ယုဂန်ပိုင်(ကလောင်အမည်) မှ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းခြင်းနောက်ပိုင်း မြန်မာြပည်မှ စွန့်ခွာလာခဲ့ သည့် ဒုက္ခသည်များ၏ဝမ်းနည်းထိတ်လန့်ဖွယ်ရာအတွေ့အကြုံနှင့်ဖမ်းဆီးခံရမည်စိုးသဖြင့်နေရာ အတည် တကျ မရှိပြောင်းရွှေ့သွားလာနေရသည့်အဆိုးသံသရာနှင့် ခံစားရသည့်စိတ်ဒဏ်ရာတို့ကိုရှင်းပြထားပါသည်။
ဘဝမှာ ဘယ်တုန်းကမှ စစ်ဘေးရှောင်တစ်ယောက်၊ refugee တစ်ယောက် ဖြစ်လာ လိမ့်မယ်လို့ မတွေးထင်ထားခဲ့ဖူးပါ။ ကိုယ်နေထိုင်ကြီးပြင်းရာ အညာဒေသ တစ်ခွင်လည်း စစ်တလင်း ဖြစ်လာလိမ့်မယ်လို့ စိတ်ကူးမျှပင် မရှိဖူးပါ။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးလည်း အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့ထက် အဆပေါင်းများစွာ ပိုပြီးဆိုးရွားတဲ့ အခြေအနေမျိုး ဆိုက်ရောက်လာလိမ့်မယ်လို့လည်း အိပ်မက်မျှပင် မမက်ဖူးပါ။ သို့သော် အထက်က အကြောင်းအရာတွေဟာ အမှန်တကယ် ဖြစ်ပွားခဲ့ပါတယ်။ ယခု လည်း ဆက်လက်ဖြစ်ပွားလျက် ရှိပါတယ်။ နောက်နောင်လည်း ဘယ်လောက်ထိကြာအောင် ဖြစ်ပွားနေလိမ့်မလဲဆိုတာ မခန့်မှန်း မပြောဆိုနိုင်ပါ။
မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်ခံအစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၅ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်ထိဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းခါစ အချိန်ကာလ မျိုးဖြစ်ပါတယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထူထောင်လို့ အရှိန်ရခါစ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီမိုကရေစီအရသာကို ၅ နှစ်ခန့် မြည်းစမ်း ကြည့်ခွင့်ရတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေအားလုံးဟာ စစ်တပ်က အာဏာသိမ်းလိုက်တာ တစ်ခု တည်းနဲ့တင် အကုန်ရိုက်ချိုးခံလိုက်ရပါ တော့တယ်။ ဖွံ့ဖြိုးဆဲ အားယူနေတဲ့ နိုင်ငံတစ်နိုင်ငံကို အောက်ဆုံးအထိ ဆွဲချပစ်ခြင်း ခံလိုက်ရပါတယ်။
ကျွန်တော်ဟာ အခြေခံပညာအထက်တန်းအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာ တစ်ဦး၊ ဝါသနာအလျောက် လုပ်ကိုင်ဖြစ်ခဲ့တဲ့ မီဒီယာစာနယ်ဇင်းသမားတစ်ဦးပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းကစပြီး စာလည်း မသင်ရတော့၊ မီဒီယာ လုပ်ငန်းလည်း မလုပ်ရတော့ဘဲ အလုပ်လက်မဲ့ဘဝကို ချက်ချင်းရောက်ရှိသွားပါတယ်။ စစ်ကောင်စီအလို ကျ ဖွင့်လှစ်တဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ စာမသင်တော့ဘဲ CDM (Civil Disobedience Movement) ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီက ပုဂ္ဂလိက မီဒီယာတွေကို အပြင်းထန်ဆုံး နှိပ်ကွပ်လာတဲ့အတွက် ပြည်တွင်းမီဒီယာအားလုံး ရပ် ဆိုင်းခံလိုက်ရလို့ စာရေးသားစရာ Print Platform လည်း ပျောက်သွားပါတယ်။ CDMer တွေနဲ့ ပုဂ္ဂလိကမီဒီယာသမားတွေကို လူမဆန်စွာ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်လာတာကြောင့် နိုင်ငံစွန့်ခွာထွက်ပြေးသူဘဝကို မမျှော်လင့်ဘဲ ရောက်ရှိခဲ့ရပါ တယ်။
ယခင်ကဆိုလျှင် စစ်ဘေးရှောင်ဆိုတဲ့အသုံးအနှုန်းနဲ့ refugee ဆိုတဲ့ စကားလုံး ကို စာနယ်ဇင်းတွေထဲမှာသာ တွေ့မြင်ဖတ်ရှုခဲ့ရတာပါ။ ယခုတော့ ကိုယ်ကိုယ်တိုင် စစ်ဘေး ရှောင်ဆိုလည်းဟုတ်၊ refugee ဆိုလည်းဟုတ်ဆိုတာမျိုး ဖြစ်နေပါပြီ။
စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ပြီးနောက် ပြည်သူလူထုနဲ့ အတူ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ကြ တဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေကို တတ်နိုင်တဲ့ဘက်ကနေ စိတ်တူကိုယ်တူ ရှိသူများနဲ့ ပေါင်းစုပြီး ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ကြပါ တယ်။ စစ်ကောင်စီက ဒီလိုလုပ်ဆောင်သူတွေကို လိုက်လံဖမ်းဆီး၊ နှိပ်စက်၊ သတ် ဖြတ်တာတွေလုပ်ဆောင်လာ တာကြောင့် သူတို့လက်ထဲမကျရောက်ဖို့ ကြိုတင်ရှောင် တိမ်းကာ တစ်ဖက်နိုင်ငံထဲ ထွက် ပြေးလာခဲ့ပါတယ်။ မိမိဘဝ ဆက်လက်ရှင်သန် နိုင်ရေးအတွက် လွတ်မြောက်နယ်မြေကို ရွေးချယ်တဲ့အခါ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ချင်း ထိစပ်နေတဲ့နိုင်ငံများကို အရင်ဆုံး စဥ်းစား ရပါတယ်။ တရုတ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေပါ။ အဆိုပါ အိမ်နီးခြင်း နိုင်ငံတွေရဲ့ နောက်ခံအ ကြောင်းချင်းရာ အရပ်ရပ်ကို တွက်ဆပြီး ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ အနက် ဘယ်နိုင်ငံကို ရွေးချယ်မလဲ။ သိရသလောက်ဆိုရင် ထိုင်းနိုင်ငံဟာ နိုင်ငံရေးခိုလှုံခွင့် မရခင်စပ်ကြား အဖမ်းအဆီးခံရနိုင်ခြေများပါတယ်။ ဒါကြောင့် ထိုင်နိုင်ငံထဲ ထွက်ပြေးခိုလှုံဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ပိူပြီးအဆင်ပြေနိုင်မယ့် အိန္ဒိယနိုင်ငံဘက်ကိုပဲ ရွေးချယ်လိုက်ပါ တော့တယ်။
အိန္ဒိယနိုင်ငံဘက်ထွက်မယ်ဆိုရင် မဏိပူဘက်ကိုထွက်မလား၊ မီဇိုရမ်ဘက်ကို ထွက်မ လား။ စုံစမ်းသိရှိ ရသလောက်ဆိုရင် မဏိပူဘက်က အဖမ်းအဆီး ရှိနိုင်တာကြောင့် မီဇိုရမ် ဘက်ကို ရွေးချယ်လိုက်ပါတယ်။ သတင်းတွေအရ မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာစစ်ဘေး ရှောင်တွေကို လက်ခံထားပြီး လူသားချင်းစာနာမှုအရ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေလည်း ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မီဇိုရမ်ပြည်နယ်ထဲက မြို့တော်ဖြစ်တဲ့ အိုက်ဇောလ်မြို့မှာ မိမိဇာတိနယ်က ရက်ကန်းသမားများရှိနေပါတယ်။ အဆိုပါရက်ကန်း သည်တွေထဲမှာ မိမိနဲ့ သိကျွမ်းတဲ့ မိတ်ဆွေတွေ ရှိတာကြောင့် သူတို့ဆီကို ကြိုတင်ချိတ်ဆက် ပြီး ထွက်လာခဲ့ပါတယ်။
မိမိနေထိုင်ရာ ရန်ကုန်မြို့ကနေ ကလေးမြို့ကို လိုင်းကားဖြင့် နှစ်ရက်ကြာခရီးနှင်ပြီး ရောက်ရှိပါတယ်။ လမ်းခရီးမှာ အစစ်အဆေးအလွန်တင်းကြပ်တဲ့ စစ်ကောင်စီဂိတ်တွေကို ကံကောင်းထောက်မစွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ မှတ်ပုံတင်ကတ်နဲ့ မိုဘိုင်းဖုန်းတွေကို အဓိကထားပြီး စစ်ဆေးတာခံရပါတယ်။ အထူးသဖြင့် ဖုန်းထဲမှာ ဆန္ဒပြပုံ တွေ၊ CDM တွေနဲ့ PDF(People Defence Force)တွေနဲ့ ဆက်နွယ်တဲ့ အထောက်အထား တွေ၊ Facebook မှာ တင်ထားတဲ့ NLD Profile ပုံတွေ စတာတွေကို စစ်ဆေးတွေ့ရှိခဲ့ရင် တော့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း တစ်ခုမဟုတ်တစ်ခု ခံရဖို့ ကျိန်းသေလှပါတယ်။ နောက်ပြီး အရွယ်အားဖြင့် အသက် ၂၀ ဝန်းကျင် လူငယ်တွေကို ပစ်မှတ်ထားပြီး PDF သံသယနဲ့ စစ်ဆေးလေ့ရှိပါတယ်။ CDM ပြုလုပ်ထားကြတဲ့ ဝန်ထမ်းဟုတ် မဟုတ်ကိုလည်း စစ်ဆေးလေ့ရှိပါတယ်။
ကလေးမြို့ရောက်တဲ့အခါ အိန္ဒိယနယ်စပ်ထိ လမ်းခရီးအခြေနေကို ထပ်မံစုံစမ်းရပါ တယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ နေရာအချို့မှာ တိုက်ပွဲများ လတ်တလောဖြစ်ပွားနေ ကြောင်း သိရှိရတဲ့အတွက် ကလေးမြို့မှာ ၄ ရက်ခန့် သောင်တင်နေပါတယ်။ ကလေးမြို့ ကနေ လမ်းခရီးအခြေအနေက သွားလို့ရပြီဆိုတာနဲ့ ရိခေါဒါရ်မြို့ရှိ နယ်စပ်ချောင်း (တီအိုချောင်း)ကို နေ့လယ် ၁ နာရီဝန်းကျင်မှ ထွက်ခဲ့ပါတယ်။ ရက်ကန်းသည်တွေကိုပို့တဲ့ ကားနဲ့ ရောနှောပြီးလိုက်လာခဲ့ပါတယ်။ စစ်ကောင်စီဂိတ် ၂ နေရာကို ဖြတ်သန်းရတဲ့အခါ အိုက်ဇောလ်မြို့ကို ရက်ကန်းခတ်ဖို့သွားတဲ့အဖွဲ့သားဖြစ်ကြောင်း ပြောဆိုပြီး ဖြေရှင်းနိုင် လိုက်ပါတယ်။ တီးတိန်မြို့နယ်ထဲက လိုင်တွီးရွာမှာ ညအိပ်ရပ်နားပြီး နောက်ရက်မနက်ပိုင်းမှ ရိခေါဒါရ်မြို့ကို ခရီးဆက်ရပါတယ်။ မြို့အဝင်မှာ CNDF (Chin National Defence Force) တပ်ဖွဲ့ဝင် များနဲ့ တွေ့ပါတယ်။ ၄င်းတို့က ဆက်မသွားရန်တားမြစ်ပြီး လာလမ်း အတိုင်းပြန်လှည့်ဖို့ ပြော ဆိုကြပါတယ်။ စစ်ကောင်စီတပ်များရဲ့ အန္တရာယ်ကြောင့် အဲဒီလိုပြောရခြင်းဖြစ်ကြောင်း သိရပါတယ်။ သို့သော် ကားသမားက နယ်စပ်ဂိတ်တံတားကနေမဖြတ်ဘဲ စစ်ဘေးရှောင်များ ရှိရာ ချောင်းအထက်ပိုင်းမှ ဖြတ်မည်ဖြစ်ကြောင်း သွားခွင့်ရရေးတောင်းဆိုတဲ့အခါ ခွင့်ပြု လိုက်ပါတယ်။ ဒါပေမဲ့ လမ်းမှာ တစ်ခုခု အန္တရာယ်ကြုံခဲ့သော် ၄င်းတို့တာဝန်မယူကြောင်းနဲ့ ကားလမ်းဘေးတွင် မြေမြှုတ်မိုင်းများ ရှိနေနိုင်တာကြောင့် ဂရုစိုက်မောင်းနှင်ဖို့လိုကြောင်း သတိပေးလိုက်ပါတယ်။ နယ်စပ်ချောင်းကိုဖြတ်၍ အိန္ဒိယနိုင်ငံထဲရောက်ပြီး မကြာမီ စစ်ကောင်စီတပ်များနဲ့ CNDF တပ်ဖွဲ့များအကြား ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားပါ တယ်။ လက်နက်ငယ်ပစ်ခတ်သံတွေကို အတိုင်းသား ကြားရပါတယ်။ မိမိအပါအဝင် ခရီး သည်တွေဟာ ဘေးကင်းလုံခြုံတဲ့နေရာကိုပြေးပြီး ပုန်းကွယ်နေခဲ့ရပါတယ်။ မိမိဘဝမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အနီးကပ်ဆုံး နေထိုင်တွေ့ကြုံရခြင်းပါပဲ။
အခြေအနေအေးဆေးတည်ငြိမ်သွားမှ ချောင်းကနေ အိုက်ဇောလ်မြို့ကို ကားစီးနိုင်ဖို့ ကားဂိတ်တည်ရှိရာကို သွားကြရပါတယ်။ မီဇိုရမ်ပြည်နယ်၊ ဇောခေါထာရ်ရွာ (Zokhawthar) ကနေ အိုက်ဇောလ်မြို့ကို ၁၀ နာရီဝန်းကျင် ကားစီးပြီး ရောက်ရှိပါတယ်။ အိုက်ဇောလ်မြို့၊ ဇောင်းတွီ (Zuangtui) ရပ်ကွက်ရှိ အသိမိတ်ဆွေအိမ်မှာ နေထိုင်ခိုလှုံပြီး နောက်ပိုင်းမှာတော့ အိမ်ငှားနေရပါတယ်။ ရပ်ကွက်တာဝန်ရှိသူကို အသိပေးအကြောင်း ကြားကာ စစ်ဘေးရှောင် အဖြစ် စာရင်းပေးထားကြရပါတယ်။ မီဇိုရမ်စစ်ဘေးရှောင်ကူညီပေးတဲ့ အဖွဲ့အစည်း တစ်ခု က စောင်၊ ခြင်ထောင်နဲ့ ပန်းကန်ခွက်ယောက်အချို့ကို ကူညီထောက်ပံ့ပေးထားပါတယ်။ နေထိုင်စားသောက်မှုအပိုင်းကတော့ မိမိကိုယ်တိုင်ပဲ ဖြေရှင်းရပါတယ်။
ဇောင်းတွီရပ်ကွက်ဟာ စက်မှုဇုန်လိုမျိုး ရပ်ကွက်ဖြစ်ပါတယ်။ မြန်မာပြည်ကနေ ရက် ကန်းလုပ်ငန်း လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားစစ်ဘေးရှောင်အများစုရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှာဆိုရင် ပုဆိုး၊ ထဘီဝတ် ယောက်ကျား၊ မိန်းမ များကိုတွေ့မြင်နိုင်ပြီး မိန်းမများမှာ သနပ်ခါးပါးကွက်ကျားနဲ့ မြန်မာပြည်အတိုင်းပဲ ဖြစ်ပါ တယ်။ မနက်ခင်းတိုင်းမှာ ကြာနီကန်ဆရာတော်ရဲ့ တရားဒေသနာတော်တွေကို Sound box ကတစ်ဆင့် ကြားနာနိုင်သလို နေ့ခင်းဘက်မှာဆိုရင် မြန်မာ့ရိုးရာသီချင်းသံတွေကိုလည်း အမြဲ ကြားရလေ့ ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်များ ပြန်ရောက်နေသလားဆိုပြီး တွေးထင်မိပါ တယ်။ ရပ်ကွက်အတွင်းမှာရှိတဲ့ ဒေသခံမီဇိုစျေးဆိုင်ပိုင်ရှင်တွေက မြန်မာစကားကို အနည်း နဲ့အများ တတ်ကျွမ်းကြတဲ့အတွက် စျေးဝယ်တဲ့နေရာမှာ သိပ်ပြီး အခက်အခဲ မရှိ လှပါ။
ဇောင်းတွီရပ်ကွက်မှာ နေထိုင်ရစဥ်အတွင်း မြန်မာရွှေ့ပြောင်းရက်ကန်းသည်တွေရဲ့ ဘဝကို လက်လှမ်းမီသမျှ လေ့လာမိပါတယ်။ သူတို့တစ်တွေရဲ့ လုပ်ငန်းအခြေအနေ၊ နေထိုင် စားသောက်ရမှုအခြေအနေ၊ အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးနဲ့ social activities တွေကို မေးမြန်းကြည့်မိပါတယ်။ သူတို့တွေရဲ့ ဝင်ငွေဟာ မြန်မာပြည်နဲ့ ယှဥ်ကြည့်ရင်တော့ မဆိုးလှတဲ့ အနေအထားမှာ ရှိပါတယ်။ တနင်္လာကနေ သောကြာအထိ လုပ်ကိုင်ကြရပြီး မနက် ၅နာရီ၊ ၆ နာရီဝန်းကျင်လောက်ကနေ ညနေ ၆ နာရီ၊ ၇ နာရီလောက်အထိ စွဲစွဲမြဲမြဲ လုပ်နိုင်မှ သတ်မှတ်စံချိန်ကို ပြီးစီးတယ်လို့ ဆိုပါတယ်။ ကြားထဲမှာ ထမင်းစားချိန်လောက်ပဲ နားကြရပါတယ်။ နေထိုင်မှုအပိုင်းမှာတော့ အလုပ်ရုံတွေထဲမှာပဲ ဖြစ်သလိုနေထိုင်ကြရတာ တွေ့ရပါတယ်။ အလုပ်ရုံအများစုမှာ သွပ်မိုးသွပ်ကာတွေပဲ ဖြစ်ပါတယ်။ အိပ်ခန်း၊ မီးဖိုခန်း ရယ်လို့ သီးခြားပေးထားတာမျိုး အတွေ့ရ နည်းပါသည်။ သန့်စင်ခန်းကလည်း အလုပ်ရုံတစ် ရုံမှာ တစ်ခုပဲ ရှိတာများပါတယ်။ အလုပ်ရုံတစ်ရုံမှာ လုပ်သားဦးရေဟာ ပျမ်းမျှ ၁၀ ယောက် ခန့် ရှိတတ်ပါတယ်။ စားသောက်မှုအပိုင်းမှာတော့ မြန်မာပြည်ကလာတဲ့ အစားအသောက် အများစုရှိတာကြောင့် အဆင်ပြေတယ်လို့ ဆိုရပါမယ်။ သို့သော် စျေးကြီးပေးပြီး ဝယ်ယူစား သုံးရကြောင်း သိရပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ဦးစီးဆိုပြီး ကြားခံတစ် ယောက်ထားပြီး လုပ်ကိုင်ဆောင်ကြတာမျိုးပါ။ ဦးစီးက အနေကြာထဲကဖြစ်ပြီး မီးဇိုစကား ကို ရေလည်ပတ်လည်ပြောတတ်ဆိုတတ်ထဲက ဖြစ်ပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမားကြား အပြန်အလှန် ပြောဆိုဆက်ဆံပေးရတာမျိုးပါ။ သူ့ကို အလုပ်ရှင်က လခတစ်ခုပေးထားတဲ့ အပြင် ရက်ကန်းလုပ်ငန်းထဲက ရဟတ်ပုတ်အလုပ်၊ အထည်ဒီဇိုင်းပြပေးရတဲ့ အလုပ်ကို လည်း တာဝန်ယူလုပ်ကိုင်ပေးရပါတယ်။ အဲဒီအတွက်လည်း လုပ်ခရတယ်လို့ ဆိုပါတယ်။ လုပ်သားတွေဟာ စနေနေ့တိုင်းမှာ တစ်ပတ်စာအတွက် စျေးဝယ်ထားရပါတယ်။ တနင်္ဂနွေမှာတော့ အသိမိတ်ဆွေများထံ အလည်အပတ်သွားလေ့ရှိကြသလို မွေးနေ့ပွဲတွေကို လည်း တနင်္ဂနွေမှာပဲ ကျင်းပပြုလုပ်လေ့ ရှိကြပါတယ်။ မွေးနေ့ပွဲကျင်းပတဲ့ အိမ်မှာပဲ မြန်မာ လုပ်သားတွေဟာ တစ်ပတ်တစ်ခါဆိုသလို တွေဆုံကြတဲ့အတွက် gathering သဘောမျိုး ဖြစ်ပါတယ်။
သာရေး နာရေးကိစ္စများအတွက် မြန်မာလူမှုကူညီရေးအသင်း ဖွဲ့စည်းဆောင်ရွက်နေ တာကို ကြားသိရပါတယ်။ အိုက်ဇောလ်မြို့ဟာ ၂၀၁၁ ခုနှစ်စာရင်းအရ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ၉၃.၆၃%၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၄.၁၄%၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၁.၅၂% နှင့် ဗုဒ္ဓဘာသာကိုးကွယ်သူ ၀.၄၅% အသီးသီးရှိကြောင်း သိရပါတယ်။ အိုက်ဇောလ် မြို့တွင် ခရစ်ယာန်ဘုရားကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများ၊ ဗလီဝတ်ကျောင်းများ တွေ့ရ ပေမဲ့ ဗုဒ္ဓဘာသာနှင့်ဆိုင်တဲ့ ဘုရားစေတီ၊ ဘုန်တော်ကြီးကျောင်းတော့ ရှိတယ်လို့ မကြားသိ ရပေ။ မြန်မာရွှေ့ပြောင်းရက်ကန်းလုပ်သားများဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာမို့ ဒေသခံ ဗုဒ္ဓဘာသာဝင် ၀.၄၅% နဲ့အတူ ၄င်းတို့ရဲ့ သာရေး နာရေးကိစ္စများ ဆောင်ရွက်နိုင်ဖို့ရာမှာ ဘုရားစေတီတစ်ဆူ၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနဲ့ ဘုန်တော်ကြီးအနည်းငယ်တော့ ရှိဖို့ လိုအပ်နေတယ်လို့ မြင်မိပါတယ်။
၂၀၂၂ ခုနှစ်၊ ၈ လပိုင်းထဲမှာ ICA (Institute of Chin Affairs)က မြန်မာစစ်ဘေး ရှောင်များ ပညာရေးအဆက်မပြတ်စေရေးအတွက် သုတေသနအတွေ့အကြုံအနည်းနဲ့ အများ ရှိသူများကို Research Fellow အဖြစ် Scholarship လျှောက်လွှာခေါ်ယူတာတွေ့လို့ လျှောက်ထားလိုက်တဲ့အခါ ရွေးချယ်ခြင်း ခံရပါတယ်။ လျှောက်ထားရာမှာ ဒီ Program ကို ဘာကြောင့်တက်ရောက်လိုကြောင်း A Statement of Motivation တစ်စောင်နဲ့ ကိုယ်လုပ် ဆောင်လိုတဲ့ သုတေသနအကြောင်းအရာ အကျဥ်းချုပ် A brief outline of a proposal research project ကို ရေးသားတင်ပြရပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း သုတေသနတစ်ခု ပြုလုပ်ရတဲ့ Project ဖြစ်ပါတယ်။ သုတေသနလုပ်ထုံးလုပ်နည်းများကို MZU(Mizoram University)က ပညာရှင် Professor များက Lecture ပေးပြီး IDRC(International Development Research Centre) နဲ့ ICA တို့က လိုအပ်တဲ့ ထောက်ပံ့ကူညီမှုများ ပေးကြပါတယ်။ Research Fellow ၅ ယောက် ရွေးချယ်ခြင်းခံရပြီး စစ်ဘေးရှောင်များနဲ့ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်ကြဖို့ ဖြစ်ပါ တယ်။
မိမိစိတ်ဝင်စားပြီး ပြုလုပ်လိုတဲ့ သုတေသနကတော့ ၂ မျိုးရှိပါတယ်။ ပထမတစ်ခု ကတော့ မြန်မာစစ်ဘေးရှောင်များအရေးပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အာဏာသိမ်းစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ၊ မြို့ရွာများရှိ ပြည်သူလူထုနေအိမ်များ ကို မီးရှို့ဖျက်ဆီးမှုများ၊ ဆန္ဒပြပြည်သူများကို လူမဆန်စွာ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများ ကြောင့် မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့ကို ထွက်ပြေးရောက်ရှိလာတဲ့ စစ်ဘေးရှောင်များရဲ့ Camp and Non-camp life ကို နှိုင်းယှဥ်လေ့လာပြီး အားသာချက်၊ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ကာ အားနည်းချက်များကို လျော့ပါးသက်သာစေမယ့် နည်းလမ်းများကို သုတေသနပြုလိုပါတယ်။ ဒုတိယတစ်ခုကတော့ ရွှေ့ပြောင်းမြန်မာရက်ကန်းသည်တွေရဲ့ လုပ်ငန်းအခြေအနေ၊ နေထိုင်ရမှုအခြေအနေနဲ့ လူမှုဘဝအခြေအနေများကို လေ့လာပြီး အားသာချက်၊ အားနည်းချက်တွေကို လေ့လာစူးစမ်းပြီး သုတေသနပြုလုပ်ချင်ပါတယ်။
ဒီ Research Fellowship Program ဟာ မိမိအတွက်ကတော့ အဆိုးထဲက အကောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိဖြစ်ချင်ခဲ့တဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှာ Scholarship နဲ့ Research လုပ်နိုင်ခွင့်ကို စစ်ဘေးရှောင်ဘဝမှာပဲ ကံအားလျော်စွာ ရရှိခဲ့ပါ တယ်။ ဒီ Project ကိုလည်း အရည်အသွေးပြည့်မှီတဲ့ အောင်မြင်မှု အဆင့်တစ်ခုထိ ရောက်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ သုတေသနဆိုင်ရာ အသိပညာ ဗဟုသုတ၊ အတွေ့အကြုံတွေကို အသုံးချပြီး လူမှုအဖွဲ့အစည်းအတွက် အကျိုးများမယ့် သုတေသနတွေကိုလည်း ဆက်လက်လုပ်ဆောင်လိုပါတယ်။ နောက်တစ်ချိန် မိမိနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တည်ငြိမ်တဲ့အခါ ပြန်သွားပြီး နိုင်ငံပြန်လည်တည်ဆောက်ရေးမှာ ပညာရေးကဏ္ဍဖြစ်စေ၊ သုတေသနကဏ္ဍဖြစ်စေ မိမိစွမ်းရာဘက်ကနေ တစ်တပ်တစ်အား ပါဝင်ထမ်းရွက်လိုပါတယ်။ ဇာတိရပ်ရွာ၊ မိသားစုနဲ့ အိမ်တို့ထက် မိမိတိုင်းပြည်ကို ပိုပြီး လွမ်းဆွတ်သတိရနေပါတယ်ဆိုရင် လွန်အံ့မထင်ပါ။။
ဒါကြောင့် စစ်ဘေးရှောင်တစ်ဖြစ်လဲ refugee ဘဝကနေ အမြန်ဆုံးလွတ်မြောက် လိုပြီး အချိန်တန်ရင်တော့ အိမ်(ဇာတိနိုင်ငံ)ကိုပဲ ပြန်သွားချင်ပါတော့တယ်။ East or West, home (my native land) is always the best လို့ ဆိုတယ်မဟုတ်ပါလား။ ။
ယုဂန်ပိုင်(ကလောင်အမည်)သည်သတင်းထောက်နှင့်စာရေးဆရာတစ်ဦးဖြစ်ပီးလူမှုသိပ္ပံဘာသာရပ်သုတေသနပညာ ရှင်တစ်ဦးလည်းဖြစ်ပါသည်။
Like This Article
ဖေဖော်ဝါရီ 29, 2024
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023