7 Minutes To Read

အရှေ့မြောက် အိန္ဒိယ တွင် မနောပွဲကျင်းပခြင်း

7 Minutes To Read
  • English
  • ဗမာစာ
  • ကချင်ရိုးရာတစ်ခုက နယ်နိမိတ်စည်းမျဉ်းများကို မည်သို့ ဖီဆန်နေသည်ကို အီမလီ ဖစ်ရှ်ဘိမ်း နှင့် ကယ်လ်ဗင် စင်ပ်ရော် (ကလောင်အမည်) တို့မှ ဖော်ပြထားသည်။

    မနောပွဲတော်တွင် ပါဝင်သီဆိုကခုန်ကြသည့် မနောအကမောင်မယ်များ၊ ဘော်ဒွမ်ဆာ၊ ၁၅ ဖေဖော်ဝါရီ ၂၀၂၃ (ဓါတ်ပုံ၊ အီမလီ ဖစ်ရှ်ဘိမ်း)

    အိန္ဒိယအရှေ့မြောက်ပိုင်း၊ အာရူးနာချဲ ပရာဒတ်ရှ် ပြည်နယ်၊ ချန်လန် ခရိုင်၊ ဘော်ဒွမ်ဆာ အမည်ရ ရွာတစ်ရွာတွင် ကချင်ရိုးရာပွဲတော်ဖြစ်သော မနောပွဲတော်ကို ကျင်းပရန် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့တွင် လူပေါင်း ရာချီ စုဝေးခဲ့ကြသည်။ လည်ပင်းနှင့်ခါးတွင် ငွေမောင်းအဆင်တန်ဆာများနှင့် စိန်ကွက်ပုံစံ ငွေမောင်းများ ကွပ်ထားသည့် ပြိုးပြက်လင်းလက်နေသော ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသမီးများသည် ခေါင်းပေါင်းနှင့် လုံချည်များဝတ်ဆင်၍ ဓားရှည်များ ကိုင်ဆောင်ထားသည့်  အမျိုးသားများ၏ နံဘေးတွင် နေရာယူထားကြသည်။ ၎င်းတို့သည် ကချင်တို့၏ ယဉ်ကျေးမှု ပြယုဂ်တစ်ခု ဖြစ်သော ရောင်စုံ မနောတိုင်ကြီး များကို တစ်ရက်လျှင် နှစ်ကြိမ် လှည့်ပတ်၍ သီဆိုကခုန်ကြသည်။

    မနောပွဲတော်သည် ကချင်လူမျိုးတို့အတွက် နက်ရှိုင်းအရေးပါလှသော ယဉ်ကျေးမှုတစ်ခုကို ဆောင်ကျဉ်း ပေးသည်။  သို့သော် မြန်မာနိုင်ငံတွင် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (ကေအိုင်အို) နှင့် မြန်မာစစ်တပ်တို့ ရေးထိုးထားခဲ့သည့် ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားသော ၂၀၁၁ ခုနှစ် မှစ၍ မနောပွဲများကို စစ်ပွဲများကသာ ဖုံးလွှမ်းထားခဲ့သည်။ နောက်ဆက်တွဲ တိုက်ပွဲများက လူပေါင်း တစ်သိန်းကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီး၊ မြန်မာနိုင်ငံမှ ကချင်အများစုကို မနောပွဲမကျင်းပရန် သပိတ်မှောက်စေခဲ့သည်။

    အဆိုပါစစ်ပွဲများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်မှအာဏာသိမ်းမှုအပြီးတွင် ပို၍ ပြင်းထန်ခဲ့ပြီး၊ ပြည်တွင်းတွင် မနောပွဲတော်များ ကျင်းပနိုင်မည့် အလားအလာကို ပိုမို ဝေးကွာစေခဲ့သည်။ သို့သော်လည်း ကချင်တို့၏ အမှတ်လက္ခဏာမှာ နိုင်ငံတကာ နယ်နိမိတ်စည်းမျဉ်းများကို ကျော်လွန်၍ အဆိုပါရိုးရာအစဉ်လာ ကို ကျင်းပဆဲဖြစ်သည့် ဆင်းဖောဟုသိကြသည့်  အိန္ဒိယအရှေ့မြောက်ပိုင်းမှ ကချင်အသိုက်ဝန်းလေးတွင် တည် တံ့လျှက်ရှိသည်။

    မြန်မာပြည်မှ ဂျိန်းဖောများ၊ တရုတ်ပြည်မှ ဂျိမ်းဖိုးများနှင့် ဆင်းဖော များသည် လာချိဒ်၊ လော်ဝေါ်၊ လီဆူး၊ ရဝမ် နှင့် ဇိုင်ဝါး စသည့် ကချင်မျိုးနွယ်စုကြီး ၆ စုတွင် အကြီးဆုံးဖြစ်သည်။ အလားတူ တိုင်းရင်းသား များစွာကဲ့သို့ပင် ၎င်းတို့၏ အမှတ်လက္ခဏာမှာလည်း ကိုလိုနီနယ်နိမိတ်စည်းမျဉ်းများထက် ရှေးကျသည်။

    မြစ်ကြီးနားမှ ကချင် ဘာသာစကားဆရာ Langjaw Kyangying  ၏အဆိုအရ ၁၆ ရာစု နှင့် ၁၇  ရာစု များတွင် ကချင်မျိုးနွယ်တို့သည် ဟူကောင်းချိုင့်ဝှမ်းနှင့် ယနေ့ မြန်မာပြည်မြောက်ပိုင်း ဆွမ်ပီယန် နှင့် ပူတာအို ဒေသမှ အနောက်ဘက်သို့ ရွှေ့ ပြောင်းနေထိုင်ခဲ့ကြသည်။ ယနေ့ထိ ဆင်းဖော တို့၏ အသက်မွေးဝမ်း ကြောင်းဖြစ်သည့် လက်ဖက်စိုက်ပျိုးခြင်းကို အာသံ ပြည်နယ်တွင် ဦးစွာစတင်ခဲ့သူများထဲတွင် ၎င်းတို့ ပါဝင်သည်။ ဗြိတိသျှ အင်ပါယာတပ်တွင် ခန့်အပ်ခံရသော ဆင်းဖော များသည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။

    ၁၉၃၇ ခုနှစ် ဗမာအစိုးရအက်နှင့် အိန္ဒိယအစိုးရအက် ဥပဒေများ အကောင်ထည်ဖော် ချိန်တွင် ဆင်းဖောများနှင့် ၎င်း၏ကချင်မျိုးနွယ်များမှာ အုပ်ချုပ်ရေးနယ်နိမိတ်သီးခြားစီတွင် ပါဝင်ခဲ့ပြီး ယင်းက ၎င်းတို့အကြား ဦးစွာ ကွဲကွာစေခဲ့သည့်အကြောင်းဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး၊ ဗမာနိုင်ငံသည် တစ်နှစ်နောက်ကျမှ လွတ်လပ်ရေးရခဲ့ရာတွင် အသိုက်ဝန်းနှစ်ခုမှာ သိသာကွဲပြားသည့် သမိုင်းလမ်းကြောင်းပေါ် ရောက်ရှိခဲ့သည်။ 

    ယနေ့တွင် ဆင်းဖော များသည် သောင်းဂဏန်းသာ ရှိတော့သည်ဟု ယုံကြည်ကြသည်။ ဆင်းဖော များသည် အာရူးနာချဲ ပရာဒတ်ရှ် ပြည်နယ် ချန်လန် ခရိုင်နှင့် နမ်ဆိုင် ခရိုင်များ၊ အာသံ ပြည်နယ် ဒင်းဆူဂီးယား ခရိုင်များ တွင် ပြန့်ကျဲ နေထိုင်ကြပြီး မြန်မာပြည်တွင် ခမ်းထီရှမ်း ဟု သိကြသည့် တိုင်ခမ်းထီများ နှင့် နီးစပ်စွာ နေထိုင် ကြသည်။ အာရူးနာချဲ ပရာဒတ်ရှ် ပြည်နယ်တွင် ဆင်းဖောများကို “မျိုးနွယ်စု ဇယား” ပါ ၁၆ မျိုးတွင် စာရင်းသွင်းထားပြီး အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် အကာကွယ်အချို့ ပေးအပ် ထားသည်။

    ကချင်မျိုးနွယ်တို့၏ ဒဏ္ဍာရီလာဘိုးဘေး၏ အမည်နာမကိုလိုက်၍ ရှာပွန်ရော်န် ဟု မှည့်ခေါ်သည့် ဆင်းဖောတို့၏ မနောပွဲတော်ကို ၁၉၈၅ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပလျက်ရှိသည်။ ယခုနှစ် ကျင်းပသည့်မနောပွဲတော် တွင် လည်ပတ်ရင်း ပြုလုပ်ခဲ့သည့် လူတွေ့မေးမြန်းမှု နှင့် ဖုန်းခေါ်ဆိုမေးမြန်းမှု  ၁၀ ခု အရ ထိုမနောပွဲတော်သည် မြေပြင်ပထဝီအနေထားအရ ပြန့်ကျဲနေသော ကချင်မျိုးနွယ်များကို စုစည်းတွေ့ဆုံစေနိုင်သည့် ရှားပါးအခွင့်လမ်း တစ်ခုဖြစ်သည့်အပြင်၊ ယဥ်ကျေးမှုအမွေနှစ်ကိုပါ ထိန်းသိမ်းနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။

    “အချိန်ကြာလာတာနဲ့အမျှ တချို့လူတွေက သူတို့ကိုယ်သူတို့ ကချင်လို့ အမည်မှာတပ် မရေးတော့ဘူး။ တချို့က တခြားလူမျိုးတွေနဲ့လက်ထက်ပြီး သူတို့ရဲ့ နာမည်ကို ပြောင်းလိုက်ကြသလို၊ သူတို့ရဲ့ ကိုယ်ပိုင်အမှတ် လက္ခဏာကိုလည်း မေ့လိုက်ကြတယ်” ဟု ဆင်းဖောအများစုကဲ့သို့ မျိုးနွယ်စုအမည်ကို နောက်ဆုံးအမည် စကားလုံးအဖြစ် မှည့်ထားသော Singpho Development Society မှ ဥက္ကဌဟောင်း Singdu Nong Marip Singpho က ဆိုသည်။ “အရင်က ဆင်းဖောတွေ နေရာအနှံ့မှာရှိကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက်မသိကြသလို ဆုံကြဖို့လည်း အကြောင်းမရှိခဲ့ဘူး။ ဒါပေမယ့် Singpho Development Society တည်ထောင်လိုက်ပြီး၊ မနောပွဲကိုတစ်နှစ်ပြီးတစ်နှစ်ကျင်းပလာခဲ့ပြီးနောက်ပိုင်းမှာ ကိုယ်ဘယ်မျိုးနွယ်စုကလဲ မေ့နေရင်တောင်မှ မနောပွဲတော်ကိုတွေ့တဲ့အခါမှာ ပြန်အမှတ်ရလာကြတယ်။”

    ။ လိုင်ဇာ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် ဌာနချုပ်ရှိ မနောပွဲတော်၏ဇစ်မြစ်နှင့်မဒိန်ရော်၏ ဒဏ္ဍာရီကို ပုံဖော်ထားသည့် ပန်းချီကား (ဓါတ်ပုံ၊ အီဒသ် မီရန်တီ)

    မနောပွဲတော်၏ ဇစ်မြစ်ကိုဖော်ပြရာတွင် ကချင်မျိုးနွယ်များတွင် ဒဏ္ဍာရီပုံပြင် များစွာရှိလေသည်။ အများစုကို အစလိုက်လျှင် ငှက်များပျံသန်းသည့် ပုံသဏ္ဍာန်ကကွက်များသို့ ရောက်မည်ဖြစ်သည်။  Singpho Development Society မှ ထုတ်ဝေထားသော လက်ကမ်းစာစောင်အရနှင့် တွေ့ဆုံမေးမြန်းမှု နှစ်ခုအရဆိုလျှင် မဒိန်ရော် အမည်ရသည့် အမျိုးသားတစ်ဦးက လူအများကို ထိုအက သင်ပေးခဲ့ခြင်းဖြစ်သည်။

    ဒဏ္ဍာရီအရ မဒိန်ရော်သည် သဘာဝလောကကိုနားလည်နိုင်သည့် စွမ်းပကားရှိသည်။ သို့သော် ၎င်း၏ အသိုင်းဝိုင်းမှ ၎င်းအပေါ်နားလည်နိုင်စွမ်းမရှိပေ။ ထို့နောက်တွင် ညောင်သစ်ကိုင်းတွင် ချိတ်ဆွဲထားသည့် ခြင်းတောင်းတစ်ခုထဲသို့ စွန့်ပစ်ခံ ခဲ့ရာကာမှ သူသည် ငှက်များ ညောင်သီးစုဆောင်းပုံ၊ နောက်ပိုင်းတွင် လူအများကိုပြန်သင်ပေးဖြစ်ခဲ့သည့် ငှက်များ၏ သီချင်းများ၊ စကားများ၊ နှင့် ပျံသန်းသည့် ပုံသဏ္ဍာန်များကို စောင့်ကြည့်လေ့လာဖြစ်ခဲ့သည်။ အခြားဒဏ္ဍာရီပုံပြင်များအရ မနောအကသည် စကြဝဠာရှိ ငှက်များအားလုံး အတူတကွ ရောက်ရှိစုရုန်း ကြသည်ကို ကိုယ်စားပြုသည့် အကဟု  ဆိုသည်။

    ရိုးရာအစဉ်အလာအရ ဘိုးဘွားနတ်များကို ကျွဲတစ်ကောင်ဖြင့် ယစ်ပူဇော်၍ မနောပွဲတော်များကိုကျင်းပကြပြီး ယင်းကို နတ်‌‌‌ဂျော့ (nat jaw) သည်ဟု သိကြသည်။ ထိုရိုးရာကို အိန္ဒိယတွင် ဆက်လက်ပြုလုပ်ကြသော်လည်း ခရစ်ယာန် ဘာသာဝင် ဖြစ်လာသော ကချင်များရှိရာ မြန်မာပြည်တွင် တားမြစ်ထားသည်။ မနောအကသည် တစ်တိုင်တွင် ပုံစံတစ်ကွက်စီ အလှခြယ်ထားသော၊ တစ်တွဲတွင် လေးတိုင်မှ ဆယ့်နှစ်တိုင်ထိ ပါဝင်တတ်သော မနောတိုင် ကြီးများကို လှည့်ပတ်ကခုန်ရခြင်း ဖြစ်သည်။ ဝတ်ရုံများနှင့်အောက်ချင်းငှက်အဆောင်ယောင် ခေါင်းပေါင်းများ ဝတ်ဆင် ထားသည့် ရှေ့ဆောင်အမျိုးသား နောင်ရှောင် (Naushawng)က ဦးဆောင်၍ အတန်း နှစ်တန်းဖြင့် လှည့်ပတ်ရွေ့လျားကာ ဗုံရှည်များ၊ မောင်းများ၊ လေမှုတ်တူရိယာများနှင့် တီးမှုတ်သည့် ဂီတအတိုင်း သီဆို ကခုန်ကြသည်။

    ကြီးပွားတိုးတက်စေရန်၊ ပိုမိုချမ်းသာကြွယ်ဝရန်၊ စစ်ချီရန် နှင့် စစ်အောင်ရန် အပါအဝင် ရည်ရွယ်ချက်များစွာ အတွက် မနောပွဲတော်များကို ကျင်းပနိုင်သည်။ Singdu Nong ၏ အဆိုအရ ရှာပွန်ရော်န် မနောပွဲတော်တွင် ရည်ရွယ်ချက်များစွာ ပါဝင်သည်။ “ကျွန်တော်တို့ ဘိုးဘေး ရှာပွန်ရော်န် ကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ် အနေနဲ့ ကကြပြီး သူရဲ့ ကောင်းချီး၊ ဥာဏ်ပညာအမျှော်မြင်၊ ချမ်းသာကြွယ်ဝမှု နှင့် အကာကွယ် တို့ကို တောင်းခံကြပါတယ်”ဟု သူက ဆိုသည်။

    ။မနောကွင်းသို့ အဝင် မုဒ်ဦး၊ ဘော်ဒွမ်ဆာ (ဓါတ်ပုံ၊ အီမလီ ဖစ်ရှ်ဘိမ်း)

    ဗြိတိသျှကိုလိုနီခေတ်မတိုင်မီက မနောပွဲတော်များသည် “လူမှု့ယဉ်ကျေးမှုနှင့် နိုင်ငံရေးသဏ္ဍန်  အမျိုးမျိုး ချိတ်ဆက်ပါဝင်နေသည့် အလွန်အရေးပါလှသော ပူဇော်ပသပွဲတစ်ခု” ဖြစ်သည်ဟု ‌ဒေါက်တာ Manday Sadan က သူမ၏ ၂၀၀၅ ခုနှစ် School of Oriental and American Studies အတွက် ဒေါက်တာဘွဲ့ ယူ စာတမ်းတွင် ဖော်ပြထားသည်။ ရက်ပေါင်းများစွာ ကျင်းပသော ထိုပွဲတော်များသည် ‌ဂျေးဝါး (jaiwas) ဟု သိကြသော နတ်ဆရာများမှ ကြီးမှူး၍ ပွဲတော်ကျင်းပသူ၏ ဆွေစဉ်မျိုးဆက်ကို ရွတ်ဖတ်သရဇ္ဇာယ်ခြင်း နှင့် နတ်များကိုပူဇော်ပသခြင်း ဖြစ်သည်ဟု ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သည့် ကချင်ဖြစ်ခြင်း နှင့် ကချင်ဖြစ်လာခြင်း ဟူသော သူမ၏စာအုပ်တွင် အကျယ်တဝင့် ရှင်းပြထားသည်။

    Sadan ၏ အဆိုအရ အမျိုးအနွယ်များ ကွဲကွာသောအခါ သို့မဟုတ် အမျိုးအနွယ်တစ်ခုအဖြစ် ပေါင်းစည်း ကြသောအခါ ထိုအခမ်းနားများကို မှတ်သားရန် အပါအဝင် မနောပွဲများကို ကျင်းပကြပြီး၊ ထိုမနောပွဲများ ကျင်းပသည့်အတွက် ဂျိန်းဖောအကြီးကဲများသည်လည်း လူမှု့နိုင်ငံရေးတွင် ၎င်းတို့၏ အခန်းကဏ္ဍပို၍ ခိုင်မာလာသည်။  သူမ၏ သုတေသနအရ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် အကြားတွင် မနောပွဲတော်များ၏ အခန်းကဏ္ဍမှာ ပြောင်းလဲလာခဲ့သည်။ ဗြိတိသျှကိုလိုနီ အုပ်ချုပ်သူများက ဂျိန်းဖောအကြီးအကဲများ၊ ရွာလူကြီးများနှင့် ဆက်ဆံရေးခိုင်မာစေရန် နှင့် ကချင်တောင်တန်းနှင့် အထက်မြန်မာပြည်ကို လက်လှမ်းမိစေရန် မနောပွဲတော်များကို နည်းလမ်းတစ်ခုအနေဖြင့်အသုံးပြုခဲ့ကြသည်။ ၁၉၂၀ ခုနှစ်များတွင် ဗြိတိသျှတို့သည် မနောပွဲတော်အား အရေးကြီးသည့် မူဝါဒများ ကြေညာရန် အသုံးပြုခဲ့ကြသည်။ ပွဲတော်၏ အစဉ်လာ နတ်ကိုးကွယ်မှုများကို ၎င်းတို့၏ အုပ်ချုပ်ရေးရာ ကိစ္စရပ်များဖြင့်  ဖုံးလွှမ်းလာခဲ့သည်။

    ဗြိတိသျှတို့ထံမှ ဗမာတို့လွတ်လပ်ရေး ရသည့်အခါ ဗဟိုအစိုးရသည် ဇန္နဝါရီလ ၁၀ ရက်နေ့အား ကချင်ပြည်နယ်နေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် မနောပွဲတော်များကို စတင်ကြီးမှူးကျင်းပလာခဲ့ကြသည်။  ၁၉၆၁ ခုနှစ် တွင် ကေအိုင်အိုမှ နိုင်ငံရေးလွတ်လပ်ခွင့်အတွက် တော်လှန်‌ရေးစတင်ခဲ့ပြီးနောက်တွင် ထိုအခမ်းနားများ ရပ်တန့်သွားခဲ့သည်။ ထိုအခမ်းနားများအစား လက်နက်ကိုင်တော်လှန်ရေး ကျယ်ပြန့်လာသည်ကို အထိမ်းမှတ်ပြုလုပ်ရန် ကေအိုင်အိုမှ ၎င်းတို့၏နယ်မြေတွင် မနောပွဲတော်တစ်ခု ကိုကျင်းပခဲ့သည်။ Sadan ၏ အဆိုအရ ထိုပွဲတော်မှာ ကချင်မျိုးနွယ်စု ခြောက်ခုလုံးကို ကိုယ်စားပြုသည့် ကချင်မျိုးနွယ်ဝင်အားလုံး၏ လူမျိုးစုနိုင်ငံရေး အမှတ်လက္ခဏာ ဝန်ပေါင် (Wunpawng) ကို ပေါ်ပေါ်ထင်ထင် ကျင်းပသည့် ပထမဆုံး ပွဲတော်ဖြစ်ခဲ့သည်။

    ၁၉၉၄ ခုနှစ်တွင် စစ်တပ်နှင့် ကေအိုင်အို တို့အကြား အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးသည်နှင့်အတူ မြစ်ကြီးနားတွင် ကချင်ပြည်နယ်နေ့ အထိမ်းမှတ်ပွဲတော်များ ပြန်လည်စတင်ခဲ့ပြီး၊ ထိုအခမ်းနားများကို   ကေအိုင်အို၊ စစ်တပ်နှင့် စပ်တပ်နှင့် နီးစပ်သော ကေအိုင်အို ခွဲထွက်အုပ်စု များပါ တက်ရောက်ခဲ့ကြသည်။  သို့သော်လည်း ၂၀၁၁ ခုနှစ် အပစ်ခတ်ရပ်စဲရေး မပျက်ပြယ်မှီ နှစ်များတွင် အဆိုပါ အခမ်းနားများကို စစ်တပ်မှ ပို၍ ချုပ်ကိုင် လာခဲ့သည်။ ထိုလုပ်ရပ်ကို ‌ဒေသတွင်းသတင်းမီဒီယာများကပင် “ယဥ်ကျေးမှုဓလေ့ကို မျိုးတုန်းသတ်ဖြတ်ခြင်း” ဟု ဖော်ပြခဲ့ ကြသည်။

    ၂၀၁၁ ခုနှစ်‌ ဖေဖော်ဝါရီလတွင်  ကချင်တော်လှန်ရေးနေ့  နှစ် ၅၀ မြောက် အထိမ်းမှတ်အနေဖြင့် ကေအိုင်အိုမှ မိုင်ဂျာယန်ရှိ ၎င်း၏  အရှေ့တိုင်းဌာနချုပ်တွင် မနောပွဲတော် ကို ကျင်းပခဲ့သည်။ ထိုအချိန်က စစ်တပ်သည် ကေအိုင်အို နယ်မြေ သို့ သွားရောက်ခွင့်ကို ပိတ်ပင်ထားခဲ့သည့်အတွက် ၎င်းတို့အုပ်ချုပ်သည့် နယ်မြေမှ မနောပွဲတော် တက်ရောက်ချင်သူများသည် တရုတ်ပြည်မှ ပတ်၍ သွားခဲ့ကြရသည်။ စစ်တပ်နှင့် ကေအိုင်အို အကြား စစ်ပွဲသည် ဇွန်လတွင် ပြန်စခဲ့ပြီး၊ မြစ်ကြီးနားရှိ ကချင်ပြည်နယ်နေ့ ပွဲတော်များကို စစ်တပ်မှ များစွာ နေရာယူစောင့်ကြည့်ခဲ့သကဲ့သို့၊  ကချင်လူမှုအဖွဲ့စည်းများမှလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ကြသည်။ ထိုအချိန်က ကချင်တက်ကြွလှုပ်ရှားသူများက စစ်တပ်၏ ကျူးကျော်တိုက်ခိုက်မှုများကို ဆန့်ကျင်ဆန္ဒပြရန် မနောကွင်းကို အသုံးပြုခဲ့ကြသည်။

    မြန်မာပြည်မှ မနောပွဲတော်များမှ ဝိဝါဒကွဲပြားမှုများဖြင့် ဖုံးလွှမ်းခံနေရစဉ် အခြားနိုင်ငံများရှိ ကချင်လူမျိုးများမှာ ၎င်းတို့၏ ရိုးရာကိုဆက်လက်ကျင်းပလျက်ရှိသည်။ ဂျိန်းဖောနှင့် ဇိန်ဝှာ စကားပြောသူများအားလုံးကို ဂျိမ်းဖိုး (Jingpo) ဟု အသိမှတ်ပြုထားသော ဂျိမ်းဖိုးတို့ မြေ တရုတ်ပြည် ယူနန် ခရိုင်၏ ဒယ်ဟွန်ဒိုင်နှင့် ဂျိမ်းဖိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွင် မနောပွဲတော်ကို မုနောင်ကျုံကော် (Munao Zongge)  ပွဲတော်ဟု သိကြပြီး တရုတ်အစိုးရက ကြီးမှူးကျင်းပသည်။ ယခုဆိုလျှင် ၃၉ နှစ်တိုင်ခဲ့ပြီး ဖြစ်ပြီး သိပ်မကြာသေးမီ ယခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပ ခဲ့ပြီး တရုတ်အစိုးရပိုင် သတင်းမီဒီယာများအပါအဝင် လူပေါင်း ၆၀,၀၀၀ ကျော် တက်‌ရောက်ခဲ့သည်။

    မနောပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ ဘန်မိုင် စမ်မခီ ကချင်ရွာတွင်လည်း ကျင်းပ ကြသည်။ ၁၉၇၀ ခုနှစ် နောက်ပိုင်းတွင် ကေအိုင်အို အဖွဲ့ဝင်ဟောင်းများမှ ရွာကိုတည်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ရွာအဖြစ် တရားဝင် အသိမှတ်ပြုမှုရရှိခဲ့သည်။ ရွာအဖြစ်အသိမှတ်ပြုခံရပြီး မကြာမီတွင် ရွာသားများက နတ်ရွာစံသွားပြီ ဖြစ်သော ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏ မွေးနေ့ပွဲတွင် မနောပွဲတော်များ စတင်ကျင်းပခဲ့သည်။ နောက်ဆုံး ပွဲတော်များကျင်းပခဲ့သည်မှာ ၂၀၁၈ ခုနှစ်တွင် ဖြစ်သည်။

    ကချင်နှင့်ဗမာကုန်စည်များ၊ ဘော်ဒွမ်ဆာ၊ ၁၃ ဖေဖော်ဝါရီ ၂၀၂၃ (ဓါတ်ပုံ၊ အီမလီ ဖစ်ရှ်ဘိမ်း)

    အိန္ဒိယနိုင်ငံ၏ ရှာပွန်ရော်န် မနောပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလတိုင်းတွင် Singpho Development Society မှ ကြီးမှူးကျင်းပပေးသည်။ Singdu Nong ၏ အဆိုအရ အဆိုပါပွဲတော်သည် အိန္ဒိယ – မြန်မာ နယ်စပ်တလျှောက်မှ ကချင်များကို ပြန်လည်ချိတ်ဆက်ပေးသည်။ “ကျွန်တော်တို့ အားလုံး နိုင်ငံအသီးသီးမှာ နေထိုင်ကြပေမယ့် ကျွန်တော်တို့အားလုံးက တသွေးတည်းဖြစ်တယ်ဆိုတာကို အမှတ်ရစေဖို့ မနောပွဲကို ကျင်းပတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

    ယခုနှစ်ပွဲတော်အတွင်း လာရောက်ကြသူအချို့မှာ ဟူကောင်းချိုင့်ဝှမ်းမှ ဂျိန်းဖောများဖြစ်ပြီး အိန္ဒိယ ဆင်းဖောများနှင့် ဘာသာစကားနှင့် ခခု (Hkahku) မျိုးနွယ်စုအရပါ တူညီကြသူများဖြစ်သည်။ အမှတ်တရ ပစ္စည်းများ လာရောင်းကြသော မြန်မာပြည်မှ စျေးသည်များနှင့်အတူ ပန်ဆူးဖြတ်လမ်း ကို မဖြတ်ခင်တွင် ဟူးကောင်းချိုင့်ဝှမ်းမှ စစ်ကိုင်းတိုင်း သို့ ဖြတ်ဝင်၍ ကုန်းမြင့်လမ်းမှ လာကြသူများဖြစ်သည်။

    တောင်တန်းထူထပ်သော နယ်စပ်ဖြတ်လမ်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုတိုက်ခိုက်ရန်အတွက် တရုတ်နိုင်ငံသို့ အနောက်မဟာမိတ်များက အထောက်ပံ့များပေးပို့ရန် ဖောက်လုပ်ထားသည့် လီဒိုလမ်းမကြီး ပေါ်တွင်တည်ရှိသည်။ ယင်း ၏ခက်ခဲကြမ်းတမ်းလှသော နယ်မြေအနေထားကြောင့် “ငရဲလမ်း” ဟု လည်း ခေါ်‌ဝေါ်ကြသည်။ ယနေ့ချိန်တွင် ဒေသခံများအား နယ်စယ်မျဉ်း၏ ဟိုဘက်ဒီဘက် ၁၆ ကီလိုမီတာ အကွာဝေးထိ ဗီဇာမလိုဘဲ ဖြတ်သန်းသွားလာခွင့်ပေးရန် အိန္ဒိယနှင့် မြန်မာအကြား နှစ်နိုင်ငံသဘောတူညီမှု စာချုပ်ကို ၂၀၁၈ ခုနှစ်တွင် ချုပ်ဆိုထားပြီး ဖြစ်သော်လည်း  ပြည်တွင်းထဲတွင် အများပြည်သူ ထပ်မံသွားလာနိုင်ရန်မှာ ကန့်သတ်ထားဆဲဖြစ်သည်။ ခြွင်းချက်အနေဖြင့် ရှာပွန်ရော်န် မနောပွဲတော် တက်ရောက်ရန် မြန်မာပြည်မှ ဧည့်သည်များသည် အိန္ဒိယနယ်စပ်အာဏာပိုင်များထံမှ ခွင့်ပြုချက် လျှောက်ထား၍ သွားလာနိုင်သည်။ ပွဲတော်ပြီးပါက ချက်ချင်းပြန်ရန် လိုအပ်ပေသည်။

    ၂၀၀၉ ခုနှစ်တွင် ကျင်းပသော ၂၅ နှစ်ပြည့် အထိမ်းမှတ်အခမ်းနား ရှာပွန်ရော်န် မနောပွဲတော် တွင် မြန်မာပြည်မှ ပါဝင်တက်ရောက်သူ အများပြားရှိခဲ့သည်။ ထိုထဲတွင် ပတ္တမြားလုပ်ငန်းလုပ်ကိုင်သူ သူဌေးကြီး Sutdu Yup Zau Hkawng လည်း ပါဝင်ခဲ့သည်။ နှစ်နှစ်ကြာပြီးနောက်တွင် ကေအိုင်အိုနှင့်စစ်တပ်တို့၏ အပစ်ခတ် ရပ်စဲရေး ပျက်ပြယ်သွားကာ ကချင်နိုင်ငံရေးအခြေနေများလည်း များစွာပြောင်းလဲသွားခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းတွင် အာဏာသိမ်းအစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင် အုံကြွမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး တိုက်ပွဲများလည်း ပြင်းထန်လာခဲ့သည်။

    Singdu Nong ၏ အဆိုအရ အိန္ဒိယအာဏာပိုင်များက နယ်စပ်ဖြတ်သန်းခွင့်များကို တင်းကျပ်လာသဖြင့် ၂၀၀၉ ခုနှစ်သကဲ့သို့  ရှာပွန်ရော်န် မနောပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် မဖြစ်နိုင်တော့ပေ။ “အစိုးရက လူဘယ်နှစ်ယောက်လာမလဲ ဆိုတဲ့အပေါ်မှာ အရမ်းတင်းကျပ်တယ်” ဟု သူကဆိုသည်။ “အရင်က အိန္ဒိယအစိုးရရဲ့ ခွင့်ပြုချက်နဲ့  မြန်မာပြည်က ကိုယ်စားလှယ် တစ်ရာကျော်ကို ကျွန်တော်တို့ တရားဝင် ဖိတ်တယ်လေ၊ ဒါပေမယ့် ဒီနှစ် နိုင်ငံရေး အခြေနေကြောင့် ကျွန်တော်တို့ မဖိတ်နိုင်ခဲ့ဘူး။  ကျွန်တော်တို့ ဖိတ်ဖြစ်ခဲ့ရင်တောင် သူတို့ မလာနိုင်လောက်ဘူး” ဟု ဆိုသည်။

    တရုတ်ပြည်နှင့် အခြားနိုင်ငံများမှ ကချင်များအဖို့ ရှာပွန်ရော်န် ပွဲတော်တက်ရောက်ရန် ပို၍ ခက်ခဲသည်။ အာရူးနာချဲ ပရာဒတ်ရှ် ပြည်နယ်၏ တဝန့်ခရိုင်နှင့် ပတ်သက်၍ အိန္ဒိယနှင့် တရုတ်ပြည်အကြား နယ်မြေ အငြင်းပွားမှု သမိုင်းများ ရှိခဲ့၍ဖြစ်သည်။ နိုင်ငံခြားသားများအနေဖြင့် ပြည်နယ်သို့ အလည်ပတ်လာလျှင် အိန္ဒိယ၏ ပြည်ထဲရေးဝန်ကြီးမှတစ်ဆင့် အကာကွယ်ရဒေသဆိုင်ရာ ခွင့်ပြုချက် (Protected Area Permit) တစ်ခု ကို လျှောက်ထားရမည်ဖြစ်သည်။

    အာရူးနာချဲ ပရာဒတ်ပြည်နယ်၊ အင်နောင်းရွာမှ ရှေ့နေ တစ်ဦးဖြစ်သည့် Nnau Brang Nan က ပထဝီနိုင်ငံရေးကြောင့် နယ်စပ်ဒေသများတွင် ဖြန့်ကျက်နေထိုင်သည့် ကချင်များနှင့် အခြား တိုင်းရင်းသား လူမျိုးစုများ ကြားညပ်နေရသည့်အခြေနေကို ဖော်ပြခဲ့သည်။ မြစ်ကြီးနားတွင် နေထိုင်သော ၎င်း၏ ဆွေမျိုးများ ထံ ကုန်းမြင့်ပေါ်နယ်စပ်မှ တရားဝင် ဖြတ်သန်းပြန်မရသည့်အတွက် မြန်မာသံရုံးမှ တစ်ဆင့် ဗီဇာ လျှောက်ထား ကာ မြန်မာပြည်ထဲသို့ လေယာဉ်နှင့်တစ်ဆင့် ဝင်ရမည်ဖြစ်သည်။ အိန္ဒိယတွင် နေထိုင်သော ဆွေမျိုးများထံ လည်ပတ်နိုင်ရန်လည်း မြန်မာပြည်မှ ကချင်များသည် အလားတူ အခြေနေ ကြုံတွေ့ရမည်ဖြစ်သည်။ “ကချင်တွေသာမကဘူး ချင်းတွေ၊ နာဂတွေ၊ အခြား တိဘက်-မြန်မာအနွယ်တွေ အကုန်လုံးအပါအဝင် ကျွန်တော်တို့က နယ်စပ်တိုင်းရင်းသားလူမျိုးတွေလို ဆက်ဆံခံရတယ်” ဟု သူကဆိုသည်။ “ကျွန်တော်တို့မှာ ပတ် ပတ် ပြီးသွားနေရတာ၊ အဲ့ခံစားချက်က အရမ်းဆိုးတယ်” ဟု ဆိုသည်။

    မနောကွင်းသို့ ဝင်ရန် တန်းစီနေသော မနောအကမောင်မယ်များ၊ ဘော်ဒွမ်ဆာ၊ ၁၃ ဖေဖော်ဝါရီ ၂၀၂၃ (ဓါတ်ပုံ၊ အီမလီ ဖစ်ရှ်ဘိမ်း)

    အိန္ဒိယတွင် နေထိုင်ကြသည့် မြန်မာပြည်မှ ကချင်များအတွက်မူ မနောပွဲတော် တွင် ပါဝင်ရန် ပိုလွယ်ကူကြသည်။ ယခုနှစ်တွင် အိန္ဒိယအရှေ့မြောက်ပိုင်း၏ မြို့တော်ဖြစ်သည့် မီခါးလားယား ပြည်နယ်၊ ရှိလောင်းမြို့တော်မှ တက္ကသိုလ်ကျောင်းသူကျောင်းသား တစ်ဒါဇင်ခန့်က  ၎င်းတို့ ၏ဆင်းဖော မိတ်ဆွေများနှင့်  မီးပုံပွဲတွင် ဝိုင်းထိုင်၍ ဉာဉ့်နက်သည်အထိ သီချင်းများဆိုခဲ့၊ ခရီးထွက်ခဲ့ကြသည်။ “နှစ်ပေါင်းများစွာ ကိုယ့်အသိုက်ဝန်းနှင့် ကင်းကွာနေခဲ့ပြီး ဒါ ပထမဆုံးအကြိမ် ပြန်လာဖြစ်ပြီး ကချင်ဆိုတဲ့အငွေ့အသက်ကို ပြန်ခံစားရတာပါပဲ၊ အရမ်းကိုနွေးထွေးတဲ့ ခံစားချက်ပါပဲ” ဟု North-Eastern Hill University တွင် နိုင်ငံရေးသိပ္ပံ လေ့လာနေသည့် Tsam Rawng Seng Maji က ဆိုသည်။

    သို့သော်လည်း သူနှင့်အခြားသူများမှာ ဆင်းဖောတို့၏ ယဉ်ကျေးမှု အမှတ်လက္ခဏာ တဖြည်းဖြည်းပျောက်ကွယ် လာသည့်အပေါ်ကို စိုးရိမ်ကြောင်းပြောဆိုခဲ့သည်။ “ကျွန်တော့်ရဲ့ အဓိက ဆန္ဒကတော့ ဆင်းဖောအသိုက်ဝန်းနဲ့ ပေါင်းစည်းပြီး ဒီအသိုက်ဝန်းနဲ့အတူ ကြီးပြင်းလာချင်တာ .. ပြီးတော့ ဘာသာစကားနဲ့ ယဉ်ကျေးမှု တွေကို မပျောက်ပျက်သွားစေချင်တာ” ဟု ထိုတက္ကသိုလ်တွင် တက်ရောက်နေသော ရူပဗေဒ ကျောင်းသား Mung Ran Awng က ဆိုသည်။ ပွဲတော်တွင်ပါဝင်ကြသည့် အခြားသူများမှာ အိန္ဒိယတွင်နေထိုင်သော မြန်မာပြည်မှ ကချင် သာသနာပြု လက်တစ်ဆုပ်စာ ဖြစ်သည်။ မြန်မာပြည်မှ ကချင်အများစုမှာ ခရစ်ယာန် ဘာသာဝင် ဖြစ်ကြသော်လည်း ဆင်းဖောအများစုမှာ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ဆွေစဉ်မျိုးဆက် နတ်ကိုးကွယ်မှုကို ရောနှော ကိုးကွယ်ကြသည်။

    အသိုက်ဝန်းနှစ်ခုကြားတွင် ကိုးကွယ်ယုံကြည်မှုမှာ ဆက်စပ်ထိမခံသည့် အကြောင်းရာတစ်ခု ဖြစ်ပုံပေါ်သည်။ “ကျွန်တော်တို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် အိမ်နီးချင်းတွေဆီ အလည်သွားတဲ့အခါ ကိုးကွယ်ယုံကြည်မှုခေါင်းစဥ်တွေဘက်ရောက်သွားရင် စကားကို သတိထားပြောရတယ်” ဟု အာသံ ပြည်နယ်၊ အင်သန်ရွာမှ ကချင်နှစ်ခြင်း သာသနာပြုကျောင်းကို ဦးစီးနေသည့် Hka Tawm Maran က ဆိုသည်။ ယေဘူယျ နားလည်မှု တစ်ခုတော့ ရရှိခဲ့သည်ဟု သူမကဆိုသည်။ “သာသနာပြုကျောင်းအပြင်မှာ တရားဟောတာမျိုး လုပ်လို့မရပေမယ့် ကျွန်မတို့ရဲ့ ဘာသာတရားကိုတော့ လွတ်လွတ်လပ်လပ် ကိုးကွယ်ကျင့်သုံးလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ခရစ်ယာန်ဖြစ်တယ်၊ အဲ့တာကြောင့် ကျွန်မတို့ နည်းအတိုင်း ယုံကြည်ကိုးကွယ်တာ ဖြစ်တယ် ဆိုတာကို သူတို့က နားလည်ပါတယ်” ဟု သူမကဆိုသည်။

    အသိုက်ဝန်းနှစ်ခုအကြား ကိုးကွယ်ယုံကြည်မှုကွဲပြားမှုတွေကို ကျော်လွှားခဲ့ပြီး ဖြစ်ပါသည်ဟု အင်နောင်းရွာမှ ရှေ့နေ Nnau Brang Nan  ကဆိုသည်။ “အိန္ဒိယမှာက ဗမာပြည်က ကချင်တွေနဲ့ ဘာသာရေးအရ အဆက်စပ်မရှိဘူး။ ဒါပေမယ့် နယ်စပ်ကိုကျော်လွန်ပြီး ကျွန်တော်တို့ကို ချိတ်ဆက်စေတဲ့အရာတွေက ယဥ်ကျေးမှု၊ ရိုးရာဓလေ့၊ ဘာသာစကား နဲ့   မဂျွိုင်းရှင်ဂရဘုံ မှ ဆင်းသက်လာတယ်ဆိုတဲ့ ဇစ်မြစ် ဖြစ်ပါတယ်” ဟု ယနေ့ တိဘက်ရှိ တောင်တန်းတစ်ခု၏ ကချင်အမည်နာမကို သုံး၍ သူကဆိုသည်။

    ရှာပွန်ရော်န် မနောပွဲတော်သည် လူမှု့‌‌ရေးရာများတွင်အသုံးဝင်သည့်အပြင် ကချင် မိရိုးဖလာအစဉ်လာများကို မျှဝေသည့် ပွဲတော်တစ်ခုဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် မြန်မာနောင်ရှောင်မှ သင်ကြားပေးခဲ့သည့် ဆင်းဖော အမျိုးသားများကို မနောအကတွင် ဦးဆောင်စေခဲ့သည်။ ၂၀၀၉ ခုနှစ်တွင်လည်း မြစ်ကြီးနားမှ ကချင် ဘာသာစကားပညာရှင် Langjaw Kyangying မှ မနောပွဲတော်အတွက် ကချင်များအနောက်ဘက်အရပ်သို့ ယနေ့ အိန္ဒိယ အရှေ့မြောက်ပိုင်းသို့ ရွှေ့ပြောင်းခြင်းကို ဖော်ကျူးသည့် သီချင်းတစ်ပုဒ်ကိုစပ်ဆိုခဲ့သည်။

    မနောအကအား ဦးဆောင်နေသော နောင်ရှောင်၊ ဘော်ဒွမ်ဆာ၊ ၁၃ ဖေဖော်ဝါရီ ၂၀၂၃ ခုနှစ် (ဓါတ်ပုံ၊ အီမလီ ဖစ်ရှ်ဘိမ်း

    ပွဲတော်တွင် တီးခတ်သော ကီးဘုတ်သမားသည် အာသံပြည်၊ မာဂ်ရိတမြို့ မှ Jau Lat Manje ဖြစ်ပြီး သူသည် ၂၀၁၈ ခုနှစ်တွင် မြန်မာပြည်မှ ကီးဘုတ် အတီးသမားထံတွင် လေ့လာခဲ့ပြီး၊ နောက်ပိုင်းတွင် YouTube မှ ဆက်လက်လေ့လာခဲ့သူဖြစ်သည်။  “ကျွန်တော်ငယ်ငယ်ကတည်းက ဂီတကိုလေ့လာခဲ့သူပါ။ ဒါကြောင့် ဒီဟာကိုလည်း ကြိုးစားကြည့်မယ်ဆိုပြီး လုပ်ခဲ့ပါတယ်” ဟု သူက ဆိုသည်။ “အခုတော့ ကျွန်တော့်အလုပ် တာဝန်ဖြစ်သွားပါပြီ။ ကျွန်တော်ဒီမှာ ပါဝင်လာတာ ၅ နှစ်ရှိပါပြီ။ ကျွန်တော့် အတွက် အရမ်းကောင်းပါတယ်” ဟု သူကဆိုသည်။

    အိန္ဒိယ ဆင်းဖောများအကြား လစ်ဟာနေသောအရာတစ်ခုမှာ ကချင်လူ့အဖွဲ့စည်းတွင် တတ်ကျွမ်းသူ ရှားပါးလှသည့် ကျွဲချို တီးမှုတ်သူဖြစ်သည်။ ယခုနှစ်တွင် မြစ်ကြီးနားမှ Salang Magawng Awng  သည် မနောပွဲတော်သို့ တက်ရောက်ခဲ့ပြီး ဝါးစင်အမြင့်မှ စည်းဝါးသုံးမျိုးကို တီးမှုတ်၍ မနောကသူများ၏ ကကွက်များအတွက် ကူညီပေးခဲ့သည်။

    ကချင် ယဥ်ကျေးမှုနှင့် ရိုးရာအစဉ်အလာကို မြှင့်တင်ရန် ကြိုးစားသည့်အနေဖြင့် Singpho Development Society မှ ရိုးရာပုံပြင်များ၊ အက်ဆေးရေးသည့် ပြိုင်ပွဲများ၊ ပုံဆွဲနှင့် အက အပါအဝင် ပြိုင်ပွဲများကို ကျင်းပ ပေးခဲ့သည်။ အကပြိုင်ပွဲများကို ရိုးရာအဝတ်ထည်၊ အလှပနှင့်စွမ်းရည် ပြသသည့် ဖက်ရှင်ပွဲများနှင့် သီချင်းဆို ပွဲများနှင့်အတူ ညဘက်စင်မြင့်ဖျော်ဖြေတင်ဆင်မှုများတွင် ကျင်းပခဲ့သည်။

    ယမန်နေ့ ဖျော်ဖြေမှုတွင် ကချင်နာမည်ကြီး အချစ်သီချင်း Yu Saalai ကို သီကုံးရေးစပ်သည့် ဘောလီဝုဒ် အဆိုတော်နှင့် သီချင်းရေးဆရာ Anong Singpho က အဓိကဖျော်ဖြေတင်ဆက်ခဲ့သည်။  သူ၏ ဖျော်ဖြေ တင်ဆက်မှု အပြီး လူတွေ့မေးမြန်းမှုတွင် ၎င်းက ဆင်းဖောလူငယ်များအတွက် စိတ်ခွန်အားဖြစ်စေရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့ လူ့အဖွဲ့စည်းမှာ လူအမျိုးမျိုးရှိကြပါတယ်။ တချို့က အားကစားမှာ တော်တယ်၊ တချို့ က ဂီတမှာ တော်တယ်၊ တချို့က အပေါင်းအသင်းဖိအား၊ မူးယစ်ဆေးဝါး၊ ဘိန်းနဲ့ သူတို့ကို ထိခိုက်စေနိုင်တဲ့ ၊ လူ့အဖွဲ့စည်းကို ထိခိုက်စေနိုင်တဲ့ တခြား လမ်း ကြောင်းအမျိုးမျိုးကို ရောက်သွားကြတယ်” ဟု ဆိုသည်။ “တချို့ လူငယ်တွေ ကျွန်တော့်ကို သူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် မှတ်ယူဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဆိုသည်။ လက်ရှိတွင် သူသည် ဒုတိယမြောက် ဆင်းဖော သီချင်းတစ်ပုဒ်ကို သီကုံးရေးသားနေပြီး အခြားသော ဆင်းဖော လူငယ်များ ကဲ့သို့ပင် ဆင်းဖောဘာသာ စကားမကျွမ်းကျင်မှုကြောင့် ယင်းမှာ သူ့အတွက်စိန်ခေါ်မှုဖြစ်သည်။ ပွဲ‌တော်ကာလ အတွင်း မြန်မာနှင့် အိန္ဒိယမှ လူငယ်များမှာ အဆိုပါ ဘာသာစကားအခက်ခဲကြောင့် အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ် ပြောဆိုကြသည်။

    ဆင်းဖောတွေပဲ မဟုတ်ပါ။ အာရူးနာချဲ ပရာဒတ်ပြည်နယ်အစိုးရမှ ပြည်နယ်တွင် ကိုယ်ပိုင်ဘာသာစကား သို့မဟုတ် ‌ဒေသစကားရှိသူ “မျိုးနွယ်စုကြီး” ၂၆ မျိုးနှင့် “မျိုးနွယ်စုငယ်” ၁၁၀ မျိုးရှိသည်ဟု ရေတွက်ပြုစု ထားသည်။ သို့သော် သိပ်မကြာမီနှစ်များက ပြည်နယ်အစိုးရမှ အဆိုပါကွဲပြားစုံလင်သော ဘာသာစကား အမျိုးမျိုးနှင့် ယဥ်ကျေးမှု အမွေအနှစ်များကို မြှင့်တင်ရန် စတင်ဆောင်ရွက်လာခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်  အင်္ဂလိပ်ဘာသာစကား၊ ဟင်ဒီ ဘာသာစကားတို့နှင့် အတူ ဘာသာစကား ၈ မျိုးအား မူရင်းအသံထွက်နှင့်ပြောဆို နိုင်ရန် ညွှန်ကြားချက်များကို ထုတ်လွှင့် ခဲ့သည်။ ထိုအထဲတွင် ဆင်းဖောများ မပါဝင်သော်လည်း မိခင်ဘာသာ စကားနှင့် ဖတ်စာအုပ်များကို ပြင်ဆင်ထားရှိရန် ဝန်ကြီးချုပ် မှ ပြည်နယ်တွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု အားလုံးကို  ဖိတ်ခေါ်ခဲ့သည်။ ရိုးရာပွဲတော်များကျင်းပနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်မှစ၍ ပြည်နယ်အစိုးရမှ ရန်ပုံငွေများလည်း ခွဲဝေ ချထား ပြီးဖြစ်သည်။ ယခုနှစ် ဇန္နဝါရီလတွင် ဌာနေတိုင်းရင်းသားများ ရှိခိုးဆုတောင်းနိုင်သည့် ခန်းမများကို ခရိုင်တိုင်းတွင် တည်ဆောက်မည့် အစီစဉ်များကို ကြေညာခဲ့သည်။

    “အာသံ ပြည်နယ်မှာ ကျွန်တော်တို့ရဲ့ စာပေယဥ်ကျေးမှုနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာကို တန်ဖိုးထားတဲ့ ပံ့ပိုးမှုမျိုး ရှိမနေဘူး။ ဒါပေမယ့် အာရူးနာချဲ ပရာဒတ်ပြည်နယ်မှာ  ကျွန်တော်တို့ရဲ့ ယဥ်ကျေးမှု၊ ကိုယ်ပိုင်အမှတ်လက္ခဏာ၊ ဘာသာစကားနဲ့ စာပေ တို့ ကို မြှင့်တင်နိုင်မယ့် အခွင့်လမ်းရှိနေပါတယ်” ဟု Singdu Nong ကပြောသည်။

    စာရေးသူ၏အမှာစာ။      ။ ယခုအစီရင်ခံစာတွင် အီဒသ် မီရန်တီ လည်း မျှဝေခဲ့သည်။

    အီမလီ ဖစ်ရှ်ဘိမ်း သည် ဖော်ပြရေးသားထုတ်ဝေမှုအားနဲနေသည့် အကြောင်းရာများကို ပူး‌ပေါင်း ဆောင်ရွက်သည့် နည်းလမ်းဖြင့် ချဥ်းကပ်ဖော်ထုတ်ရေးသားနေသော လွတ်လပ်သည့် စာရေးသူတစ်ဦးဖြစ်သည်။

    ကယ်လ်ဗင် စင်‌ပ်ရော်သည် (အမည်လွှဲ) မြန်မာနိုင်ငံ ကချင်ပြည်နယ် ပူတာအိုမှ ဖြစ်ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံ ရှိလောင်းမ ICFAI University တွင် နိုင်ငံရေးသိပ္ပံ လေ့လာသင်ယူနေပါသည်။

    Related Articles

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.