ကိုမင်း နှင့် ကိုသိုက်အနေဖြင့် ရခိုင့်တော်လှန်ရေးနှင့် ULA/AA၊ ရခိုင်အမျိုးသားရေးနှင့် နိုင်ငံတကာ လူ့အခွင့် အရေးတန်ဖိုးများအကြား ပေါ်ထွက်လာသော ဝိရောဓိများကိုတင်ပြဆွေးနွေးသုံးသပ်ထားပါသည်။
မြန်မာနိုင်ငံရှိ ရာနှင့်ချီသော လက်နက်ကိုင်များအကြားတွင် အခြေခံမှုမတူညီသော စုဖွဲ့မှုပုံစံ အမျိုးမျိုးရှိကြပြီး လူမျိုး ကိုအခြေခံသော ဖွဲ့စည်းမှုသည် အတွေ့ရအများဆုံး စုဖွဲ့မှုပုံစံဖြစ်ပါသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကဲ့သို့ လက်နက်ကိုင်အဖွဲ့များအပြင်၊ နိုင်ငံရေးအယူဝါဒကိုအခြေခံသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ဟုခေါ်ဝေါ်သည့်တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ဖွဲ့စည်းထားသောလက်နက်ကိုင်အဖွဲ့များကိုလည်းတွေ့ရပါသည်။ ယင်းတို့အနက် အာရက္ခတပ်တော် (AA) ၏ဖွဲ့စည်းမှုမှာ မြန်မာနိုင်ငံတွင် အတွေ့ရအများဆုံးဖြစ်သော လူမျိုး အခြေပြု ဖွဲ့စည်းမှုဟုအကြမ်းဖျဉ်းသုံးသပ်နိုင်သော်လည်း၊ ထဲထဲဝင်ဝင် လေ့လာကြည့်သည့်အခါ ၎င်းတို့၏စုဖွဲ့မှုသည် စစ် အာဏာရှင်အဆက်ဆက်ပုံဖော်ဖန်တီးခဲ့သော တိုင်းရင်းသားဖြစ်မှုဆိုသည်ကို တရားသေစွဲကိုင်ပြီး ဖက်ဒရယ်အရေး၊ တိုင်းရင်းသားအခွင့်အရေး တို့အတွက် တိုက်ခိုက်နေသည်ဆိုခြင်းထက်၊ အမျိုးသားနိုင်ငံ (nation-state) တခု တည် ထောင်ရန်အထိ ရည်ရွယ်ထားသည့် နိုင်ငံရေးရည်မှန်းချက် (political goal) ပါဝင်သည့် အမျိုးသားရေးဝါဒတခုကို အခြေခံသော ဖွဲ့စည်းမှုဟုဆိုနိုင်ပါသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း AA ၏အောင်မြင်မှုများနှင့် နယ်မြေသိမ်းပိုက်နိုင်မှုများသည် တရုတ်နိုင်ငံ၏ နောက်ကွယ်မှအထောက်အပံ့များကြောင့်သာဖြစ်သည်ဟု သုံးသပ်မှုအများအပြားရှိနေသော်လည်း၊ ယင်းသုံးသပ်ချက်များသည် ရခိုင်တမျိုးသားလုံး၏ ULA/AA အပေါ် အင်တိုက်အားတိုက် အားပေးထောက်ခံမှုများကို မျက်ကွယ်ပြုနေသကဲ့သို့ဖြစ်နေပြီး၊ AA ၏စစ်ရေးအောင်မြင်မှုများနှင့် ယခုလက်ရှိအခြေအနေအထိ ဆိုက်ရောက် လာခြင်းသည် ၎င်းတို့တည်ဆောက်ခဲ့သော အမျိုးသားရေးစိတ်ဓာတ်ကြောင့်ပင်ဖြစ်သည်ဟုဆိုနိုင်ပါသည်။ ဤစာတမ်းတွင် AA ၏ လက်ရှိစစ်ရေးအောင်မြင်မှုများမှာ ရခိုင်အမျိုးသားနိုင်ငံတည်ထောင်ရန်ရည်ရွယ်သည့် လူမျိုးကိုအခြေခံသော ရခိုင်အမျိုးသားရေးဝါဒကြောင့်ဖြစ်ကြောင်းတင်ပြထားပြီး၊ ယင်းအမျိုးသားရေးဝါဒကြောင့် ပင်လက်ရှိတွင်ပြည်တွင်းပြည်ပ အခြားသောအကျိုးစီးပွားများနှင့် ထိပ်တိုက်တွေ့လာရပုံ၊ တနည်းအားဖြင့် ရခိုင်အမျိုး သားရေးဝါဒ၏ ဝိရောဓိများကို တင်ပြထားပါသည်။
အာရက္ခတပ်တော် (Arakan Army – AA) သည် ရခိုင်လူမျိုးစုများ၏အခွင့်အရေးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်များကို ရရှိရန်နှင့် ကာကွယ်ရန် ကြိုးပမ်းလှုပ်ရှားနေသည့် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်သည်။ အာရက္ခတပ်တော်ကို ၂၀၀၉ ခုနှစ် ၊ ဧပြီလ ၁၀ ရက်နေ့တွင် အာရက္ခစစ်သည် နှစ်ဆယ့်ခြောက်ဦးဖြင့် ကချင်ပြည်နယ် KIO/KIA ဌာနချုပ် လိုင်ဇာတွင် စတင်တည်ထောင်ခဲ့သည်။ အာရက္ခတပ်တော်ကို ၂၀၀၉ ခုနှစ်တွင် ရခိုင်လူငယ် (၂၆) ဦးဖြင့် စတင်ခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်တွင် ခန့်မှန်းအင်အား အမြဲတမ်းတပ်သား လေးသောင်းကျော် နှင့် စစ်သင်တန်း ဆင်းပြီး အရန်အင်အားတစ်သိန်းဝန်းကျင်အထိ အင်အားတရပ်ရှိနေပြီဖြစ်သည်။ အာရက္ခတပ်တော်ကို ရခိုင် ခေါင်း ဆောင်လေးဦးမှ အဓိက စီမံအုပ်ချုပ်လျှက်ရှိသည်။ အဆိုပါခေါင်းဆောင်များမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဥက္ကဌနှင့် အာရက္ခတပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် အာရက္ခတပ်တော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် အာရက္ခတပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခတို့ ဖြစ်သည်။
ရခိုင်တပ်တော် ( AA ) သည် လက်နက်ကိုင်လမ်းစဉ်အတွက်ဖြစ်ပြီး၊ နိုင်ငံရေးလမ်းကြောင်း((Political Wing) အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကိုလည်းဖွဲ့စည်းထားပါသည်။ ULA/AA အနေဖြင့် ရက္ခိတအိပ်မက် နှင့် ရက္ခိတ လမ်းစဉ်ကိုမိတ်ဆက်ခဲ့ပြီး ရခိုင်အမျိုးသားများကို စည်းရုံးရာတွင်အောင်မြင်မှုများစွာရရှိခဲ့သည်ကို အားလုံးအသိ ဖြစ်ပါသည်။ လက်ရှိရခိုင်တော်လှန်ရေးသည် ရက္ခိတလမ်းစဉ်နှင့် ရက္ခိတအိမ်မက်ကို လက်တွေ့ အကောင်အထည်ဖော်ရန် ကြိုးစားခြင်းဖြစ်သည်။ “ရက္ခိတ”ဆိုသည်မှာ ပါဠိဘာသာစကားမှဆင်းသက်လာပြီး၊ အမျိုးကိုစောင့်ရှောက်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်၍၊ “လမ်းစဉ်”ဆိုသည်ကို ခေတ်အဆက်ဆက်က ထိန်းသိမ်းလာသည့် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းသမိုင်းအမွေအနှစ်များ မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက် ကြရမည့်လမ်းစဉ်ဟု မှတ်သားထား၍ရပါသည်။ ရခိုင်လူမျိုးတို့အနေဖြင့် “ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ဖို့နဲ့ လွတ်လပ်တဲ့ရခိုင့်လူ့ဘောင်ကို ဂုဏ်သိက္ခာရှိစွာနဲ့ ကမ္ဘာမြေထက်မှာ အခိုင်အမာရပ်တည်နိုင်ဖို့ ကြိုးစားဖို့ဖြစ်တယ်”
ဟု ရက္ခိတလမ်းစဉ်နှင့်ပတ်သက်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ဘာသာစကားဖြင့်ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ မေလအတွင်းပြုလုပ်ခဲ့သည့် VOA နှင့်အင်တာဗျူး တွင်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ရခိုင်တွေအနေနဲ့ ကွန်ဖက်ဒရိတ် (Confederate) အဆင့်ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းတစ်ခုကို မျှော်မှန်းပြီး တိုက်ပွဲဝင်နေတာဖြစ်တယ်” ဟု ပြောကြားခဲ့ပါသေးသည်။
ရက္ခိတအိပ်မက်သည် ရခိုင်လူမျိုးစု တယောက်ချင်းစီ၏စိတ်ထဲတွင် လွတ်လပ်သည့် ရခိုင်နိုင်ငံသား တယောက် အဖြစ်ခံယူရန်၊ တာဝန်ယူမှု၊ အသိတရားတို့ခိုင်မာလာပြီး ပြတ်သားသည့်သံန္နိဌာန်နှင့်အလုပ်လုပ်ကြရန်၊ ကမ္ဘာအနှံ့ ကိုရောက်ရှိနေကြသည့် ရခိုင်လူမျိုးများအနေဖြင့်လည်း အမျိုးသားကွန်ရက်အဖြစ်ချိတ်ဆက်ကြပြီး ၂၀၂၀ ခုနှစ်တွင် အမျိုးသားလှုပ်ရှားမှုတခုအသွင်ဖြင့် ဦးတည်၍ ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။ လက်ရှိ အာရက္ခတပ်တော်သည် ရခိုင်လူမျိုးများကို စောင့်ရှောက်ရန် တည်ထောင်ခဲ့ခြင်းဟု ရခိုင်ပြည်သူများ လက်ခံလာအောင်ကြိုးစားခဲ့ပြီး၊ လက်ရှိ မျက်မှောက်ကာလအချိန်တွင် အဆိုပါ ကြိုးစားဆောင်ရွက်မှုများ၏ အသီးအပွင့်များကို ခံစားနေကြရပြီဖြစ်သည်။ ထိုကြောင့် မကြာမီအချိန်ကာလတစ်ခုတွင် အာရက္ခတပ်တော်က ချမှတ်မျှော်လင့်ထားသည့် ရက္ခိတအိမ်မက်များ (အမျိုးကိုကာကွယ်စောင့်ရှောက်နိုင်မည့် အိမ်မက်) အကောင်အထည်ပေါ်လာတော့မည်ဖြစ်သည်။ ပြီးခဲ့သည့် တပ်တော်တည်ထောင်ခြင်း (၁၅) နှစ်ပြည့်တွင် ရခိုင့်တပ်တော် (AA) ဆိုသည့်အခေါ်အဝေါ်ကို အာရက္ခတပ်တော် (AA) အဖြစ်ပြောင်းလဲခေါ်ဆိုရန် ကြေညာနိုင်ခဲ့သည်။ မူလအစ တပ်တော်တည်ထောင်ရာတွင် ရခိုင်လူမျိုးစုများအား ကာကွယ်စောင့်ရှောက်နိုင်မည့် တော်သည့်၊ တတ်သည့်သူများဖြင့် စုဖွဲ့ထားသည့် ရခိုင့်တပ်တော် (AA) သည် ယခုအခါ ရခိုင်ပြည်တွင်းနေထိုင်သည့် လူမျိုးပေါင်းစုံအတွက် တန်းတူညီမျှသည့်အခွင့်အရေးနှင့် တာဝန်များကို ပီပြင်စွာ ဖော်ဆောင်နိုင်ရန် ရခိုင်ပြည်နယ်၏ နယ်မြေများကို ထိန်းချုပ်လာနိုင်သည့်အတွက် အမျိုးကိုစောင့်ရှောက် နိုင်လာသည့်တပ်တော် (တနည်း) အာရက္ခတပ်တော်အဖြစ် ခေါ်ဝေါ် လာနိုင်သည်အထိ စွမ်းဆောင်လာနိုင်ခဲ့သည်။
အထက်ပါတင်ပြချက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် ULA/AA ၏ ရည်မှန်းချက်နှင့် ဆောင်ရွက်ချက်များသည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစု တောင်းဆိုတိုက်ပွဲဝင်နေကြသည့် မိမိတို့၏ လူမျိုးဖြစ်မှု အပေါ် အခြေခံပြီး တိုင်းရင်းသားများ၏ရပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ဆိုသည်များထက် များစွာကျယ်ပြန့်ပြီး ကိုယ်ပိုင်အမျိုးသားသရုပ်လက္ခဏာတခုကို ဖန်တီးပုံဖော်ပြီး အမျိုးသားရေးလှုပ်ရှားမှု တခုအနေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ဖရန်စစ်လို၏ Ethnic diversity and the nation state: from centralization in the age of nationalism to decentralization amidst globalization စာတမ်း အလိုအရ “သာမန် တိုင်းရင်းသားလူမျိုးစု (ethnic) နဲ့ အမျိုးသားနိုင်ငံ (Nation-state) တွေရဲ့ကွာခြားမှုမှာ၊ အမျိုးသားနိုင်ငံ (Nation-state) မှာ နိုင်ငံသားတွေဟာ ထုံးဓလေ့ယဉ်ကျေးမှု၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှုတွေ တူညီယုံတင်မက၊ ဘုံနိုင်ငံရေးပန်းတိုင် (common political goal) လည်းရှိကြတယ်။ အုပ်စုရဲ့ ဘုံဦးဆောင်မှု၊ ခေါင်းဆောင်မှုကိုလည်း အသိအမှတ်ပြုကြတာဖြစ်ပါတယ်။ အမျိုးသားနိုင်ငံ (Nation-state) ဟာ ပို စုစည်းပြီး စည်းလုံးတဲ့အသိုက်အဝန်း၊ အသင်းအပင်းသဘောကိုဆောင်ပြီး၊အနည်းဆုံး နိုင်ငံရေးအရ တိုင်းရင်းသားလူမျိုးစု (ethnic) ထက်ပိုစည်းလုံးစုစည်းပါတယ်။ “ ဟု ဖော်ပြထားပါသည်။ ထိုသဘောတရားအရ ULA/AA ဦးဆောင်သော ရခိုင်အမျိုးသားရေးလှုပ်ရှားမှုသည် မြန်မာနိုင်ငံရှိ အခြားသောလူမျိုးစု လက်နက်ကိုင်တော်လှန်ရေးများကဲ့သို့ လှုပ်ရှားမှုတခုမဟုတ်ပဲ အမျိုးသားရေးကိုအခြေခံသည့် လူမျိုးစုအမျိုးသားရေး (ethnonationalism) လှုပ်ရှားမှုအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပြီး၊ ၎င်းတို့၏ရည်မှန်းချက်ပန်းတိုင်ကိုမူ အမျိုးသားနိုင်ငံ (Nation-state) တခုတည်ထောင်နိုင်ရန်ဖြစ်သည် ဟု သုံးသပ်ရမှာဖြစ်ပါသည်။
လက်ရှိရခိုင်ပြည်နယ်ဟုခေါ်သောဒေသသည် ယခု မြန်မာနိုင်ငံဧရိယာအတွင်း မပါဝင်ကတည်းကပင် ကိုယ့်ထီးကိုယ့်နန်း ဖြင့် တည်ရှိခဲ့ဖူးသည့်တိုင်းပြည်တခုဖြစ်သည်။ အဆိုပါ သမိုင်းဖြစ်တည်မှုသည် ယနေ့မျက်မှောက်ခေတ် ကာလ ရောက်သည့်တိုင်အောင် ရခိုင်လူမျိုးများ၏ စိတ်နှလုံးထဲတွင် ကိန်းအောင်းနေဆဲဖြစ်သည်။ သို့သော် ၂၀၂၁ခုနှစ် စစ်တပ်အာဏာမသိမ်းမီ ကာလကတည်းကပင် ရခိုင်ဒေသသည် ဖွံ့ဖြိုးတိုးတက်မှု အနောက်ကျဆုံးပြည်နယ် တခုဖြစ်ခဲ့သည်။ သယံဇာတနှင့် သဘာဝဓာတ်ငွေ့များပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း ဒေသခံရခိုင်လူမျိုးစုများသည် အလုပ်အကိုင်ရှားပါးမှုနှင့် ဝင်ငွေထွက်ငွေ မညီမျှမှုများကို ရင်ဆိုင်ကြရသည်။ ပညာတတ်လူဦးရေနည်းပါးပြီး ဆေးရုံဆေးခန်းများလုံလောက်စွာမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း များကသည်ပင် ဒေသခံရခိုင်လူမျိုးများ၏စိတ်ထဲ၌ ကိုယ့်မြေကိုယ့်ရေကို ကိုယ့်လူမျိုးများ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရမည် ဆိုလျှင် ယခုထက် ပိုမိုကောင်းမွန်သောဘဝကို ရရှိလာနိုင်သည်ဟူသည့် အတွေးအခေါ်များ ပို၍ခိုင်မာလာကြပြီး အမျိုးသားရေးစိတ်ဓာတ်ပိုအားကောင်းအမြစ်ခိုင်လာခဲ့သည်။
တဖက်တွင်လည်း၊ ရခိုင်လူမျိုးများအကြားတွင် ရခိုင်အမျိုးသားရေးစိတ်ဓာတ်ခိုင်မာလာစေရန် မိသားစုအုပ်ထိန်းသူများ က သားသမီးများကို လက်ဆင့်ကမ်းမျှဝေခြင်းများကိုပြုလုပ်ခဲ့ပြီး၊ အမျိုးသားရေး လှုပ်ရှားသူများကလည်း ဒေသအနှံ့လှည့်လည်၍ ဟောပြောပွဲများပြုလုပ်ခါ အတိတ်ကသမိုင်းကို မမေ့ပျောက်စေရန် ကြိုးစားဆောင်ရွက်ခဲ့ ကြပြီး ယခုအချိန်အထိ အမျိုးသားရေး စိတ်ဓာတ်အားကောင်းလာရန် ကြိုးစားနေကြဆဲဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ချက်များတွင်တခုအပါအဝင်ဖြစ်သော ရခိုင်နိုင်ငံတော်သီချင်းသည် ရခိုင်လူမျိုးနှင့်အမျိုးအနွယ်ကို စောင့်ရှောက်ခြင်းကို အခြေခံထားကြောင်းတွေ့နိုင်သည်။
“ရခိုင်နိုင်ငံတော်သီချင်း “
အာရက္ခ နိုင်ငံတော် တော်ဝင်မြီကို အောင်လံထူလို့
(အမျိုးနှင့်သီလကို စောင့်ရှောက်နိုင်သည့် နိုင်ငံတော် တော်ဝင်မြေကို အောင်လံထူလို့)
နှလုံးသွီး ကတိသစ္စာ နန့် အဓိဌန်
(နှလုံးသွေး ကတိသစ္စာ နဲ့ အဓိဌာန်)
ငါရို့မြီ ….ငါရို့ ရီ လုံခြုံသာယာစီဖို့ အဖနိုင်ငံကို
(ငါတို့မြေ …ငါတို့ရေ လုံခြုံသာယာစေဖို့ အဖနိုင်ငံကို)
ရိုးသားမြင့်မြတ် ရဲ..ရင့်မေ
(ရိုးသားမြင့်မြတ် ရဲ ရင့်လေ)
အမျိုးစောင့် တရားနန့် လုံးလ ခွန်အားဟိ့ရေ
(အမျိုးစောင့်တရားနှင့် လုံးလ ခွန်အားရှိလေ)
ရက္ခိုင်မြီ ငါတို့မြတ်နိုးရေ
(ရခိုင်မြေ ငါတို့မြတ်နိုးလေ)
ရက္ခိုင်အနွယ် ငါရို့စောင့်ရှောက်မေ
(ရခိုင်အနွယ် ငါတို့စောင့်ရှောက်မလေ)
အာရက္ခရို့ ဖိုးဖီးမြီကို အတူတူ ကာကွယ်မေ
(အာရက္ခတို့ ဘိုးဘွားမြေကို အတူတူ ကာကွယ်မလေ)
ရက္ခိုင် ရက္ခိုင် ရက္ခိုင် ရက္ခိုင်
(ရခိုင် ရခိုင် ရခိုင် ရခိုင်)
အဖိုးတန်ရေ ငါရို့မြီကို ချစ်တယ်
(အဖိုးတန်ရေ ငါတို့မြေကို ချစ်တယ်)
အမျိုးဂုဏ်ရောင် ထွန်းပြောင်စီရ မေ
(အမျိုးဂုဏ်ရောင် ထွန်းပြောင်စေရ မလေ)
လက်ရှိအချိန်အထိ ရခိုင်လူမျိုးများသီဆိုနေကြသည့် ရခိုင်နိုင်ငံတော်သီချင်း၏ဆိုလိုရင်း၌ “ရခိုင်မြေနဲ့ ရခိုင်ရေကို စောင့်ရှောက်ကြရမည့်တာဝန်သည် ရခိုင်လူမျိုးများတွင် အပြည့်အဝရှိကြောင်း၊ ဘိုးဘွားများလက်ထက်က ပိုင်ဆိုင် ခဲ့သည့် ရခိုင်မြေ၊ ရခိုင်ရေနှင့်သယံဇာတများအပါအဝင် ရခိုင်အမျိုးအနွယ်ကို အသွေးထဲအသားထဲကနေ ရည်မှန်း အဓိဌာန်ပြု၍ ကတိသစ္စာခိုင်မြဲစွာနှင့် ရခိုင်ပြည်ကိုစောင့်ရှောက်ကာကွယ်ခြင်းဖြင့် ရခိုင်လူမျိုးများ၏ အမျိုးဂုဏ်ကို ထွန်းပြောင်စေရမည်” ဆိုသည့် စာသားများမှတဆင့်၊ ရခိုင်လူမျိုးများ၏ စိတ်နှလုံးအသွေးအသားထဲတွင် လက်ရှိ အာရက္ခတပ်တော် (AA) ဖော်ဆောင်နေသည့် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများသည် ရခိုင်နိုင်ငံတော်သီချင်းကို လက်တွေ့အကောင်အထည်ဖော်နေခြင်းပင်ဖြစ်သည်ဟု ယုံကြည်လာကြပြီး၊ ရခိုင်လူမျိုးတဦးချင်း ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည့် ရခိုင်မြေကိုစောင့်ရှောက်ရန်နှင့် ရခိုင်ရေကိုစောင့်ရှောက်နိုင်ရန်၊ လက်ရှိအမျိုးအနွယ်ကို စောင့်ရှောက် ရန် တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော် (AA) အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းအပြင် အခြားသောနိုင်သည့် တာဝန်ကို ထမ်းလာကြသည်အထိ လူမျိုးအခြေခံ ရခိုင်အမျိုးသားရေးဝါဒက စွမ်းဆောင်နိုင်ခဲ့ကြောင်းတွေ့ရသည်။
အာရက္ခတပ်တော် (AA) ၏ ရခိုင်လူမျိုးစုများရှိရာဒေသတွင် ပထမအကြိမ်ဖောက်ခဲ့သည့် သေနတ်သံများသည် ရခိုင်လူမျိုးများ၏ ရခိုင်အိမ်မက်ကို ပြန်မက်ခွင့်ရလာခဲ့သည်။ သိသာထင်ရှားသည့် တိုက်ပွဲတရပ်မှာ ၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှတဆင့် ရခိုင်ပြည်နယ်သို့ ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားသည့် တိုက်ပွဲ ဖြစ်သည်။ ထိုတိုက်ပွဲ၏သေနတ်သံသည် ရခိုင်လူမျိုးစုများကို အချက်ပြသည့် အချက်ပြ မီးကျည်လည်းဖြစ်သည်။ ထိုအချိန်၌ သေနတ်သံတိတ်ဆိတ်ခဲ့သည့် ရခိုင်ပြည်နယ်အကြောင်းကို မြန်မာပြည်သူများ ပြန်လည်သတိပြုမိလာ ကြသည်။ ၂၀၁၅ ခုနှစ်ကစတင်ခဲ့သည့် သေနတ်သံသည် ၂၀၁၉ ခုနှစ်တွင် တိုက်ပွဲပေါင်း တစ်ရာကျော်အထိ ဆင်နွှဲ နိုင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီကာလများတွင် NLD ပါတီဦးဆောင်သော အစိုးရအဖွဲ့က AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ပြီး AA အဖွဲ့သည် ပြည်မနှင့်သီးခြားပုံစံမျိုးဖြင့်သာ ၎င်းတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နေခဲ့ခြင်းဖြစ်ပါသည်။ ဤကဲ့သို့ ပြည်မဘက်မှ ဗမာလူမျိုးအများစုပါဝင် သောအစိုးရအဖွဲ့ နှင့်စစ်တပ်တို့က AA ကိုအကြမ်းဖက်ရန်သူအဖြစ် ကြေညာခြင်းကသည်ပင်လျှင် ရခိုင်လူမျိုးများ၏ အမျိုးသားရေး စိတ်ဓာတ်ကို ပိုမိုအားကောင်းလာစေခဲ့သည်ဟုလည်း ဆိုနိုင်ပါသည်။ ထို့အပြင် ULA/AA စတင် တည်ထောင်သော ၂၀၀၉ ခုနှစ်မှ စစ်တပ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ်ကြားကာလများသည် မြန်မာနိုင်ငံ၏ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဖြစ်ခဲ့ပြီး၊ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်သည်လည်း အထိုက်အလျောက် လွတ်လပ် သောကာလဖြစ်သည့်အတွက် ULA/AA အနေဖြင့် ၎င်းအခွင့်အရေးများကို ကောင်းစွာအသုံးချနိုင်ခဲ့ပြီး ရခိုင်လူထု၏ ရှိရင်းစွဲဖြစ်သော လူမျိုးရေး၊ ယဉ်ကျေးမှုနှင့် ဘာသာတရားတို့ကို စနစ်တကျအသုံးပြုပြီး ရခိုင်လူထုအကြား အားကောင်းခိုင်မာသောအမျိုးသားရေးစိတ်ဓာတ်ကို စိမ့်ဝင်ပျံ့နှံ့စေခဲ့ခြင်းဖြစ်ပါသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားခြင်းနောက်ဆက်တွဲတွင် နွေဦးတော်လှန်ရေးအမည်ဖြင့် တနိုင်ငံလုံးစစ်အာဏာရှင် ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေကြရာ၌ အစပိုင်းတွင်AA အနေဖြင့် ပေါ်ပေါ်ထင်ထင် ပါဝင်လှုပ်ရှားခဲ့ခြင်း မရှိခဲ့ပါ။ နွေဦးတော်လှန်ရေး စာမျက်နှာများထက်တွင် AA ၏နာမည်ကို ဝေဝေဆာဆာတွေ့ရသည်က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ ရှမ်းပြည် (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင်ဖြစ်ပါသည်။ ၁၀၂၇ စစ်ဆင်ရေးတွင် AA သည် မဟာမိတ်အဖွဲ့အစည်းများဖြစ်သော TNLA ၊ MNDAA အဖွဲ့တို့နှင့်အတူ ရှမ်းပြည် (မြောက်ပိုင်း) လွတ်မြောက်ရေး အတွက် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သည့် နွေဦးတော်လှန်ရေးထဲကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်ခဲ့ပါသည်။ ဟိုင်ဂင် သဘောတူညီချက်အရ ရှမ်းပြည် (မြောက်ပိုင်း) တွင် စစ်ကောင်စီနှင့်အပစ်အခတ် ရပ်စဲမှုအပြီးတွင် AA သည် ၎င်း၏နယ်မြေဖြစ်သည့် ရခိုင်ပြည်နယ်ဘက်တွင် တိုက်ပွဲများဖော်ဆောင်လာခဲ့ပါသည်။ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် စတင်သည့်တိုက်ခိုက်မှုသည် ချင်းပြည်နယ်၊ ပလက်ဝမြို့ကိုအခြေခံပြီး ထွက်ပေါက် အနေဖြင့် ဘင်္ဂလားဒေ့ရှ်ကိုအခြေပြု၍ ထိုးစစ်ဆင်သည့် တိုက်ခိုက်ရေး ဖြစ်သည်။ တိုက်ခိုက်မှုစတင်ခဲ့သည့် နိုဝင်ဘာလ (၁၃) ရက်နေ့မှ ဇန်နဝါရီလ (၁၄) ရက်နေ့အထိ ရက်ပေါင်း ၆၀ ကျော်တိုက်ခိုက်ပြီး ပလက်ဝမြို့ ကိုထိန်းချုပ်နိုင်ခဲ့သည်။ ပလက်ဝကိုထိန်းချုပ်ပြီး ၁၀ ရက်အကြာတွင် ပေါက်တော မြို့ကိုထိန်းချုပ်နိုင်ခဲ့သည်။ ဇန်နဝါရီလမှစ၍ အရှိန်အဟုန်ဖြင့် ရှေ့သို့ချီလာနေသော အာရက္ခတပ်တော် (AA) သည် မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့ကို အလုံးစုံသိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်ဧရိယာ၏ ၅၀ ရာခိုင်နှုန်း ကျော်ဖြစ်သော မြို့နယ် (၁၀) ခုကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အခြေအနေကို ရောက်ရှိလာပါသည်။ ထိုသို့ အလျှင်အမြန်သိမ်းပိုက် နိုင်ခြင်းဖြစ်ပေါ်စေရန် ရခိုင်ပြည်သူတဦးခြင်းစီသည် ၎င်းတို့ပိုင်ဆိုင်ထားသည့် စားသောက်ကုန် များ (ဆန်၊ဆီ၊ဆား) ၏ အနည်းဆုံးထက်ဝက်ကို အာရက္ခတပ်တော်၏ စစ်သည်တော်များအတွက် အခြေခံရိက္ခာများ အဖြစ်ထောက်ပံ့ခဲ့ကြပြီး၊ ပြည်ပနိုင်ငံများတွင် ရွှေ့ပြောင်းနေထိုင်လျှက်ရှိသော ရခိုင်လူမျိုးများသည်လည်း တဦးချင်းရရှိသည့်ဝင်ငွေများမှ တတ်နိုင်သည့် ငွေပမာဏတစ်ခုကို ပြန်လည်၍ ထောက်ပံ့နေကြဆဲဖြစ်သည်။ မြင်သာစေရန် ဥပမာပြရမည်ဆိုလျှင် အမေရိကန်တွင်နေထိုင်သည့် ရခိုင်လူမျိုးတဦးသည် လစာထုတ်ပြီးချိန်တိုင်း အနည်းဆုံးအမေရိကန်ဒေါ်လာတစ်ရာကို အာရက္ခတပ်တော်သို့ ထောက်ပံ့ငွေများ လစဉ်ပေးပို့နေကြသည်။
လက်ရှိအချိန်တွင် AA ၏ ထိန်းချုပ်ထားနိုင်သောနယ်မြေသည် မြို့နယ် (၁၀) မြို့နယ်ကျော် အထိရှိလာပြီဖြစ်ပါသည်။ ဆက်လက်၍လည်း ကျန်ရှိနေသည့်မြို့များကို သိမ်းပိုက်နိုင်ရန်အတွက် အရှိန်အဟုန်ကောင်းကောင်းဖြင့် တိုက်ခိုက် လျှက်ရှိပါသည်။ ယခင်က ပြည်မနှင့် ခပ်စိမ်းစိမ်းရှိခဲ့သည့် AA သည်လည်း ပြည်မအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူတွေ၏ ထောက်ခံအားပေးမှုများကို ရရှိခဲ့ပြီဖြစ်ပါသည်။ နောက်ထပ်ထူးခြားချက်အနေဖြင့် ULA/AA ၏ ရက္ခိတလမ်းစဉ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ပိုမိုကျယ်ပြန့်လာသည်ကိုလည်း တွေ့ရပါသည်။ AA ၏ စစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့က BBC နှင့်အင်တာဗျူးတွင် “ကျွန်တော်တို့က ရက္ခိတလမ်းစဉ် ရခိုင်အမျိုးသားတော်လှန်ရေးဆိုပေမယ့် ကမ္ဘာကြီးရဲ့ အခြေအနေတွေအရ ဒီကိစ္စတွေက သီးခြားခွဲပြီးမှ ဖော်ပြရတဲ့ဟာရှိမယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖိနှိပ်ခံတိုင်းရင်းသားညီအစ်ကိုတွေနဲ့ ကျွန်တော်တို့ကံတရားဟာ အကုန်လုံး အပြန်အလှန်ဆက်စပ်နေပါတယ်။ ကျွန်တော်တို့က ရခိုင်တစ်ခုတည်းအတွက် ရခိုင်အမျိုးသားတော်လှန်ရေး ရခိုင်တစ်ခုတည်းအတွက်ဆိုပြီးမှ သီခြားကွက်လုပ်လို့တော့မရပါဘူး။ ကျွန်တော်တို့မှာ ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတအိပ်မက်ဆိုတာရှိပေမယ့် ဒီဘက်မှာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုတွေ၊ နောက်ပြီးမှ မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေထိုင်ကြတဲ့ ဗမာအမျိုးသားတွေပေါ့ စစ်အာဏာရှင်အောက်မှာ ဒုက္ခခံနေရတဲ့ ဗမာအမျိုးသားတွေအတွက်ရော ကျွန်တော်တို့ကကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးမှ အလုပ်လုပ်ဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ ကြိုးစားရင်းနဲ့ ပိုပြီးလက်တွေ့ကျကျ နားလည်လာတယ်။ ဒါကြောင့် ကျွန်တော်တို့က ရခိုင်ဒေသတစ်ခုတည်းကိုကွက်ပြီးမှ စဉ်းစားနေလို့တော့မရဘူး။ ကျွန်တော်တို့ ရက္ခိတလမ်းစဉ်က ရက္ခိတလမ်းစဉ်ရည်မှန်းချက်နဲ့ ကျွန်တော်တို့စတင်ခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ရက္ခိတလမ်းစဉ်နဲ့ ဆက်စပ်ပြီးမှ လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာ အခွင့်အရေးတွေရရှိရေး၊ နောက် လူမျိုးစုအလိုက်ပေါ့လေ အကုန်လုံးစည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းဖို့လိုတယ်။ အဲဒီလို ငြိမ်းချမ်းပြီးမှပဲ တိုးတက်မယ်။ ဒါကတော့ လူမျိုးစုအလိုက် ကျွန်တော်ပြောတာဖြစ်တယ်။ နောက်တခုကတော့ နိုင်ငံသားတိုင်းပေါ့။ တချို့ကတော့ တိုင်းရင်းသားစာရင်းမှာမပါတဲ့ နိုင်ငံသားတွေလည်းရှိတယ်။ ဆိုတော့ ဒီနိုင်ငံသားတွေအတွက်လည်းပဲ သူ့ရဲ့နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးနဲ့ တာဝန်ဆိုတာကို ပိုပြီးမှ ပီပြင်အောင် အဓိပ္ပာယ်ဖွင့်ဆိုပြီးမှ ဒီဟာတွေကို စနစ်တကျနဲ့တည်ဆောက်ပြီး အားလုံးအတွက် ကောင်းတဲ့အနာဂတ်ကို ကျွန်တော်တို့ ပုံဖော်ရမယ်လို့ နားလည်ထားပါတယ်” ဟုဖြေထားသည်ကိုကြည့်မည်ဆိုလျှင် AA ၏ လက်ရှိနိုင်ငံရေး လမ်းစဉ်နှင့် ရက္ခိတလမ်းစဉ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းလင်းစွာမြင်နိုင်မှာဖြစ်ပါသည်။
အထက်တွင်တင်ပြခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ULA/AA ၏ နိုင်ငံရေးရည်မှန်းချက်နှင့် ရက္ခိတ လမ်းစဉ် အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အဓိပ္ပာယ်ဖွင့်ဆိုချက်တို့ကို ပါမောက္ခ Francis Loh တင်ပြထားသည့် လူမျိုး-မျိုးရိုးဆက်ခံမှုအပေါ် အခြေခံသော အမျိုးသားနိုင်ငံတည်ထောင်ခြင်း (ethnic-genealogical type of nation building) နှင့် နိုင်ငံသား-နယ်နမိတ်အပေါ်အခြေခံသော အမျိုးသားနိုင်ငံ တည်ထောင်ခြင်း (civic-territorial type of nation building) နည်းလမ်း ၂ သွယ်ဖြင့် ချိန်ထိုးသုံးသပ်နိုင်ပါသည်။ ၂၀၀၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီကာလအတွင်း အာရက္ခလမ်းစဉ်ကို ULA/AA က အဓိပ္ပာယ် ဖွင့်ဆိုမှုသည် လူမျိုး-မျိုးရိုးဆက်ခံမှုကိုအခြေခံသော အမျိုးသားနိုင်ငံတည်ဆောက်ရန် ကြိုးပမ်းခြင်း ( ethnic-genealogical ) ဟု သုံးသပ်နိုင်မည်ဖြစ်ပါသည်။ လူမျိုး-မျိုးရိုးဆက်ခံမှုကိုအခြေခံသော အမျိုးသားနိုင်ငံ တည်ဆောက်ခြင်း ( ethnic-genealogical) သည် လူမျိုး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် ကိုးကွယ်ရာဘာသာ တရားတို့ကို အခြေတည်ပြီး အမျိုးသားနိုင်ငံတခုပေါ်ထွန်းလာစေရန် ကြိုးပမ်းခြင်းဖြစ်သည်။ ဤနည်းလမ်းတွင် မိမိတို့၏ဘာသာစကား၊ ဓလေ့ထုံးတမ်းများနှင့် ယုံကြည်မှုစသည်တို့ကိုမြှင့်တင်ပြီး ယခင်က သမိုင်းဖြစ်ရပ်များနှင့်ရွှေ ထီးဆောင်းခဲ့ခြင်းများကို လက်ရှိအခြေအနေနှင့် ချိန်ထိုးနှိုင်းဆပြ၍ အနာဂါတ် အမျိုးသားနိုင်ငံ ကိုတည်ဆောက်ရန် ကြိုးပမ်းမှုဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပြောင်းလဲလာသော ULA/AA ၏ အာရက္ခလမ်းစဉ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် AA ခေါင်းဆောင်ပိုင်းက ဖြေကြားခဲ့သည့် အင်တာဗျူးပါ အချက်အလက်များအရ လက်ရှိ ၎င်းတို့၏ကြိုးပမ်းမှုကိုမူ သတ်မှတ်နယ်နမိတ်အတွင်းရှိ လူမျိုး/ဘာသာ အားလုံးကို အခြေပြုစဉ်းစားသော နိုင်ငံသား-နယ်နမိတ်ကို အခြေခံသည့် အမျိုးသားနိုင်ငံတည်ဆောက်ရန်ကြိုးပမ်းခြင်း (civic territorial) အဖြစ်ပြောင်းလဲ လာသည်ဟု သုံးသပ်နိုင်မည်ဖြစ်သည်။ သို့သော်လည်း၊ ထိုကဲ့သို့ လူမျိုး/မျိုးရိုးဆက်ခံမှုကို အခြေခံသော အမျိုးသားနိုင်ငံတည်ဆောက်ရန်ကြိုးပမ်းခြင်း (ethnic-genealogical ) မှ နိုင်ငံသား-နယ်နမိတ်ကို အခြေခံသော အမျိုးသားနိုင်ငံတည်ဆောက်ရန်ကြိုးပမ်းခြင်း (civic-territorial) အဖြစ်သို့ ကူးပြောင်းရာတွင်၊ ယခင် ဆယ်စုနှစ်တစ်ခု ကျော် တည်ဆောက်ခဲ့သော လူမျိုးအခြေပြု အမျိုးသားရေးစနစ်တွင် ထည့်သွင်းစဉ်းစားမှုမပြုခဲ့သည့် အခြား လူမျိုး/ဘာသာခြားများအပေါ် ခွဲခြားဆက်ဆံမှုများနှင့်၊ အနာဂါတ်အမျိုးသားနိုင်ငံတွင် ရခိုင်မဟုတ်သော အခြားလူမျိုးစု များ၏အခန်းကဏ္ဍများသည်၊ ပြောင်းလဲလာသော နိုင်ငံသား-နယ်နမိတ်ကို အခြေခံသော အမျိုးသားနိုင်ငံ တည်ဆောက် ရန်ကြိုးပမ်းခြင်း (civic-territorial type of nation building) ပုံစံတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များအဖြစ် ရှေ့တန်းရောက်လာပြီး ULA/AA ၏ ခေါင်းဆောင်ပိုင်းအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်လာခဲ့ပြီဖြစ်ပါသည်။
အရှိန်အဟုန်ကောင်းကောင်းဖြင့်ချီတက်လာနေသည့် AA ၏ထိုးစစ်ကို ဂျမ်းတုံးခုလိုက်သလို အရှိန်တန့်သွားအောင် ကြားဝင်နှောင့်ယှက်ခဲ့သည်မှာ ကမ္ဘာကျော်ရိုဟင်ဂျာအရေးပင်ဖြစ်ပါသည်။ AA ၏ ထိုးစစ်များအရှိန်မြင့်နေသည့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ဘူးသီးတောင်မြို့တွင် ရိုဟင်ဂျာပြည်သူများက AA ကို ဆန္ဒပြခဲ့ခြင်းကိုတွေ့ရှိခဲ့ရပါသည်။ ယခုလို ရိုဟင်ဂျာများက AA ကို ဆန္ဒပြသည့်အပေါ် စစ်ကောင်စီက နောက်ကွယ်မှကြိုးကိုင်ပံ့ပိုးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ချက် များလည်း ထွက်ပေါခဲ့ပါသည်။ NUG အစိုးရ၏ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးသည် ဤကိစ္စနှင့်ပတ်သက်ပြီး တိတိကျကျပြောဆိုခဲ့သူများထဲမှ တယောက်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လနှင့်ဧပြီလများ အတွင်းမှာပင်၊ စစ်ကောင်စီက ၎င်းတို့ထုတ်ပြန်ထားသည့် စစ်မှုမထမ်းမနေရဥပဒေကိုအသုံးချကာ ရိုဟင်ဂျာလူငယ်များ ကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပြီး AA နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် ရှေ့တန်းစစ်မြေပြင်ကိုစေလွှတ်ခဲ့ပါသည်။ ထို့နောက်တွင်၊ AA က ဘူးသီးတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်သည့်အချိန်၌ ဘူးသီးတောင်မြို့ရှိ ရိုဟင်ဂျာလူမျိုးများ ၏နေအိမ်များ အားလုံးနီးပါး မီးရှို့ခံရမှုဖြစ်ပွားခဲ့ပါသည်။ ရိုဟင်ဂျာနေအိမ်များ မီးရှို့ခံရမှုနှင့်ပတ်သက်၍ ရိုဟင်ဂျာ အရေး လှုပ်ရှားသူများက AA ကရှို့တာဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများ ပေါ်ပေါက်ခဲ့ပြီး၊ AA ကမူ၊ စကစ၏ လေကြောင်းမှ ဗုံးကျဲမှုကြောင့် မီးလောင်ရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေရှင်းလာပါသည်။ မီးလောင်မှု၏ အဓိကလက်သည်တရားခံကို အမှန်တကယ်မည်သူမှန်း မသိရသော်လည်း နိုင်ငံတကာက ယင်းကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့ပြီး AA ကို ဘေးကြပ်နံကြပ် ဖြစ်ပေါ်စေခဲ့ပါသည်။ AA ၏ လက်ရှိကြုံတွေ့နေရ သောအခက်အခဲသည် ယခင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ကြုံခဲ့ရသည်နှင့် ထပ်တူကျသည်ဟုသုံးသပ်မှုများလည်းရှိနေပြီး၊ AA အနေဖြင့် ရခိုင်ပြည်နယ်တွင်ရှိသည့် ရိုဟင်ဂျာများအပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိကြောင်းနှင့် စစ်ကောင်စီ၏တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် ရိုဟင်ဂျာများ ကိုကယ်ဆယ်ပြီး အကူအညီများပေးနေကြောင်းကိုလည်း ထုတ်ပြန်ထားပါသည်။
အခြားတစ်ဖက်တွင် ရိုဟင်ဂျာလူမျိုးများကလည်း နိုင်ငံသားနှင့်တိုင်းရင်းသားဖြစ်မှုကို အသိအမှတ်ပြုခံထားရခြင်း မရှိသေးဘဲ နိုင်ငံမဲ့သူများ (stateless people) အနေဖြင့် ရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်များတွင် အခြေချနေထိုင်လျှက်ရှိကြပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ဒေသတွင် AA နှင့် စစ်ကောင်စီ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ရိုဟင်ဂျာလူမျိုးအများစုဖြင့်ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီနှင့် ပူးပေါင်းပြီး AA ကို ဝိုင်းဝန်းတိုက်ခိုက်နေသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ပြီး Rohingya Solidarity Organization (RSO) အဖွဲ့က ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်များကို စစ်ကောင်စီတပ်ဖွဲ့များထံ ရောင်းစား ဖို့ကြိုးစားခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မေလအတွင်း၌ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ VOA နှင့်အင်တာဗျူးတွင် ရခိုင်ဒေသတွင် စစ်သွေးကြွအကြမ်းဖက် အဖွဲ့အစည်းများ လည်းရှိကြောင်း၊ ၎င်းတို့က သူတို့၏မူဝါဒအတိုင်း ယင်းဒေသကို သီးခြားမူစလင်ဒေသအဖြစ် ဖန်တီးလိုကြောင်း၊ သို့သော် သူတို့မှာ လက်နက်ခဲယမ်းမရှိကြောင်း၊ ထိုအချိန်မှာ စကစ ကသူတို့ကို မြှောက်ပေးနေပြီး AA ကိုဝိုင်းတိုက်ဖို့ စီစဉ်နေကြ ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး AA ဖမ်းမိထားသည့် စကစ အရာရှိများမှ တဆင့် မူစလင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်စီစဉ်ထားသည့် စာရွက်စာတမ်းသက်သေ၊ လူပုဂ္ဂိုလ် သက်သေများ ရရှိထားကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ အထက်ပါအင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ပြောကြား မှုအရ ရိုဟင်ဂျာများ၏ မူစလင်ဒေသအဖြစ်ဖန်တီးနိုင်ဖို့ ကြိုးပမ်းနေမှုများသည် အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံ တည်ဆောက်ထားသည့် ရခိုင်တို့၏ အာရက္ခလမ်းစဉ်အပေါ်ခြိမ်းခြောက်နေမှုအဖြစ် ရှုမြင် သုံးသပ်နိုင်မှာဖြစ်ပါသည်။ ရိုဟင်ဂျာများအနေဖြင့် လိုလားသည်ကလည်း တိုင်းရင်းသားလူမျိုးအုပ်စုတခုအဖြစ် အသိအမှတ်ပြုခံရပြီး ယင်းမှတဆင့် နိုင်ငံသားဖြစ်ခွင့်ရရှိဖို့ လိုလားခြင်း ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်က New Mandala မှာဖော်ပြခဲ့သည့် ပါမောက္ခ Nick Cheesman ၏“How Myanmar’s National Races trumped Citizenship” ဆောင်းပါးတွင် ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံ၏ ပြဿနာများသည် တိုင်းရင်းသားဆိုသည့် စကားလုံးအပေါ်တွင် အခြေခံ ဖြစ်ပေါ်လာပြီး၊ တိုင်းရင်းသားဖြစ်မှုနှင့် နိုင်ငံသားဖြစ်မှု ဆက်စပ်နေခြင်းက လက်ရှိပြဿနာ၏ အရင်းခံဖြစ်သည်ဟု သုံးသပ်ထားခဲ့ပါသည်။ ယခုလက်ရှိအခြေအနေတွင် ULA/AA ၏ နိုင်ငံရေးရည်မှန်းချက်များသည် ဖက်ဒရယ် စဉ်းစားမှုဘောင်ကို ကျော်လွန်၍ အမျိုးသားနိုင်ငံ (Nation-state) တစ်ခုတည်ဆောက်ရေး အခြေခံစဉ်းစားမှုဖြင့် သွားနေသည်ကိုမြင်တွေ့ရပြီး ၊လက်ရှိအခြေအနေအထိ ULA/AA အနေဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ် အသိအမှတ် ပြုမည်ဟူသော ကတိစကားတစုံတရာ မပေးသေးဘဲ ULA/AA ခေါင်းဆောင်ပိုင်းများ၏ပြောဆိုမှုများတွင် ရိုဟင်ဂျာ ဟူသော အသုံးအနှုန်းကိုရှောင်ပြီး ဘင်္ဂါလီ (သို့မဟုတ်) ရခိုင်ဒေသရှိ မူစလင်များဟုသာ သုံးနှုန်းပြောဆိုလျှက်ရှိသည်ကို တွေ့ရှိရပါသည်။
ထူးခြားချက်တစ်ခုအနေဖြင့် မေလ ၂၇ ရက်နေ့ Hindustan Times သတင်းစာတွင်ဖော်ပြခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ပြောကြားချက်တွင် အနောက်အင်အားကြီး နိုင်ငံတနိုင်ငံက ၎င်းနယ်နိမိတ်အတွင်း လေတပ်စခန်းထားခွင့်ပြုရန် လာရောက်တောင်းဆိုခြင်းရှိခဲ့ကြောင်းဆိုသည်။ သူကဆက်ပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နယ်မြေအချို့ကိုဖဲ့ယူပြီး အရှေ့တီမောကဲ့သို့ ခရစ်ယာန်နိုင်ငံတစ်ခု တည်ထောင်ရန် လူဖြူများက ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့ပါသည်။ ရှိတ်ဟာဆီနာ၏ ထုတ်ဖော်ပြောကြားမှုတွင် မည်သည့်နိုင်ငံ၊ မည်သူမည်ဝါဆိုတာမျိုး အတိအကျမပါသော်လည်း ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် လုပ်ပိုင် ခွင့်ရထားသော တရုတ်ကို ထိန်းကြောင်းဖို့ရည်ရွယ်တာမျိုး ဖြစ်နိုင်သည်ဟု သုံးသပ်နိုင်မှာဖြစ်ပါသည်။ တဖက်တွင်လည်း ရခိုင်ပြည်နယ်တွင် အင်အားကြီးထွားလာသည့် ULA/AA ကို တရုတ်နိုင်ငံ၏ ပံ့ပိုးမှုတစုံတရာ ရှိနေသည်ဟု ယုံကြည်နေသူများလည်းရှိကြသောကြောင့် ရခိုင်ဒေသတွင် တရုတ်လွှမ်းမိုးမှု ကြီးထွားလာမည်ကို တားဆီးလိုသည့် အနောက်အင်အားကြီးနိုင်ငံများ၏ အာရုံစိုက်မှုကလည်း ရှိနေပါသည်။ ဆိုလိုသည်မှာ၊ ရခိုင်ဒေသတွင် အမျိုးသားနိုင်ငံတခု တည်ထောင်ရန်မှာ ရှုပ်ထွေးသော နိုင်ငံတကာအကျိုးစီးပွားများကို ရင်ဆိုင်ရမည်ဆိုသည့် အချက်မှာ ငြင်းမရသည့် အချက်ဖြစ်နေပါသည်။ တရုတ်သြဇာခံဖြစ်သည်ဟု အနောက်နိုင်ငံများက ယူဆထားခြင်းခံ နေရသည့် AA သည်လည်း အဖက်ဖက်မှ ဝိုင်းဝန်းထိုးနှက်မှုခံရနိုင်ပြီး၊ ရခိုင်လူထု၏ အိပ်မက်ဖြစ်သည့် အမျိုးသား နိုင်ငံတခု တည်ဆောက်ရေးကြိုးပမ်းမှုသည်လည်း စိန်ခေါ်မှုများစွာနှင့်ကြုံတွေ့ရနိုင်ပါသည်။ ထို့အပြင် ရခိုင်ဒေသတွင် တရုတ်လွှမ်းမိုးမှုကြီးထွားလာမည်ကို တားဆီးလိုသည့်အနောက်နိုင်ငံများနှင့်၊ ရခိုင်ဒေသမှာ AA အင်အားကြီးထွားလာ မည်ကိုတားဆီးလိုသည့် စစ်ကောင်စီတို့သည်လည်း ရခိုင်အရေးကိစ္စတွင် အကျိုးစီးပွားတူညီသွားမှာဖြစ်ကြောင်း ဤစာတမ်းက အထူးမီးမောင်းထိုးပြလိုပါသည်။
လက်ရှိအနေအထားတွင် ULA/AA သည် ရက္ခိတလမ်းစဉ်ကိုအကောင်အထည်ဖော်ရန်အတွက် ၎င်းတို့ တည်ဆောက်ခဲ့ သည့် အမျိုးသားရေးဝါဒသည် ရိုဟင်ဂျာအရေးကဲ့သို့သော သိမ်မွေ့နက်ရှိုင်းသည့် အဟန့်အတားတခုနှင့် ကြုံတွေ့နေရပြီ ဖြစ်ပါသည်။ လူမျိုးနှင့်အမျိုးအနွယ်ကို အခြေခံပြီး တည်ဆောက်ခဲ့သည့် (ethnic-genealogical type of nation building) ရခိုင်အမျိုးသားရေးစိတ်ဓာတ်သည် ရိုဟင်ဂျာလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ခွင့် (Self-determination) နှင့် ပွတ်တိုက်မှုကြီးထွားလာပါသည်။ အထက်တွင်တင်ပြသကဲ့သို့ ULA/AA ခေါင်းဆောင်ပိုင်းအနေဖြင့် လူမျိုး-မျိုးရိုး ဆက်ခံမှုကိုအခြေခံသော အမျိုးသားနိုင်ငံတည်ဆောက်ခြင်း (ethnic-genealogical type of nation building) မှ နိုင်ငံသား-နယ်နိမိတ်ကိုအခြေခံသော အမျိုးသားနိုင်ငံတည်ဆောက်ခြင်း (civic-territorial type of nation building) သို့ ပြောင်းလဲရန် ကြိုးပမ်းချက်အချို့ကို တွေ့ရသော်လည်း၊ ရခိုင်ဒေသ တွင် ရာစုနှစ်တစ်ခုနီးပါး ကြာမြင့်စွာရှိခဲ့သည့် လူမျိုး-တိုင်းရင်းသား-နိုင်ငံသား ဝိရောဓိကြောင့် ဘေးကြပ်နံကြပ် ဖြစ်လာသည်ကို တွေ့ရမည်ဖြစ်ပါသည်။ တချိန်တည်းတွင်လည်း ယင်းဝိရောဓိများသည် နိုင်ငံတကာစနစ်၊ နိုင်ငံတကာ အကျိုးစီးပွားများ၊ ပထဝီနိုင်ငံရေးများနှင့် ဆက်စပ်နေသည်ကို အထူးမီးမောင်းထိုး တင်ပြလိုပါသည်။
နိဂုံးချုပ်အနေဖြင့် ၂၀၀၉ ခုနှစ်မှစတင်ခဲ့သော ရခိုင့်တော်လှန်ရေးသည် ယခုအခါ ရခိုင်ဒေသတစ်ခုလုံးနီးပါး ထိန်းချုပ် နိုင်သောအခြေအနေသို့ ရောက်ရှိခဲ့သည်မှာ ULA/AA ကဦးဆောင်တည်ဆောက်ခဲ့သော ရက္ခိတလမ်းစဉ်ဟု အမည်ပေး ထားသည့် လူမျိုးကိုအခြေခံသော ရခိုင်အမျိုးသားရေး စိတ်ဓာတ်ကြောင့်သာဖြစ်ပါသည်။ အောင်မြင်မှု ရလာသည် နှင့်အမျှ ထိုအမျိုးသားရေးစိတ်ဓာတ်သည် နိုင်ငံတကာက အာရုံစိုက်လျှက်ရှိသော ရိုဟင်ဂျာလူမျိုးတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့်၊ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် (Self-determination) နှင့် ထိပ်တိုက်ဖြစ်လာသည်။ ရခိုင်အမျိုးသား ရေးဝါဒသည် ရိုဟင်ဂျာကို ငြင်းဆိုပြီး ရခိုင်ဒေသမှ မူစလင်ဘာသာဝင်လူမျိုးများအဖြစ် အသိအမှတ်ပြုရန် လမ်းဖွင့်ပေးထားသော်လည်း၊ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရပြီး ရက်စက်ကြမ်းကြုတ်လှသည့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ကြုံတွေ့ခဲ့ရသည့် ရိုဟင်ဂျာများအနေဖြင့် နိုင်ငံသားအခွင့် အရေးရရှိရန် အတွက် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရရေးကို ဦးတည်နေဆဲ ဖြစ်သည်။ ULA/AA သည် ၎င်းတို့တည်ဆောက်ခဲ့သော အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံပြီး အာရက္ခလမ်းစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့ခြင်းကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သလို ယင်းအမျိုးသားရေးလမ်းစဉ် ကြောင့်ပင် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုများနှင့် အခက်အခဲများကိုကြုံတွေ့နေရခြင်းဖြစ်သည်။ ULA/AA၏ အမျိုးသားရေးကို အခြေခံသည့် အာရက္ခလမ်းစဉ်သည် အနောက်နိုင်ငံများက အလေးထားသည်ဟုဆိုသော လူ့အခွင့်အရေး စံနှုန်းများ၊ နိုင်ငံတကာ အကျိုးစီးပွားများနှင့် ထိပ်တိုက်တိုးလာသည်။ ရခိုင်ဒေသတွင်တရုတ်လွှမ်းမိုးမှုကို တားဆီးလိုသော အနောက်နိုင်ငံ များကလည်း နိုင်ငံခြားရေးမူဝါဒနှင့် အကျိုးစီးပွားများဖြင့် ရိုဟင်ဂျာအရေးကို လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် ရှေ့တန်း တင်လာသကဲ့သို့၊ တဖက်တွင်လည်း ဒေသတွင်းအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အကျိုး စီးပွားတို့က ရခိုင်ဒေသတွင် ပဋိပက္ခဖြစ်လျှက်ရှိနေပါသည်။
ဤအကျပ်အတည်းများအကြားတွင် ULA/AA ဦးဆောင်သော ရခိုင်လူထု၏ အမျိုးသားနိုင်ငံ တရပ်တည်ထောင်ရန် ကြိုးပမ်းမှုသည် ခက်ခဲနေဆဲဖြစ်ပါသည်။ ULA/AA သည် နွေဦးတော်လှန်ရေး တွင်ပါဝင်လာခြင်းနှင့်အတူ ပြည်တွင်းမှ တော်လှန်ရေးအင်အားစုအများအပြား၏ ထောက်ခံအားပေးခြင်းကို ရရှိနေသော်လည်း၊ လက်ရှိကြုံတွေ့နေရသည့် ရိုဟင်ဂျာလူမျိုးများနှင့်ပဋိပက္ခတွင်မူ၊ တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) အပါအဝင် အခြားတော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများ၏ ULA/AA ဘက်မှ ထင်ထင်ပေါ်ပေါ် ရပ်တည် ထောက်ခံအားပေးမှုများမှာလည်း အားနည်းနေဆဲဖြစ်ပါသည်။ လူမျိုး-မျိုးရိုးဆက်ခံမှုကို အခြေခံသော အမျိုးသားနိုင်ငံမှသည် နိုင်ငံသား-နယ်နိမိတ်အခြေခံသော အမျိုးသားနိုင်ငံအဖြစ် ထူထောင်နိုင်မှသာလျှင် ယင်း အကျိုးစီးပွားများ ပဋိပက္ခဖြစ်မှုကို ပြေလည်နိုင်မည်ဖြစ်ပါသည်။ သို့သော်လည်း လူမျိုး၊ အမျိုးအနွယ်ကို အခြေခံသည့် ရက္ခိတလမ်းစဥ်မှသည် ရခိုင်ပြည်ရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင်သော အမျိုးသားရေးဝါဒအဖြစ် တည်ထောင် နိုင်ဖို့အတွက်မူ ရခိုင်အရေးသည် ရခိုင်ပြည်တွင်း အရေးကိစ္စသာလျှင်မဟုတ်ဘဲ နိုင်ငံတကာနှင့် ဒေသတွင်း အကျိုး စီးပွားများပါဝင်နေသည့် ပထဝီနိုင်ငံရေးအရလည်း အလွန်အရေးကြီးသည့်ဒေသဖြစ်သည့်အတွက်၊ အမျိုးသားနိုင်ငံ (Nation-State)တခုတည်ထောင်ဖို့ဟူသည့် အာရက္ခအိပ်မက်ကိုဆက်လက်အကောင်အထည်ဖော်ရန်မှာ လက်ရှိ ရခိုင် နိင်ငံရေးခေါင်းဆောင်များ၏ နိုင်ငံရေးအမြင်ကျယ်မှုနှင့် ပါးနပ်စွာကိုင်တွယ်ဖြေရှင်းနိုင်မှုများအပေါ် များစွာ မူတည် နေကြောင်း သုံးသပ်တင်ပြလိုက်ရပါတော့သည်။
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023