5 Minutes To Read

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုများပြားလာသည့် နေရပ်စွန့်ခွာထွက်ပြေးရသူ စစ်ဘေးဒုက္ခသည် လူဦးရေများနှင့် ပြည်ပရောက် မြန်မာနိုင်ငံမှလူငယ်များ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ကမ်ပိန်းများ

5 Minutes To Read
  • English
  • ဗမာစာ
  • နှင်းထက်ထက်အောင် အနေဖြင့် ယခုဆောင်းပါးတွင် စစ်ဘေးဒုက္ခသည်များ ကို ပြည်ပရောက် မြန်မာနိုင်ငံမှလူငယ်များက အကူအညီပေးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာတို့ကိုလေ့လာ ထားပါသည်။

    စစ်ဘေးရှောင်များနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့အများအတွက် (ဂျပန်ရောက် ပုလောလူငယ်များ အလှူခံထွက်နေပုံ)

    အနှစ်ချုပ်

    ဤဆောင်းပါးသည် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကာလအလွန်  ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတို့တွင် စစ်ဘေးဒုက္ခသည်ပြည်သူများ ရင်ဆိုင်တွေ့ကြုံနေရသည့် ကျန်းမာရေး၊ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းတို့သာမက မျိုးဆက်သစ် စစ်ဘေးဒုက္ခသည်များ၏ ပညာရေးနှင့် အသိပညာဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များအတွက် မည်သို့မည်ပုံ ရုန်းကန်လှုပ်ရှားနေကြသည်ကို ရေးသားဖော်ပြရန်အတွက် ရည်ရွယ်သည်။ ထို့အပြင် နေရပ်မှစွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်အပေါင်းတို့အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများသည် အရေးပါသည့်အခန်းကဏ္ဍတွင် ရှိသော်ငြားလည်း လုံလောက်သည့် အကူအညီများမရရှိဘဲ လူပေါင်း ရာချီရှိသည့် စစ်ဘေးဒုက္ခသည်စခန်းများကို ဦးစီးနေရသည်ဆိုသည့် စစ်ဘေးဒုက္ခသည် ကော်မတီဝင်များ ရင်ဆိုင်ကျော်ဖြတ်နေရသည့် အခက်အခဲများကို ဤဆောင်းပါးမှ တဆင့် ပြည်တွင်းပြည်ပတွင် စစ်ဘေးဒုက္ခသည်များအရေး၊​ လူသားချင်းစာနာ ထောက်ထားမှု အကူအညီဆိုင်ရာ အရေးကိစ္စများ ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများဆီသို့ ဖော်ထုတ်ပေးနိုင်ရန်ရည်ရွယ်ထားခြင်းဖြစ်သည်။ ​ဆောင်းပါးအတွက် လိုအပ်သည့် သတင်းအချက်အလက်များ စုဆောင်းရာတွင် နိုင်ငံတကာအဖွဲ့အစည်းများမှ ထုတ်ဝေသည့် အစီရင်ခံစာများ၊​ မီဒီယာများမှ ထုတ်ဝေထားသည့် သတင်းဆောင်းပါးများနှင့် ဒေတာ အချက်အလက်များကို မှီငြမ်းကာ ရေးသားထားခြင်းဖြစ်သည့်အပြင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းတခုရှိ အမျိုးသမီး ကော်မတီဝင်များအား အွန်လိုင်းမှတဆင့် တွေ့ဆုံမေးမြန်းထားခြင်းမှ ရရှိထားသည့် အချက်အလက်များကိုလည်း ထည့်သွင်း ရေးသားထားသည့်အပြင် စစ်ဘေးဒုက္ခသည် ပြည်သူများအတွက် ဂျပန်ရောက် တနင်္သာရီလူငယ်များ၏ အလှူငွေကောက်ခံမှုနှင့် အသိပညာပေး ကမ်ပိန်းလှုပ်ရှားမှုများကို ပါ ထည့်သွင်းဖော်ပြထားသည်။
    (မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေနှင့် လုံခြုံရေးအခြေအနေများကြောင့် အွန်လိုင်းမေးမြန်းမှုတွင် ပါဝင် ဖြေဆိုပေးသူများကို အမည်လွှဲများဖြင့် ဖော်ပြထားသည်။)

    မိတ်ဆက်

    ၂၀၂၀ကာလနှင့် ၎င်းအလွန်ကာလများသည် ကမ္ဘာ့နိုင်ငံအသီးသီးတို့အတွက် အင်မတန်ကျပ်တည်းမှုများ ကြုံတွေ့ရသည့် ကာလများဖြစ်ပေသည်။​ ကိုဗစ် ၁၉မှ စတင်လိုက်သော ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေးစသဖြင့် ဆိုးရွားသော အခြေအနေများဖြင့် တွေ့ကြုံနေရချိန်တွင် အချို့သောနိုင်ငံများဖြစ်သည့် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆိုမားလီးယား၊ ဆီးရီးယား၊ ရေမန် တို့သည် ပြည်တွင်းစစ်၏ ဒဏ်ကို ထပ်လောင်းခံနေကြရလျက်ရှိသည်။ ပဋိပက္ခများ၏ ပြင်းထန်မှုနှင့် ကြာချိန်များ ကွာခြားကြသော်လည်း ထိုပဋိပက္ခများသည် ထိခိုက်ခံစားရသူများအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုများရှိကာ စစ်ဘေးဒုက္ခသည်များ၊​ အသေအပျောက်နှုန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေကြပေသည်။​

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့သည် ဒီမိုကရေစီနိုင်ငံရေးအကူးအပြောင်းသို့ ဆက်လက် ခရီးဆက်နိုင်ရန်အတွက်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် လွှတ်တော်တရပ် ပြန်လည်စတင်မှုကို မဖြစ်မြောက်နိုင်စေရန် စစ်အာဏာရှင်တို့၏ စတုတ္ထအကြိမ်မြောက် စစ်အာဏာသိမ်းမှုကို  မြန်မာတနိုင်ငံလုံး ကြုံတွေ့ခဲ့ရသည်။ ထိုသို့ မတရား စစ်အာဏာသိမ်းမှုကို မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတစ်ရပ်လုံးပါဝင်ကာ မြေပေါ် မြေအောက် ဆန့်ကျင်တော်လှန်ခဲ့ကြသည်မှာ နှစ်ကာလအားဖြင့်ဆိုလျှင် လာမည့် ဖေဖော်ဝါရီ (၁)ရက်နေ့ သည် ၂နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပေသည်။ ထိုကာလအတွင်း နိုင်ငံတဝှမ်းမှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေခဲ့ကြသည့် ပြည်သူများအနက် ပြည်သူပေါင်း ၂၇၀၀ ကျော်၏ အသက်များကို စတေးခဲ့ရပြီး အခြား ၁၇၀၀၀ ကျော်သော ပြည်သူများမှာ မတရားဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းကို နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဖော်ပြချက်အရ  သိရသည်။တချိန်တည်းမှာပင်လျှင် စစ်ဘေးဒုက္ခသည် အရေအတွက်သည်လည်း အချိန်နှင့်အမျှ များပြားလာသည်ကိုတွေ့ရပါသည်။ ကုလသမဂ္ဂ အေဂျင်စီ တခုဖြစ်သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)မှ ဖော်ပြသည့် အချက်အလက်များအရ ၂၀၂၃ခုနှစ်  ဇူလိုင်လအထိ ကောက်ယူရရှိထားသည့် စစ်ဘေးဒုက္ခသည် အရေအတွက်မှာ ၁,၉၂၇,၂၀၀ ဦးရေအထိ ရှိနေပြီဆိုသည်ကို တွေ့ရှိရပါသည်။ ပြည်တွင်းစစ်ဖြစ်ပွားလျက်ရှိခဲ့သော မြန်မာနိုင်ငံနှင့် စစ်ဘေးဒုက္ခသည်ဆိုသည့် ဝေါဟာရတို့ အတူယှဥ်တွဲလျှက်ရှိနေသည်မှာ နှစ်ပေါင်း ၇၀ကျော်ကြာရှိခဲ့ပြီ ဖြစ်ပြီး ထပ်မံဖြစ်ပေါ်သည့် စစ်အာဏာသိမ်းမှုသည် စစ်ဘေးဒုက္ခသည်အရေအတွက်ကို ထပ်မံများပြားစေခဲ့သည်ကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း သုတေသနအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ရှာဖွေတွေ့ရှိမှုများက သက်သေထူလျက်ရှိပါသည်။

    နိုင်ငံတကာ နေရပ်စွန့်ခွာရသူများ စောင့်ကြည့်ရေး စင်တာ (IDMC) ၏ ၂၀၂၃ အစီရင်ခံစာအရ ၂၀၂၂ အတွင်းနေရပ်စွန့်ခွာထွက်ပြေးရသူများ အရေအတွက်အမြင့်ဆုံး (၅) နိုင်ငံတွင် မြန်မာနိုင်ငံသည်လည်း ပါဝင်ခဲ့သည်ကို ပုံ(၁) အရ တွေ့ရှိရသည်။​ထို့အပြင် အရှိန်ပြင်းထန်လာသည့် ပဋိပက္ခများကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ခုတွင် ရွှေ့ပြောင်းနေထိုင်ရသူ တစ်သန်းခန့် ရှိလာပြီး စစ်အာဏာသိမ်းမှုမတိုင်မီကာလနှင့် နှိုင်းယှဥ်ပါက နှစ်ဆတိုးမြင့်လာသည်ဟု ဆိုနိုင်ပေသည်။

    ပုံ (၁) ၂၀၂၂အတွင်း ပြည်တွင်းပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပေါ်လာသော နေရပ်စွန့်ခွာထွက်ပြေးရသူများစာရင်း (Credit: International Displacement Monitoring Center)

    မျိုးဆက်သစ် စစ်ဘေးဒုက္ခသည်များနှင့် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်

    အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ခုအနက် အချို့ဒေသမှ ပြည်သူတို့သည် စစ်အာဏာသိမ်းမှုမတိုင်မီကာလများကတည်းကပင် စစ်ဘေးဒုက္ခသည်စခန်းများတွင် ရောက်ရှိနေကြရပြီး တဖန် စစ်အာဏာသိမ်းမှုအလွန်ကာလများတွင်လည်း အချို့သော ဒေသများတွင် စစ်ဘေးဒုက္ခသည်လူဦးရေများ ထွက်ပေါ်လာသည်ကို တွေ့ရှိလာရသည်။​ ထိုအထဲတွင် တနင်္သာရီတိုင်းလည်း အပါအဝင်ဖြစ်သည်။​ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ၂၀၂၁ ခုနစ် စက်တင်ဘာလ (၃၀)ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ဘေးဒုက္ခသည်များမရှိဟူ၍ ဖော်ပြထားသည်ကို ပုံ (၂) ပါအတိုင်း တွေ့ရှိရသည်။​

    ပုံ(၂) စစ်အာဏာသိမ်းမှု နောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရမှုများ အခြေအနေ (ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (Credit: UNOCHA)

    တဖန် ၂၀၂၃ ခုနှစ် မတ်လ (၆)ရက် နေ့စွဲဖြင့် ထုတ်ဝေသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်အရ​ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) စစ်အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ ၂၀၂၃ ခုနှစ်အထိ စစ်ဘေးဒုက္ခသည်လူဦးရေ စုစုပေါင်း ၄၃,၀၀၀သည် တနင်္သာရီတိုင်းမှ ပေါ်ထွက်လာပြီး ယနေ့အချိန်အထိ ထွက်ပြေး တိမ်းရှောင်နေရဆဲဟူ၍ ညွှန်းဆိုပြထားသည်ကို တွေ့ရှိရသည်။​ တနိုင်ငံလုံး အတိုင်းအတာဖြင့်ကြည့်လျှင်မူ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၁,၃၇၅,၉၀၀ ရှိသည်ကို အဓိက ကိန်းဂဏန်းများအဖြစ် ဖော်ပြထားသည်။

    ပုံ (၃) - ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အရေးပေါ်အခြေအနေပြ မြေပုံ (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (Credit: UNHCR)

    နှစ်ပေါင်း ၇၀ကျော်ကြာ ပြည်တွင်းစစ်နှင့်ယှဥ်တွဲကာ နေထိုင်ခဲ့ရသော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် မျိုးဆက်သစ် စစ်ဘေးဒုက္ခသည်များကို တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် အပါအဝင် အချို့သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ တိုင်းဒေသကြီးများ၏ မြို့နယ်၊ ကျေးရွာများတွင် တွေ့ရှိလာရသည်။​ ပုလောမြို့နယ်သည် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်အတွင်း၌ တည်ရှိပြီး မြို့နေလူဦးရေ ၃၉၂၄၄ နှင့် ကျေးလက်နေလူဦးရေ ၁၁၇၉၂၀ တို့ နေထိုင်လျက်ရှိကြသည့် မြို့တမြို့ဖြစ်သည်။ ထိုလူဦးရေ အချက်အလက်များမှာ အမျိုးသားဒီမိုကရေစီအစိုးရ (NLD) အစိုးရလက်ထက် ၂၀၁၉ စက်တင်ဘာလကုန်၌ ကောက်ယူရရှိထားသည့် စစ်တမ်းများဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဝဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားခြင်းဖြစ်သည်။  ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်းတွင်မူ ယင်းအချက်အလက်များ၏ နောက်ဆုံးအခြေအနေများကို စစ်ကောင်စီမှ ဖော်ပြထားခြင်းမရှိပေ။  အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အာဏာသိမ်းမှု နောက်ပိုင်းတွင် မျိုးဆက်သစ် စစ်ဘေးဒုက္ခသည်များကို တွေ့ရှိလာရပြီး အရေအတွက်မှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသည့်အချိန်နှင့်အမျှ တိုးလာလျက် ရှိသည်ကို တွေ့ရပေသည်။

    လူသားချင်းစာနာထောက်ထားမှု အကူအညီ ရရှိမှုဆိုင်ရာ မြေပြင်အခြေအနေများ

    မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အခြေအနေသည် ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင် ရှိရင်းစွဲ အခြေအနေထက် ပိုမိုဆိုးရွားသောအခြေအနေသို့ ရောက်ရှိခဲ့သည်မှာ မြို့ပြ တောရွာ မကျန် စစ်တပ်၏ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက်ဖိနှိပ်မှုများ တရှိန်ထိုး တိုးမြှင့်လာခြင်းကြောင့်ဟူ၍ ဆိုရပေမည်။​  အထူးသဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအတွက် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများနှင့် ဝန်ထမ်းများအတွက်မူ အာဏာသိမ်းမှုနှင့်တကွ ကိုဗစ် ၁၉ ကပ်ဘေးတို့၏ ပူးတွဲစိန်ခေါ်မှုများကြောင့် သာမက စစ်တပ်၏ အကြောင်းမဲ့ ပိတ်ပင်တားမြစ်မှုများကြောင့် ကြီးမားသော စိန်ခေါ်မှုများနှင့် ကြုံခဲ့ရလေသည်။​ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အချက်အလက်များမှ တဆင့် မြန်မာနိုင်ငံ၏ ဆိုးရွားလှစွာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို စိစစ်တွေ့ရှိရသည်။​

     

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြရမည်ဆိုလျှင် ထိုအရေးကို လက်တွေ့ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ဝန်ထမ်းများသာမက စစ်ဘေးဒုက္ခသည်စခန်းများတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်နေရသည့် ကော်မတီဝင်များ၏ အခြေအနေကိုပါ ချန်လှပ်ခဲ့၍ မဖြစ်ပါ။ ကော်မတီဝင်များအနေဖြင့် စစ်ဘေးဒုက္ခသည်စခန်းရှိ ပြည်သူများ၏ စားနပ်ရိက္ခာများအတွက်သာမက၊​ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ထည့်သွင်းစဥ်းစားကာ တာဝန်ယူဆောင်ရွက်နေကြရသည်။​ ထိုသို့ တာဝန်ယူဆောင်ရွက်နေကြသည့် အချို့သော ကော်မတီဝင်များသည် ၁၉၈၈နောက်ပိုင်းတွင် နေရပ်ကို စွန့်ခွာကာ လွတ်မြောက်ရာနယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ရသူများပါဝင်ကြပြီး ခက်ခဲစွာ အသက်ဆက် ခဲ့ရသည့် အတွေ့အကြုံများကို အခြေပြုကာ လက်ရှိစစ်ဘေးဒုက္ခသည်စခန်းကို ကြီးကြပ် နေကြရသည်ဟူ၍​ အွန်လိုင်းမေးမြန်းမှုမှ တဆင့်သိရှိရသည်။​ (မပန်း – အင်တာဗျူး – အွန်လိုင်း – ဇန်နဝါရီ ၂၀၂၃)

    လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် ပတ်သတ်လျှင်လည်း မြန်မာစစ်တပ်မှ ပေးအပ်သည့် မည်သို့သော ထောက်ပံ့မှုအကူအညီများကိုမျှ မရရှိဖူးပါဟု သိရှိရပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ဆန်ထောက်ပံ့မှုရရှိဖူးသည်ဟူ၍လည်း သိရှိရသည်။​ စစ်ဘေးဒုက္ခသည်များအနက် အချို့မှာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM)ကို ပူးပေါင်းထားသည့် ကျောင်းဆရာ၊ ဆရာမများနှင့် အထက်ကျောင်းအောင် ကျောင်းသူ၊​ကျောင်းသားများ ပါရှိသည်ဖြစ်၍ မူလတန်း၊​ အလယ်တန်းနှင့် အထက်တန်းကျောင်းငယ်များ ဖွင့်လှစ်ခြင်းဖြင့် စစ်ဘေးဒုက္ခသည် ကလေးသူငယ်များ၏ ပညာရေးကို အဆက်မပြတ်စေရန် ကြိုးပမ်းလျက်ရှိကြသည်။​ သင်ရိုးညွှန်းတမ်းများအတွက်မူ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)မှ ပြုစုထားသည့် သင်ရိုးနှင့် တိုင်းရင်းသား သင်ရိုးများကို အမှီပြုကာ သင်ကြားပို့ချပေးလျက်ရှိသည်။​

    တဖန် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်လျှင်လည်း ကော်မတီဝင်များသည် ၎င်းတို့လက်လှမ်းမီရာ အဆက်အသွယ်များဖြင့် ချိတ်ဆက်ကာ ဆေးဝါးအလှူခံခြင်း နှင့် အလှူငွေကောက်ခံမှုများပြုလုပ်နေကြရပြီး အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM)ကို ပူးပေါင်းထားသည့် ကျန်းမာရေးမှူးများ၏ အကူအညီဖြင့် စစ်ဘေးဒုက္ခသည်စခန်းရှိ ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်နေကြရသည်။​ ငှက်ဖျားဆေးကဲ့သို့သော ဝယ်ယူရခက်ခဲ့သည့် ဆေးဝါးများကိုမူ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)မှ ရရှိသည်။ ထိုမျှမက ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊​ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများကိုလည်း စဥ်ဆက်မပြတ်ပို့ချပေးနိုင်ရန်အတွက်လည်း နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGO) များတွင် လုပ်ကိုင်ခဲ့ဖူးသူ ကော်မတီဝင်များမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ပို၍ အရေးကြီးသည့်အချက်မှာ စစ်ဘေးဒုက္ခသည် ပြည်သူများအနေဖြင့် မိမိတို့ကိုယ်ကို စစ်ဘေးဒုက္ခသည်ဟု ခံစားရပြီး စိတ်ဓာတ်ကျခြင်း၊​ မျှော်လင့်ချက်မဲ့ခြင်း၊ သိမ်ငယ်ခြင်း စသည့် ခံစားရမှုများ နည်းနိုင်သမျှ နည်းပါးနိုင်စေရန်အတွက် စိတ်ကျန်းမာရေးသင်တန်းများလည်း ပို့ချပေးလျက်ရှိကြောင်း စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံတယောက်၏ ရှင်းလင်းပြောဆိုပေးမှုမှတဆင့် သိရှိရသည်။​ (မဒီ – အင်တာဗျူး – အွန်လိုင်း- ဇန်နဝါရီ ၂၀၂၃)

    တနင်္သာရီတိုင်းဒေသကြီးရှိ မြန်မာစစ်တပ်မှ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ

    ၂၀၂၁ ခုနှစ် ဧပရယ်လ ၂၄ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၉)နိုင်ငံမှ ခေါင်းဆောင်များနှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား သဘောတူညီထားခဲ့သည့် “မြန်မာ့အရေးအာဆီယံ ဘုံသဘောတူညီချက် ငါးချက်” တွင်  အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ရန်နှင့် အာဆီယံမှတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်း ကူညီပေးရေး ဌာနမှတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးသွားရန်ဟု အချက် (၁) နှင့် (၄) တို့တွင် အသီးသီးဖော်ပြထားခဲ့သော်လည်း ယခုအချိန်အထိ တနင်္သာရီတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်သည့် ပြည်သူမှန်သမျှ အကြမ်းဖက်နှိပ်စက် သတ်ဖြတ်ခြင်းခံနေကြရသည်။​ ပြည်တွင်းသုတေသန အဖွဲ့အတခုဖြစ်သည့် Southern Myanmar ၏ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ သုတေသနဖော်ပြချက်များအရ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ရှိ ပြည်သူပေါင်း ၂၀၀ကျော်၏ နေအိမ်များသည် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မီးရှို့ဖျက်စီးခြင်းကို ခံခဲ့ရသည်ဟု ဖော်ပြပါရှိထားသည်။ ပုံ (၄) တွင် မြင်တွေ့ရသည့်အတိုင်း ပုလောမြို့နယ်သည် တနင်္သာရီတိုင်းအတွင်း အကြမ်းဖက်ဖြစ်ရပ်များ အများအပြားတွေ့ရှိရသည့် မြို့နယ်တမြို့နယ်ဖြစ်သည်။​ Southern Myanmar သုတေသနအဖွဲ့၏ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် မြန်မာစစ်တပ်သည် ပုလောမြို့နယ် တန်ရှင်ကျေးရွာကို အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီး အသက် ၆၅နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့သည်။​

    ပုံ (၄) - တနင်္သာရီတိုင်းအတွင်း အကြမ်းဖက်ဖြစ်ရပ်များ (Southern Myanmar)

    တချိန်တည်းမှာပင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ရက်နေ့ပါ နေ့စွဲဖြင့် မြန်မာစစ်တပ်၏ “မြန်မာ့အရေးအာဆီယံ ဘုံသဘောတူ အချက်ငါးချက်” အကောင်အထည်ဖော်ဆောင်မှုများအပေါ်  အာဆီယံခေါင်းဆောင်များမှ သုံးသပ်သည့် ကြေငြာချက် ထွက်ပေါ်လာပြီး ထိုကြေငြာချက်တွင် အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသာ အကြမ်းဖက်မှုများနှင့် ထိုအကြမ်းဖက်မှုများ၏ သက်ရောက်မှု ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ၊​ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် နေခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။​ ထို့အပြင် အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတို့တွင် ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံမှနိုင်ငံရေးအရ ကိုယ်စားမပြုသူသာလျှင် တက်ရောက်ခွင့်ရမည်ဆိုသည့် ဆုံးဖြတ်ချက်အား ဆက်လက်၍ လက်ကိုင်ထားမည်ဖြစ်ပြီး လာမည့် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများတွင်လည်း မြန်မာနိုင်ငံအတွက် ထိုဆုံးဖြတ်ကိုသာ လက်ကိုင်ထား၍ ဆက်လက်ဆောင်ရွက်မည်ဟူ၍ ဖော်ပြပါရှိသည်။ ထိုကဲ့သို့သော တွေ့ရှိချက်များအပေါ် အခြေခံ၍ သုံးသပ်ရမည်ဆိုလျှင် မြန်မာစစ်တပ်မှ နေရပ်စွန့်ခွာထွက်ပြေးရသူ စစ်ဘေးဒုက္ခသည် ပြည်သူအပေါင်းဆီသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရန်ဆိုသည်ကို မေးခွန်းထုတ်သင့်ဖွယ် အခြေအနေဖြစ်နေပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် မြန်မာစစ်တပ်မှတဆင့် ပြည်သူများထံ ရောက်ရှိနိုင်၊​မရောက်ရှိနိုင် ဆိုသည်ကို အထက်ပါ တွေ့ရှိချက်များအပေါ် အခြေခံကာ အလေးအနက်ထား၍ သုံးသပ်သင့်ပေသည်။​

    ပြည်ပရောက် မြန်မာနိုင်ငံမှလူငယ်များ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး ကမ်ပိန်းများ

    ယေဘုယျအားဖြင့်ဆိုရလျှင် အာဏာရှင်နိုင်ငံအများစုရှိ ပြည်ပရောက် ဒီမိုကရက်တစ်ပြည်သူများ၏ အခန်းကဏ္ဍသည် တရားမျှတမှုနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတို့တွင် အင်မတန်အရေးပါလှသည်။ အင်တာနက်ဖြတ်တောက်ခံရခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခံရခြင်း၊ ဆိုရှယ်မီဒီယာအသုံးပြုမှု ပလက်ဖောင်းများ ကန့်သတ်ထားခြင်း စသည့်အခြေအနေမျိုးများဖြင့် သတင်းအချက်အလက် အမှောင်ချခံထားရသော အာဏာရှင်နိုင်ငံများ၏ မြေပြင်သတင်းအချက်အလက်များကို နိုင်ငံတကာမှ သိရှိရန် ဖြန့်ဝေပေးခြင်း၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများထံ​ ပြည်တွင်းနေ ဖိနှိပ်ခံပြည်သူများကိုယ်စား အကူအညီများတောင်းခံပေးခြင်း ကဲ့သို့သော လုပ်ငန်းဆောင်တာများကို သက်ဆိုင်ရာနိုင်ငံများမှ ပြည်ပရောက်သူများ (တက်ကြွလှုပ်ရှားသူများ)မှ တာဝန်ယူ ဆောင်ရွက် ပေးခြင်းများသည် အာဏာရှင်များအတွက် များစွာပင် အဟန့်အတားအနှောက်အယှက်သကဲ့သို့ ဖြစ်နေပြီး တချိန်တည်းမှာပင် ဒီမိုကရေစီဖော်ဆောင်မှုအတွက် လွန်စွာပင် အရေးပါလှသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် အာရပ်နွေဦးဟု သိရှိကြသည့် ဒေသတွင်း အုံကြွမှု စတင်ခြင်းမှ လှုံ့ဆော်ခြင်းကြောင့် လစ်ဗျား၊ ယီမင်နှင့် ဆီးရီးယားကဲ့သို့သော နိုင်ငံများမှ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ၏ လှုံ့ဆော်မှုများသည် ကျယ်ပြန့်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ (ကိုးကား – Dana M Moss ၊ ၂၀၂၀) မြန်မာနိုင်ငံ၏ အရေးကိစ္စတွင်လည်း ပြည်ပရောက်မြန်မာများ၏ အခန်းကဏ္ဍသည် စစ်ဘေးဒုက္ခသည် ထောက်ပံ့ကူညီရေးများတွင် လွန်စွာပင် အရေးပါလှသည်ကို တွေ့ရှိရသည်။ နိုင်ငံတကာရှိ ပြည်ပရောက် ဒီမိုကရေစီဘက်တော်သား မြန်မာများသည် အာဏာရှင်အား ကျရာနေရာမှ ခုခံတော်လှန်နေသည့်  ပြည်တွင်းရှိ အမှန်တရားကို ချစ်မြတ်နိုးသူ ပြည်သူများအား မိမိတို့ နိုင်ရာဝန်ထမ်းကာ တဖက်တလမ်းမှ ကူညီပံ့ပိုးပေးနေကြချိန်တွင် ဂျပန်နိုင်ငံရောက် ပုလောသူ ပုလောသားများလည်းအပါအဝင်ဖြစ်သည်။

     နိုင်ငံတကာနှင့် ပြည်တွင်းရှိ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ၊​ အဖွဲ့အစည်းများသို့ သတင်းအချက်အလက်များ အချိန်နှင့် တပြေးညီပေးပို့ရန် ခက်ခဲခြင်း၊ စစ်ဘေးဒုက္ခသည် စခန်းများတည်ရှိရာ နေရာများသည် ပြည်မနှင့် ဝေးလံခေါင်းပါးကာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများရရှိနိုင်ရန် ခဲယဥ်းခြင်း စသည့် အကြောင်းတရားများကြောင့် ပြည်ပရောက် (ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား) ပုလောလူငယ်များ ပေါင်းစည်းကာ ရံပုံငွေရှာခြင်း၊ ရထားဘူတာများတွင် မြေပြင်အခြေအနေဆိုင်ရာ သတင်းအချက်အလက်များပါရှိသည့် ဆိုင်းဘုတ်များ၊ လက်ကမ်း စာစောင်များဖြင့် မိမိတို့ရောက်ရှိရာ နိုင်ငံရှိ ပြည်သူများဆီသို့ မြန်မာနိုင်ငံအခြေအနေများ ရှင်းပြကာ အလှူခံခြင်းတို့ကို လုပ်ကိုင်ကြခြင်းဖြင့် အာဏာရှင်ကို တော်လှန်နေကြလျက်ရှိသည်။ (ကိုသန့်ဇင် – အင်တာဗျူး – တိုကျို၊ ဂျပန် – အောက်တိုဘာ ၂၀၂၃ ) တဖက်တွင်လည်း ပြည်ပရောက် ထိုလူငယ်များသည် မြန်မာပြည်တွင်း၌ ကျန်ရှိခဲ့သော ၎င်းတို့၏ မိသားစုဝင်များ ဆွေမျိုးများအား လုံခြုံရေး အခြေအနေ များကြောင့်  ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည့် အခြေအနေများဖြင့် ကြုံတွေ့နေကြရသည်။ မည်သို့ပေဆိုစေကာမူ ထိုလူငယ်များသည် ရံပုံငွေရှာသည့် ကမ်ပိန်းများ ပြုလုပ်သည့်အခါတိုင်း ထိုကမ်ပိန်း အချက်အလက်များနှင့် ဓာတ်ပုံများကို ဆိုရှယ်မီဒီယာများတွင် သတင်းဖြန့်ဝေခြင်းအားဖြင့် စစ်ဘေး ဒုက္ခသည်စခန်းများတွင်ရောက်ရှိနေကြသော၊ အခြားသော ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေကြရသော ၎င်းတို့၏ ပုလောသူ ပုလောသားများအား စိတ်ဓာတ် ခွန်အား ပေးနေကြဆဲ ဖြစ်သည်။ (မချမ်းမြေ့ – အင်တာဗျူး – တိုကျို၊ ဂျပန် – အောက်တိုဘာ ၂၀၂၄)

    ပုလောစစ်ဘေးဒုက္ခသည်စခန်းများကဲ့သို့သော မြန်မာစစ်တပ်ဆီမှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ရဖို့ပင်ဝေးစွ၊ အမှန်တရားကိုချစ်မြတ်နိုးသော အပြစ်မဲ့ပြည်သူများသည် ရက်စက်စွာ သတ်ဖြတ်ခံရခြင်း၊ အိုးအိမ်စည်းစိမ်များ ဖျက်ဆီးခံရခြင်းတို့ကိုသာ မြန်မာစစ်တပ်ထံမှ ရရှိနေသည့် အခြားသော စစ်ဘေးဒုက္ခသည်မည်မျှရှိမည်ကို ခန့်မှန်း၍ပင် ရပေသည်။  ၁၉၈၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် နေရပ်စွန့်ခွာတိမ်းရှောင်မှုဆိုင်ရာ လမ်းညွှန်အခြေခံမူများ (Guiding Principles on Internal Displacement) တွင် အသက်၊​ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် လုံခြုံရေး စသည့် အခြေခံလူ့ရပိုင်ခွင့်များကို ချိုးဖောက်သည့် နည်းလမ်းဖြင့် နေရပ်ကိုစွန့်ခွာကာ ရွှေ့ပြောင်းစေခြင်း မပြုစေရဟု ဖော်ပြထားသော်ငြားလည်း ပုလောပြည်သူများအပါအဝင် မြန်မာနိုင်ငံတဝှမ်းမှ စစ်ဘေးဒုက္ခသည်ပြည်သူအပေါင်းတို့သည် မြန်မာစစ်တပ်၏ အသက်အိုးအိမ် ဖျက်ဆီးမှု ပေါင်း မြောက်များစွာ၏ဒဏ်ကို အလူးအလဲခံကြရဆဲဖြစ်သည်။​ သို့ဆိုလျှင် အထက်တွင် ထောက်ပြခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှတဆင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရန်ဆိုသည့်အချက်ကို ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်တကွ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများ အနေဖြင့် အလေးအနက်ထား စဥ်းစားသုံးသပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

    နှင်းထက်ထက်အောင် သည် ဂျပန်နိုင်ငံ Hitotsubashi University ရှိ Institute for Global Governance Research တွင် သုတေသနလက်ထောက် အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါသည်။

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.