< 1 minute

မပြီးဆုံးသေးသောဤခရီး

< 1 Minute To Read
  • ဗမာစာ
  • လေး(ကလောင်အမည်)က ၁၉၈၈မှစတင်၍ယခုအချိန်အထိမပြီးဆုံးနိုင်သေးသောမြန်မာ့ဒီမိုကရေစီခရီးကြမ်းအကြောင်းကိုတင်ပြထားပါသည်။ 

    မကြာမီရက်များအတွင်းပြည်တွင်းသာမက ကမ္ဘာ့နေရာအနှံ့အပြားတွင် မြန်မာပြည်သူများ၏ဆန္ဒပြပွဲများ ၈လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှုများထွက်ပေါ်လာပေဦးမည်ဖြစ်ပေသည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ရက်နေ့ တွင် မြန်မာနိုင်ငံတဝှမ်းလူထုလှုပ်ရှားမှုကြီးတရပ်ဖြင့် ထိုစဉ်ကတပါတီအာဏာရှင်အစိုးရကို တညီတညွတ်တည်းဆန့်ကျင်ခဲ့ရာတစ်လကျော်အကြာစက်တင်ဘာလ(၁၈)ရက်နေ့တွင်ထပ်မံအာဏာသိမ်းသည့်အဖြစ်နှင့်သာကြုံခဲ့ကြရလေသည်။

    ၁၉၈၈အရေးအခင်းမဖြစ်မီကာလကတည်းကဝါရင့်နိုင်ငံရေးသမားကြီးများကထိုစဉ်ကတိုင်းပြည်အခြေအနေကိုတာဝန်ရှိသူများကိုတင်ပြခဲ့သော်လည်းပြုပြင်ပြောင်းလဲရေးမလုပ်ခဲ့ပဲလူထုအုံကြွမှု့ကိုဖိနှိပ်သည့်ပုံစံဖြင့်သာကိုင်တွယ်ခဲ့သည့်အတွက် ၈လေးလုံးလှုပ်ရှားမှုကြီးဖြစ်ပေါ်လာရခြင်းဖြစ်သည်။တပ်မတော်သားအချို့နှင့် အရပ်သားလူတန်းစားအလွှာပေါင်းစုံပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း ဖမ်းဆီးခံရခြင်း၊ လမ်းမပေါ်တွင် ပစ်သတ်ခံရခြင်း၊ ထောင်တွင်းလူမဆန်စွာသေဆုံးရခြင်းဖြင့် နှိပ်ကွပ်မှုမျိုးစုံအောက်တွင် ပြည်သူတို့လိုလား သည့်ရလာဒ်မရရှိခဲ့ပါ။

    ၈.၈.၁၉၈၈ ညကရန်ကုန်မြို့တော်ခန်းမရှေ့တွင်စုဝေးနေသည့်လူထုကိုထမင်းထုတ်သွားဝေရန်တနေကုန်ပြင်ဆင်နေရသည်ကိုလည်းမှတ်မိနေသေးသည်။ ညဦးပိုင်းကတည်းကမဟာဗန္ဓုလလမ်းမနှင့် ဆူးလေမီးပွိုင့် ထောင့်ကရှား မီးကိတ်မုန့်တိုက်အပေါ်မှာသေနပ်ကိုင်စစ်သားများကအသင့်နေရာယူထားကြပီးဖြစ်သည်ကိုသတိထားမိ သည်။နောက်ပိုင်းရက်များတွင်လူထုအစုအဝေးထဲကိုသေနပ်ဖြင့်ပစ်ခတ်ဖြိုခွင်းခြင်း၊ရန်ကုန်ဆေးရုံကြီးကိုပါပစ်ခတ်သဖြင့်ဒဏ်ရာရလူနာများကိုဆေးကုပေးသည့်ဆရာဝန်သူနာပြုများပါထိခိုက်သေဆုံးခြင်းများဖြစ်ခဲ့သည်။မြောက်ဥက္ကလာဆေးရုံတွင်ဒဏ်ရာရလူနာများအတွက်ဆေးဝါးပတ်တီးမှအစသွားလှူခဲ့သည်များလည်းယနေ့ထိအမှတ်ရနေသည်။နိုင်ငံအဝှမ်းသောင်းနှင့်ချီသောပြည်သူများသေဆုံးသည်ဟုခန့်မှန်းရသော်လည်းအာဏာသိမ်းအစိုးရမှ၉၅ယောက်သာသေဆုံးသည်ဟုပြောခဲ့သည်။

    ၁၉၈၈ မှရေတွက်သော် နှစ်ပေါင်း ၃၂နှစ်အကြာ ဖေဖေါ်ဝါရီ လ ၁ရက် ၂၀၂၁ခုနှစ်ဆန်းတွင်လည်း မြန်မာ ပြည်သူများအတွက်ကြမာဆိုးထဲထပ်မံကျရောက်ရပြန်သည်မှာ မိမိကိုယ်တိုင်တသက်လုံး  နေထိုင်ခဲ့သည့် နိုင်ငံကိုစွန့်ခွာထွက်ပြေးရသည့်ဘဝအထိပါရောက်ခဲ့ရသည်အထိဖြစ်သည်။ စာရေးသူအနေဖြင့်ဒီမိုကရေစီ အစိုးရလက်ထက်နိုင်ငံရေးထိပ်ပိုင်းခေါင်းဆောင်များနှင့်တရင်းတနှီးရှိခြင်း၊ မိသားစုဝင်များမှာ၂၀၂၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏အမာခံပါတီဝင်များဖြစ်ခြင်း၊ ဒီမိုကရေစီနိုင်ငံ ဖြစ်မြောက်ရေးနှင့်မျိုးရိုးစဉ်ဆက်ပတ်သက်နေသူဖြစ်ခြင်းတို့ကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းသည့်အချိန်မှစပြီး နေအိမ်မှတိမ်းရှောင်ခဲ့ပါသည်။ ပြန်တွေးလိုက်တိုင်းထိတ်လန့်စွာဖြင့် အိမ်မှ ထွက်ခွါလာရသည့်မမေ့နိုင်သည့်ထိုနံနက်ခင်း၊နောက်ပိုင်းသီတင်းပတ်များမှာတိုင်းပြည်ကစွန့်ခွာဖို့ရင်နာစွာဆုံးဖြတ်ရခြင်းများနှင့်နောက်ဆက်တွဲကာလများမှာစိတ်ဒဏ်ရာကြောင့်အိပ်မရသည့်ညပေါင်းများစွာတို့ကို ယနေ့တိုင်ကျော်ဖြတ်နေရဆဲဖြစ်ပါသည်။မိမိကိုယ်ကိုရှင်သန်နေစေခြင်းသည်လည်းတော်လှန်ရေးဟုသာအားပေးနေရပါသည်။

    ၂၀၂၁ဖေဖေါ်ဝါရီအာဏာသိမ်းစဉ်ကဒီမိုကရေစီပြည်သူ့အစိုးရနှင့်ဆက်နွယ်ပတ်သက်သူအများစုမှာမလွဲမသွေဖမ်းဆီးထိန်းသိမ်းခံရခြင်း၊အချို့မှာ ထောင်တွင်းမှာပင်လူမဆန်စွာသေဆုံးရခြင်းတို့ရှိသော်လည်းအချို့ သောအထင်ကရပုဂ္ဂိုလ်များမှာယနေ့တိုင်လုံးဝအဖမ်းမခံရ၊အနေအစားမပျက်နေနိုင်ကြသည်ကိုလည်းထူးဆန်းအံ့ဩဖွယ်ရာသတိပြုမိပါသည်။

    တောထဲတောင်ထဲမိုးလေမလုံ၊ရာသီဥတုဒဏ်ကိုကြံ့ကြံ့ခံနေရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စားဝတ်နေရေးခက်ခဲနေသည့်CDMဝန်ထမ်းများ၏ဘဝနှင့်စာလျှင်မိမိမှာအမိုးအကာအောက်တွင်လူလိုသူလိုနေရပေသေးသည်။ မြန်မာပြည်၏ကံကြမ္မာကလည်းဆိုးရွားပေစွ။

    ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးသည်မှယခုချိန်တိုင်အောင်ငြိမ်းချမ်းမှု့မရှိ၊ လက်နက်အားကိုးဖြင့် ဒီမိုကရေစီ ပြည်သူ့အစိုးရကိုအကြိမ်ကြိမ်ဖြုတ်ချခဲ့၊လူထောင်သောင်းများစွာကိုထောင်နံရံအတွင်းထားလိုထား၊သတ်လိုသတ်၊ မြို့ရွာနေအိမ်များကိုမီးရှို့ဖျက်ဆီး ထင်တိုင်းရက်စက်ခဲ့သည်မှာလက်ရှိအာဏာလု စစ်ကောင်စီလက် ထက်တွင်အဆိုးရွားဆုံးဟုပြောရပေမည်။

    ယခုအခြေအနေတွင်ကမ္ဘာ့နိုင်ငံအသီးသီးမှမြန်မာနိုင်ငံအပေါ်နိုင်ငံရေးအမြင်မှာလည်း ၁၉၈၈ ကာလများ နှင့်မတူများစွာကွာခြားသွားခဲ့လေရာမြန်မာပြည်သူများမှာစစ်ကောင်စီ၏ဖိနှိပ်ရက်စက်မှုမှလွတ်မြောက်ရာလမ်းကိုမိမိတို့ဖာသာပင်ပန်းဆင်းရဲစွာရုန်းကန်လှုပ်ရှားနေရသည်မှာ၃နှစ်နီးပါးကြာမြင့်နေပြီဲဖြစ်သည်။ ငါတို့မှာငါတို့ဘဲရှိတယ် ဟုကြွေးကြော်ရင်း ကိုယ့်အချင်းချင်းအားပေးနေရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုငွေလှူပြီးစစ်ကောင်စီကိုတိုက်ခိုက်ရေးအရှိန်အဟုန်မြှင့်ခြင်းသည်သာအကောင်းဆုံးနည်းလမ်းဟုယူဆသဖြင့်ပိုင်ဆိုင်သမျှလှုဒါန်းသူများရှိသလိုပြည်တွင်းနေမြန်မာပြည်သူများမှာလည်းကျီးလန့်စာစားဘဝဖြင့်နေရသဖြင့်လှူဒါန်းလိုသော်လည်းစစ်ကောင်စီမှသိရှိလျှင်ရက်ရက်စက်စက်ထောင်ချသတ်ဖြတ်အပြစ်ပေးခြင်းများခံရနိုင်ဖွယ်ရှိသောကြောင့်ပေါ်ပေါ်ထင်ထင်မလှူဝံ့ကြချေ။ လှူနိုင်ရန်လည်း စီးပွါးရေးမှာအနိမ့်ကျဆုံးအခြေအနေရောက်နေသဖြင့်ရှင်သန်ရပ်တည်ရေးကိုပင်မနည်းကြိုးစားနေရသူကအများစုဖြစ်နေသည်။

    ပြည်တွင်းစီးပွါးရေးအခြေအနေမှာအနှုတ်လက္ခဏာပြနေသဖြင့်ပြည်ပထွက်ခွါအလုပ်ရှာလုပ်သူလူငယ်လူလတ်ပိုင်းဦးရေတနေ့တခြားတိုးပွါးလာနေသည်။ ၁၉၆၂ ခုနှစ် ပထမဆုံးအာဏာသိမ်းသည့်အချိန်မှအစဦးနှောက် ယိုစီးမှု့ပြဿနာကိုနှစ်ပေါင်းများစွာခံစားခဲ့ရသည့်မြန်မာပြည်အနေဖြင့်နောက်ထပ်နှစ်ပေါင်းမည်မျှကြာမှဖွံ့ဖြိုးသည့်နိုင်ငံအဖြစ်မြင်ရပါမည်လဲဟုအချင်းချင်းမေးခွန်းထုတ်မိကြသည်။

    ထိုထိုသောပြဿနာများ၏အရင်းအမြစ်မှာစစ်တပ်နှင့်စစ်တပ်ခေါင်းဆောင်များကြောင့်သာဖြစ်ပေသည်။မြန်မာနိုင်ငံ၏ စစ်တပ်ဆိုသည်မှာလွတ်လပ်ရေးကိုသူတို့သာအရယူခဲ့ပါသည်ဟုပြည်သူလူထုနှင့် ရဲဘော်သွေးသစ်များကိုမှိုင်းတိုက်လိမ်ညာ၍မိမိတို့အကျိုးစီးပွါးကိုရှာနေသူခေတ်အဆက်ဆက်အခွင့်ထူးခံ လူတန်းစားတရပ်သာဖြစ်ပေသည်။လက်ရှိစစ်တပ်၏ခေါင်းဆောင်ပိုင်းတွင်သာမကသူတို့၏အဆွယ် အပွါးများဆက်ရှိနေသမျှကာလပတ်လုံးအာဏာသိမ်းဖြစ်စဉ်တခုမဟုတ်တခုပေါ်လာဦးမည်ဖြစ်သည်။ ကင်ဆာဆဲလ် ကဲ့သို့တနိုင်ငံလုံး ကို ဒုက္ခပေး နေသည့်ဖက်ဆစ်စစ်တပ်ကိုမည်သို့အမြစ်ဖြတ်ရအံ့နည်း။

    လက်ရှိတိုက်ပွဲများအောင်မြင်စွာပြီးဆုံးဖို့အားတင်းလျက်နောက်နောင်မည်သည့်အခါမျှ၈လေးလုံးအဖြစ်အပျက်သာမက၊မပြီးဆုံးသေးသည့်၂၀၂၁နွေဦးတော်လှန်ရေးကာလအတွေ့အကြုံများကိုမတွေ့ကြုံမခံစားကြရပါစေနှင့်ဟုသာဆုတောင်းမိပါသည်။

    လေး (ကလောင်အမည်) သည် လက်ရှိတွင်အလွတ်တန်းဘာသာပြန်တစ်ဦးဖြစ်ပါသည်။

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.