လဲင်း (ကလောင်အမည်) သည်စစ်အာဏာသိမ်းမှုနောက်ပိုင်းသူမခက်ခဲသည့်အခြေအနေများကိုမည်သို့ ရင် ဆိုင်ရပုံ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာအတွေ့အကြုံနှင့် သူမဘဝမည်သို့ရင်နင့်ဖွယ်ရာ ပြောင်းလဲသွားသည်ကို တင်ပြထားသည်။
ကျွန်မကတော့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည်။ ကျောင်းသူလူငယ်တစ်ဦး ဖြစ်သည့် အလျောက် နေ့ရက်တိုင်းကို ပျော်ရွှင်နှစ်သက်ခံစားရင်း ဖြတ်သန်းသည်။ တက္ကသိုလ်က ပေးသော ပညာကို ကြိုးစား ပမ်းစားဆည်းပူးသည်။ အပြင်ဘဝဝန်းကျင်ကို လေ့လာပညာယူသည်။ ကျောင်းပြီးလျှင် လူမှုဘဝ နယ်ပယ်ထဲသို့ အဓိပ္ပာယ်ရှိရှိ တိုးဝင်ချင်သည်။ ကျွန်မမှာ အနာဂတ်အိပ်မက်တွေရှိပါသည်။ ကျွန်မတို့ မိသားစုတွင် မောင်နှမ၅ဦးရှိပြီး ကျွန်မက အကြီးဆုံးဖြစ်သည်၊ ကျွန်မတို့မိသားစု၏ အဓိက စီးပွားရေးမှာ ဥယျာဉ်ခြံလုပ်ငန်းဖြစ်သည်။
ဝင်ငွေလည်ပတ်မှု သိပ်မကောင်းလှသော ကျွန်မတို့မိသားစုကို ကျွန်မလုပ်အားဖြင့် တစ်ဖက်တစ်လမ်းမှ ပြန်လည်ထောက်ပံ့ပေးလိုသည်။ အနာဂတ်မျှော်လင့်ချက်တွေ ရှိပါသည်။ အနာဂတ်ပန်းတိုင်တွေရှိပါသည်။ တက္ကသိုလ်ပညာရေး ဆုံးခန်းတိုင်လို့ကျောင်းပြီးသွားသည့်အခါ ကိုယ့်ရဲ့ရပ်ရွာလူမှု အဖွဲ့အစည်း ကို အကျိုးပြုသော အဖွဲ့အစည်းတစ်ခုမှာပါဝင်ဆောင်ရွက်ချင်သည်။ထိုသို့ အလုပ်လုပ်ရင်း ကိုယ့်ဝန်းကျင်နှင့် မိသားစုကို တတ်နိုင်သည့်ဖက်ကနေ ပြန်ပြီးထောက်ပံ့ပေးဖို့ရန် ဆန္ဒရှိပါသည်။
ထိုသို့ ကျွန်မ၏ မိသားစုကို တတ်နိုင်သည့်ဖက်မှ ပြန်လည်ထောက်ပံ့ပေးနိုင်ရန်ဆိုတာသည် ကျွန်မ၏ ရည်မှန်းချက် ဖြစ်ချင်သည့် ဆန္ဒတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဤရည်မှန်းချက်အတွက် ကြိုးစား ပြီးလုပ်ဆောင်ခဲ့သော်လည်း လမ်းခုလတ်မှာ ထင်မှတ်မထားသော အဖြစ်အပျက်နှင့် တွေ့ကြုံ ရင်ဆိုင် လိုက်ရသည်။ ထိုအခါ ရုတ်တရက် ချက်ချင်းဆိုသလိုပဲ ဘဝမှာ မျှော်လင့်မထားသော အချိုး အကွေ့ကြီးတစ်ခုကို တွေ့မြင်လိုက်ရတော့သည်။ ထိုအချင်းအရာသည် ကျွန်မတစ်ဦးတည်းသာ ရင်ဆိုင်ကြုံတွေ့လိုက်ရသည်မဟုတ်။ သန်း ၅၀ ကျော်သော ပြည်သူတစ်ရပ်လုံးလည်း ထိုနေ့ ထိုရက် ထိုမနက်မှာပင် မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ကြုံတွေ့ကြရသည်။ ဤနေရာတွင် စစ်တပ်မှ အာဏာ သိမ်းပြီးနောက်ပိုင်း ရုတ်ချည်း ပြောင်းလဲသွားသည့်အခါ ရင်ဆိုင်ကြုံတွေ့ရသည့် အခြေအနေနှင့် ရောက်ရှိသည့်နေရာတွင် တွေ့ကြုံ ခံစားရသည့် ခံစားချက်အချို့ကို ရေးသားဖော်ပြသွားမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်က အိပ်မက်ကိုယ်စီနဲ့ မိမိဘဝလမ်းခရီးကို လျှောက်လှမ်း နေကြသော လူငယ်တွေ၊ အခက်အခဲအချို့နှင့် ကြုံတွေ့နေရသော်ငြားလည်း ဖြစ်ကိုဖြစ်ရမည်ဆိုသော မျှော်လင့်ချက်ကိုဆွဲကိုင်ပြီး ဇွဲမလျော့ဘဲ ကြိုးစားနေကြသော လူငယ်တွေ၊ လောကဓံတရား၏ ရိုက်ချက် အောက်မှာ တက်လိုက် ကျလိုက်ဖြစ်နေသော်လည်း စိတ်ဓာတ်မကျ အားမလျော့ဘဲ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရင်း ခြေလှမ်းလှမ်းနေကြသော လူငယ်တွေဟာ အနာဂတ်တွေ ကိုယ်စီကိုယ်ငှ ရှိကြပါသည်။ သို့သော် ယင်း အနာဂတ် ရည်မှန်းချက်တွေ အားလုံးဟာ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့ နံနက်ခင်းစောစောမှာပဲ သတင်းဆိုးတစ်ခု၏ ရိုက်ချိုးပစ်ခြင်းကို ခံလိုက်ရတော့သည်။ မှတ်မိသရွေ့ဆိုရလျှင် ၄င်းနေ့က ကျွန်မတို့ဒေသမှာ ရာသီဥတုက အေးနေမြနေဆဲ ဖြစ်ပါသည်။
ခါတိုင်းကဲသို့ ကျွန်မဟာ မေမေပြင်ဆင်ပေးတဲ့ မနက်စာကိုစားပြီး၊ မိတ်ကပ်လေးကို မျက်နှာပေါ်မှာ လှလှပပချယ်သပြီး အိမ်ကနေ ရုံးကိုထွက်လာခဲ့သည်။ ကျွန်မသည် Covid-19ကာလအတွင်း တက္ကသိုလ်ကျောင်းများ ပိတ်ထားသည့်အခိုက် ကျွန်မနေထိုင်ရာဒေသရှိ NGOအဖွဲ့အစည်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေခဲ့ပါသည်။ ရုံးကိုရောက်ရောက်ချင်းပဲ ကြားရသည့် သတင်းက အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ မရတော့ဘူးဆိုတာပါပဲ။ ကျွန်မတစ်မနက်လုံး ရုံးသွားဖို့အရေး ပြင်ဆင်နေတာနဲ့ပဲ အင်တာနက်မသုံး၊ ဖုန်းလည်းမဆက်မိသဖြင့် မသိခဲ့ရပေ။ ကျွန်မတို့ တစ်မြို့လုံး အင်တာနက် ဖုန်းလိုင်းတွေ မရတော့ဘူးဆိုတာတွေကြောင့် စိတ်ထဲမှာတော့ အံဩမိသည်။ ထိတ်လန့်မိသည်။ မကြာမီမှာပင် ပိုပြီးထိတ်လန့် တုန်လှုပ်ရတဲ့သတင်းဆိုးတစ်ခုကို ကြားသိလိုက်ရသည်။ စစ်တပ်က နိုင်ငံတော် အာဏာကိုထိမ်းလိုက်ပြီဆိုသောသတင်းဖြစ်သည်။
သူတို့အဆိုမှာတော့အာဏာထိမ်းလိုက်သည်ဟူ၏။ အကယ်စင်စစ်မှာ မတရားအာဏာသိမ်း လိုက်ခြင်းပင် ဖြစ်သည်။ စကားအသုံးအနှုန်းအားကိုးဖြင့် လက်တစ်လုံးခြား လိမ်လည်လှည့်ဖြားခြင်းသာ ဖြစ်သည်။ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တို့ အကျိုးစီးပွားအတွက် နိုင်ငံတော် တစ်ခုလုံးကို မောင်ပိုင်စီးလိုက်ခြင်းသာ ဖြစ်သည်။ အာဏာသိမ်းလိုက်သည့် နေ့ကစပြီး မျှော်လင့်ချက်တွေဟာလည်း လွင့်မျောသွားရတာပါပဲ။ အာဏာမသိမ်းခင်အချိန်ထိ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေသည့် Covid-19 ကပ်ရောဂါအခြေအနေကြီးကြောင့် ကျွန်မတို့ နိုင်ငံမှာလည်း စာသင်ကျောင်းတွေ၊ တက္ကသိုလ်ကျောင်းတွေကို ရပ်နားခဲ့ရသည်။ သို့သော် ကပ်ဆိုကြီး၏ အခြေအနေ တဖြည်းဖြည်းလျော့ပါးသက်သာလာသည့် အခြေအနေကြောင့် ချမှတ်ထားသည့် မူများ၊ ကန့်သတ်ထားသည့် ဘောင်များ ၊ တင်းကြပ်ထားသည့် စည်းကမ်းချက်များ တဖြည်း ဖြည်းပြေလျော့လာသောအခါ ကျောင်းမပြီးသေးသည့် ကျွန်မတို့လူငယ်တွေအတွက် ကျောင်းပြန်တက်ဖို့က ပထမအိပ်မက်ပါပဲ။
ကျောင်းသားကျောင်းသူ အားလုံး၏ မျှော်လင့်ချက်ကလည်း ကျောင်းပြန်တက်နိုင်ဖို့က အဓိကဖြစ်သည်။ သို့သော် အဆိုပါအိပ်မက်တွေ ပြန်ပြီးမစတင်မှာဘဲ စစ်တပ်မှ အာဏာသိမ်းလိုက်သည့် အတွက်ကြောင့် ကျွန်မတို့ မက်ခဲ့သည့် အိပ်မက်တွေ ၊ ဖြစ်ချင်သည့် ဆန္ဒတွေ ရည်မှန်းချက်တွေ အနာဂတ် မျှော်လင့်ချက် တွေဟာ ရေစုန်မျောရတော့တာပါပဲ။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံထဲတွင် ဖွံ့ဖြိုးမှုနောက်ကျသည့် ပြည်နယ်တစ်ခုဖြစ်သည့်အလျှောက် လမ်းပန်းဆက်သွယ်ရေးအရသော် လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း အဖက်ဖက်မှ နိမ့်ကျ လှသည်။ ထိုသို့ နိမ့်ကျလှသည့် ပြည်နယ် ၊ ဒေသတွင် မိဘတွေအနေဖြင့် သားသမီးများအား ဘွဲ့ရပညာ တတ်တစ်ယောက်ဖြစ်သည်အထိ ထောက်ပံ့ပေးနိုင်ဖို့ဆိုတာ အတော်ရုန်းကန်ပြီး ခက်ခဲစွာဖြင့် ထောက်ပံ့ပေး ရခြင်းဖြစ်သည်။ မိဘများအနေနှင့် ကိုယ့်သားသမီးတွေ ပညာရရှိရေး၊ ပညာတတ်များဖြစ်ရေးအတွက် မရှိမဲ့ရှိမဲ့ စုဆောင်းတာလေးတွေနှင့် အရင်းအနှီးပြုပြီးပညာတွေကို သင်ကြားစေသည်။ ဤသို့ဖြင့် ကိုယ့်သားသမီးတွေ ပညာရပ်တစ်ခုကို ပြီးဆုံးချိန်ထိ ဘွဲ့ရအောင် ထောက်ပံ့ပေးနိုင်တဲ့အခါ သူတို့မှာ စကားလုံးများနှင့် ဖော်မပြနိုင်သော ဝမ်းသာပီတိဖြစ်ကြရသည်။ ဤကဲ့သို့ ခက်ခဲသည့် အခြေအနေ များကြောင့် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်ဖို့ဖြစ်လာသည့်အခါ တစ်ချို့သော ကျောင်းသူ/သားများအနေဖြင့် မိဘများနှင့် အတိုက်အခံပြုလုပ်ရခြင်း သဘောမတူညီမှုများနှင့် ရင်ဆိုင် ကြုံတွေ့ကြရသည်။ မိဘများအနေဖြင့်လည်း သူတို့၏ မျှော်လင့်ချက်မှာ သားသမီးများပင် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ကျွန်မတို့အားလုံး ကိုယ့်သမိုင်းကို ကိုယ်သာရေးရမည်ဖြစ်သည်။
ကျောင်းပြန်တက်ချင်သည့် လူငယ်များထဲတွင် ကျွန်မသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ သို့သော် မတရားသည့် စစ်အာဏာ ရှင်စနစ်အောက်တွင် တက်ရောက်ရန်မဖြစ်နိုင်သောကြောင့် CDM တစ်ယောက်ဖြစ်လာပြီး ဆန္ဒပြလှုပ်ရှားမှုများတွင် စိတ်တူကိုယ်တူရှိကြသည့် သူငယ်ချင်းများနှင့်အတူ ဤနွေဦးတော်လှန်ရေးတွင် စတင်ပါဝင်လာ ခဲ့သည်။ ထိုဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ရာကတစ်ဆင့် လွတ်မြောက်နယ်မြေတစ်နေရာတွင် စစ်သင်တန်းတက် ရောက်ရန်အတွက် အကြောင်းဖန်လာခဲ့သည်။ ဤသို့ဖြင့် သူငယ်ချင်းတစ်စုနှင့်အတူ စစ်သင်တန်းတက် ရောက်ရန်အတွက် ချစ်ရသောမြို့လေးကို စွန့်ခွာကာ ထွက်လာခဲ့ကြသည်။ ပုံမှန်အားဖြင့် မကြာခန ခရီးသွား တတ်သူဖြစ်သော်လည်း ယခုခရီးစဉ်ကတော့ ခါတိုင်းနှင့်မတူ။ စိတ်လှုပ်ရှားပေမဲ့လည်း အရင်ချိန်တွေနှင့် မတူညီသည့် စိတ်လှုပ်ရှားမှုမျိုး ၊ ကားလမ်းပေါမှ ဘေး ဘယ် ညာရှိ စစ်ကောင်စီတပ်များ၏ ဂိတ်ကိုမြင်တွေ့ တိုင်း စိတ်ထဲတွင် မတင်မကြပ်ခံစားမှုမျိုး ၊ စိတ်ထဲတွင် အနည်းနှင့်အများတော့ စိုးရိမ်စိတ်ရှိနေသည်။ အာဏာရှင်တွေရဲ့ လက်ဖဝါးအောက်မှာ အခြေအနေတွေဟာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီ။ စိုးရိမ်စိတ်များ လွတ်လပ်ခွင့်မရှိသည့် ဘဝမျိုးဖြင့် အနာဂတ်ကို ရှေ့ဆက်သွားရန်က ပို၍ပင် မဖြစ်နိုင်ပေ။ ထိုကဲ့သို့ ခံစားချက်များနှင့်အတူသွားရင်း သူငယ်ချင်းများဖြင့် လက်ရှိအနေအထားကို ပြောလိုက်၊ အနာဂတ်တွင် ဘာတွေ ဖြစ်လာနိုင် သလဲဆိုတာတွေကို မှန်းဆပြောရင်းဖြင့် နှစ်ရက်မြောက်သည့်နေတွင်တော့ ကျွန်မတို့တွေ ဦးတည်သည့် နေရာအရပ်ကို ရောက်ရှိလာခဲ့ ကြသည်။
အရင်က တော်လှန်ရေး၊ နိုင်ငံရေးများနှင့် ပတ်သက်၍ ထိထိတွေ့တွေ့ဆက်ဆံခြင်း မရှိခဲ့သည့် ကျွန်မတို့အဖို့ အခြေအနေအားလုံးဟာ အစိမ်းသက်သက်ဖြစ်နေ သည်။ သို့သော်ငြာလည်း တစ်ရက် နှစ်ရက်ကြာသည့် အခါတွင် အစိမ်းသက်သက်ဖြင့် ရောက်ရှိလာကြသူ အချင်းချင်းဆုံတွေ့ကြကာ ခင်မင်ရင်နှီးလာကြသည်။ သင်တန်းစတက်တော့လည်း လွယ်ကူသည်တော့ မဟုတ်ခဲ့ပေ။ သို့သော်ငြားလည်း မမျှော်လင့်ထားသည့် အခြေအနေကို ရင်ဆိုင်ရပြီးဖြစ်၍ နောက်ပြန်လှည့်၍ လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သင်တန်းအားလုံး စည်းစည်းလုံးလုံးဖြင့် သင်တန်းပြီးဆုံးသည်အထိ အားလုံး တက်ရောက်နိုင်ခဲ့ကြသည်။ ဤစစ်သင်တန်းတွင် စစ်ပညာတစ်ခုတည်းကိုသာ သင်ကြာသည်မဟုတ်ပဲ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပတ်သက် သည့်အကြောင်းအရာ၊ တော်လှန်ရေးခေါင်ဆောင်များ၏ ကြိုးစားမှုများနှင့် သိသင့်သိထိုက်သည့် သမိုင်း အကြောင်းအရာများကိုလည်း လေ့လာခွင့်ရခဲ့သည်။
ယခု အခြေအနေသည် မြန်မာနိုင်ငံအတွက် ဆိုးဝါးသောအခြေအနေတစ်ရပ်ဖြစ်သော်လည်း တစ်ဖက်တွင် တိုင်းရင်းသားများ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သည့် စစ်မှန်သောဖက်ဒရာယ်ဒီမိုကရေစီကို ရယူနိုင်ရန် အတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါသည်။ စစ်သင်တန်းပြီးဆုံးပြီးနောက် အိမ်ပြန်ရန် အတွက် အခွင့်အရေးရရှိခဲ့ပေမဲ့ အိမ်မပြန်ပဲ ဤနေရာတွင်ပင်ဆက်နေရန် ရွေးချယ်ခဲ့သည်။ ၎င်းဆုံးဖြတ် ချက်ကြောင့် မိသားစုဝင်များနဲ့ ဝေးသွားခဲ့ပေမဲ့ မိမိဆန္ဒအတိုင်း မိဘများမျှော်မှန်းသည့်အတိုင်း မလုပ်ဆောင် ပေးနိုင်ခဲ့သော်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်ဟု ယုံကြည်ပါသည်။ မိဘများ မျှော်မှန်းထားသည့်အတိုင်း မဖြစ်ပေးနိုင်သည့် အတွက်တော့ စိတ်မကောင်းဖြစ်ရပါသည်။ သို့သော် ဤအရာသည် ယခု တော်လှန်ရေးအတွင်း အိမ်နှင့် ထာဝရဝေးကွာသွားခဲ့ရသည့် ရဲဘော်များနှင့်စာလျှင့် မပြောပလောက်ပေ။ နေထိုင်ရသည့် အခြေအနေက တော့ လွယ်ကူသည်တော့ မဟုတ်ပေ။ အားလုံးက စစ်အာဏာရှင်စနစ်ကို မုန်းတီး၍ တော်လှန်မည်ဟူသော ဆုံးဖြတ်ချက်ကိုယ်စီဖြင့် ရောက်လာကြသော်လည်း ဝမ်းနည်း စရာအခြေအနေ၊ အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့်အခါ စိတ်ကတင်းထား၍ မရပေ။ ကိုယ်ချစ်ခင်ရသူတွေ၊ နေ့တိုင်းတွေ့ကာ စကားပြောနေ ကျသည့် သူငယ်ချင်းများ ရုတ်တရက်ဆိုသလို တော်လှန်ရေးအတွင်း အသက်ပေးလိုက်ကြသည့်အခါ ဘာမှ မတတ်နိုင်သည့် ကိုယ်တွေမှာ ဝမ်းနည်းမှုတွေ စိတ်ဒဏ်ရာတွေကိုသာ ထွေ့ပွေးရင်း ကျန်ရစ်ခဲ့ရတာပါပဲ။ ဤခံစားမှုမျိုး ဝမ်းနည်းမှုမျိုးကို ကျွန်မ ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပေ။
ကျွန်မ လွတ်မြောက်နယ် မြေတွင် နေထိုင်ခဲ့သည့်တစ်လျှောက် အကြောက်ဆုံးတစ်ခုမှာ ရှေ့တန်း သွားမည့်ရဲဘော်များ၏ တပ်မ တပ်စိပ်အလိုက် အမည်စာရင်းများကို ယူရခြင်းဖြစ်သည်။ အသွားကဲ့သို့ အပြုံးမရှိသည့် အပြန်ခရီးကို မတွေ့ကြုံချင်တော့ပေ၊ ရှေ့တန်းမှ ပြန်လာကြသည့်အခါ အသွားကဲ့သို့ လူပြန်မစုံနိုင်တော့သည့် အခြေအနေကို မသိချင်ပေ။ အသက်ပေးသွားကြသည့် ရဲဘော်များမှာလည်း မိသားစုများရှိသည်။ သူတို့သည်လည်း မိသားစုကို လွမ်းလှသည်၊ အိမ်ကိုတမ်းတမ်ကြသည်၊ တစ်နေ့ ချစ်တဲ့သူများဆီ အိမ်ပြန်နိုင်ရန်အတွက် သူတို့စိတ်ထဲတွင် ရှိကြသည်။ သို့သော် အိမ်မပြန်ခင် ချစ်ခင်သူများဆီ မရောက်ခင်ပင် တော်လှန်ရေးအတွက် အသက်ကိုစတေးလိုက်ကြရပြီ။
ဤအကြောင်းအရာများကို တွေးတိုင်း ရင်နာရပါသည်။ သူတို့ချစ်ခင်ရသူများအတွက် ဝမ်းနည်းရပါသည်။ ငြိမ်းချမ်းသွားတဲ့တစ်နေ့ ကိုယ်ချစ်ခင်ရသူတွေဆီသို့ ပြန်ရမည်ဟူ၍ မျှော်လင့်ချက်ဖြင့် ကြိုးစား အားတင်းထားပြီး ရှေ့ဆက်ကြပေမဲ့ တစ်ချို့သူတွေတော့ ဒီရည်မှန်ချက်တွေ မပြည့်ခင် လိုချင်သည့် ငြိမ်းချမ်းရေးကို မရခင်မှာပဲ ငြိမ်းချမ်းသည့် အခြားတစ်နေရာသို့ ထွက်ခွာသွားကြလေပြီ။ သူတို့တွေ တိုင်းပြည်အပေါ တာဝန်ကျေခဲ့ကြပါပြီ။ ကျန်ခဲ့သည့် ကိုယ်တွေကတော့ ဆက်ပြီးတာဝန်ကျေအာင် လုပ်ဆောင်ရပါအုံးမည်၊ ရုန်းကန်ရပါအုံးမည်။ ဤနွေဦး တော်လှန်ရေးတွင် စတင်ပြီးပါဝင်ဖို့ရန် ဆုံးဖြတ်ပြီးကတည်းက လူ့အသက်တွေနဲ့ ရင်းပြီးပေးဆပ်ရမည်မှန်း ကြိုသိကြပေမဲ့လည်း အမှန်တကယ် လက်တွေ့ကြုံလာသည့်အခါတွင် လက်ခံနိုင်ရန် ခက်ခဲလွန်းလှပါသည်။ မည်မျှလောက်အထိ လူ့အသက် နဲ့ရင်းပြီး ပေးဆပ်ရမည်ကိုတော့ မတွေးချင်တော့ပြီ။ မသေချာတော့သည့် ကိုယ့်ရဲ့နေ့ရက်တွေမှာ လုံခြုံတဲ့ အိမ်လေး ပျော်ရွှင်ရတဲ့အခိုက်အတန့်လေးကိုတော့ အားလုံးက လွမ်းနေရတာ ပါပဲ။ အထူးသဖြင့် ဝမ်းနည်းစရာအခြေအနေတွေနဲ့ ရင်ဆိုင်ရသည့်အခါ အိမ်လွမ်းစိတ်က ထိန်းမရနိုင်အောင် ပါပဲ။ တစ်ဖက်တွင်လည်း ကျွန်မတို့လူငယ် ဒီအသက်အရွယ်မှာ မိဘတွေရဲ့လိုအင်ဆန္ဒတွေ လိုအပ်တာတွေကို ပြန်လည်ပြီး ဖြည့်ဆည်းပေးရမည်ဖြစ်သော်လည်း ဒါတွေအားလုံးကို ကျော်ခိုင်းလိုက်တဲ့အခါ ကိုယ့်ရဲ့ မိသားစုနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှု ရှိတာတွေကိုလည်း တွေ့ကြုံခံစားကြရသည်။
သို့သော်ငြားလည်း မငြိမ်ချမ်းသည့် အခြေအနေတွေ၊ နှစ်ပေါင်းများစွာ ရှည်ကြာသည့် ပြည်တွင်းစစ်ကြောင့် လူသားတစ်ယောက် မွေးဖွားလာကတည်းက ရသင့်ရထိုက်သည့် လူ့အခွင့်အရေးအားလုံးကို ဆုံးရှုံး လိုက်ရသည့် ပြည်သူလူထုဘဝ တွေကို ဒီမျိုးဆက်မှာပင် အပြီးတိုင်ချေမှုန်းချင်သည်၊ တိုက်ခိုက်ချင်သည်။ ယခုနွေဦးတော်လှန်ရေးတွင် အာဏာရှင်များအား တိုက်ခိုက်ရုံသာမကပဲ မြန်မာနိုင်ငံတွင် အဆက် ဆက်ပေါ်ပေါက်ခဲ့သည့် အာဏာရူများ ထပ်၍ မဖြစ်လာအောင်လည်း ကြိုတင်တိုက်ခိုက် ရမည်ဖြစ်သည်။ ဘယ်လို သက်ဦးဆံပိုင်စနစ်ပဲဖြစ်ဖြစ်၊ စည်းမျဉ်းခံစနစ်ပဲဖြစ်ဖြစ်၊ ဘုရင်နဲ့ အာဏာရှင် တွေဟာ ပြည်သူလူထုအတွက် ယူလာပေးတာဆိုလို့ တင်းကျပ်မှုနဲ့ ချုပ်ချယ်မှုတွေသာ ဖြစ်သည်။ မည်သည့် အာဏာရှင်ကမှ လူထုအတွက် ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်သည့် အာဏာရှင်မရှိခဲ့သလို၊ ရှိလာမည်လည်း မဟုတ်ပေ။
ထို့ကြောင့် အာဏာရှင်အမြစ် ပြတ်ဖြုတ်ချရေးတွင် လက်နက်ကိုင်လမ်းစဉ်သည် မရွေးချယ်သင့်သည့် လမ်းစဉ် တစ်ခုဖြစ်သော်လည်း လက်နက်ကိုင် အင်အားပြ အကြမ်းဖက်သည့် မည်သည့်အာဏာရှင်ကိုမဆို ပြန်ဖီဆန်သည့်နေရာတွင် လက်နက်ကိုင်၍ ပြန်ပြီး တော်လှန်ခြင်းကသာ အသင့်တော်ဆုံးရွေးချယ်မှု အဖြေဖြစ်သည်။ ဤအကြောင်း အရာကို ပို၍ ခိုင်မာစေသည့် အချက်က ယခုမြန်မာနိုင်ငံ၏ အခြေ အနေပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အချို့မှာ စစ်မက်ဖြစ်ပွားမှုကို မလိုးလာ၍ ငြိမ်းချမ်းသောလမ်းစဉ်ကို ရွေးချယ်ခဲ့ ကြသော်လည်း စစ်မှန်သော အခွင့်အရေး၊ လွတ်လပ်မှုကို မရရှိခဲ့ပေ။ တန်းတူညီမျှမှု ၊ စစ်မှန်သော ငြိမ်ချမ်းရေးများသည် စာချုပ်တွင်သာ အသက်ရှင်ပြီး လက်တွေ့ အကောင် အထည်မဖော်နိုင်သည့် အခြေအနေဖြစ်သည်။ ယခုတော်လှန်ရေးတွင် ပါဝင်ကြသူများအားလုံး ၊ စစ်အာ ဏာရှင်စနစ်ကို တိုက်ခိုက် ကြသူများအားလုံး၏ ရည်မှန်းချက်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေး၊ စစ်မှန်သည့် လွတ်လပ်ရေး နှင့် လူသား တစ်ယောက်ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိချင်၍ ဖြစ်သည်။ စာချုပ်ထဲတွင်သာရှိပြီး အပြင်တွင် လက်တွေ့တွင်မလုပ်ဆောင်နိုင်သည့် သဘောတူညီမှုတွေ နှစ်ပေါင်း များစွာ အဖိနှိပ်ခံရသည့် တိုင်းရင်းသားလူမျိုးများအတွက် ခွဲခြားမှုတွေမရှိတော့မည့် နိုင်ငံကို လိုချင် ကြတာဖြစ်သည်။
ကျွန်မတို့အားလုံး၏ နောက်ဆုံးပန်းတိုင်သည် စစ်မှန်သော ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး အကောင်အထည်ပေါပေါက်လာရေးဖြစ်သည်။ ငြိမ်းချမ်းရေး၏ ဆန့်ကျင့်ဘက်စစ်ဒဏ်ကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မနာစေကျင် တော့ပါ၊ ထပ်၍ မသေဆုံးစေချင်တော့ပါ။ စစ်ဒဏ်ကြောင့် သေကွဲကွဲရတာတွေ၊ စစ်ဒဏ်ကြောင့် ရှင်ကွဲကွဲရတာတွေ၊ စစ်ဒဏ်ကြောင့်ပျော်ရွှင်မှုတွေ ပျောက်ဆုံး သွားရသည့်နေ့ရက်များကို အဆုံးသတ်စေချင်သည်။ ကုန်ဆုံးသွားစေချင်သည်။ ထိုနေ့ရက်များ ကုန်ဆုံးသွားပြီး ငြိမ်းချမ်းသွားသည့်တစ်နေ့တွင် ကလေးသူငယ်များ လွတ်လွတ်လပ်လပ်ဖြင့် ကွင်းပြင်တွင် ဆော့ကစားနိုင်ကြလိမ့်မည်။ မိဘတွေ၊ အဘိုးအဘွားတွေ လုံခြုံစွာဖြင့် ကိုယ့်အိမ်ကိုယ့်ရာတွင် နေနိုင် ကြလိမ့်မည်၊ လူငယ်လူရွယ်တွေ ကိုယ့်ဘဝ ကိုယ့်အနာအတွက် လွတ်လွတ်လပ်လပ်နှင့် ရှေ့ရေးအတွက် ကြိုးစားနေကြလိမ့်မည်။ မတူညီသည့် ဝန်ကိုထမ်းရင်း အားလုံးက ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်နိုင်ငံအတွက် တတ်နိုင်တဲ့ဖက်ကနေ ကြိုးစား နေကြလိမ့်မည်။
ထိုသို့ ရောက်ရှိလာမည့်နေ့ရက်ကို မျှော်လင့်ရင်း ယုံကြည်ချက်အပြည်ဖြင့် ဤတော်လှန်ရေး အာဏာရှင်စနစ် အဆုံးမသတ်သ၍ ရှေ့ဆက်လျှောက်လှမ်းနေရပေအုံးမည်။
လဲင်း (ကလောင်အမည်) သည် ကျောင်းသူတစ်ဦးဖြစ်ပြီးယခုအခါ Institute of Chin Affairs (ICA) ချင်းရေးရာတက္ကသိုလ်၏သုတေသနပညာရှင်တစ်ဦးဖြစ်သည်။
Like This Article
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023