ခွန်လတ်” စာလုံးပေါင်းသည် ပိုးကရင်အသံထွက်ကိုအခြေခံထားသောကြောင့်ဖြစ်သည်။
    [6] Beever, Raymond 1963 “History of Baptist Work among the Pwo Karens of Burma” Manuscript in type, stored by American Baptist Historical Society (2666 qB38)
    [7] Hsa Too Gaw 1893, Vol52, No9, p137
    [8] ပထမ ဇတ်လမ်းက ၁၈၄၉  ဖေဖေါ်ဝါရီလတွင် ဖော်ပြခံရပြီး ဒုတိယ၊တတိယ တို့ကို မတ်လတွင်ဖော်ပြခဲ့သည်။ စတုတ္တနှင့်ပဉ္စမ တို့မှာဧပြီလ ထုတ်စာစောင်တွင်ပါဝင်ခဲ့။
    [9] Hsa Too Gaw 1849, p318
    [10] Ibid
    [11] Hsa Too Gaw 1849, pp318-9
    [12] “မယ်ဦး”သည် နောက်ထပ် ကရင်စကားလုံး “မယ်” (မီး)နှင့်အဓိပ္ဗါယ်တူသည်။ ဗမာစကားလုံး “မီး”မှဆင်းသက်လာသည်။ (Wade 1849 A Vocabulary of the Sgau Karen Language Tavoy: Karen Mission Press, pp 847-8) ၁၈၃၀ပြည့်နှစ် ၁၈၄၀ ပြည့်နှစ်များတွင် ဗမာအသုံးအနှုန်း “မီး” ကို ရေနွေးငွေ့စက်၊မီးသင်္ဘောတို့ကိုပြောဆိုရာတွင် စတင်သုံးစွဲလာသည်။ ကိုလယ်၏စကောကရင်အခေါ်အဝေါ်တွင်လည်း အလားတူဖြစ်ပေလိမ့်မည်ဟုယူဆသည်။ (Baptist Missionary Magazine 1836, p285; Moulamyaine Damma Dhadinza 1843, p13)
    [13] Hsa Too Gaw 1849, p322
    [14] အင်္ဂလိပ် ခေါင်းစဉ် က ကိုလယ် ပေးသည် မဟုတ်နိုင်ချေ၊ထိုအချိန်က ဆာထူးဂေါ် အယ်ဒီတာ  အဖြစ်ဆောင်ရွက်သူ အမေရိကန် သာသနာပြုကပေးသည်ဖြစ်နိုင်သည်။ သတင်းစာတိုက်ထူထောင်သူ ဖရန်စစ်မေဆင် ဟုယူဆပါသည်။
    [15] ဆယ်မြူရယ်လ် မော့စ် နှင့် သူ့လုပ်ဖော်ကိုင်ဖက်များက သံလိုက် ကြေးနန်း စံနစ်ကို ၁၈၃၇ တွင်တီထွင်ခဲ့သည်။ ထိုစံနစ်သည် ၁၈၄၃ တွင် မြောက်အမေရိက တွင်အတော် ကျယ်ပြန့်စွာအသိအမှတ်ပြု ခဲ့ပြီး၁၈၄၄ တွင်အစောဆုံးစတင်အသုံးပြုခဲ့သည်။ (Bektas, 2001, p212)
    [16] ယင်းနာမည်များကို ဘာသာကူးပြောင်းလာသူကရင်တစ်ဦးမှဂျာနယ်တစ်ခုတွင်ရေးသားခဲ့ပြီး နှုတ်မှပြောသည့် ဓလေ့ကို ကရင် နှစ်ခြင်းခရစ်ယာန်တစ်ဦးက  စုဆောင်းမှတ်တမ်းတင်ပါသည်။ Hsa Too Gaw 1844, p.102; Sau Kau Too and Wade 1849 [2000], Thesaurus of Karen Knowledge Vol.3. Tavoy: Karen Mission Press., p.353).
    [17] ခရစ်ယာန်ဘာသာဘုရားသခင်ကို ကဆာယွာ သို့မဟုတ် ယွာ ဟုခေါ်သည်။ ကဆာ ဆိုသည်မှာ “အရှင်သခင်”
    သို့မဟုတ် “သခင်” ဖြစ်ပြီး ယွာ မှာ တန်ခိုးရှင်၊ထာဝရရှင်သန်သူ၊ စကြာဝဠာကိုဖန်တီးသူ၊လူသားများကိုစောင့်
    ရှောက်သူ (Kau Too and Wade 1850[2000], Thesaurus of Karen Knowledge Vol4 Tavoy: Karen Mission Press, 75)
    [18] Hsa Too Gaw 1849, p320
    [19] အမေရိကန် နိုင်ငံမှပြန်လာပြီး ၁၈၅၅ ခုဇန္နဝါရီ ၁၄ရက်တွင် ထောမူ သင်းအုပ်ဆရာအဖြစ် ခံယူပြီးသူ့လုပ်ငန်းများဆက်လက်
    ဆောင်ရွက်သည်။ (Hsa Too Gaw 1855, p187)
    [20] Hsa Too Gaw 1866, p58
    [21] တနေ့က သာသနာပြု Bixby, Whitaker, Rose နှင့် သူတို့၏ဇနီးများ၊ Mr Cross တို့ နှင့်လာခဲ့သုူ မြန်မာပြည်မှလက်ထောက်တစ်ဦး မော်လမြိုင် ကို Cape of Hope လမ်းကြောင်းမှတဆင့် ဇန္နဝါရီ ၁၇ ရက်တွင်ထွက်ခွာသွားသည်ဟု နှစ်ခြင်းသာသနာပြုမဂ္ဂဇင်းတွင်မှတ်ချက်ရေးသားထားသည်။ (The Missionary Magazine 1853, p94)
    [22] Hsa Too Gaw 1853, pp183-4
    [23] Ibid.
    [24] Hsa Too Gaw 1853, p, 185
    [25] Hsa Too Gaw 1854, p.57-8
    [26] Ibid, p. 58-9
    [27]ကိုလိုနီနယ်နိမိတ်အတွင်းမှာပင် ကိုလိုနီပြုခံထားရသည့် တိုင်းပြည်မှာတစုတစည်းတည်း ကြံ့ခိုင်စွာ ရှိသည်မဟုတ်ပေ။ အစိပ်စိပ်အပိုင်းပိုင်းဖြစ်နေပြီး အထူးသဖြင့် နယ်စပ်များတွင်ရှုပ်ထွေးသည့် ရပ်တည်ချက် မျိုးရှိသည်။ (Simpson 2021)
    [28] ၁၉  ရာစုနှစ်တောက်လျှောက် သိပ္ဗံပညာကို အဓိပ္ဗါယ်သတ်မှတ်ချက်မရှိခဲ့ပေ။  သိပ္ဗံပညာနှင့် ဘာသာရေးတို့မှာကြိမ်ဖန်များ စွာတသားတည်းဖြစ်သည်ဟု “ဘာသာရေးဆိုင်ရာဗေဒ”တွင် Sujit Sivasundaram   ကဖော်ပြခဲ့သည် (Sivasundaram 2011)

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.