10 Minutes To Read

ဘယ်သူသေသေ ငတေမာများ၏ ရှေ့ရေးအလားအလာ။ ။ ချိနဲ့ ပြိုကွဲခြင်း နှင့် မြန်မာစစ်တပ် (အပိုင်း ၁/၂)

10 Minutes To Read
  • English
  • ဗမာစာ
  • အပိုင်း နှစ်ပိုင်းပါ ဆွေးနွေးချက်၏ ပထမပိုင်းတွင် ဘော်ဘီ အန်ဒါဆင် မှ မြန်မာစစ်တပ်၏ အားသာချက် အားနဲချက်များနှင့် ပြိုကွဲနိုင်ခြေ အလားအလာများကို ဆွေးနွေးထားသည်။

    Embed from Getty Images

    ၂၀၁၇ ခုနှစ်မှ စ၍ ရက္ခိုင့်တပ်တော် (အေအေ) သည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့နယ်၏ ရှုပ်ထွေးသော သဘာဝနှင့် ဖန်တီးထားသော ပထဝီမြေပြင် အနှံ့အပြားမှ မြန်မာနိုင်ငံကို ဆန့်ကျင်စစ်ပွဲများ ဆင်နွှဲခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန္န၀ါရီလတွင် ပလက်ဝ သည် ၎င်းတို့ ထိန်းချုပ်မှုအောက်ထဲသို့ ကျရောက်ခဲ့ပြီ ဖြစ်သည်။

    ကျွန်တော်သည် ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ စစ်အာဏာမသိမ်းမီက ဖြုတ်ချခံ အရပ်သားအစိုးရ၏ ကျေးလက်ဖွံ့ဖြိုးရေး ဌာန (DRD) ပလက်ဝမြို့ တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် AA ၏ ပြောက်ကျားလှုပ်ရှားမှုများ ကြောင့် အရပ်သားအစိုးရက ကျွန်တော့်၏ မြို့နယ်အတွင်း လှုပ်ရှားသွားလာခွင့်ကို ကန့်သတ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကျွန်တော်သည် ပလက်ဝ မြို့ပေါ် နှင့် တောင်ဘက်ရှိ ကုလားတန်မြစ် အနီးတဝိုက်တွင်သာ သွားလာခွင့် ရခဲ့သည်။ ညဘက် တွင် လက်နက်ငယ်များပစ်ခတ်သံကို ကြားနေခဲ့ဆဲဖြစ်သည်။ အဆိုပါ အချိန်က မြစ်သည်သာလျှင် ကျွန်တော့်အတွက် မြို့တွင်း မြို့ပြင်သို့ ထွက်ရာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ခဲ့သည်။ သို့သော် စစ်သားများပါလာသော လှေငယ်များ သည် တိုက်ခိုက်ခံရသည့်အတွက် ထိုလမ်းကြောင်းသည် လုံတော့မလုံခြုံခဲ့ပါ။

    ယခုတော့ ထိုမှတ်ဥာဏ်မှာ လှောင်ရီစရာ တစ်ခု ဖြစ်နေတော့သည်။ ၂၀၁၉ ခုနှစ်တွင် (နောက်ပိုင်းတွင် စစ်တပ်ဟုသာ ရည်ညွှန်းမည့်) မြန်မာ့စစ်တပ် သို့မဟုတ် တပ်မတော်သည် AA လက်ထဲမှ ပလက်ဝမြို့နယ်ကို “ပြန်ယူသည့်” အထိမ်း အမှတ်အဖြစ် မြို့ထဲတွင် အခမ်းအနား တစ်ခုကျင်းပခဲ့သည်။ မည်သည့် နယ်မြေကို မှ ပြန်လည်မသိမ်းယူရသေး သော်လည်း ၎င်းမှာ အရေးမကြီးပေ။ စစ်တပ်သည် မိမိကိုယ်ကို အထင်ကြီးစမြဲ ဖြစ်၍ ၎င်းတို့သွားရာလမ်းတွင် မည်သည့် လက်တွေ့အမှန်တရားကိုမှလည်း ဖြတ်အဝင်မခံပါ။ ထိုညနေက ကျွန်တော်သည် သမ္ဗန်ဆိပ်သို့ သွားရာလမ်းမကြီးဘေးတွင် အမှုမဲ့အမှတ်မဲ့ထိုင်၍ ဝက်သားဟင်းနှင့်ထမင်း စားနေခဲ့သည်။ ငွေရှင်းပြီး အပြင်သို့ထွက်လိုက်သည့် အချိန်တွင် ဗိုလ်ချုပ် တစ်ဦး နှင့် ၎င်း၏ အခြွေရံများ ခြေကျင်ဖြတ်လျှောက်သွား နေချိန်နှင့် တိုးခဲ့သည်။ ထို ဗိုလ်ချုပ်သည် သွားနေရာမှ ရပ်လိုက်ပြီး ကျွန်တော့်ကို ကြည့်၍ တခုခုပြောမည့်ဟန် ပါးစပ်ဟလိုက်သည်။ ကျွန်တော်လည်း အလားတူ တုန့်ပြန်မိသည်။ ကျွန်တော့် ပထမဦးဆုံးအတွေးထဲတွင် သူသည် အနှေးကင်းထောက်မှုး U Baden-Powell. နှင့် တူသည်ဟု ထင်လိုက်မိသည်။ ထို့နောက်တွင် ကျွန်တော်သည် ဆိုင်ထဲက မထွက်မီ ဘေးဘီတွင် ဘာတွေဖြစ်ပျက်နေသည်ကို အာရုံစိုက်ခဲ့ရကောင်းသားဟု တွေးမိသည်။ ထိုအခြေနေမကြုံမီ တစ်နာရီအစောပိုင်းက လမ်းထဲတွင် တန်းစီနေသည့် စစ်သားတစ်ဦးမျှ မရှိခဲ့ပါ။ အူကြောင် ကြောင်နဲ့ ကျွန်တော်ပြုံးပြလိုက်ပြီး ကျွန်တော့်ကိုလည်း ပြန်ပြုံးပြလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ အပြုံးအစား စူးရှပူလောင် မကျေချမ်းသည့် အကြည့်ကိုသာ ကျွန်တော်ရခဲ့ပြီး စစ်သားများအားလုံးထံတွင်လည်း အလားတူ အကြည့်မျိုး ရှိနေသည်။ ကျွန်တော် ပလက်ဝမြို့တွင် ရှိနေသည်ကို ဗိုလ်ချုပ်က စိတ်အနှောက်ယှက်ဖြစ် ဒေါသထွက်ခဲ့သည်ဟု နောက်ပိုင်းတွင် အရပ်သားအရာရှိ များထံမှ ကြားသိရသည်။ အထူးသဖြင့် အရပ်သားအစိုးရထံမှ ခွင့်ပြုချက်နှင့် ကျွန်တော်ရောက်နေခြင်း ဖြစ်သည်က ၎င်းအား ပို၍ ဒေါသထွက်စေခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်သည် စာရွက်စာတမ်း အထောက်ထားများ ပြသ၍ ကုလားတန် တလျှောက် စစ်ဆေးရေး ဂိတ်များကို ဖြတ်ခဲ့ပြီး ပလက်ဝမြို့ရှိ ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများ (လူဝင်မှုကြီးကြပ်ရေး အရာရှိများ က နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများ ၏ ပြည်တွင်းလှုပ်ရှားမှုများ ကို ထိန်းချုပ် သည်) မှတဆင့် မြို့အတွင်းသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ စပ်ဆုတ်သည့်အကြည့်က ကျွန်တော့်ထံ ကပ်ပါနေခဲ့သည်။ ဆယ်စုနှစ်အစောပိုင်းကာလ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးဖြစ်စဥ် မစမီ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့ရသူ  ဗိုလ်ချုပ်တစ်ဦးအနေဖြင့် အသုံးမဝင် စပ်ဖြဲဖြဲ ဖြူစုပ်စုပ် ရုပ်နှင့် လူတစ်ဦးကို အလစ်ငိုက်မိ ဆုံတွေ့ခဲ့ရသည်မှာ အလွန်ရိုင်းသော အံ့ဖွယ်တစ်ခု ဖြစ်ပါလိမ့်မည်။ နောက်ပိုင်းတွင်  အဆိုပါ ဗိုလ်ချုပ်အတွက် ကျွန်တော်သည် စပ်ဆုတ်မုန်းတီးဖွယ် အရပ်သားအုပ်ချုပ်မှု၏ ပြယုဂ်အဖြစ် ခံစားစေခဲ့သည်ကို တွေးမိတိုင်း ကိုယ့်ကိုကိုယ် ဂုဏ်ယူရပါသေးသည်။

    ယခုအက်ဆေးသည် ညီနောင်မဟာမိတ်သုံးဖွဲ့ လက်ထဲတွင် ဆုံးရှုံးမှုများစွာ ရင်ဆိုင်နေရသော၊ စစ်တပ်၏ အချိုးမပြောင်း သော အခြေနေတွင် အရပ်သားအုပ်ချုပ်မှုသို့ ပြန်လည်ရောက်ရှိလာနိုင်သော ဖြစ်နိုင်ခြေကို ဆွေးနွေးထားသည်။ ရက္ခိုင့် တပ်တော်၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ်‌ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပူးပေါင်း ထိုးစစ်တစ်ခု ဆင်နွှဲခဲ့ပြီး  ရှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေများသိမ်းပိုက်ခဲ့သည်။ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စည်းများ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များသည်လည်း နိုင်ငံ အ၀ှမ်းတွင် စစ်ဆင်ရေးအသစ်များ ဆင်နွှဲခဲ့ကြသည်။ အဆိုပါစစ်ဆင်ရေးများက စစ်တပ်သည်အင်အားကြီးသည်ဟူသော ယုံတမ်းစကားများကို ခွါချခဲ့သည်။ စစ်တပ်၏ ခံနိုင်ရည်ရှိမှု နှင့် စစ်တပ်၏ ပြိုကွဲလွယ်မှု အစရှိသော အမျိုးမျိုးသော ဆွေးနွေးချက်များပေါ်တွင် ကျွန်တော်သည် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ၏ လူအင်အား၊  တပ်တွင်းညီညွတ်မှု၊ အတွေးအခေါ်၊ ရန်ပုံငွေ၊ နယ်မြေထိန်းချုပ်မှု နှင့် နိုင်ငံ တကာ ဆက်ဆံရေး စသည့် အချက်များပေါ်တွင် အလေးပေး၍ ဆွေးနွေးထားသည်။ ယခုအက်ဆေးအား ကြိုတင်ခန့်မှန်း ချက်အနည်းငယ်ထုတ်၍ နိဂုံးချုပ်ထားသည်။

    မြန်မာစစ်တပ်

    လွတ်လပ်ရေး ရပြီးချိန်မှစ၍ တိုင်းပြည်၏ နိုင်ငံရေး နှင့် စီးပွားရေး ကဏ္ဍတွင် မြန်မာစစ်တပ်သည် လွှမ်းမိုးထားခဲ့သည်။ မြန်မာနိုင်ငံအား အာဏာရှင်စနစ်ဖြင့် ၁၉၅၈ မှ ၁၉၆၀ အထိ အုပ်ချုပ်ခဲ့ပြီး တဖန် ၁၉၆၂ မှ ၂၀၁၁ ခုနှစ် အထိ ထပ်မံ အုပ်ချုပ်ခဲ့သည်။  ၎င်းတို့နှင့် ဆက်နွယ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) နှင့် သိန်းစိန် ဦးဆောင်မှုမှ တဆင့် စစ်တပ်သည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့ပြီး ဒီမိုကရေတပိုင်း အပြောင်းအလဲသို့ ဦးတည်ခဲ့သည်။ ထိုဦးတည်မှုမှတဆင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရ ရှိ မှုကို မြင်တွေ့ခဲ့ရသည်။

    သို့သော်လည်း အဆိုပါ  “ဆုံးရှုံးမှု” မတိုင်မီက စစ်တပ်သည် ၁၉၉၈ ခုနှစ်အလွန် အင်ဒိုနီးရှားစစ်တပ်၏ နိုင်ငံကို အရပ်သား အုပ်ချုပ်ရေးသို့ အလျင်အမြန် အစီစဥ်မကျ ကူးပြောင်းခဲ့သည့် ခြေလှမ်းအမှားများကို လေ့လာ၍ ၎င်းတို့‌ လွှမ်းမိုးအုပ်ချုပ်မှု ကို တည်တံ့စေရန် ၎င်းတို့ကိုယ်တိုင ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမှ တဆင့် တည်တံ့စေခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သည် စစ်တပ်အား ကာကွယ်ရေးနှင့် ပြည်ထဲရေး ကဲ့သို့သော အဓိက ဝန်ကြီးဌာနများကို အလုံးစုံ ထိန်းချုပ်ခွင့် ပေးခဲ့သည်သာမက လွှတ်တော် (သို့) ပါလီမန် ထဲတွင် ၂၅ ရာခိုင်နှုန်း နေရာပေးခဲ့ပြီး အဆိုပါ ဖွဲ့စည်းပုံအား ပြင်ဆင်မည့် ပြုပြင် ပြောင်းလဲမှုများ မလုပ်ဆောင်နိုင်ရန် ဖန်တီးခဲ့သည်။ စစ်တပ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အနာဂတ်တွင် စစ်အာဏာသိမ်း နိုင်ရန် လမ်းဖွင့်ပေးထားသည့် ဥပဒေတစ်ခုလည်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ NLD ၏ ဥပဒေပညာရှင် ဦးကိုနီသည် ဒီမိုကရေစီ အနာဂတ်ကို ယုံကြည်သူဖြစ်ပြီး ပြင်ဆင်မရသည့်အရာများကို အစားထိုးရမည်ဟု မှတ်ချက်ပြုခဲ့သည်။ ထိုမှတ်ချက်ကို အကြောင်းပြန်သည့်အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၎င်း၏ နားထင်သို့ ကျည် တစ်ထောင့် ပစ်သွင်းခံခဲ့ရသည်။ စစ်တပ်သည် အာဏာကိုဆက်လက်ထိန်းချုပ်သွားပြီး အနာဂတ်တွင် တက်လာမည့် မည်သည့်အရပ်သား အစိုးရမဆို ၎င်း၏ ရည်ရွယ်ချက်များအတွက် ဟန်ပြ ပြကွက်သာ ဖြစ်သည်။

    မည်သို့ပင်ဆိုစေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်သည် အရပ်သားများကို ဖြုတ်ချခဲ့သည်သာ ဖြစ်သည်။ စစ်တပ် ဥသျှောင် မင်းအောင်လှိုင်သည် NLD မဲအများဆုံးသိမ်းပိုက်နိုင်ခဲ့သည့် ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲ တွင် မဲမသာမှုများ ရှိ၍ အာဏာသိမ်းရခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့သည်။ အာဏာသိမ်းမှုကို ‘အစိုးရအပြောင်းအလဲ’[1] ဟု ရည်ညွှန်းခဲ့သည့် စစ်တပ်၏ အင်အားကြီး မိတ်ဆွေများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရရှားတို့ကို နိုင်ငံတကာ အသိုင်းဝန်းမှ ကန့်ကွက်၍ အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ရှုံ့ချခဲ့သည်။

    အရပ်သားအစိုးရသည် စစ်တပ် ထိန်းချုပ်မှုမရှိသော နယ်မြေများ နှင့် နိုင်ငံရပ်ခြား တွင် ကြိုးစားပြန်လည်ဖွဲ့စည်းခဲ့ပြီး EAOs ၊ တက်ကြွလှုပ်ရှားသူ အစုအဖွဲ့များ ၊ နိုင်ငံရေးပါတီ မဟာမိတ်များ နှင့် အတူ ၂၀၂၁ ခုနှစ် ဧပြီလတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အား ဖွဲ့စည်းခဲ့သည်။ သမိုင်းကြောင်းအရ အာဏာသိမ်းမှုကို ခန့်မှန်း၍ရခဲ့သကဲ့သို့ ဗမာမဟုတ်သော တိုင်းရင်းသားလူနည်းစု ဒေသများရှိ ခုခံမှုကို ခန့်မှန်း၍ ရခဲ့သော်လည်း ဗမာဒေသများမှ ပြင်းထန်သော ခုခံမှုများက စစ်တပ် ကို အံ့အားသင့်ခဲ့စေလောက်သည်။ အချို့အရပ်သားများသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အဖြစ် ဖွဲ့စည်းခဲ့ ကြသည်။ အချို့ PDF များသည် EAO များ ထိန်းချုပ်သော နယ်မြေများသို့ သွားရောက် ခိုလှုံ၍ စစ်သင်တန်းများ သင်ကြား ခဲ့သည်။ အချို့ PDF များသည် NUG နှင့် တသဘောတည်းဖြစ်ရန် ချိန်ညှိခဲ့ကြသည်။ များမကြာမီ မှာပင် PDF များသည် စစ်သားများကို ချေမှုန်းနေခဲ့ပြီ ဖြစ်သည်။ စစ်တပ်သည် မှန်းလို့ရစွာပင် NLD လူကြီးများကို ထောင်သွင်းအကျဥ်းချသည့် ကနဦးရက်များမှစတင်၍ ဆန္ဒပြသူများကိုဖြိုခွဲခြင်းနှင့် အလွန်သေစေနိုင်သောလေကြောင်းတိုက်ခိုက်မှု များဖြင့် လူ့အသိုက်မြုံများကို ကြေညက်အောင် ဆောင်ရွက်သည်အထိ ဘယ်သူသေသေ ငတေမာ စိတ် ဓါတ်များနှင့် တုန့်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုတင် အရပ်သား ၁၆၈ ဦး သေဆုံးခဲ့ပြီး အမျိုးအမည်မပေါ် သေဆုံး ခဲ့သော ထောင်ပေါင်းများစွာသော အရေအတွက်ထဲတွင် ထိုလေကြောင်းတိုက်ခိုက်မှုမှ သေဆုံးခဲ့ရသူများပါ ပါဝင်လာသည်။  ရှင်သန်ကျန်ရစ်သူ တို့ မှာ ရွှေ့ပြောင်းဒုက္ခသည် ဦးရေ ၂ သန်း ထဲ ပါဝင်လာသည်။

    များစွာ‌သော မြန်မာအထူးပြု ပညာ‌ရေးအသိုင်းဝိုင်းနှင့် ဂျာနယ်လစ်များသည် စစ်တပ်၏ ခံနိုင်ရည်ရှိမှု သို့မဟုတ် ပြိုကွဲလွယ် မှု တဖက်ဖက်မှ ရပ်တည်ဆွေးနွေး ခဲ့ကြပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် Center for Strategic and International Studies မှ စစ်တပ်သည် ပြိုကျလုပြီ ဟု ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဧရာဝတီ သတင်းဌာနမှ စစ်တပ်ဝုန်းခနဲပြိုကျရန်မှာ မဖြစ်နိုင် ဟု ညင်ညင်သာသာ ပါးပါးနပ်နပ် မှတ်ချက်ပြုခဲ့သည်။

    အရေအတွက်

    အာဏာမသိမ်းမီ စစ်တပ်အင်အား ယေဘူယျခန့်မှန်းချက်မှာ သုံး သိန်းမှ လေး သိန်း အတွင်း ဖြစ်သည်။ အဆိုပါ ကိန်းဂဏန်း မှာ လွန်လွန်ကဲကဲ ဆိုထားခြင်းဖြစ်သည်။

    လွန်ခဲ့သည့် သုံးနှစ်အတွင်း ပို၍ရှင်းလင်းသော ခန့်မှန်းချက်များ ထွက်ပေါ်လာခဲ့သည်။ အနည်းဆုံး ဆိုလျှင်  စစ်သည်အင်အား တစ်သိန်းခွဲတွင် ၇ သောင်းမှာ တိုက်ပွဲများတွင် တာဝန် ကျနေသည် ဟု ရဲမျိုးဟိန်း က ၂၀၂၃ ခုနှစ် မေလတွင် ခန့်မှန်းခဲ့သည်။ သို့သော်လည်း တပ်သားအင်အား မရှိ ခြင်းနှင့် ကျဆုံးမှုများကြောင့် တည်ဆောက်ပုံတွင် တိုက်ခိုက်ရေးသမားနှင့် တိုက်ခိုက် ရေးသမား မဟုတ်သူ ဟု ခွဲခြားချက်မှာ မရှိလုဖြစ်လာပြီး အရေအတွက် ချိနဲ့လာခြင်းမှာ အောက်တိုဘာ ထိုးစစ်များ မတိုင်မီ ကပင် သိသာထင်ရှားနေခဲ့သည်။ ရဲများမှာ စစ်တပ်အတွက် အရန်တပ်သားများသာဖြစ်ပြီး Andrew Selth က ၈၀,၀၀၀ ခန့်ဟု ခန့်မှန်းထားပြီး ရဲမျိုးဟိန်းက ၇၀,၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။  ရဲများမှာ စစ်သားများလောက် အယူဝါဒမှိုင်း အသွင်းခံရ ခြင်းမရှိသကဲ့သို့ အရပ်သား အသိုက်အမြုံထဲတွင် နေထိုင်သူများဖြစ်သည့်အလျောက်  အာဏာရှင်များ အလွန်ယုံကြရသည့်  အဖွဲ့စည်းမဟုတ်ပေ။ အသစ်ဖွဲ့စည်း လက်နက်တပ်ဆင်ထားသော ပြည်သူ့စစ်များ[2] ဖြစ်သည့် နယ်ခြားစောင့်တပ်များ (BGF) နှင့် ပျူစောထီး များကိုပါ ရေတွက်နိုင်သော်လည်း ၎င်းတို့မှာ အစွန်းထွက်သာ ဖြစ်သည်။ ယခင်က နိုင်ငံတော်ကို တိုက်ခိုက် ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့ကိုင်စွဲထားသော အတွေးခေါ်များကို သစ္စာဖောက်၍ ဘက်ပြောင်းသွားခဲ့သူများ ဖြစ်သည့် အလျောက် BGF ကို ထောက်ခံအားပေးသူများမှာ ဒေသအတွင်းသာဖြစ်ပြီး ၎င်းတို့ပေါ်ထောက်ခံမှုမှာလည်း အမြဲပြောင်းလဲ နေနိုင်သည်။ ၎င်းတို့သည် အခြေခံအားဖြင့် နိုင်ငံတော်၏ အကာကွယ်ဖြင့် နယ်မြေသေးလေးများကို စီမံအုပ်ချုပ်နေသည့် ကျေးလက်ဂိုဏ်း များသာဖြစ်သည်။ ယေဘူယျအားဖြင့် စစ်တပ်၏ ဆုံးရှုံးမှုများကို အလျင်မြန်အစားထိုး ခန့်အပ်ရန် မရှိသည့် အလျောက် ပြည်သူ့စစ် တပ်သားခန့်ထားမှု အရေတွက်မှာ တိုးပွားလာနေသည်။ စစ်မှုထမ်းဟောင်းများ၊ ရာဇဝတ်သားများ၊ EAO ဘက်ပြောင်းများဖြင့် ဖွဲ့စည်းထားသော အဆိုပါ ပြည်သူ့စစ် များမှာ ခပ်‌ပေါပေါ ယာယီ စုဖွဲ့မှုသာ ဖြစ်သည်။

    အဆုံးအရှုံးများ

    အာဏာသိမ်းပြီးစမှ ရှမ်းပြည်မြောက်ပိုင်း ၂၀၂၃ အောက်တိုဘာ ထိုးစစ်များ မစတင်မီ ထိပင် စစ်တပ်ဘက်တွင် ထိခိုက် သေဆုံးမှု ပေါင်း ၁၃,၀၀၀ ၊ တပ်ပြေးနှင့် ရာထူးမှစွန့်ခွါ မှုပေါင်း ၈,၀၀၀  ရှိသည်ဟု ရဲမျိုးဟိန်းမှ ခန့်မှန်းခဲ့သည်။ သေကြေ ထိခိုက်မှုနှင့် ရာထူးစွန့်ခွါ ထွက်ပြေးမှု အပါအဝင် ရဲတပ်သား ပေါင်း ၇,၀၀၀ ဆုံးရှုံးမှုရှိသည်ဟု ၎င်းက ခန့်မှန်းခဲ့သည်။ အမည်မဖော်လိုသူ ရန်ကုန် သံတမန်များကို ကိုးကား၍  Nikkei သတင်းဌာနမှ  စစ်တပ်သည် တစ်ရက်လျှင် ပျမ်းမျှ စစ်သား ၁၅ ယောက် နှုန်းနှင့်  သို့မဟုတ် တစ်နှစ်လျှင် အကြမ်းဖျဥ်း စစ်သား ၅,၅၀၀ ခန့် ဆုံးရှုံးနေသည်ဟု ယုံကြည်ကြောင်း ဖော်ပြ ထားသည်။  အာဏာသိမ်းပြီး ပထမဆုံး ဆယ်လ အတွင်း စစ်သားပေါင်း ၅,၀၀၀ သေဆုံးခဲ့ပြီး၊ ၂၀၂၃ ခုနှစ် အောက်တို ဘာ ၂၇ ထိုးစစ် မတိုင်မီထိ  လွန်ခဲ့သည့်နှစ်နှစ်အတွင်း စစ်တပ်သည် ၎င်း၏တိုက်ပွဲဝင် တပ်သား တဝက်ခန့် ဆုံးရှုံးခဲ့ပြီးဖြစ်သည် သို့မဟုတ် တပ်သားပေါင်း ၃၀,၀၀၀ ပေါင်း ဆုံးရှုံးခဲ့ပြီးဖြစ်သည်ဟု NUG မှ ဆိုသည်။ သို့သော် အဆိုပါ ပြောဆိုချက်များ သည် အတည်ပြု၍ မရသကဲ့သို့ လတ်တလောမှ ထိုးစစ်များပြီးနောက် အရေအတွက် အပြောင်းလဲများလည်း ခန့်မှန်း မရနိုင်သည့်အတွက် အနဲဆုံးအရေအတွက်ခန့်မှန်းချက်ကိုသာ ရည်ညွှန်းသည်က သင့်တော်ပါလိမ့်မည်။

    စာရေးသူ ယူဆသည့်အတိုင်း ရဲမျိုးဟိန်း၏ ခန့်မှန်းချက်အား တိကျသည်ဟု ယူဆလျှင် Nikkei သတင်းဌာနခန့်မှန်းသည့် တစ်နှစ်လျှင် ၅,၅၀၀ ဆုံးရှုံးမှုဆိုသည်မှာ တပ်သား စုစုပေါင်း၏ ၃.၇ ရာခိုင်နှုန်း ရှိသည်။ ထိုပမာဏသည် သိသာလှသည့် ဆုံးရှုံး မှု တစ်ခုဖြစ်သည်။ ထိုပမာဏတွင် ရာထူးစွန့်ခွါမှုနှင့် တပ်ပြေးများကိုပါ ပေါင်းထည့်လျှင် ဟိန်းက နောက်ထပ် ၈,၀၀၀ ဟု ဆိုထားပြီး NUG က ၂၀၂၃ ခုနှစ် မတ်လအထိဆိုလျှင် လူထုအာခံလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ စစ်သားနှင့်ရဲ ပေါင်း မှာ ၁၄,၀၀၀ ရှိသည်ဟု ဆိုသည်။ ရာထူးစွန့်ခွါထွက်ပြေးရန် NUG မှ ငွေကြေးမက်လုံးများ ပေးသည်ဟု ဆိုသော်လည်း စစ်သားတစ်ဦးအတွက် ရွေးချယ်မှု ပြုလုပ်ရန် အဓိကကျသော ဆုံးဖြတ်ချက် မဖြစ်နိုင်ပေ။ ထိုသို့ စွန့်ခွါရန်  လုံလောက် ရေရှည်ခံသော ငွေကြေးမက်လုံးကို ဖန်တီးရန်အတွက်လည်း လိုအပ်သော ရန်ပုံငွေများ မရှိသကဲ့သို့ ထိုသို့ဆုံးဖြတ်ချက်ချ ရန်မှာလည်း အခြား များစွာသော အကြောင်းရင်းများဖြင့် ရှုပ်ထွေး ပွေလီ လျက်ရှိသည်။

    အဆိုပါ ကိန်းဂဏန်းများမှာ အတိအကျ မသိရသော်လည်း အောက်တိုဘာ ၂၇ ထိုးစစ်များ စတင်ပြီးနောက်တွင် ပိုမို တိုးပွား လာခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန္နဝါရီလ အစောပိုင်းတွင် လောက်ကိုင်သိမ်းပိုက်မှုတစ်ခုတည်းတွင် ဒစကမှူး ၆ ဦးအပါအဝင် တပ်သားပေါင်း ၂၃၈၉ ဦး လက်နက်ချ ခဲ့ပြီး ရဲမျိုးဟိန်း အဆိုအရ မြန်မာ့စစ်တပ်သမိုင်းတွင် အကြီးမားဆုံး လက်နက်ချမှု ဖြစ်ခဲ့သည်။ 

    ဤတွင် မေးခွန်းရှိလာသည်။ အောက်တိုဘာ ထိုးစစ် မတိုင်မီ ကပင် စစ်တပ်အနေဖြင့် ဆုံးရှုံးမှုတွေကို အလျင်မီ ကာမိအောင် အစားထိုးခန့်အပ် နိုင်ခဲ့သလား ဟူ၍ ဖြစ်သည်။

    မှန်ချင်မှ မှန်လိမ့်မည်။ များမကြာမီက ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်သွင်းခြင်းက ဒီမေးခွန်းကို ဖြေနိုင်လိမ့်မည်။ လတ် တလော ထိုးစစ်မတိုင်မီကပင် စစ်တပ်သည် တပ်သားခန့်အပ်မှုနှင့် ထိန်းသိမ်းမှု နှစ်ခုလုံးတွင် ပြဿနာများရှိခဲ့သည်။ ၎င်းတို့ ၏ သမရိုးကျ ခန့်အပ်သည့် အခြေနေများ ဖြစ်သည့် စစ်ကိုင်းနှင့် ချင်းကဲ့သို့ မြေပြင်များမှာ ယခုဆိုလျှင် သင်္ချိုင်းများဖြစ်နေပြီး အလုပ်ကိုင်တစ်ခုအနေဖြင့် တပ်ထဲဝင်လိုခဲ့သည့် လူငယ်များမှာ ယခုဆိုလျှင် သူပုန်များဖြစ်နေပေပြီ။ စစ်ဗိုလ်သင်တန်း ကျောင်း လျှောက်လွှာများမှာ သိသိသာသာ နည်းပါးလျက် ရှိသည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြသည်။ အဆိုပါ အခြေနေက အရည်သွေးပြည့်ဝမှုကို အကန့်သတ်ဖြစ်နိုင်သော်လည်း အရည်သွေးရှိမှု ဆိုသည်ကပင် နှိုင်းရသဘော ဖြစ်သည်။ စစ်တပ်သည် စိတ်ကူးဥာဏ်ကောင်းသော ဗျူဟာရှင်အစုအဖွဲ့ ဟု ဆိုရခက်သည်။ ၎င်းတို့သည် ပြဿနာများကို ကျန်းမာရေးအရ မသင့်တော်သူများပါ အပါအဝင် ခန္ဓာကိုယ်များ ပစ်ထည့် ဖြေရှင်း သူများဖြစ်သည်။

    ရဲမျိုးဟိန်းက ကျိုးကြောင်းဆီလျော်စွာပင် စစ်တပ်သည် “အစိုးရတစ်ရပ်ဟူပင် မဆိုထားနှင့် တိုက်ခိုက်ရေးအင်အားစု အဖြစ်ပင် ဆက်လက်ရပ်တည်ရန် ခက်ခဲလျက်” ရှိသည်ဟု အခိုင်မာဆိုသည်။ ၎င်းတို့သည် အာဏာမသိမ်းမီကပင် ဝန်ထမ်း အင်အားလျော့နည်းလျက်ရှိသည်။ သို့သော် စစ်တပ်သည် အဆုံးရှုံးကို အသားကျပြီး ဖြစ်သည်။ ဆယ်စုနှစ်များစွာ ပထဝီမြေပြင်များစွာရှိ များစွာသော သူပုန်များကို စီမံတတ်သူဖြစ်သည်။ စစ်တပ် ရုတ်တရက် ပြိုလဲနိုင်ခြေမှာ အခြေတင် ဆွေးနွေးဖွယ်ဖြစ်သော်လည်း စာရေးသူ သတိပြုမိသလောက် ယခုလက်ရှိအခြေနေကဲ့သို့ အခြေနေမျိုး သမိုင်းတွင် မရှိခဲ့ ဖူးပေ။ စစ်မှုထမ်းဥပဒေသည် လုပ်မိလုပ်ရာနောက်ဆုံးအခြေနေကို ထင်ဟပ်ခြင်းဟု မြင်နိုင်သည်။ အားနဲ၍ သို့မဟုတ် အကျင့်ပျက်ခြစား၍ သို့မဟုတ် သာလွန်အင်အားနှင့် ရင်ဆိုင်ရ၍ သို့မဟုတ် အဆိုပါ အချက်များအားလုံး စုဆုံနေ၍ စသော အကြောင်းများကြောင့် အခြားအလားသဏ္ဍန်တူသည့်  တပ်များသည် ‘ပြိုလဲပြီး’ ဖြစ်သည်။ စစ်တပ်သည် စည်းကမ်း တင်း ကျပ်၍ အထက်အောက်နာခံရသော အကျင့်ပျက်ချစားသည့် အဖွဲ့စည်းတရပ်ဖြစ်ပြီး ထိုဖွဲ့စည်းမှုတွင် အရပ်သားများသည် သားကောင်များ ဖြစ်သည့်အတွက် အလုပ်ဖြစ်လျက်ရှိပြီး စစ်တပ်အင်စတီကျူးရှင်း ပျက်စီးသည် အထိ မဖြစ်သေးပေ။

    စစ်တပ်၏ တပ်ယဥ်ကျေးမှုသည် ၎င်းအဖွဲ့စည်း ကြာရှည်ခံရန် ပံ့ပိုးထားသည်။ ၂၀၂၁ Deutsch Welle သတင်းဌာန မှ ဖော်ပြသော ဆောင်းပါးတွင် စစ်သားများသည် စစ်တပ်၏ ကမ္ဘာ့အမြင်ကို လက်ခံရန် ”ဦးနှောက်ဆေးခြင်း” ခံထားသည်။ သို့သော်လည်း စစ်တပ်၏ကမ္ဘာ့အမြင်ကို ၎င်း တို့ သိပြီးသားဖြစ်သည်။ စစ်တပ်သည် ဗမာလူမျိုးကြီး အာဏာရှင် အဖွဲ့စည်း[3] တစ်ခု ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှုမှာ ၎င်းတို့ ၏ အမှတ်သညာတစ်ခု ဖြစ်သော်လည်း ထိုအယူအဆမှာ စစ်တပ် အား ဗုဒ္ဓဘာသာ ကိုးကွယ်သူ မဟုတ်သူများ နှင့် မူဆလင်များနှင့် ခွဲခြားရန် အမှတ်သားတစ်ခုသာ ဖြစ်သည်။ ၎င်းတို့ အမှတ်သားနဲ့  သံဃာတော်များ ခွဲထွက်သောအခါ ဗုဒ္ဓဘာသာ ဘုန်းကြီးများကို သတ်လိုသည့် စစ်တပ်၏ဆန္ဒမှာ ထိုဘာသာ တရားသည် စစ်တပ်အရာရှိများအတွက် မည်မျှလိုသုံး ဖြစ်သည်ကို ဖော်ပြနေသည်။ အမှန်ပင် စစ်တပ်သည် ဗုဒ္ဓဘာသာကို ကျော်လွန်သော ဘာသာတရားတစ်ခု ဖြစ်မည် သို့မဟုတ် တဘဝလုံး နှစ်မြုပ်၍ လေ့လာလိုက်စားနေသည့် ဘုန်းကြီးများ ထက်ပင် ပို၍ ‘သန့်ရှင်း’ သောဗုဒ္ဓဘာသာ ကို ကိုယ်စားပြုနေခြင်း ဖြစ်မည်။[4] စစ်တပ်၏ ရာထူးအနိမ့် တပ်သားများတွင် ရဝမ်၊ ချင်း နှင့် ဗမာ မဟုတ်သော ခရစ်ယာန် ခြေလျင် စစ်သားများ ပါဝင်နိုင်သော်လည်း အရာထူးအရာခံ အဆင့်တွင် ဗမာ လူမျိုး များသာ ရှိသည်။ ရာထူးနိမ့်တပ်သားများ မှာ ကမ္ဘာ့အမြင်ကို လက်ခံ၍ စစ်ထဲဝင်ခြင်းဟု မဆိုနိုင်ဘဲ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန် ကြိုးစားခြင်းက ပို၍ ကျိုးကြောင်းညီညွတ်သော အကြောင်းရင်းဖြစ်နိုင်သည်။

    အဆိုပါ တပ်တွင်းယဥ်ကျေးမှုသည် အမြင်ကျဥ်းမြောင်းသေးသိမ်မှုဖြင့် ထောက်ကန်ထားသည်။[5] တပ်သားစုဆောင်းမှုသည် မျိုးဆက် အဆက်ဆက် ခန့်အပ်မှုဖြစ်သည်။ တပ်သားများနှင့် ၎င်းတို့၏ မိသားစုများမှာ အရပ်သားများနှင့် ဝေးရာတွင် နေထိုင်ကြပြီး အချင်းချင်း ထိမ်းမြားလက်ထက်ကြရန် များသည်။ ၎င်းတို့အတွက် ကိုယ်ပိုင်ကျောင်းများနှင့် တက္ကသိုလ် များရှိပြီး ကိုယ်ပိုင် ကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ပိုင် အာမခံနှင့် ပင်စင်လစာ အပြင် ကိုယ်ပိုင် တရားရုံးများပါ ရှိသည်။ အဆိုပါ အစုအဖွဲ့ အတွက် အရပ်သားများ ဆိုသည်မှာ လုံးဝ ယုံကြည်စရာမကောင်းသည့် ရံဖန်ရံခါ သစ္စာဖောက်တတ်သူများ သည် ဖြစ်သည်။ စစ်တပ်သည် နိုင်ငံအပေါ် အမြဲ ‘သစ္စာစောင့်သိကာကွယ်ခဲ့’ သည့်အတွက် နိုင်ငံကို ၎င်းတို့ ပိုင်သည်ဟု အထင်ရောက်သည်။ တဖက်သား ဒုက္ခရောက် နာကျင်ရသည်ကို ကျေနပ်မှုသည် စစ်တပ်၏ တပ်တွင်းယဥ်ကျေးမှု အစိတ် အပိုင်း တစ်ခုဖြစ်သည်။ သတ်ဖြတ်နှိပ်စက်ခြင်းက ၎င်းတို့အကြား ချည်နှောင်သည် အရာဖြစ်သည်။ စစ်သားများနှင့် ပြည်သူ့ စစ်များ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှုများက အရပ်သားများအပေါ် စစ်တပ်ကို နာနာကျည်းကျည်း မုန်းတီး စေပြီး ၎င်းတို့ကို အရပ်သားများက လက်စားချေတုန့်ပြန်ရန် စောင့်ဆိုင်းနေသည်၊ ၎င်းတို့ကို သွေးစွန်းစေသော အဆိုပါ တပ်တွင်းမှလွဲ၍ အခြားမည်သည့်နေရာတွင်မှ နားခိုစရာ မရှိဟူသော ခံစားယုံကြည်ချက်မျိုး ဖြစ်စေသည်။ အဆိုပါ အခြေနေ တွင် တပ်မတော်မှ ပေးသော လုံခြုံရေး၊ ငွေကြေးနှင့် အခြားအရာများသည် တပ်သားများ ဆက်လက်နားခိုစရာ မက်လုံး ဖြစ်လာသည်။[6] အဆိုပါ စိတ်အားထက်သန်မှုသည် အန္ဒိယနိုင်ငံ မီဇိုယမ်သို့ ထွက်ပြေးသွားခဲ့သည့် စစ်တပ် အရာရှိများတွင် တွေ့နိုင်သည်။ ၎င်းတို့အားလုံးသည် တပ်ထံသို့ ပြန်ရန် ရွေးချယ်ခဲ့ကြသည်။

    အောက်ခြေတပ်သားအများစုအတွက် အလွန်အမင်း ဆင်းရဲမွဲတေမှုကို ရှောင်ရှားရန် ရည်ရွယ်ချက်နှင့်အတူ တပ်ထဲသို့ ဝင်ခြင်းမှာ ရာဇဝတ်မှုများ ကျူးလွန်နေသော၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ရသည်ကို နှစ်ခြိုက်သော၊ အာဏာရှင် ဖြစ်ရန် ကြိုး ပမ်းနေသော တပ်ထဲသို့ ဝင်ခြင်းဖြစ်သည်။

    ရန်ပုံငွေများ

    ခန္ဓာကိုယ်များက ရေတွက်စရာ တစ်ခုဖြစ်ပြီး ငွေကြေးက ရေတွက်စရာ အခြားတစ်ခုဖြစ်ပါတယ်။ စစ်တပ်၏ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ၂.၇ သန်း နှင့်ညီမျှပြီး နိုင်ငံဘဏ္ဍာငွေ၏ ၂၅ ရာခိုင်နှုန်း ဖြစ်သည်။ ၎င်းတို့၏ အခွန်ငွေဘဏ္ဍာ အရင်းမြစ်မှာ မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းမှ အများစုရရှိပြီး သဘာဝအရင်းမြစ် ထုတ်လုပ်ရေး ကဏ္ဍများနှင့် ချိတ်ဆက်နေသည်။ စစ်တပ်တွင် တိုင်းပြည်၏ အခွန်ငွေဘဏ္ဍာထက်ပင် ပို၍ ကြီးမားသော စီးပွားရေး တည်ဆောက်ပုံ တစ်ခု ရှိပြီး မြန်မာ့စီးပွားရေးကော်ပရေးရှင်း (MEC) နှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် (MEHL) စသည့် စီးပွားရေးကော်ပရေးရှင်းကြီး နှစ်ခုကို တိုက်ရိုက် ကိုင်တွယ်လျက်ရှိသည်။ MEC နှင့် MEHL နှစ်ခုလုံးသည် ကြီးမားကျယ်ပြန့် ပြီး  မိုင်းတူးဖော်ရေး၊ စက်ရုံများ၊ ဘဏ်များ၊ အစားသောက် နှင့် ဆေးဝါး လုပ်ငန်းများထိ ဖြန့်ကျက်ထားသည်။ အဆိုပါ ကော်ပရေးရှင်းကြီးတွင် ထည့်ဝင်ငွေများ၊ ဆက်စပ်နေသော အာမခံလုပ်ငန်း နှင့် ပင်စင်လစာ လည်ပတ်မှုများသည် စစ်သား များ၏ လုပ်ခလစာမှ အလိုအလျောက် ဖြတ်တောက်ထားသော အစားထိုးဝင်ငွေများကို MEC နှင့် MEHL ၏ ရှယ်ယာများ အဖြစ် ပြောင်းလဲထည့်ဝင်ထားပြီး စစ်တပ်နှင့် တပ်သားများအကြား ထပ်တိုး ချည်နှောင်ထားသည်။

    အောက်ခြေတပ်သားများအတွက် ငွေကြေးသည် စီးပွားရေးတွင် ထဲထဲဝင်ဝင် ပေါင်းစပ်နေမှု တစ်ခုဖြစ်သည်။ ၂၀၁၇ ခုနှစ် တွင်း  ရိုဟင်ဂျာများ ထွက်ပြေး ဖယ်ရှားခံရချိန်တွင်  စစ်သားများနှင့် ကြားခံ အဖွဲ့စည်းများက ၎င်းတို့ သက်မွေးလုပ်ငန်း များအား ခိုးယူခဲ့ပြီးနောက် စစ်တွေတွင် အသားစျေးနှုန်းများ ယာယီ ကမောက်ကမဖြစ် ပြိုလဲခဲ့သည်။[7] အထက်တွင် ဖော်ပြခဲ့သည့် နယ်ခြားစောင့်တပ်များ နှင့် မဟာမိတ် ပြည်သူ့စစ်များ အဓိက ပါဝင်နေသော တရားမဝင် ဒေသတွင်း စီးပွားရေး အခွင့်ရေးများသည် အရာရှိများအတွက် အထူးတိုးပွားခဲ့ပြီး အဆိုပါ တရားမဝင်လုပ်ငန်းများကို စစ်တပ်မှ မငြင်းဆိုချင်စရာ ဖြစ်နေသည်။  အမှန်တကယ်လည်း စစ်တပ်ရှိ ရာထူးတိုးသည့်စနစ်သည် အောက်ခြေအရာရှိများ ငွေမည်မျှ စုဆောင်းရှာဖွေ ပေးနိုင်သည့် လမ်းကြောင်းပေါ်တွင် တစိတ်တပိုင်း မူတည်နေသည်။ အဆိုပါအခွင့်အရေးများက ဒေသတွင်း စစ်တပ် ကွပ်ကဲ ရေးမှူးများနှင့် BGF များအတွက် ‌ငွေရှာရန်နှင့် ထိန်းချုပ်ရန် နည်းလည်းများ ဖြစ်နေသည်။ နီကိုတင်း သည် အနဲဆုံး ၁၉၆၀ နှောင်းပိုင်း ကာလများမှ စ၍ စစ်တပ် အသုံးချခဲ့သော ပဋိပက္ခဖြေရှင်းမှု ပုံစံတမျိုး ဖြစ်သည်။ စစ်တပ်၏ လုပ်ရပ်သည် ၁၉၈၉ ခုနှစ် ဗမာကွန်မြူနစ် ပါတီ (CPB) ပြိုကျပြီးနောက် CPB တွင်နေရာရလာသော ခေါင်းဆောင်များနှင့် ချက်ချင်း အပစ်ခတ် ရပ်စဲခဲ့ပြီး ၎င်းတို့၏ ဟီရိုအင်း နှင့် နောက်ပိုင်းတွင် မက်သက်ဖ်တမင်း စိတ်ကြွဆေး အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု နှင့်ကုန်သွယ်မှု လုပ်ငန်းများကို မသိကျိုးကျွံပြုသည့် အခါတွင် ပို၍ သိသာထင်ရှားလာခဲ့သည်။  Bertil Linter, Ko Lin Chin, Tom Kramer နှင့် အခြားသူများက အဆိုပါအပြောင်းလဲ လှုပ်ခတ်မှု ဒိုင်နမစ်များကို အကျယ်တဝင့် ဖော်ပြဆွေးနွေး ခဲ့ကြပြီး ဖြစ်သည်။  သိပ်မကြာမီကပင် မြန်မာသည် ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သူ ဖြစ်လာခဲ့သည်။ နယ်မြေများကို အစိုးရလက်အောက်ခံ အဖြစ် ကြပ်မတ်ရန် အတွက် စစ်တပ်သည် အဆိုပါတရားမဝင် လုပ်ငန်းများ ကို မသိကျိုးကျွံပြုခဲ့ သည့်အပြင် ၎င်းကိုယ်တိုင် ရောင်းဝယ်ဖောက်ကားရေးတွင် ပါဝင်ခဲ့သည်။

    ‌စစ်တပ်၏ ခေါင်းဆောင်မှု အပေါ် ပြင်ပသီအိုရီများ အသုံးချခြင်းမှာ လူသားကဲ့သို့ မတွေးတောသူများကို တွေးတောမည်ဟု ယူဆ၍ နားလည်ရန်ကြိုးစားခြင်းသာ ဖြစ်သည်။  ထိုအထဲတွင် စီးပွားရေးလည်းပါဝင်သည်။ မြန်မာ့ တိုင်းပြည်ဝင်ငွေ သည် နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ၁ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနှစ်တွင် ၁၈ ရာခိုင်နှုန်း အနုတ်ပြ ခဲ့သည်။ အာဏာမသိမ်းမီက တိုင်းပြည် ဝင်ငွေမှာ တစ်နှစ် လျှင် ‌ယေဘူယျအားဖြင့်  အပေါင်း ၆ ရာခိုင်နှုန်း ရှိခဲ့သည်။ စစ်တပ်သည် N. Gregory Mankiw နှင့် အခြားသော Economics 101 စာရေးဆရာများ ဘာသာရပ်တစ်ခုကဲ့သို့ စဥ်းစားခဲ့သည့် အတိုင်း မစဥ်းစားဘဲ စီးပွားရေး သီအိုရီများကို လစ်လျူရှုခဲ့ သည်။ စီးပွားရေးသည် သီအိုရီများနှင့် စမ်းသပ် အဖြေရှာရသည့် သိပ္ပံဘာသာရပ်မဟုတ်ဘဲ လူမှုသိပ္ပံ ပညာရပ် တစ်ခုသာဖြစ်ကြောင်း စစ်တပ်သည် ပြသခဲ့သည်။ စီးပွားရေး ခန့်မှန်းချက် များ အရဆိုလျှင် နေဝင်း သို့မဟုတ် သန်းရွှေ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည် ဘယ်နှကြိမ် ပြိုကျနေပြီး ဖြစ်ရမည်လဲ။  

    ‌မြန်မာသည် အလွန်မြင့်မားသောငွေကြေးဖောင်းပွမှုနှုန်းကို တွေ့ကြုံခံစားနေရခြင်း မရှိသော်လည်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခဲ့သည့် ၁၉၉၃ ခုနှစ် ယူဂိုစလား ဗီးယားနိုင်ငံ ဥပမာနှင့် နှိုင်းယှဥ် ရန် သင့်တော်ပါလိမ့်မယ်။ ၁၉၉၃ ခုနှစ် ဩဂုတ်လတွင် ယူဂိုစလား ဗီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁,၈၈၀ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပြီး နှစ်စဥ်နှုန်းနှင့်ဆိုလျှင် ၃၆၃ ကွာဒ်ရီ လီယံ  ရာခိုင်နှုန်းထိ ရောက်ရှိခဲ့သည်။ ၁၉၉၃ ခုနှစ် ဒီဇင်ဘာလတွင် ဘီလီယံ ၅၀၀ တန် ဒိုင်နာ များကို ရိုက်နှိပ်ခဲ့ရသည်။ အဆိုပါအချိန်က ကျွန်တော်သည် စီးပွားရေးအကြောင်း တလုံးတပါဒမျှ နားမလည်သေးသော ဆယ်ကျော်သက် တစ်ယောက် ဖြစ်သည်။ သို့သော် ယူဂိုစလားဗီးယားနိုင်ငံတွင် ရှိခဲ့စဥ် ဘားရှိ သောက်စရာ စျေးနှုန်းများမှာ တဝိုင်းပြီးတဝိုင်း လာချပြီး သွားတိုင်း မတူဘဲ ပြောင်းပြောင်းသွားသည်ကို ကျွန်တော်သတိပြုမိခဲ့သည်။ သို့သော် ပိုအားနဲသောရရှားကို ကယ်တင် မည့် အပေါင်းအသင်းမရှိ၊ ဖော်ပြလောက်စရာ သယံဇာတ လောက်လောက်လားလား မရှိ၊ တရုတ် လည်းမရှိဘဲ ယူဂိုစလား ဗီးယားမှာ ဆက်လက်လည်ပတ် နေဆဲ ဖြစ်သည်။ ယခု မြန်မာအား ပိတ်ဆို့သည်ထက် ပို၍ ပြင်းထန်သော အတိတ်ကို ပြန်ကြည့်မှ ရှင်းလင်းမြင်သာပြီး “ကစားပွဲစည်းမျဥ်း” အသစ်ဖြစ်လာသော စီးပွားရေးပိတ်ဆို့ မှု အောက်တွင် တိုင်းပြည် အင်စတီကျူးရှင်းများမှာ ဆက်လက်လည်ပတ်ခဲ့သည်။ စစ်တပ်အနေဖြင့် အမှားများဆက်လက်လုပ်လျှင် မြန်မာ့ စီးပွားရေး သည် နာမည် ဖြစ်သည်။

    စီးပွားရေး ပညာရှင်တစ်ဦးက ပြိုကျမည်ဟု လောင်းကြေးထပ်ခဲ့သည့် အခါများထက်ပို၍ စစ်တပ်သည် ငွေကြေးမည်သို့ အလုပ်လုပ်သည် ဆိုသည့် အကြမ်းဖျဥ်းနားလည်မှု ကို မကြာခဏ ပြသခဲ့သည်။ ခရိုနီ စီးပွားရေးလမ်းကြောင်းက အဆိုပါ နားလည်မှုကို သေချာပြသခဲ့ပြီး အာဏာရှင်နှင့် အာဏာရှိသူများ (Oligarchy) အကြား အပေးအယူ နားလည်မှုက ပါဝင်နေ သူအားလုံး အတွက် ရေရှည်ခံသည့် ဆက်ဆံရေးအထောက်အပံ့တစ်ခု ဖြစ်သည်။ တနေ့တွင် Asian Godfathers နှင့် How Asia Works တို့အားရေးခဲ့သူ Far East Economic Review ၏ ယခင်အယ်ဒီတာဟောင်းဖြစ်သူ Joe Studwell သည် မြန်မာနိုင်ငံရှိ အဆိုပါ ဆက်ဆံရေး အကြောင်းကို ရေးရန်ရွေးချယ်မည်ဟု ကျွန်တော်မျှော်လင့်ပါသည်။

    ထိုသို့ဆွေးနွေးခဲ့ပြီးဖြစ်၍  မင်းအောင်လှိုင်၏ ငွေကြေးနှင့် ပတ်သတ်သော စောဒကတက်ငြီးတွားမှု များသည် စီးပွားရေးနှင့် ပတ်သတ်၍ တခုခုက မှားယွင်းနေသည်ကို  ၎င်းကခံစားမိကြောင်း ဖော်ပြနေသည်။ သို့သော်လည်း ခေါင်း‌ဆောင်များ ၏ အမျှော်မြင်နည်းမှုသည် ငွေကြေးဖောင်းပွမှုကို တုန့်ပြန်ရာတွင် ဆီထုတ်လုပ်သူတွေကို ပစ်မှတ်ထား ခြင်း၊ သစ္စာဖောက်ဟု ခေါင်းစဥ် တပ်၍ ပြည်တွင်းဘဏ်များကို ခြိမ်းခြောက်ခြင်း၊ အဆိုးဆုံးအနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်နေသူ များထံမှ ဝင်ငွေ ၁၀ ရာခိုင်နှုန်း ပေးဆောင်စေ ရန်အပြင် ၎င်းတို့အိမ်ပြန်ပို့သည့်ငွေထဲမှ ၂၅ ရာခိုင်နှုန်းအား ၎င်းတို့အသိမှတ်ပြု ‘တရားဝင်’ (အတုယောင်) ငွေကြေးလဲလှယ်နှုန်းဖြင့် လွှဲရန် တောင်းဆိုခြင်း၊  စသည့် ဖြေရှင်းချက်များသာလျှင် လုပ်တတ် သည်။ တပြိုင်တည်းတွင် ဆန်စျေးမှာ နှစ်ဆ တက်ခဲ့ပြီး စစ်တပ်၏ ဆန်စျေး၏ ဘယ်လောက်ထက်ပို၍မရောင်းရဟူသော အများဆုံး ကန့်သတ်ချက်မှာ လယ်သမားများ ကို အလွန်မင်း ထိခိုက်နစ်နာစေမည်ဖြစ်သည်။

    ‌Sean Turnell သည် မြန်မာ့လက်ရှိစီးပွားရေး သုံးသပ်မှုတွင် ‘စီးပွားရေးကပ်’ ဟု သုံးနှုန်းထားသည်။ သို့သော် လူတွေကို ဂရုစိုက်တတ်မှ သာလျှင်ဖြစ်သည်။ အုပ်စုလိုက်ကျူးလွန်သော ရာဇဝတ်မှုဟူသော မှန်ပြောင်းမှကြည့်လျှင် ကပ်ဆိုး မဟုတ် ပေ။ လူမုန်းသောနေဝင်း၏ နည်းနာတစ်ခုဖြစ်သည့် ၁၉၆၄၊ ၁၉၈၅၊ ၁၉၈၇ ခုနှစ်တွင် တနိုင်ငံလုံး အရပ်သားများ၏ ကျပ်ငွေအားလုံးကို ဖယ်ရှားပစ်လိုက်သည့် ငွေကြေးခဝါချမှုမျိုးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲတွင် အတိအလင်း ဖော်ပြ၍ တားမြစ် ထားသော်လည်း လုပ်ချင်လျှင် အနီးလေးတွင်ရှိသည်။

    အကွဲအပြဲ

    စစ်တပ်၏ တပ်ယဥ်ကျေးမှုနှင့် စီးပွားရေး အပြန်လှန်ဆက်နွယ်နေမှုက အကွဲပြဲ ဖြစ်နိုင်ခြေကို ကန့်သတ်ထားသည်။ အာဏာ သိမ်းမှုနှင့် နောက်ဆက်တွဲ ဖြိုခွဲမှုက စစ်တပ်အတွင်း တင်းမာမှုများနှင့် အကွဲပြဲများကို ဦးတည်စေသည်ဟု ဆိုကြသည်။ Terence Lee နှင့် Gerard McCarthy တို့က ၎င်းတို့၏ ထွက်မည့် “မဏ္ဍိုင်အက်ကွဲခြင်း။         ။ တပ်မှစွန့်ခွါခြင်းက မြန်မာ နိုင်ငံတွင် စစ်အာဏာရှင် ဇာတ်သိမ်းစေနိုင် မည်လား (Fracturing the Monolith: Could Military Defections End the Dictatorship in Myanmar?)” နှင့် Anders Kirstein Moeller ၏ “အတွင်းသို့ မြင်အောင်ကြည့်ခြင်း။            ။အာဏာသိမ်းမှု ဆိုင်ရာ ဇာတ်ကြောင်းများနှင့် တပ်မတော် အကွဲအပြဲ (Peering under the hood: Coup narratives and Tatmadaw Factionalism)” ထဲတွင် တပ်တွင်းအကွဲအပြဲ ကို တွက်ဆ ထားသည်။ နှစ်ခုလုံးတွင် စစ်တပ်အတွင်း အကွဲအပြဲဆိုင်ရာ အချက် လက်များကို ခွဲခြားပြထားသည်။ သို့သော်လည်း တပ် အရာရှိအဆင့်ဆင့်အကြား ဘာတွေဖြစ်ပျက်နေသည်ကို ကျွန်ုပ်တို့ မသိကြောင်း သတိပေးထားသည်။ လက်နက်ကိုင်ခုခံနေသည့် ဒေသများသို့ စိတ်ဓါတ်ကျဆင်းနေသော တပ်သားများ စေလွှတ် သည့် အစီရင်ခံစာများက စစ်တပ်သည် သမိုင်းတွင် အခြားနယ်ချဲ့သိမ်းပိုက်နေသော တပ်များအားလုံးအတိုင်း ပြဿနာများကို ကိုင်တွယ်နေခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ရသည်။ စိတ်ဓါတ်ကျဆင်းနေမှုက နောက်ဆုံးထိုးစစ်တွင် လက်နက် ချ အညံ့ခံမှုကို ဖြစ်စေခဲ့သော်လည်း တုန့်ပြန် ပုန်ကန်သည့်အထိ မရောက်သေးပေ။

    အဆိုပါ အစိမ်းရောင်ထုကြီးအတွင်း ဖြစ်ပေါ်လာမည့် မည်သည့်အကွဲအပြဲမဆိုသည် ထိုအစုအဖွဲ့၏ အတွေးခေါ် သို့မဟုတ် ၎င်းဆွဲကိုင်ထားသည့် ပင်မယုံကြည်ချက်များကို ပြောင်းလဲပစ်သည်ထိ ခြောက်လှန့်နိုင်မှာမဟုတ်သော အကွဲအပြဲ အဖြစ်သာ ရှိမည်ဟု အခိုင်မာဆိုနိုင်ပါသည်။ မင်းအောင်လှိုင်သည် ဗမာလူမျိုးကြီး ဖက်ဆစ်တစ်ဦး ဖြစ်သောကြောင့် ဆန့်ကျင် ပုန်ကန် သည့် တပ်တွင်းပုန်ကန်မှုမျိုးထက် ၎င်းသည် ရှုံးနိမ့်မှုကိုရင်ဆိုင်နေရသော ဗမာလူမျိုးကြီး ဖက်ဆစ်တစ်ဦး ဖြစ်၍သာ ပုန်ကန် ခံရ နိုင်ဖွယ်ရှိသည်။ အလားတူပင် စစ်တပ်သည် ၎င်းတို့လိုလားသော အနေအထား ဖန်တီးထားသော ကစားကွင်းတွင်သာ မဟုတ်ပါက ပြည်သူများနှင့် ဆန့်ကျင်ယှဥ်ပြိုင်ကစားမည် မဟုတ်ပါ။ စနစ်သည် အလုံးစုံ အာဏာရှင်၊ လူမျိုးကြီး နှင့် တစ်ဦး တည်း မောင်ပိုင်စီးထားမည့် စနစ်အဖြစ်သာ ရှိမည်ဖြစ်သည်။ တပ်တွင်းအကွဲပြဲ ဖြစ်နိုင်သည်ဟု ငြင်းဆိုချက်မှာလည်း ဖြစ်နိုင် ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း မျှော်လင့်သည် သို့သော် ကျွန်တော်တို့မသိနိုင်ပါ။ မည်သို့ပင်ဆိုစေကာမူ အဆိုပါ အကန့်သတ်အတွင်းမှ အကွဲပြဲမျှော်လင့်ချက်သည် ‌ယခင်ကဖြစ်ခဲ့ဖူးသည်။ ယခင် အာဏာပိုင်များ၏ ၂၀၁၀ ‘အဖွင့်’ သည် ၂၀၀၄ ခုနှစ်တွင် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့် အား ဖမ်းဆီးခြင်းနှင့် ၎င်း၏ ‘တရုတ် လိုလား’ သော အုပ်စုကို ဖယ်ရှားခြင်းဖြင့် စခဲ့သည်။

    စစ်တပ်၏ ကာမိုးထားသော အတွေးအခေါ် ရှိသော်ငြား ထိုအတွေးခေါ်ထဲတွင် NUG လိုလားသော အင်္ဂါရပ် အနည်းငယ် ရှိနိုင်ပါသည်။ ရဲမျိုးဟိန်း အလိုအရ PDF တိုက်ခိုက်မှုများမှာ “တပ်တွင်းမှ ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ ဖြစ်နိုင်ပြီး အဆိုပါ ပူးပေါင်းမှုများက တပ်ခေါင်းဆောင်များကို စိတ်ဖိစီးစေခဲ့သည်”။

    နယ်မြေထိန်းချုပ်မှု

    စစ်တပ်သည် အဓိက မြို့ကြီးများအားလုံး နှင့် အဆိုပါမြို့ကြီးများကို ဆက်သွယ်သည့် လမ်းများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ သို့သော် ညီနောင်မဟာမိတ် သုံးဖွဲ့၏ အောက်တိုဘာ ၂၇ ထိုးစစ် မတိုင်မီ ကပင် စစ်တပ်ထိန်းချုပ်သော နယ်မြေများ နည်းလာပြီး သမိုင်းတလျှောက်တွင် ပိုရှုပ်ထွေး ပိုပြင်းထန်သော ခုခံမှုကို ရင်ဆိုင်နေရသည်။ အဆိုပါ ရှုပ်ထွေးပြင်းထန်မှုကို Shona Loong က စစ်ပွဲအခင်းကျင်း ခြောက်ခုမှ အာဏာသိမ်းပြီးနောက်မြန်မာ (Post-coup Myanmar in Six Warscapes)

    တွင် ရှင်းရှင်းလင်းလင်း ပုံဖော်ထားသည်။

    ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ တွင် ၁၉၈ ခုသာ ‘၁၀၀ ရာခိုင်နှုန်း တည်ငြိမ်မှု’ ရှိတော့သည်ဟု ဖော်ပြခဲ့သည်။ အကယ်၍ ‘တည်ငြိမ်မှု’ ဆိုသည်ကို ‘ထိန်းချုပ်မှုအောက်’ ဟု အဓိပ္ပါယ်ပြန်ပါက မင်းအောင်လှိုင်သည် နိုင်ငံရှိ မြို့နယ်ပေါင်း၏ ၄၀ ရာခိုင်နှုန်းသည် ၎င်း၏ ‘ထိန်းချုပ်မှုအောက်တွင် မရှိတော့’ ဟု  သွယ်ဝိုက်ဖော်ပြ နေခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဂျူလိုင်လ တွင် စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ကယား ရှိ ခုခံမှုအားကောင်းသော နေရာများအပါအဝင် မြို့နယ် ၃၇ မြို့နယ်တွင် ညမထွက်ရအမိန့် မာရှယ်လော ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ထိုးစစ်ဆင်မှု မတိုင်မီတွင် ချင်းပြည်နယ် အများစုမှာ ခုခံသူများ လက်အောက်သို့ ကျရောက်နေခဲ့ပြီး ဖြစ်သကဲ့သို့ ကယားပြည်နယ် အများစုမှာလည်း အလားတူပင်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်လည်း ထို့အတူပင် နေရာအများစုကို ရက္ခိုင့်တပ်တော်မှ အုပ်ချုပ်နေပြီဖြစ်သည် (အောက်တွင်ကြည့်ပါ)။ စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ကယားတွင် စစ်တပ်သည် ၎င်းတို့၏ လေကြောင်းနှင့် အမြှောက်အင်အားကို မှီခိုနေရသည်။ ရိက္ခာပို့လမ်းကြောင်းများကို ထိန်းသိမ်းထားရန်မှာလည်း အခက်တွေ့နေပြီး အဆိုပါဒေသတွင် ဖြန့်ကျက်ထားသော တပ်သားများ၏ သစ္စာရှိမှုကို ထိန်းထားရန်မှာလည်း အခက်တွေ့ လျှက်ရှိသည်။ ၎င်းဘက်က ကာကွယ်မှုမြှင့်ရန်အတွက် လက်နက်ကိုင်ဆောင်ခြင်းဆိုင်ရာ ဥပဒေ ကို ပြင်ဆင်ခဲ့ပြီး စစ်တပ် လိုလားသော ပြည်သူ့စစ်များနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့စည်းများကို လက်နက် တပ်ဆင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများအပါအဝင် အရပ်သားဝန်ထမ်းများကို ပြည်သူ့စစ်များအသွင် စတင် အသွင်ပြောင်းစစ်မှုထမ်း စေခဲ့သည်။ ထိုအခြေနေမှာ PDF များကြောင့် စစ်တပ်သည် သွေးထွက်သံယို ဖြစ် အထိနာနေသည်ကို ဖော်ပြနေချက်တစ်ခုဖြစ်သည်။ စစ်တပ်မှ တပ်သားမချထားပေးနိုင်တော့သည့်  နိုင်ငံခြားမြှုပ်နှံမှုများကို အစောင့်ထားရန် အခြားသော ကြားခံအဖွဲ့စည်းများကို စည်းရုံးနေရာချထားသည်။ ယခင် အာဏာရှင် များ၏ အလေ့ကျင့်အတိုင်း စစ်တပ်သည် ရာဇဝတ်သားများကိုလည်း စစ်မှုထမ်းစေခဲ့သည်။ တပ်သားခန့်အပ်မှုသည် ဆုံး ရှုံးမှုများကို ဖြည့်ရန် အလျင်မမီဟု သွယ်ဝိုက်အဓိပ္ပါယ်ရနေပြီး နယ်မြေများလည်း ဆက်လက်ဆုံးရှုံး နေမည်ဖြစ်သည်။

    ထို့နောက်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ထိုးစစ် ဖြစ်ပေါ်လာပြီး ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရှမ်းပြည်မြောက်ပိုင်း မြို့ပေါင်း တဒါဇင်မျှ နှင့် ထိုမြို့များကို ကာကွယ်ရန်ထားသော မြို့စောင့်တပ်ရင်းများကို သိမ်းပိုက်ခဲ့သည်။ ရှမ်းပြည် မြောက်ပိုင်း အများစုနှင့် အတွင်းရှိ ကိုးကန့် တဒေသလုံး ကို စစ်တပ် မှ ဆုံးရှုံးခဲ့သည်။ ထိုးစစ်များသည် ရခိုင်၊ ချင်း နှင့် ကယား အားလုံးတွင် တပြိုင်နက်တည်း စတင်ခဲ့ပြီး ကယား နှင့် ချင်းတွင် ကျန်နေသေးသည့် နယ်မြေများအားလုံးနှင့် ရခိုင်ပြည်နယ် အနောက်ပိုင်းကို စစ်တပ်မှ ဆုံးရှုံးသွားခဲ့သည်။ ဝေးကွာသော ရမ်းဗြဲကျွန်း တွင်ပင် စစ်တပ်နှင့် AA အကြား တိုက်ပွားများ ဖြစ်ပွားလျက်ရှိသည်။ ပူးပေါင်းထိုးစစ်ဆင်မှုသည် EAO များအကြားတွင်သာ မကဘဲ PDF များသည်လည်း စစ်ကိုင်းနှင့် အခြားနေရာများတွင် စစ်ဆင်ရေးများကို အရှိန်ဟုန် မြှင့်လာခဲ့ကြသည်။ ယခုဆိုလျှင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO) မှာ စစ်တပ်နှင့် တိုက်ခိုက်လျှက် ရှိပေသည်။ ရာဇဝတ်မှုမြောက် ရွှေကုက္ကိုလ် ၏ အစောင့်များဖြစ်သည့် ကရင် BGF ပင်လျှင် ခုခံမှုများရှိ လာခဲ့သည်။  ၎င်းသည် EAO တစ်ခုကို ထိုးစစ်ဆင်နေလျှင် အခြားတစ်ခုကို ခဏရပ်နား အသက်ရှုပေါက် ဖန်တီးပေးထားတတ်သည့် စစ်တပ်နှင့် ၎င်း၏ ဆယ်စုနှစ်ပေါင်းများစွာ အောင်မြင်ခဲ့သော ‘တီးလုံးနှင့်အညီ ခုံလုတမ်း အပစ်ခတ် ရပ်စဲရေး’ အတွက် တွေးမထင်လောက်မိ‌သော မမေ့နိုင်ဖွယ် အခိုက်တန့်တစ်ခု ဖြစ်ခဲ့သည်။ သို့မဟုတ် အခြား မမေ့နိုင်ဖွယ် ဖြစ်ရပ်အနေဖြင့်  ၎င်းတို့ တွေးမထင်ခဲ့ လောက်သည်မှာ ဝပြည် သွေးစည်းညီညွတ်‌ရေး တပ်မတော်မှ စစ်တပ်ထံမှ မဟာမိတ် များ တိုက်ယူခဲ့သည့် ဒေသများကို အုပ်ချုပ်ရေးတာဝန် လွှဲပြောင်းယူခဲ့သည့် အခိုက်တန့်ဖြစ်မည်။

    ဆုံးရှုံးမှု အလွန်များပြားသော်လည်း စစ်တပ်၏ နည်းနာများမှာ ယခင်လုပ်ရိုးလုပ်စဥ်များမှ ဖယ်ခွာသွားခြင်းမရှိပေ။ အဆိုပါ လုပ်ရိုးလုပ်စဥ်များတွင် ၎င်းတို့ မြန်မြန်ဆန်ဆန် ချိုးဖောက်သည့် အပစ်ခတ်ရပ်စဲရေးအတွက် တရုတ်ကို ကြားဝင်ညှိနှိုင်း စေခြင်းများ ပါဝင်သည်။ အဆိုပါ ရာဇဝတ်မြောက် အာဏာရှင် ကြိုးပမ်းမှုသည် တယူသန်လူမျိုးကြီး ယုံကြည်ချက်တစ်ခု ကိုင်စွဲ ထားပြီး တိုက်ပွဲတွင်းမှ အခြေနေမှန်များကို နားလည်နိုင်စွမ်း မရှိပေ။

    ဘော်ဘီ အန်ဒါဆင် သည် ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီက မြန်မာနိုင်ငံကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဌာန၏ အကြံပေး တစ်ဦးဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ချင်း၊ ကရင်၊ မွန်၊ ရခိုင် ၊ ရှမ်းနှင့် အခြား ဒေသများသို့ နှံ့ နှံ့ စပ်စပ်သွားလာ အလုပ်လုပ်ခဲ့သည်။ သူသည် လက်ရှိတွင် ချင်းမိုင် တက္ကသိုလ် ပြည်သူ့ရေးရာ မူဝါဒ ကျောင်းတွင် သုတေသီ တစ်ဦးအဖြစ် တောင်ပေါ်နေလူမျိုးစုများအပေါ် ဘိန်းအမြစ်ဖြတ်ဖယ်ရှားခြင်း နှင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေး စီမံကိန်းများ၏ ကာလရှည် ကြာသက်ရောက်မှုကို လေ့လာလျက်ရှိသည်။

    (Social media: X and Instagram)

    Notes

    [1] PRC သည် အဆိုပါ ဖျက်သိမ်းမှုများတွင် ဆက်ဆံခဲ့သည့် ပထမဆုံး နိုင်ငံမဟုတ်ပါ။ ထိုင်းနိုင်ငံတွင် ဗိုလ်ချုပ် စယ်ရစ် သပ်နာဝပ်မှ ဝန်ကြီးချုပ် ပလိပ် ပိုင်ဖွန်ဆွန်ခရန် အား ၁၉၅၇ တွင် ဖြုတ်ချပြီးနောက် လက်ယာအရွေ့ပြောင်း ကိုကျေနပ်သော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဖြစ်ပွားခဲ့သော ဖြစ်စဥ်သည် အာဏာသိမ်းမှုမဟုတ်ဘဲ လက်ရှိအုပ်ချုပ်နေသောအစုအဖွဲ့မှာ ၎င်း၏အာဏာကို ခိုင်မာစေရန် ‘စနစ်တကျ ကြိုးပမ်းမှုတစ်ခု’ ဟု ကြေညာခဲ့သည်။ In Baker, Chris, and Pasuk Phongpaichit. 2014. A History of Thailand. Cambridge: Cambridge University Press.
    [2] ပျူစောထီးများကို ဦးနုခေတ်တွင် စတင် ဖန်တီးခဲ့သည့် ထိုအချိန်မှစ၍ ကျေးလက်မြို့ရွာများတွင် ဖွဲ့စည်းလိုက် ဖျက်သိမ်းလိုက် ရှိခဲ့သည်။ ပျူစောထီးအား စစ်တပ်လိုလားသော အရပ်သားအစုအဖွဲ့အဖြစ်လည်း NLD ခေတ်တွင် ရည်ညွှန်းခဲ့သည်။
    [3] Selth, Andrew. 2021. Myanmar’s military mindset: an Exploratory Survey. Griffith Asia Institute Research Paper.
    [4] For more information on this tension, see Gravers, Mikael. 2012. Monks, morality and military. The struggle for moral power in Burma—and Buddhism’s uneasy relation with lay power, Contemporary Buddhism 13/1, 1-33
    [5] For more information, refer to Slow, Jonathan. Return of the Junta.
    [6] Kyed, Helene Maria, and Ah Lynn. 2021. Soldier defections in Myanmar: Motivations and obstacles following the 2021 military coup. Copenhagen:  Danish Institute for International Studies.
    [7] စစ်တွေတွင် စျေးနှုန်းများ ပြိုလဲ ခဲ့သည်ကို ကျွန်တော်မြင်တွေ့ခဲ့သည်။

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.