မြန်မာ့နွေဦးတော်လှန်ရေးတွင် လူငယ်ထုပါဝင်နေမှုများနှင့်အတူ ဒီမိုကရေစီစံနှုန်းများနှင့် အနှစ်သာရများ ဆိတ်သုဥ်းစပြုနေသည့်တော်လှန်ရေးအတွင်းရုန်းကန်နေရခြင်းများကို သိမ့်စန္ဒီစိုးမှ သုံးသပ်တင်ပြထားပါသည်။
ဤစာတမ်းတွင် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ပါဝင်လှုပ်ရှားနေဆဲ ဖြစ်သည့် လူထု၊ အထူးသဖြင့် နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်လမ်းစဉ်တွင် ပါဝင်နေဆဲဖြစ်သည့် မြန်မာ့တော်လှန်လူငယ်ထု အပေါ် ရိုက်ခတ်မှု ပြင်းထန်နေသည့် နွေဦးတော်လှန်ရေးအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် အစရှိသော ဒီမိုကရေစီစံနှုန်း လျော့ပါးနေမှုများကို ဖော်ပြပါမည်။ နွေဦးတော်လှန်ရေးအတွင်း လက်ရှိမြေပြင်အခြေနေများ၊ မြေပြင်နှင့် ကင်းကွာသည့် အပေါ်ယံ အကြံပြုချက်များကြောင့် နွေဦးတော်လှန်ရေးနှင့် တော်လှန်လူထုအပေါ် သက်ရောက်မှု များကိုလည်း ဖော်ပြသွားပါမည်။ ထို့အပြင် စစ်အာဏာရှင်အား တော်လှန်ရန် အသက်နှင့် အနာဂတ်ကို စွန့်လွှတ်ကာ အားမာန်အပြည့်နှင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် မြန်မာ့တော်လှန်လူငယ်ထုမှာ စစ်အာဏာရှင်တော်လှန်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေးအကြား ရွေးချယ်ရန် ပါးလွှာလွန်းလှသည့်အပြင် ဒီမိုကရေစီစံနှုန်းများနှင့် ဒီမိုကရေစီအနှစ်သာရများ ဆိတ်သုဉ်းစပြုနေသည့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ရုန်းကန်နေရခြင်းများကို သုံးသပ်တင်ပြသွားပါမည်။
ထိုသို့ ဒီမိုကရေစီစံနှုန်းများ ဆိတ်သုဥ်းလာခြင်းကို သုံးသပ်တင်ပြရာတွင် နွေဦးတော်လှန်ရေး အတွင်းရှိ တော်လှန်ရေးလက်နက်ကိုင် အင်အားစုများ အကြားတွင် ဗဟိုကွပ်ကဲမှုတည်ဆောက်ရန် ကြိုးပမ်းရာမှ တဆင့် ဖြစ်ပေါ်တည်ရှိလာသော စီမံခန့်ခွဲမှု ရှုပ်ထွေးခြင်းများနှင့် ၎င်း၏ အကျိုးဆက်များကို ဖော်ပြသွားပါမည်။ မြန်မာနိုင်ငံအား စစ်တပ်(လုံးဝ)မရှိသော နိုင်ငံတခု ဖြစ်တည်လာရန် ပြောဆိုကြသည့် ပညာရပ်ဆိုင်ရာလေ့လာသူများပင် ရှိလာကြသည့် ယနေ့အချိန်တွင် မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များအကြား၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်ကို ပထမဦးစားပေးအနေနှင့် မယူဆဘဲ ဗဟိုကွပ်ကဲမှု (Central Chain of Command – CoC) တည်ဆောက်ရန်သာ ဦးတည်ကြိုးပမ်းနေကြလျှင် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုကို သိသာထင်ရှားသော ရလာဒ်များဖြင့် ရယူနိုင်မည် မဟုတ်ကြောင်း ဆွေးနွေးသွားပါမည်။
“စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး” ဟူသည့် ရည်မှန်းချက်နေရာသို့ သွားရမည့် “နွေဦးတော်လှန်ရေး”လမ်းခရီး၌ “ဒီမိုကရေစီစံနှုန်းများလျော့ပါးလာခြင်း” ဟူသည့် “ခြ”များကို တွေ့ရှိလာရပြီ ဖြစ်ပါသည်။ သို့သော်ရည်မှန်းချက်နေရာသို့ ရောက်ရှိရန်သာ အဓိကဦးစားပေးဖြစ်ပြီး ထို”ခြ”များကို ဖယ်ထုတ်နေလျှင် ရည်မှန်းချက်နေရာသို့ ရောက်ရှိရန် အချိန်ကြန့်ကြာလိမ့်မည် ဟု တွေးယူကြကာ မဖယ်ထုတ်ဘဲ အဆိုပါ “ခြ” များနှင့် သာ နွေဦးတော်လှန်ရေးလမ်းခရီးကို ဆက်လက် လျှောက်လှမ်းကြလျှင် ရည်မှန်းချက်နေရာဖြစ်သည့် “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး”သို့ ရောက်ရှိသည့်အခါ “ခြ” စား၍ ကျန်သော သို့တည်းမဟုတ် “ခြ” စားရာသာ ကျန်သော နွေဦးတော်လှန်ရေးအခွံကြီးနှင့်အတူသာ အဆုံးသတ် ပန်းတိုင်အား တွေ့ရှိကြမည် ဖြစ်ကြောင်း ဤစာတမ်းက သုံးသပ်တင်ပြသွားပါမည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ခဲ့သည့် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုသည် သုံးနှစ်ကျော်လာသည့် ယနေ့ကာလအထိ မြန်မာပြည်သူ တရပ်လုံးအပေါ် ရိုက်ခတ်မှု ပြင်းထန်စွာ ရှိဆဲ ဖြစ်သည်။ သိသာထင်ရှားသည့် ရိုက်ခတ်မှုများသည် အနာဂတ်၏ ကြယ်ပွင့်များဟု တင်စားကြသည့် လူငယ်ထုအပေါ်တွင် ပိုမိုသက်ရောက်မှု ရှိသည်မှာ ငြင်းဖွယ်မရှိပါ။ ‘ရွေးကောက်ပွဲ မသမာမှုကြောင့် နိုင်ငံတော်၏ အာဏာထိန်းရသည်’ ဟု အတိအလင်းပြောဆိုကာ မြန်မာစစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်ရာ ယနေ့တွင် ၄ နှစ် ဟူသော အတိုင်းအတာသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
အာဏာသိမ်းမှုအား လက်မခံသော မြန်မာလူထုသည် အာဏာသိမ်းပြီးနောက်ပိုင်း ကနဦးကာလများ၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း၊ သရုပ်ဖော်ပြချက်များ အသုံးပြုကာ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်း၊ အထိုင်သပိတ်များဖြင့် ဆန္ဒဖော်ထုတ်ခြင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုများဖြင့် ဆန္ဒဖော်ထုတ်ခြင်းကဲ့သို့ သော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများဖြင့် စတင်တော်လှန်ခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမှ အစပြုသော မြန်မာ့နွေဦးတော်လှန်ရေးသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ တော်လှန်ရသည်အထိ ကြီးမားသော အပြောင်းအလဲများအကြား ယနေ့တိုင် သက်ဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား မြန်မာစစ်တပ်မှ အကြမ်းဖက် ဖြိုခွဲခြင်း၊ ဉပဒေမဲ့ ဖမ်းဆီးထောင်ချခြင်း ကဲ့သို့သော နည်းလမ်းများကို အသုံးပြုလာသည်နှင့်အမျှ တော်လှန်လူထု၏ အမျက်ဒေါသမှာ ကြီးထွားလာပြီး “ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းသည် နိုင်ငံတော်၏ အာဏာကို အဓမ္မသိမ်းယူထားပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွဲခြင်း နည်းလမ်းအား အကြိမ်ကြိမ် အသုံးပြုနေသည့် အာဏာသိမ်းစစ်ကောင်စီအား ဖြုတ်ချနိုင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်ပါ၏လော” ဟူသည့် အတွေးများ ဝင်ရောက်လာစေခဲ့ပါသည်။‘အာဏာသိမ်းစစ်ကောင်စီ၏ တရားမဲ့ အကြမ်းဖက်မှုများ၊ ဉပဒေမဲ့ ဖမ်းဆီးထောင်ချမှုများကို အဆုံးသတ်ရန်မှာ စစ်အာဏာရှင်များ မြန်မာ့မြေပေါ်မှ အကြွင်းမဲ့ ပျောက်ကွယ်မှသာ ဖြစ်နိုင်မည်’ ဟူသည့် အယူအဆ ပျံ့နှံ့လာသည်နှင့်အမျှ မြန်မာ့တော်လှန်လူထုမှာ ရရာလက်နက်စွဲကိုင်ကာ အာဏာသိမ်းစစ်ကောင်စီအား တော်လှန်ရန် ပြင်ဆင်လာကြရာမှ အစပြုကာ မြန်မာ့နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင်လမ်းစဉ်သို့ သွားရန် ဖြစ်ပေါ်လာခဲ့ပါသည်။
ရှေးဦးစွာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် လူထုအား အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများမှ အကာအကွယ်ပြုနိုင်ရန် ဒိုင်းကာများ၊ မီးခိုးဗုံးများနှင့် မီးလောင်ဗုံးများ အသုံးပြုကာ လုံခြုံရေးလုပ်ငန်းများအား စတင်ခဲ့ပါသည်။ လူနေရပ်ကွက်များအတွင်း ညအချိန်များ၌ ဉပဒေမဲ့ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်မှ ကာကွယ်ရန် ရပ်ကွက်များ၌ ကင်းများချကာ ကင်းစောင့်ခြင်းများ၊ ဘန်ကာ ကဲ့သို့သော အကာအကွယ်များဖြင့် ပြင်ဆင်ခဲ့ကြသည်။ သို့သော် ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ပုံသွင်းထားသည့် မြန်မာစစ်တပ်၏ တပ်သားများကို အရပ်သားတော်လှန်လူထု၏ အကာအကွယ်များက လုံခြုံမှုပေးရန် မစွမ်းနိုင်ခဲ့ချေ။ သို့ဖြစ်ရာ နှစ်ပေါင်းများစွာ တည်ရှိလာသည့် မြန်မာနိုင်ငံအတွင်းမှ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများမှာ တော်လှန်လူထုအတွက် ရွေးချယ်ရန်များထဲမှ တစ်ခု ဖြစ်လာခဲ့ပါသည်။
မြန်မာ့တော်လှန်လူထုမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၏ စိုးမိုးနယ်မြေများသို့ သွားရောက်ကာ စစ်ပညာသင်ယူပြီး မြို့ပြပြောက်ကျားများအနေဖြင့် လှုပ်ရှားလျှင် ဉပဒေမဲ့ အာဏာသိမ်းထားသည့် စစ်ကောင်စီတပ်သားများအား အမှည့်ခြွေခြင်း နည်းလမ်းဖြင့် အင်အား ပြုန်းတီးနိုင်စေလိမ့်မည် ဟု ယူဆလာခဲ့ကြပါသည်။ ထိုယူဆမှုအား အကြောင်းပြုကာ မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသ အသီးသီးမှ တော်လှန်လူထုမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ စိုးမိုးရာ ဒေသ၌ စစ်ပညာများ သင်ယူရန် ရောက်ရှိခဲ့ကြသည်။ အခြေခံစစ်ပညာသင်တန်းနှင့် အခြေခံမိုင်းသင်တန်းတို့ကဲ့သို့ အခြေခံစစ်ပညာများ သင်ယူကြကာ မိမိဇာတိရှိရာသို့ ပြန်ပြီး မြို့ပြပြောက်ကျားလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည့် တော်လှန်လူထုရှိသကဲ့သို့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ၏ စိုးမိုးဒေသများ၌ ကျန်ရှိကာ စစ်ဖက်ဆိုင်ရာ မွမ်းမံသင်တန်းများ ဆက်လက်သင်ယူပြီး တော်လှန်စစ်တပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော်) ဖွဲ့စည်းရာ၌ ပါဝင်လိုသူများလည်း ရှိခဲ့ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ အခြေခိုင်လာခဲ့သည့် မြန်မာအာဏာသိမ်းစစ်တပ်အား အပြီးတိုင် ချုပ်ငြိမ်းသည်အထိ တော်လှန်တိုက်ခိုက်နိုင်ရန်မှာ မြို့ပြပြောက်ကျား လှုပ်ရှားမှုများနှင့်ပင် မလုံလောက်ရုံမျှမက တော်လှန်လူထု၌လည်း ဒီမိုကရေစီစံနှုန်းများကို အခြေခံသော စနစ်ကျ ခိုင်မာသည့် တော်လှန်စစ်တပ်တစ်ခု ရှိမှသာ ဖြစ်နိုင်မည် ဟူသော အယူအဆကြောင့်ပင် ဖြစ်ပါသည်။
မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူလူထု၏ ပါဝင်မှုမှာ အဓိကကျသော အခန်းကဏ္ဍတွင် ရပ်တည်နေသည်။ ပြည်သူလူထုတရပ်လုံး အုံကြွမှုဖြင့် စတင်ခဲ့သော နွေဦးတော်လှန်ရေးသည် လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်သူ့ခုခံတော်လှန်စစ် ဆင်နွှဲသည့် ယနေ့ ကာလအထိ ပြည်သူလူထု၏ ပါဝင်မှုဖြင့် ရှည်လျားလှသော ခရီးကြမ်းအား ဖြတ်သန်းနေဆဲ ဖြစ်ပါသည်။ အသက်ပေးဆပ်နိုင်သူများက အသက်ကို စတေး၍၊ အနာဂတ်အား မြှုပ်နှံနိုင်သူများက အနာဂတ်ကို လောင်းကြေးထပ်၍၊ ငွေကြေးထောက်ပံ့နိုင်သူက ငွေကြေးကို အသုံးပြု၍၊ ပညာဖြင့် အထောက်အပံ့ပြုနိုင်သူက တတ်စွမ်းသမျှသော ပညာရပ်များအား မျှဝေ၍၊ အကြမ်းမဖက် အာဏာဖီဆန်ကာ ကျောင်း၊ တက္ကသိုလ်၊ ရုံးဌာနများအား မသွားရောက်ဘဲ အာဏာဖီဆန်နိုင်သူများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်၍ နွေဦးတော်လှန်ရေးအား မောင်းနှင်လာခဲ့ရာ အာဏာသိမ်းကာလ (၄) နှစ်မြောက်သော ယနေ့အချိန်တွင် ပြည်သူ့ခုခံတော်လှန်စစ်မှ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နိုင်သည် အထိ ခရီးရောက်လာခဲ့ပြီ ဖြစ်ပါသည်။
ပြည်သူ့ခုခံစစ် မြို့ပြပြောက်ကျားလှုပ်ရှားမှုများမှ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လာနိုင်သည်အထိ ခရီးရောက်ခဲ့ပြီဖြစ်သော မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူ့တော်လှန်စစ်တပ်အနေနှင့် ဖြစ်တည်လာသော ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အခန်းကဏ္ဍသည် ပိုမိုထင်ရှားလာပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရနှင့်တကွ မြန်မာ့နွေဦးတော်လှန်ရေးကို ဖော်ဆောင်နေကြသူများသည် အဆိုပါ အခန်းကဏ္ဍကို “အနာဂတ်ဖယ်ဒရယ်တပ်မတော်၏ အမြုတေ” ဟု ရည်ညွှန်းကြသည့် အားလျော်စွာ ‘စစ်တပ်စံပုံစံ’၌ အံဝင်မည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖြစ် ဖော်ဆောင်ကြရန် စိတ်အားထက်သန်လာကြပါသည်။ ကမ္ဘာအနှံ့အပြားမှ မြန်မာ့နွေဦးတော်လှန်ရေးအား စိတ်ပါဝင်စားစွာ စောင့်ကြည့်နေသည့် နိုင်ငံများနှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များမှလည်း မြန်မာနိုင်ငံအနှံ့အပြားမှ တော်လှန်ရေး လက်နက်ကိုင်အင်အားစုများကို ဗဟိုကွပ်ကဲမှု တခုတည်းအောက်တွင် စုစည်းကာ ‘စစ်တပ်စံပုံစံ’၌ သွပ်သွင်းရန် တိုက်တွန်းလာကြသည်။ သူတို့ကဆိုသည်မှာ NUG အနေဖြင့် ဗဟိုကွပ်ကဲမှု တည်ဆောက်နိုင်မှသာ နိုင်ငံတကာ၏ အကူအညီများ ရရှိမည်ဟုလည်း ဆိုလေသည်။ ယင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ‘စစ်ပုံကျသော’ တော်လှန်စစ်တပ်တခုအဖြစ် တည်ဆောက်ရန် ကြိုးပမ်းလာကြသည်နှင့်အမျှ သက်တမ်းအားဖြင့် နုနယ်သေးသည့် နွေဦးတော်လှန်ရေးအတွင်းရှိ ဒီမိုကရေစီစံတန်ဖိုးများမှာ ပိုမိုဆိတ်သုဥ်းလာကာ အလွန်ပါးလျားလှသည့် ကန့်လန့်ကာတချပ်သာ စစ်အာဏာရှင်စနစ်နှင့် စံပြစစ်တပ်၏စနစ်ကြားတွင် ခြား၍ တည်ရှိနေတော့သည်။
မြန်မာ့နွေဦးတော်လှန်ရေးသည် နိုင်ငံရေး၊ စစ်ရေး မှ အစပြုကာ အခန်းကဏ္ဍများစွာဖြင့် ယနေ့တိုင် အရှိန်အဟုန်ဖြင့် မောင်းနှင်နေဆဲဖြစ်သည်။ ပြည်သူ့ခုခံစစ်မှ အစပြုခဲ့သည့် တော်လှန်ရေးဖြစ်ရာ နွေဦးတော်လှန်ရေး၌ စစ်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေခြင်းမှာ ငြင်းချက်ထုတ်ရန် မလိုသည့်အချက်ဖြစ်ပါသည်။ Generation Z ဟု ခေါ်တွင်သော ၁၉၉၇ မှ ၂၀၁၃ ခုနှစ် အတွင်း မွေးဖွားသည့် လူငယ်အရွယ်များသည် ‘အဓိကကျသည့် အခန်းကဏ္ဍ၌ ရှိနေသည့် စစ်ရေးဟု ခေါ်ဆိုရမည့် နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်လမ်းစဉ်’ တွင် အဓိက အင်အားတရပ်အဖြစ် ပါဝင်လျက် ရှိသည်။ မည်သို့ပင် ဆိုစေကာမူ နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်လမ်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် မြန်မာနိုင်ငံ၏ လူငယ်ထု မြောက်မြားစွာ ပါဝင်နေသည်ကိုလည်း ငြင်းဆိုရန် မရှိပေ။
မြန်မာ့နွေဦးတော်လှန်ရေးတွင် ယခုတိုင် ပါဝင်လှုပ်ရှားနေကြသူ အများစုသည် လူငယ်ထု ဖြစ်သည်။ အကြမ်းမဖက် အာဏာဖီဆန်သည့် CDM (civil disobedience movement) လှုပ်ရှားမှုမှ အစပြုကာ ဆန္ဒပြပွဲများ၊ သပိတ်မှောက်မှုများ နှင့် လက်နက်ကိုင်တော်လှန်ရေးအထိ အသက် ၂၀ မှ ၄၀ နှစ် ကြား လူငယ်ထု၏ နွေဦးတော်လှန်ရေးအတွင်း ပါဝင်မှုမှာ အသိအမှတ်ပြုရလောက်သည်အထိ သိသာထင်ရှားနေပါသည်။ သို့သော် ဆိုးရွားလှသည့် စနစ်တစ်ခုကို ဖြိုချဖျက်ဆီးကာ ကောင်းမွန်သည့် စနစ်အသစ် တခု တည်ဆောက်ရမည်ဖြစ်သော နွေဦးတော်လှန်ရေးကာလသည် ကြာမြင့်လာသည်နှင့်အမျှ အဆိုပါ များပြားလှသည့် လူငယ်ထုပါဝင်မှုကို လျော့ကျစေသည့် အဖြစ်အပျက်များမှာ လူထုမြင်ကွင်းသို့ အစဉ်တစိုက် အများအပြား ထွက်ပေါ်လာလျက်ရှိသည်။ ယင်းအဖြစ်အပျက်များသည်လည်း တော်လှန်ရေးတပ်ဖွဲ့များအတွင်း ဒီမိုကရေစီစံနှုန်းများ လျော့ပါးဆုတ်ယုတ်လာမှုမှ အခြေခံခြင်း ဖြစ်သည်။ ဤနေရာတွင် သတိချပ်ရမည့်အချက်မှာ မြေပြင်ရှိ အဖြစ်အပျက်များသည် လူထုမြင်ကွင်းနှင့် လူမှုမီဒီယာများသို့ အလုံးစုံ ထွက်ပေါ်မလာနိုင်ကြောင်းကိုမူ မေ့လျော့ရန် မသင့်ကြောင်းပင် ဖြစ်ပါသည်။
လက်နက်ကိုင်လမ်းစဉ်အား ရွေးချယ်ကာ အသက်နှင့် အနာဂတ်ကို မြှုပ်နှံပြီး လက်နက်စွဲကိုင် တော်လှန်နေသည့် မြန်မာ့တော်လှန်လူငယ်ထု ကြုံတွေ့နေရသည့် “တော်လှန်စစ်တပ်အတွင်း ဒီမိုကရေစီစံနှုန်းများနှင့် သွေဖယ်ကာ စစ်ပုံသွင်းရန် ကြိုးပမ်းလာကြခြင်းများ”မှာ မြန်မာ့နွေဦး တော်လှန်ရေးအတွက် ခြိမ်းခြောက်မှု တရပ် ဖြစ်လာနေသည်။ လူငယ်များ ပီသစွာ ‘မှားသည်ဟု ထင်လျှင် ထောက်ပြလိုစိတ်’၊ ‘နွေဦးတော်လှန်ရေးအတွက် အတားအဆီး၊ အနှောက်အယှက် ဖြစ်လာမည် ဟု ယူဆရလျှင် ဝေဖန်လိုစိတ်’များမှာ တော်လှန်လူငယ်ထုတွင် ရှိနေသည်။ သို့သော် ယင်းသို့ ဝေဖန်ခွင့်ကို ပိတ်ပင်ခံရသည့်အခါ ‘မြန်မာ့နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်လမ်းစဉ်ဖြစ်သော ပြည်သူ့ကာကွယ်ရေး တပ်မတော်အတွင်း “ဒီမိုကရေစီနည်းကျ ထောက်ပြဝေဖန်ခွင့်” မှာ ရှိရန် မလိုအပ်သော စံတန်ဖိုး ဖြစ်လာနေပြီလား’ဟု မေးခွန်းထုတ်ရန် ဖြစ်လာသည်။
“အမှားအား ဝေဖန်ထောက်ပြခြင်း၊ နွေဦးတော်လှန်ရေးအတွက် အနှောက်အယှက်ဖြစ်နိုင်မည်ဟု ယူဆရသည်များကို ဖော်ထုတ်ခြင်းသည် ယခုအချိန်တွင် မလိုအပ်သေးသည့် ကိစ္စဖြစ်သည်။ ဘုံရန်သူ အာဏာသိမ်းစစ်တပ်အား အပြီးတိုင်ချုပ်ငြိမ်းစေပြီးမှ တရားမျှတမှုရှာကြမည်။ တော်လှန်ရေးအတွင်း ပါဝင်နေသူများ၏ မှားယွင်းနေမှုများကို ဖော်ထုတ်ခြင်းသည် တော်လှန်ရေးအား နှောင့်နှေးစေသည်” စသည့် အယူအဆများသည် စစ်ပုံစံသွင်းခြင်း၊ ဗဟိုကွပ်ကဲမှုတည်ဆောက်ခြင်းနှင့်အတူ ပေါ်ပေါက်လာပါသည်။ ထိုအခါ “လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကဲ့သို့သော ဒီမိုကရေစီစံနှုန်းများသည် နွေဦးတော်လှန်ရေးအောင်မြင်ရန် ကြိုးပမ်းဆဲ ကာလ၌ အရေးပါသည့် အခန်းကဏ္ဍ၌ မရှိနေပြီလော” ဟု မေးခွန်းထုတ်ရန် ရှိလာပါသည်။ ယင်းသို့ “ဒီမိုကရေစီတွင် အရေးကြီးသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အမှားကို ဝေဖန်ပိုင်ခွင့်” ဆိတ်သုဥ်းလာခြင်းက လက်နက်ကိုင် တော်လှန်ရေးကို ထိခိုက်နိုင်ကြောင်း အောက်ပါ ဥပမာများတွင် ထင်ရှားစွာ တွေ့နိုင်သည်။
မြေလတ်အသံ သတင်းဌာနမှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၂၀၂၄ ခုနှစ်တွင် ဖော်ပြခဲ့သည့် “ပေါ်ဦး သို့မဟုတ် သားသေ၊ ဘဝပျက် ပကဖရန်ကြောက်လို့ ရွာစဉ် လှည့်ပြေးနေရသူ” ဆောင်းပါးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သစ်ရာအိုက်ရွာ၌ ရပ်ရွာပိုင်မြေအား တော်လှန်ရေးကို အကြောင်းပြကာ အကွက်ရိုက်၍ ရောင်းစားနေသည့် ကျေးရွာ ပကဖ ခေါင်းဆောင်၏ လုပ်ရပ်အား ကန့်ကွက်ခဲ့ဖူးပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသူ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးမှာ ကျေးရွာ ပကဖအဖွဲ့၌ ဒုတိယတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဧပြီလ ၂၈ ရက်နေ့ ၂၀၂၂ ခုနစ် ည ၉ နာရီဝန်းကျင်၌ နေထိုင်ရာအိမ်၌ပင် လက်နက်ကိုင်လူတစ်စု၏ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ပစ်ခတ်ရန် အမိန့်ပေးစေခိုင်းသူမှာ အဆိုပါကျေးရွာပကဖအဖွဲ့၏ တာဝန်ခံဖြစ်ကြောင်း ဖော်ပြထားသည်။ အသတ်ခံရသူ လူငယ်၏ ဖခင်ဖြစ်သူမှာ အုပ်ချုပ်ရေးဌာနအဆင့်ဆင့်နှင့် ဝန်ကြီးဌာနများသို့ စာဖြင့် တိုင်ကြားခဲ့ရာ စုံစမ်းစစ်ဆေးသူများမှ ကွင်းဆင်းမေးမြန်းမှုများ ပြုလုပ်သွားသော်လည်း ယနေ့တိုင် တာဝန်ရှိသူ ကျေးရွာ ပကဖ ခေါင်းဆောင်မှာ ဖမ်းဆီးစစ်ဆေးခြင်း ခံရမှု မရှိပဲ ကျန်ရစ်သူမိသားစုကသာ လုံခြုံရေးအခြေအနေ စိုးရိမ်ရ၍ ရွာစဉ်ရွှေ့ပြောင်းကာ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်တွင် တော်လှန်ရေးအား အကြောင်းပြုကာ ကိုယ်ကျိုးရှာသည့် ကျေးရွာပကဖ ခေါင်းဆောင်အား ဝေဖန်ကန့်ကွက်ဖူးသူ တော်လှန်လူငယ်တစ်ဦး တရားမဲ့စွာ သေဆုံးရသည့်အပြင် သေဆုံးသွားသည့် သားဖြစ်သူအတွက် တရားမျှတမှု ရှာပေးသည့် ကျန်ရစ်သူ မိသားစုမှာလည်း တိမ်းရှောင်နေရသည့် အခြေအနေဖြစ်နေသည်။ မြန်မာ့နွေဦးတော်လှန်ရေးအတွှင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်ဖွဲ့ဝင်အချင်းချင်းကြား၌ သာမက ပြည်သူလူထု၌တွင်ပါ လွတ်လပ်စွာဝေဖန်ပိုင်ခွင့်နှင့် တရားမျှတမှုရှာရန် အခွင့်အလမ်းရှားပါးနေကြောင်း မြင်သာသည့် အချက်ပင်ဖြစ်ပါသည်။
Myanmar Pressphoto Agency မှ မတ်လ ၁၉ ရက်နေ့ ၂၀၂၄ ခုနှစ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာမှ အမျိုးသမီးတစ်ဦးအပေါ် စစ်လက်နက်ဖြင့် ကိုယ်ထိလက်ရောက် ထိပါးခဲ့သူ မြို့နယ် ပလဖ အဖွဲ့ဝင်များအကြောင်း ဖော်ပြထားသည်။ ဆားလင်းကြီးမြို့အနီး ချည်မျှင်စက်ရုံထဲသို့ သံတိုသံစများ ဝင်ရောက်ခိုးယူမှုဖြင့် ဆားထုံးရွာသား ၃၆ ဦးအား ဆားလင်းကြီးမြို့နယ် ပလဖမှ ဖမ်းဆီးထိန်းသိမ်းထားပြီး ဧည့်တွေ့ခွင့် မရရုံမျှမက မည်သည့်အကျိုးအကြောင်းမျှ မေးမြန်း၍ မရသောကြောင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀ ကျော် ဆန္ဒဖော်ထုတ် ကြွေးကြော်ခဲ့သည်။ အဆိုပါဆန္ဒပြပွဲ၌ ဦးဆောင်ခဲ့သူ ဆားထုံးရွာမှ အမျိုးသမီးတစ်ဦး၏ နေအိမ်သို့ ဆားလင်းကြီးမြို့နယ် ပလဖ တပ်ဖွဲ့ဝင်များမှ အဆိုပါအမျိုးသမီးအား ဖမ်းဆီးရန် သွားရောက်ကြရာမှ စကားအချေအတင် ဖြစ်ကြကာ ရုန်းရင်းဆန်ခတ်ဖြင့် ဆန္ဒပြပွဲ ဦးဆောင်သူ အမျိုးသမီးမှာ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုရိုက်ခံရသည်။ ထိုမျှမက အိမ်အတွင်း ရှိနေသူ မိသားစုဝင်များလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းဖြစ်စဉ်တွင် ဆန္ဒဖော်ထုတ်သူ ပြည်သူတို့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရရှိသည်ဟု မဆိုနိုင်သည့်အပြင် ဆန္ဒပြပွဲအား ဦးဆောင်သူ အမျိုးသမီးမှာလည်း စစ်လက်နက်ဖြင့် ကိုယ်ထိလက်ရောက်ပင် ထိပါးခံရကြောင်း တွေ့ရပါသည်။ ဖော်ပြပါ ဖြစ်စဉ်၌ နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လူမှုဘဝလုံခြုံရေး ကင်းမဲ့နေမှုများကို မြင်တွေ့ရသည်။
သက်တမ်းအားဖြင့် နုနယ်သေးသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကဲ့သို့ စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများမှာ ပြည်သူအား ဗဟိုပြုကာ ပြည်သူ့အသံအား ရှေးရှုရမည်သာမက အဖွဲ့အစည်းအတွင်း၌ စိတ်အားထက်သန်စွာ ပါဝင်လှုပ်ရှားနေသော လူငယ်ထု (ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ) ၏ အသံကိုလည်း မျက်ကွယ်မပြုသင့်သည်မှာ တော်လှန်ရေးအား အောင်မြင်စွာ ပြီးဆုံးလိုသည့် တော်လှန်သူတိုင်း နှလုံးသွင်းထားရမည်ဖြစ်သော အရေးပါသည့် အခန်းကဏ္ဍ ဖြစ်သည်။
မြန်မာ့နွေဦးတော်လှန်ရေးကို ဦးဆောင်သည့် အခန်းကဏ္ဍများ၌ ပါဝင် တော်လှန် ဦးစီးနေကြသူများတွင် တော်လှန်ရေးကာလ မတိုင်မီက နိုင်ငံရေးသမားအဖြစ် လှုပ်ရှားခဲ့သူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များက အများစုဖြစ်သည်။ ကျရာအခန်းကဏ္ဍအသီးသီး၌ ပါဝင်ထမ်းဆောင်နေကြသူများထဲတွင်လည်း နယ်ပယ် အသီးသီးမှ ပညာရှင်များ ၊ ပညာတတ်လူငယ်များ အပါအဝင် လူတန်းစားအသီးသီးမှ တော်လှန်လူထု ပါဝင်နေသည်။ တော်လှန်စစ်ဆင်နွှဲနေသည့် ကာလ ဖြစ်သည့် အားလျော်စွာ မူဝါဒချမှတ်ခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း အခန်းကဏ္ဍ၌ တော်လှန်ပါဝင်နေကြသူများမှာ မြေပြင်အခြေအနေများနှင့် အဖြစ်အပျက်များကို အလုံးစုံ သိနိုင်ခြင်းငှာ မစွမ်းသာပေ။ မည်သို့ပင် ကွင်းဆင်း စစ်ဆေး လေ့လာမှုများ ပြုလုပ်နိုင်စေကာမူ မြေပြင်ပကတိ တည်ရှိမှုများနှင့် ဦးစီးဦးဆောင်သူတို့ သိရှိရသည့် အဖြစ်အပျက်များအကြား ကွာဟမှုမှာ ရှိနေဦးမည် ဖြစ်သည်။ (ဉပမာ ၁ ‘ဝက်လက်မြို့နယ်တွင် တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ပွား၊ Burma VJ၊ ၂၂ ဇန်နဝါရီ ၂၀၂၄’ / ဉပမာ ၂ ‘တည်တောရွာ (၅) လောင်းပြိုင် လူသတ်မှုဖြစ်စဉ်အား ထိန်းသိမ်းဆောင်ရွက်မှုနှင့် ပက်သက်၍ သတင်းထုတ်ပြန်ချက်’ ၊ Depeyin People Defense Force၊ ၃၁ မေ ၂၀၂၄)
တော်လှန်လူထု၏ တာဝန်မှာ ‘ဆက်လက်ရှိနေဦးမည်ဖြစ်သော အဆိုပါကွာဟမှု’ အား ‘နွေဦးတော်လှန်ရေး၏ အရွေ့ကို ခြိမ်းခြောက်နိုင်သည် အထိ ကွာဟမှု’ မကြီးစေရန် နည်းလမ်းအမျိုးမျိုးဖြင့် အထောက်အပံ့ ပြုရန်ပင် ဖြစ်သည်။ မူဝါဒချမှတ်ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကဲ့သို့သော ကဏ္ဍများ၌ တာဝန်ယူကာ တော်လှန်နေကြသူများမှာလည်း မြေပြင်ပကတိအရှိတရားနှင့် ကွာဟမှု မကြီးသော အချက်အလက်များ ရရှိနိုင်ရန်မှာ အဓိကျသော လိုအပ်ချက်များထဲမှ တခု ဖြစ်သည်။ တော်လှန်လူထု အထူးသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် တော်လှန်လူငယ်များမှ မြေပြင် အရှိ အမှန်တရားအား ဖွင့်ဟပြောဆိုနိုင်စေမည့် နည်းလမ်းများ ရှာဖွေရန်မှာ ဖြေရှင်းချက် တခု ဖြစ်လာနိုင်ဖွယ် ရှိပါသည်။
နွေဦးတော်လှန်ရေးကို မောင်းနှင်နေသည့် အဓိကယန္တရား တခုဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်လူငယ်များမှာ နွေဦးတော်လှန်ရေးအပေါ် ယုံကြည်မှုအား လျော့ပါးစေသည့် စီမံခန့်ခွဲမှု ပြဿနာများနှင့်လည်း ကြုံတွေ့နေရသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်အတွင်း တာဝန်ထမ်းဆောင်နေသည့် တော်လှန် လူငယ်ထုမှာ “အနာဂတ်တပ်မတော်အတွက် စစ်ပုံကျရန် စနစ်ဖော်ဆောင်ခြင်း ဟု သုံးနှုန်းသည့် စစ်ဖက်ဆိုင်ရာ စိတ်ဓာတ်သွတ်သွင်းခံရခြင်း” နှင့် “နွေဦးတော်လှန်ရေး အောင်မြင်ရန် ရှေးရှုကာ မှားယွင်းနေသည်များကို ဝေဖန်ထောက်ပြလိုခြင်း” များ အကြား လွန်ဆွဲ ရုန်းကန်နေရပါသည်။ မည်သို့ပင် ‘တော်လှန်ရေးကာလ’ ဟု ဆိုစေကာမူ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် လူသတ်လက်နက်ဖြစ်သည့် သေနတ်နှင့် စစ်ဖက်ဆိုင်ရာ အသုံးအဆောင်များအား တရားဝင် ကိုင်ဆောင် ဖွဲ့စည်းထားသည့် စစ်တပ်ဖြစ်၍ အထက်မှ ပေးအပ်သည့် အမိန့်တို့ကို မေးခွန်းပြန်လှန်ထုတ်ခြင်း မရှိပဲ နာခံရမည်က ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွင်းမှ တပ်သားတို့၏ တာဝန်ဟု ဆိုနိုင်ပါသည်။ သို့သော် “အသက်နှင့် အနာဂတ်ကို မြှုပ်နှံကာ ယုံကြည်ထားရမည့် မိမိကို အမိန့်ပေးအပ်မည့် အထက်မှ တော်လှန်သူများမှာ စစ်ဖက်ဆိုင်ရာခေါင်းဆောင်မှု မည်မျှရှိသနည်းဟု မေးခွန်းထုတ်ရန်”မှာလည်း လိုအပ်သည့် အချက်ပင် ဖြစ်ပါသည်။ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများတွင် ခေါင်းဆောင်မှု လွဲမှားပါက လူ့အသက်သေဆုံးသည်အထိ ဖြစ်နိုင်ချေမှာ နည်းပါးသော်လည်း စစ်ဖက်အဖွဲ့အစည်းများတွင် ခေါင်းဆောင်မှု လွဲမှားပါက ကြီးမားသော လူ့အရင်းအမြစ် ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပါသည်။ နွေဦးတော်လှန်ရေးအတွင်းရှိ လက်နက်ကိုင်လမ်းစဉ်မှ တော်လှန်လူငယ်များသည် မိမိတို့အား ဦးစီးဦးဆောင် ပြုလုပ်ကြမည့် ပုဂ္ဂိုလ်များ၏ စစ်ဖက်ဆိုင်ရာ စွမ်းဆောင်ရည်များနှင့် ပက်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာဝေဖန်ခွင့်များ ဆုံးရှုံးနေခြင်းမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ဒီမိုကရေစီစံနှုန်းများ လျော့ပါးနေခြင်းကို ထင်ထင်ရှားရှား ဖော်ပြနေပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်နေကြသည့် တော်လှန်လူငယ်များမှာ မိမိတို့ကိုယ်တိုင်၏ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခဲ့ကြသော လက်နက်ကိုင်လမ်းစဉ်တွင် “စစ်အာဏာရှင် မြန်မာစစ်တပ်ကို ဖြုတ်ချရန် ကြိုးစားနေစဉ် အနာဂတ်၏ အာဏာရှင်အများအပြားကို မွေးထုတ်ရန် ပြင်ဆင်နေမိပြီလော” ဟူသည့် အတွေးများ ဝင်လာသည်အထိ ကြုံတွေ့နေကြရပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွင်းမှ တော်လှန်လူငယ်ထုသည် မိမိတို့အား အမိန့်ပေးဦးစီးမည့် ဦးဆောင်သူများ၏ စစ်ဖက်ဆိုင်ရာ အရည်အချင်း၊ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်မှု စွမ်းရည်တို့နှင့် ပက်သက်၍ လွတ်လပ်စွာ ဝေဖန်နိုင်ရန် အခွင့်အရေး နည်းပါးလှပါသည်။ မူဝါဒချမှတ်ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း အခန်းကဏ္ဍတို့၌ တာဝန်ယူထားသူတို့၏ အမှားများ၊ ကျူးလွန်မှုများကို ထုတ်ဖော်ပြောဆိုနိုင်ရန်မှာကား ပို၍ ဝေးသည့် အခွင့်အရေးတခု ဖြစ်လာနေသည်။ တော်လှန်လူငယ်ထု ကြုံတွေ့နေရသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ဝေဖန်နိုင်ခွင့် နည်းပါးခြင်းမှာ နွေဦးတော်လှန်ရေး အောင်မြင်မှု နှောင့်နှေးနိုင်သည့် အဓိကပြဿနာများထဲမှ တခုဟုပင် ယူဆရပါသည်။ ဆိုလိုသည်မှာ “မြေပြင်နှင့် ဝေးကွာသည့် သုံးသပ်ဝေဖန်သူ”ဆိုသူများက “စစ်ပုံစံသွင်းရန် လိုအပ်သည်၊ ဗဟိုကွပ်ကဲမှုတည်ဆောက်ရန် လိုအပ်သည် ဟု တိုက်တွန်းကြခြင်းများသည် တော်လှန်ရေးကို အမှန်တကယ် အထောက်အကူမပြုဘဲ တော်လှန်ရေးကို ထိခိုက်စေနိုင်သည်” ဆိုသည့်အချက်ကို ထောက်ပြလိုခြင်း ဖြစ်ပါသည်။
တော်လှန်လူငယ်ထုဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွင်း တာဝန်ထမ်းဆောင် နေသည့် လူငယ်ထုသည် “တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) မှ တော်လှန်စစ်တပ်အဖြစ် တည်ထောင်ကာ လူအင်အား စုစည်းပြီး တော်လှန်သည့် တော်လှန်လူငယ်ထု” ဟု ဆိုလျှင် အပြည့်အဝ မှန်ကန်နိုင်မည် မဟုတ်ပေ။ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများတွင် စစ်ပညာများ သင်ယူကာ ဒေသခံတော်လှန်ရေး အဖွဲ့များအဖြစ် တော်လှန်လှုပ်ရှားနေသော လူငယ်များ၊ မိမိတို့၏ စိတ်ဆန္ဒဖြင့် လက်နက်ကိုင်တော်လှန်ရန် နေရပ်စွန့်ခွာ စစ်ပညာလာရောက်သင်ယူကြသော လူငယ်များကဲ့သို့သော တော်လှန်လူငယ်ထုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော် ‘ပြည်သူ့ကာကွယ်ရေးတပ်မတော်’ဟူ၍ အဖွဲ့အစည်းတခုတည်း သီးခြား ဖြစ်တည်နေခြင်း မဟုတ်ပဲ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၊ မိမိတို့၏ စိတ်ဆန္ဒဖြင့် စစ်ပညာ လာရောက်သင်ယူကြသူများကဲ့သို့သော တော်လှန်လူထုဖြင့် ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်လေရာ စစ်ဖက်ဆိုင်ရာ စီမံခန့်ခွဲမှုများ၌ မရှင်းလင်းမှုများ ရှိနေသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ တော်လှန်ရေးအစိုးရဟု ခေါ်ဆိုကြသည့် အမျိုးသားညီညွတ်ရေးအစိုးရထံမှ မည်သည့်အထောက်အပံ့မှ မရယူပဲ ယနေ့တိုင် လှုပ်ရှားတော်လှန်နေကြသည့် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များလည်း အများအပြားရှိဆဲ ဖြစ်ပါသည်။ တော်လှန်ရေးကာလအပြင် ပြည်သူ့ခုခံတော်လှန်စစ်မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခြင်းများအထိ ခရီးရောက်ခဲ့ပြီ ဖြစ်သော နွေဦးတော်လှန်ရေးအတွင်း၌ စစ်ရေးအရ ဟန်ချက်ညီညီ အောင်မြင်မှုရရှိရန်မှာ မြန်မာနိုင်ငံအနှံ့အပြားမှ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအကြားတွင် သိသာထင်ရှားသည့် ညှိနှိုင်းဆောင်ရွက်မှုများစွာနှင့် ပူးပေါင်း ဆောင်ရွက်မှုများစွာ လိုအပ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ကျေလည်သည်အထိ ဆွေးနွေးတိုင်ပင်ကာ ညှိနှိုင်းဆုံးဖြတ်ကြခြင်းမရှိပဲ ဗဟိုကွပ်ကဲမှုအောက်တွင် စုစည်းရန် တခုတည်းသပ်သပ်သာ ဦးတည် ကြိုးပမ်းလျှင် မြန်မာ့နွေဦးတော်လှန်ရေးသည် အောင်မြင်စွာ ဆုံးခန်းတိုင်သော လက်နက်ကိုင်တော်လှန်ရေးတရပ် ဖြစ်လာနိုင်ရန် အခွင့်အလမ်း နည်းလွန်းလှပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ဖက်ဆိုင်ရာ စီမံခန့်ခွဲမှု လစ်ဟာခြင်းများမှာ တော်လှန်လူငယ်ထုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။
‘ဗဟိုကွပ်ကဲမှု’ ဟု ခေါ်ဆိုကြသည့် စစ်တပ်အတွင်းမှ ကွပ်ကဲမှုသည် ‘ကွပ်ကဲမှု’ ဟူသည့် စကားလုံးသီးသန့်သာ မဟုတ်ပေ။ မြန်မာ့နွေဦးတော်လှန်ရေး၏ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် ပက်သက်၍လည်း ‘ကွပ်ကဲမှု ယူသည်’ ဟူသည့် စကားရပ်သည် အဓိပ္ပာယ်ကျယ်ပြန့်စွာဖြင့် တည်ရှိပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များသည် တော်လှန်ရေး အစကနဦးပိုင်းတွင် တော်လှန်လူထုမှ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းများသာ များပြားရာ လက်နက်၊ ခဲယမ်းနှင့် စစ်ဖက်ဆိုင်ရာ နည်းပညာများ မှ အစပြုကာ စစ်ဖက်ဆိုင်ရာ အထောက်အပံ့များအထိ ပြည့်စုံ လုံလောက်ခြင်း မရှိပေ။ သို့ဖြစ်ရာ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း၌ ဗဟိုကွပ်ကဲမှုတည်ဆောက်ရန် ကြိုးပမ်းပါက အဆိုပါ တပ်ရင်း/တပ်ဖွဲ့များအား ဗဟိုကွပ်ကဲ မှုတခုတည်းဖြစ်စေရန် ကွပ်ကဲမှု ယူသည်နှင့် တပြိုင်နက် လက်နက်၊ ခဲယမ်း၊ စစ်ဖက်ဆိုင်ရာနည်းပညာများနှင့် စစ်ဖက်ဆိုင်ရာ အထောက်အပံ့များကို မပြတ်တမ်း ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ပါသည်။ တော်လှန်အစိုးရတရပ်ဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရသည် မြန်မာ့နွေဦး တော်လှန်ရေးအတွင်းမှ လက်နက်ကိုင်တော်လှန်ရေးအင်အားစု အားလုံးအား စစ်ဖက်ဆိုင်ရာ အထောက် အပံ့များကို မပြတ်တမ်း ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေသို့ မရောက်ရှိသေးချေ။ ၎င်းကို နိုဝင်ဘာလ ၃ ရက် ၂၀၂၃ ခုနှစ် မှ စတင်ဆင်နွှဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ရေးဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းမှ ကောလင်းမြို့သိမ်းတိုက်ပွဲတွင် မြို့သိမ်းတိုက်ပွဲစတင်ပြီး သုံးရက်အကြာ နိုဝင်ဘာလ ၆ ရက်နေ့၌ တော်လှန်ရေးအင်အားစုများမှ ကောလင်းမြို့အား သိမ်းပိုက်နိုင်ခဲ့သော်လည်း နှစ်လကျော်အကြာ ဖေဖော်ဝါရီလ ၁၃ ရက် ၂၀၂၄ ရက်နေ့၌ ရန်သူ့ (စကစ) လက်သို့ ကောလင်းမြို့ ပြန်လည်ကျရောက်သွားရသည့် နောက်ခံအကြောင်းအရာများထဲမှ တခုဖြစ်သော တော်လှန်ရေးအင်အားစုများဘက်တွင် လက်နက်၊ ခဲယမ်းအင်အား မလုံလောက်မှုက သက်သေပြနေပါသည်။
သိုဖြစ်ရာ ဗဟိုကွပ်ကဲမှုတခုတည်း မဖြစ်နိုင်သေးသည့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှ လက်နက် ကိုင်တော်လှန်ရေးလမ်းစဉ်သည် COC (Chain of Command) ဟု ဖော်ပြသည့် ကွပ်ကဲမှုအဆင့်ဆင့် ခိုင်မာရန်မှာ ပို၍ အလှမ်းဝေးနေသည်။ ဗဟိုကွပ်ကဲမှု တခုတည်းရှိသည့် စံပြတပ်မတော်များတွင်ပင် စစ်ဖက်ဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုများ ရောထွေးခြင်း၊ မရှင်းလင်းခြင်းများ ရှိပါသေးသည်။ ကွပ်ကဲမှု တခုတည်း မဖြစ်နိုင်သေးသည့် မြန်မာ့လက်နက်ကိုင်တော်လှန်ရေးအတွင်းမှ လက်နက်ကိုင် အစုအဖွဲ့များကြားတွင် ပူးပေါင်း ဆောင်ရွက်မှုများ သိသာထင်ရှားစွာ ပြုလုပ်နိုင်ရန်မှာ အဓိက လိုအပ်နေသည့် အချက်ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု မြင့်မားစေရန် တည်ဆောက်ဆဲကာလဖြစ်သည့် ယခုကာလတွင် စီမံခန့်ခွဲမှု လွဲမှားခြင်းများနှင့် မရှင်းလင်းမှုများအကြား မြေစာပင်မှာ တော်လှန်လူငယ်ထု (ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ) အပါအဝင် တော်လှန်လူထု တရပ်လုံးပင် ဖြစ်နေသည်။ ဤစာတမ်းက ဗဟိုကွပ်ကဲခြင်း (centralization) ထက် ပူးပေါင်းဆောင်ရွက်ခြင်း (coordination)ကို ပိုမိုလိုအပ်သည်ဟု မီးမောင်းထိုးပြလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ရင်းမြစ်များ အကန့်အသတ်နှင့် ရှိနေသည့် တော်လှန်ရေးကာလတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေခြင်းက ဗဟိုကွပ်ကဲမှု တည်ဆောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို အလုံးစုံ တာဝန်ခံခိုင်းခြင်းထက် ပို၍ လက်တွေ့ကျကာ မြေပြင်နှင့် ပို၍ နီးစပ်ခြင်းကြောင့် ဖြစ်ပါသည်။
ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းလမ်းဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး မဖြစ်နိုင်တော့ကြောင်း ယုံကြည်ကြသည့် မြန်မာ့လူငယ်ထုသည် နွေဦးတော်လှန်ရေး၏ အဓိက အခန်းကဏ္ဍများထဲမှ တခုဖြစ်သော ပြည်သူ့ကာကွယ်ရေး တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ကြပါသည်။ မိမိတို့၏ သူငယ်ချင်း၊ မိတ်ဆွေများ၊ မိဘ၊ မောင်နှမများ၊ ဆွေမျိုးများကို အကြမ်းဖက်စစ်အာဏာရှင်၏ ဉပဒေမဲ့ ဖမ်းဆီးထောင်ချမှု၊ ညှင်းပန်းနှိပ်စက်မှုများမှ လွတ်မြောက်နိုင်ရန် တခုတည်းသော နည်းလမ်းမှာ အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျကာ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာ ဖြစ်နိုင်လိမ့်မည် ဟု ယုံကြည်ခဲ့ကြပါသည်။ ထိုယုံကြည်ချက်များကြောင့်ပင် တော်လှန်လူငယ်များမှာ မိမိတို့၏ ငယ်ရွယ်မှုနှင့် အသက်တို့ကို စတေးကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၌ တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါသည်။ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ပြီးနောက် စစ်မြေပြင်တွင် ရဲဘော်ရဲဘက်အား ဆုံးရှုံးရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုများ ဖြစ်ပွားခြင်းတို့ကိုလည်း နွေဦးတော်လှန်ရေး အောင်မြင်စေရေးအား ရှေးရှုကာ ကြံ့ကြံ့ ခံနေကြဆဲ ဖြစ်ပါသည်။
တော်လှန်လူငယ်ထုဖြစ်သည့် လက်နက်ကိုင်လမ်းစဉ်အား ကိုင်စွဲထားကြသူ ပြည်သူ့ကာကွယ်ရေး တပ်မတော်အတွင်းမှ လူငယ်များသည် စစ်ကောင်စီ တပ်သားများ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုန်း သတ်ဖြတ်မှုကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်မြင်ကိုယ်တွေ့ကြုံနေရသည်မှာ သက်သေပြရန်ပင် မလိုသည်အထိ ထင်ရှားလွန်းနေလှပါသည်။ ထို့အပြင် ပြည်သူ့ခုခံစစ် တော်လှန်ရေးကာလ ဖြစ်သည့် အားလျော်စွာ နယ်မြေ မတည်ငြိမ်မှုများအကြား ဖြစ်ပွားလျက်ရှိသော ရာဇဝတ်မှုများမှာလည်း အတိုင်းအတာများစွာ မြင့်တက်လာနေပါသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရပ်သားများအပေါ် ကျူးလွန်မှုများအပြင် တော်လှန်ရေးတပ်ဖွဲ့များ အချင်းချင်းကြား ပွတ်တိုက်မှုများမှာလည်း နွေဦးတော်လှန်ရေးအရွေ့ကို အတိုင်းအတာတခုအထိ နှောင့်နှေးစေကြောင်း တော်လှန်လူငယ်ထုအနေနှင့် မြင်တွေ့နေရပါသည်။ နွေဦးတော်လှန်ရေးအတွင်း၌ စစ်အာဏာရှင် မြန်မာစစ်တပ်အား လက်နက် စွဲကိုင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများအကြား သိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းနိုင်မည်ဆိုပါက ၎င်းကို အဆိုပါ ပွတ်တိုက်မှုများအား ဖြေရှင်းနိုင်မည့် နည်းလမ်းတခုအဖြစ် တွေးဆနိုင်ပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှ လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့များအား ဗဟိုကွပ်ကဲမှုတခုတည်းအောက်တွင် စီမံနိုင်မည့် စံပြစစ်တပ်အဖြစ် ပုံဖော်နိုင်ရန် ကြိုးပမ်းကြခြင်းထက် ပိုမိုထိရောက်မည့် နည်းလမ်းတခု ဖြစ်ပါသည်။ အဆိုပါအချက်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” (Operation 1027) တွင် အထင်အရှား တွေ့မြင်နိုင်ပါသည်။ မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့ ဖြစ်သည့် ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် နှင့် တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်တို့သည် ပူးပေါင်းစစ်ဆင်ရေးမဟာဗျူဟာကို အသုံးပြုကာ အာဏာသိမ်း စစ်ကောင်စီတပ်သားများအား အထိနာစေခဲ့ခြင်းသာ ဖြစ်ပြီး ဗဟိုကွပ်ကဲမှုတည်ဆောက်ကာ မဟာဗျူဟာမြောက် စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့ခြင်း မဟုတ်ပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြင့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နိုင်ခဲ့သည်ကို တွေ့ရပါသည်။
နွေဦးတော်လှန်ရေးအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာဒေသများတွင် မည်သို့ပင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အချင်းချင်းအကြား ရှုပ်ထွေးမှုများနှင့် ပဋိပက္ခများ ဖြစ်ပွားနေစေကာမူ ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွင်းမှ လူငယ်ထုသည် “ရင်ဆိုင်တိုက်ပွဲများ အတွင်း၌ အသက်ပေးသွားရသည့် ရဲဘော်ရဲဘက်များ၏ မပြီးမြောက်လိုက်သည့် တာဝန်များကို ကျန်ရှိရဲဘော်များက ဆက်လက်ထမ်းဆောင်ပါမည်”ဟု သန္တိဌာန်ပြုလျက်သာ ရှိကြပြီး နွေဦးတော်လှန်ရေးတွင် ဆက်လက် မပါဝင်တော့ရန် ဆုံးဖြတ်ချက်ချသူ နည်းပါးလွန်းလှပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာဝေဖန်ခွင့်ရရှိရန် ခက်ခဲသော မြန်မာ့တော်လှန် လူငယ်ထုမှာ အတန်အသင့် မောပန်းလာကြပြီ ဖြစ်သည်။ ‘တော်လှန်ရေးအား နှောင့်နှေးစေနိုင်မည့် အချက်အလက်များကို ဝေဖန်ထောက်ပြနေသော်လည်း ထိရောက်သော အရေးယူဆောင်ရွက်ခြင်း မရှိ’ဟု လူငယ်ထုက ထင်မြင်လာလျှင် “မိမိနိုင်ရာ တာဝန်ထမ်းကာ နွေဦးတော်လှန်ရေး၏ တထောင့် တနေရာမှ ပါဝင်နေခြင်းသည် အချည်းနှီးသာ ဖြစ်နေပြီလော” ဟူသည့် တွေးဆချက်များ ဖြစ်ပေါ်လာကြစေမည် ဖြစ်ပါသည်။ တော်လှန်ရေးအား အနှောက်အယှက် ဖြစ်စေနိုင်သည့် အချက်များကို စိတ်ပင်ပန်းဆင်းရဲမှု ပြင်းထန်စွာဖြင့် ထုတ်ဖော် ဝေဖန် ပြောဆိုခဲ့ကြသော်လည်း အသက်အန္တရာယ်ပင် စိုးရိမ်ရသည့် ရိုက်ခတ်မှုများကို ကြုံတွေ့ရသည်သာမက နွေဦးတော်လှန်ရေးအရွေ့အား ထိခိုက်စေမည့် အချက်အလက်များ ဖော်ထုတ်ခြင်းအပေါ် သိသာထင်ရှားသည့် ရလာဒ်ကောင်းများ မမြင်တွေ့ရ၍ လက်လျှော့ကာ နှုတ်ဆိတ်သွားကြသည့် တော်လှန်လူငယ်များ မြန်မာ့တော်လှန်ရေးတွင် ပိုမိုများပြားလာလျှင် မြန်မာ့နွေဦးတော်လှန်ရေးအောင်ပွဲကို ထင်ထင်ရှားရှား စိတ်ကူးကြည့်ရန်ပင် ခက်ခဲလာနိုင်ကြောင်း သတိပြုကြသင့်ပါသည်။ မိမိကိုယ်ကျိုးစီးပွားအတွက် မစဉ်းစားရုံမျှမက အသက်နှင့် အနာဂတ်ကို ပေးလှူထားပြီး နိုင်ငံတည်ဆောက်ရေးအတွက် အုတ်မြစ်များအဖြစ် စတေးထားကြသည့် လူငယ်ထု၏ အသံကို နားထောင်ရန်အတွက်မှာ မည်သည့် အခက်အခဲများ ရှိနေပါသနည်းဟု ပင် မေးခွန်းထုတ်ရန် ဖြစ်လာနေပါသည်။ “မြန်မာ့နွေဦးတော်လှန်ရေး၏ တော်လှန်စစ်တပ်အတွင်း၌ စစ်ပုံစံသွင်းခြင်း၊ ဗဟိုကွပ်ကဲမှု တည်ဆောက်ခြင်းတို့ဖြင့် ဒီမိုကရေစီ စံတန်ဖိုးများကို ဆိတ်သုဥ်းသွားအောင် မလုပ်သင့်”ဟု ဤစာတမ်းက အခိုင်အမာဆိုချင်ပါသည်။
နွေဦးတော်လှန်ရေးအတွင်း ဒီမိုကရေစီသည် ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုသော ရပ်တည်ချက်များ၊ ဖွင့်ဟပြောဆိုမှုများအပေါ်တွင် အခြေခံပါသည်။ လက်နက်ကိုင် တော်လှန်ရေးဖြစ်သည့် အားလျော်စွာ ပြည်သူလူထု၏ အကျိုးစီးပွား အလုံးစုံကို ကာကွယ် ဖြည့်ဆည်းနိုင်မည် မဟုတ်သော်ငြား ရှုထောင့်ပေါင်းစုံမှ ကာကွယ်ဖြည့်ဆည်းနိုင်ရန် ကြိုးစားရမည်မှာ တော်လှန်ရေး၏ တာဝန်ပင် ဖြစ်ပါသည်။ ပြည်သူလူထုကို မျက်နှာမူသော တော်လှန်အစိုးရစစ်စစ်တရပ် ဖြစ်ရန်မှာ ပြည်သူလူထု၏ အသံကို အစဉ်အမြဲ နားစွင့်နေသော၊ ပြည်သူလူထု၏ လိုအပ်ချက်များကို မျက်ကွယ်မပြုသော တော်လှန်သူများနှင့် စုဖွဲ့ထားသည့် အစိုးရတရပ် ဖြစ်ရန်လည်း လိုအပ်ပါသည်။ တော်လှန်လူထု၏ အားဖြင့် ရွေ့လျားနေသည့် မြန်မာ့နွေဦးတော်လှန်ရေးတွင် တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ရရှိထားသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တပ်ဖွဲ့ဝင်များအား ကွပ်ကဲမှုပြုရာ၌လည်း ဗဟိုကွပ်ကဲမှုရရှိရေး တစ်ခုတည်းကို ဦးတည်ဖော်ဆောင်ခြင်းမျိုး မဟုတ်ဘဲ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆွေးနွေးညှိနှိုင်းပြီး အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုးဖြင့် အစချီမှသာ နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်သည် သိသာထင်ရှားသည့် ရလာဒ်များဖြင့် မျှော်မှန်းထားသည့် အောင်ပွဲဆီသို့ ချဉ်းကပ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် တော်လှန်ရေး၏ အခန်းကဏ္ဍအသီးသီး၌ ဦးစီးဦးဆောင်မှု တာဝန်ထမ်းဆောင်နေကြသူများမှာလည်း မိမိတာဝန်ယူထားရသည့် တာဝန်ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဦးဆောင်မှုစွမ်းရည်ပြည့်ဝစွာ ထမ်းဆောင်နေကြကြောင်းလည်း သက်သေပြနိုင်ရန် လိုအပ်ပါသည်။
လက်နက်ကိုင် တော်လှန်ရေးတွင် ပိရမစ်ပုံ အောက်ခြေမှ အထက်သို့၊ အထက်မှ အောက်ခြေသို့ သတင်းအချက်အလက်စီးဆင်းမှုမှာ မြန်ဆန်တိကျမှု ရှိနိုင်ရန် ခဲယဉ်းပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးတွင် စီမံခန့်ခွဲမှုနှင့် ဦးစီးမှုများတွင် ရှုပ်ထွေးမှုများနှင့် မရှင်းလင်းမှုများ ရှိနေမည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်အား အပြီးတိုင် ဖြိုဖျက်ရန် ကြိုးပမ်းသည့် မြန်မာ့နွေဦးတော်လှန်ရေးတွင် အာဏာရှင်အပြုအမူများနှင့် အငွေ့အသက်များ ကင်းစေရန် စနစ်ပြောင်းလဲမှုများမှာ အသွင်ကူးပြောင်းရေးကာလ ရောက်ရှိမှသာ ပြုလုပ်ရမည် မဟုတ်ပါ။ လူထုထောက်ခံမှုဖြင့် ရွေ့လျားနေသည့် နွေဦးတော်လှန်ရေး၏ စစ်ဖက်လက်ရုံးတပ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ဒီမိုကရေစီ အခြေခံသည့် တည်ဆောက်မှု တရပ်သည် ‘နွေဦးတော်လှန်ရေး၏ မဟာဗျူဟာမြောက် အဆုံးအဖြတ် တခုအား ပေးနိုင်သည့် စွမ်းပကားတရပ်’ ဖြစ်ပါသည်။ အဆိုပါ စွမ်းပကားအား အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်မောင်းနှင်နေသည်မှာလည်း တော်လှန်လူငယ်ထုဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွင်းမှ လူငယ်ထု ဖြစ်လေရာ ‘တော်လှန်ရေးကာလအတွင်း အနှစ်သာရပြည့်ဝသည့် ဒီမိုကရေစီ’ကို စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများတွင် တည်ဆောက်သင့်သည်မှာ ငြင်းဖွယ်မရှိပါ။ မြန်မာ့နွေဦးတော်လှန်ရေးက လိုအပ်သည်၊ တောင်းဆိုသည်မှာ စစ်ပုံစံသွင်းခြင်း မဟုတ်ပါ၊ ဒီမိုကရေစီသာ ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် နှစ်ပေါင်းများစွာ အခြေတည်ခဲ့သော နိုင်ငံတခု ဖြစ်နေသော်လည်း လူထုအုံကြွမှုနှင့် အတူ ပေါ်ပေါက်လာသော လက်နက် ကိုင်တော်လှန်ရေးလမ်းစဉ်တွင် စစ်အာဏာရှင်နှင့် အာဏာရှင် အငွေ့အသက်ကင်းစင်သော စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒီမိုကရေစီစံနှုန်းများပြည့်ဝသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ တည်ရှိနေမှသာ မြန်မာ့နွေဦးတော်လှန်ရေးသည် သိသာထင်ရှားသော ရလာဒ်တခုဖြင့် တော်လှန်ရေးအောင်ပွဲအား ရှင်းလင်းစွာ ဆောင်ကျဥ်းပေးနိုင်မည် ဖြစ်ပါတော့သည်။
သိမ့်စန္ဒီစိုး သည် တက်ကြွလှုပ်ရှားသူ တယောက်ဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် PDF အဖွဲ့ဝင်တယောက်အနေနှင့် လည်းရှေ့တန်းတနေရာမှ ပါဝင်လှုပ်ရှားနေသူဖြစ်ပါသည်။
Like This Article
အောက်တိုဘာ 14, 2024
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023