Joshua Bowes နှင့် Md. Salman Rahman တို့မှ ရိုဟင်ဂျာအမျိုးသမီး ဒုက္ခသည်များအနေဖြင့် အကြမ်းဖက်မှုများကို ကျော်လွှားနိုင်ခြင်းမရှိဟု ရေးသားဆွေးနွေးထားသည်။
ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းသည် ကမ္ဘာနှင့်အဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများအနက်မှ တည်ငြိမ်မှုမရှိဆုံးသော အကျပ်အတည်းတခုဖြစ်သည်။ ၂၀၂၃ခုနှစ် အောက်တိုဘာလတွင် လူဦးရေပေါင်း ၈၀၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပေးခဲ့ကြရပြီး ယခုအချိန်တွင် လူသန်းပေါင်း ၂.၆သန်းထက်မနည်းပဲ ပြည်တွင်းမှနေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသားနိုင်ငံရေးပဋိပက္ခ စတင်ချိန်မှစ၍ အရပ်သားပေါင်း ၈,၀၀၀ အပါအဝင် အနည်းဆုံး လူဦးရေ ၅၀,၀၀၀ခန့် သေဆုံးခဲ့သည်။ ရိုဟင်ဂျာဒုက္ခသည်များသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူနည်းစုများဖြစ်ကြပြီး ထောင်နှင့်ချီသည့် ရိုဟင်ဂျာလူမျိုးများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စယ်ဖြတ်ကျော်ကာ ကော့ဘဇားမြို့တွင် ထူထောင်ထားသည့် ဒုက္ခသည်စခန်းကြီးတခုဆီသို့ ပြောင်းရွှေ့လာကြသည်။ ကော့ဘဇား ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း တသန်းကျော်နေထိုင်ကြပြီး ၎င်းတို့အနက် ထက်ဝက်မှာ အမျိုးသမီးများဖြစ်ပြီး အများစုမှာ မြန်မာ့တပ်မတော်မှ ကျူးလွန်သည့် ကျား၊မအခြေပြု အကြမ်းဖက်မှု (GBV) ကို ရင်ဆိုင်ခံစားခဲ့ကြရသည်။ ဤဒုက္ခသည်စခန်းများအတွင်းရှိ အမျိုးသမီးများသည် အတင်းအကြပ်လက်ထပ်ထိမ်းမြားပေးခံရခြင်း၊ အမျိုးသားတဦး၏ မယားပြိုင်များအဖြစ် ပြုကျင့်ခြင်းခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း အစရှိသည့် နိုင်ထက်စီးနင်းပြုမူမှုများကို ခံစားနေရသည်။ ထိုကဲ့သို့ ကြမ်းတမ်းသော နိုင်ငံဖြတ်ကျော် အတွေ့အကြုံများသည် ရိုဟင်ဂျာ အမျိုးသမီး အများအပြားအား မည်သူ့အကူအညီကိုမှ မရရှိနိုင်သည့် ခွန်အားကင်းမဲ့မှုကို ဖြစ်ပေါ်စေသည်။ ကော့ဘဇား ဒုက္ခသည်များသည် လူမှုရေးပြောင်းရွှေ့တိုးတက်မှုများနှင့် ပညာရေးအတွက် အလားအလာများ ညံ့ဖျင်းသည့်နေရာတွင် နေထိုင်ကြရသည်။ အလုပ်အကိုင်ရှားပါးမှုကြောင့် အမျိုးသမီးများသည် ဒုက္ခသည်စခန်းအတွင်း ဖိုဝါဒီကြီးစိုးသည့် အသိုင်းအဝိုင်း၏ ချုပ်ကိုင်ခံရမှုနှင့် လူကုန်ကူးသူများနှင့် မှောင်ခိုသမားများ ချုပ်ကိုင်သည့် စနစ်တွင် နှစ်ထပ်ကွမ်း အကျဥ်းသားများအဖြစ် နေထိုင်နေကြရသည်။
အမျိုးသမီးများအပေါ် ရက်စက်ကြမ်းကြုတ်မှုသည် ကိုလိုနီခေတ်ကတည်းကပင် မြန်မာနိုင်ငံသမိုင်းတွင် အမြစ်တွယ်နေပါသည်။ မိမိတို့နိုင်ငံ၌ ရိုဟင်ဂျာလူနည်းစုများသည် မွတ်ဆလင်ဘာသာဝင်ဖြစ်သည့် ၎င်းတို့၏ ဘာသာရေး ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ကျား၊မဖြစ်ခြင်းနှင့် ဘာသာရေးအခြေခံ အကြမ်းဖက်မှုများ အပြန်အလှန်ဆက်စပ်နေခြင်းသည် ပြည်နယ်များအကြာား ပဋိပက္ခများ၏ ရလဒ်ဖြစ်သကဲ့သို့ ထိုပဋိပက္ခများကို ပံ့ပိုးနေသည့် အကြောင်းအရင်းတခုလည်းဖြစ်သည်။ မျက်မှောက်ခေတ်အခြေအနေတွင် ရိုဟင်ဂျာများကို ‘ဘင်္ဂါလီ’ဟု တံဆိပ်ကပ်ကာ မြန်မာနိုင်ငံသားအားလုံးကို အစ္စလာမ်ဘာသာသို့ ကူးပြောင်းစေရန် ပူးပေါင်းကြံစည်သည်ဟု အစွန်းရောက် ဗုဒ္ဓဘာသာဘုန်းကြီးများမှ စွပ်စွဲထားသည်။
မြန်မာစစ်တပ်၏ အကြမ်းဖက် ရက်စက်ကြမ်းကြုတ်မှုများသည် ရိုဟင်ဂျာအမျိုးသမီးများအနေဖြင့် ၎င်းတို့၏ ဇာတိမြေဖြစ်သည့် မြန်မာနိုင်ငံမှ ထွက်ပြေးရန် ပထမဦးဆုံး စိန်ခေါ်မှုဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားမှ ရှုတ်ချဝေဖန်ခဲ့သည့်အတိုင်း သုံးနှစ်တာကာလအတွင်း ရက်စက်ကြမ်းကြုတ်သော လူမျိုးသုဥ်းသတ်ဖြတ်မှု အကြမ်းဖက်မှုသည် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ညွှန်ပြသည့် အထောက်အထားများစွာတို့ကို ရရှိစေခဲ့သည်။ ၂၀၂၃ခုနှစ်တွင် Security Force Monitor အနေဖြင့် အစီရင်ခံထားခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ အကြီးတန်းအရာရှိ(၆၄)ရာခိုင်နှုန်းသည် ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် ပြည်သူများအား ဖျောက်ဖျက်မှုများကို ဦးဆောင်လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများအနေဖြင့် စစ်တပ်သည် အတိုက်အခံအုပ်စုများကို ချေမှုန်းရန် မုဒိမ်းမှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နည်းလမ်းအဖြစ် အသုံးပြုသည်ဟု ကြွေးကြော်ထားသည်။ ၂၀၂၁ခုနှစ် မတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာကို အစိုးရစစ်တပ်မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးသုံးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ပစ်ခတ်သတ်ဖြတ်ခြင်း အပါအဝင် အနည်းဆုံး(၁၇)ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထိုကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်မှုသည် မြန်မာစစ်တပ်၏ တစထက်တစ အရှိန်တိုးမြင့်ပြင်းထန်လာသည့် တိုက်ခိုက်မှုတခုအဖြစ် ရှုမြင်နိုင်သည်။
ဤဆောင်းပါးရေးသူအနက်မှ တဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။ ထိုစခန်းကို သွားရောက်လေ့လာရင်း စာရေးသူက အမျိုးသမီးများ အပါအဝင် ဒုက္ခသည် အများအပြားကို ကံကောင်းစွာပင် စကားပြောဆိုခွင့်ရရှိခဲ့သည်။ ရိုဟင်ဂျာမိန်းကလေးငယ် Tania သည် အလုပ်လုပ်ခွင့်ရမည်ဟု လိမ်လည်လှည့်ဖျားခြင်းခံရကာ ကော့ဘဇားသို့ လူကုန်ကူးခံရပြီး ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသည်။ သူမအနေဖြင့် “အလုပ်ကမ်းလှမ်းတာက လိမ်လည်မှုတခုပါ။ သူတို့က ကျွန်မကို ဒီကိုခေါ်လာပြီး ဒီလိုအခြေအနေမျိုးရောက်ေအာင် တွန်းပို့ကြတယ်”ဟု ပြောဆိုခဲ့သည်။ ဤအခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်မှာ Taniaတဦးတည်း မဟုတ်ပါ။ ရာနှင့်ချီသော မိန်းကလေးငယ်များသည် ကော့ဘဇားသို့ အတင်းအကျပ် ရွှေ့ပြောင်းခြင်းခံခဲ့ရသည်။ အယ်လ်ဂျာဇီးယားသတင်းဌာန၏ မှတ်တမ်းရုပ်ရှင် စုံစမ်းစစ်ဆေးမှုတခုအရ ထိုဒုက္ခသည်စခန်းများတွင် မှောင်ရိပ်ခို အလုပ်လုပ်ကိုင်ရန်အတွက် နိုင်ငံတကာ လူကုန်ကူးမှုကွန်ရက်မှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ အရွယ်မရောက်သေးသည့် မိန်းကလေးအများအပြားကို စေလွှတ်ကြသည်။
ရိုဟင်ဂျာအသိုင်းအဝိုင်းရှိ ဓလေ့ထုံးတမ်းများသည် အမျိုးသမီးများ တန်းတူပါဝင်ခွင့်ကို ကာလကြာရှည်စွာပင် ခွဲထုတ်ထားခဲ့သည်။ အမျိုးသမီးများသည် မိသားစုကိစ္စများတွင် ဆုံးဖြတ်ချက်ချခြင်းမပြုနိုင်ပဲ လူမှုရေးအရလည်း ဖုံးကွယ်မှုများအောက်တွင် နေထိုင်ရသည့် ကန့်သတ်မှုများရှိနေသည်။ ဒုက္ခသည်စခန်းဝန်ထမ်းတဦးဖြစ်သူ Fatima Bunnoက “ဒါက ဒီမှာဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ပုံမှန်ဖြစ်လာပါပြီ။ အမျိုးသမီးတွေ အပါအဝင် လူတိုင်းက အမျိုးသားတွေကပဲ ဦးဆောင်လိမ့်မယ်လို့ ယုံကြည်ကြတယ်။ သာမန်ကိစ္စတွေနဲ့ ပတ်သက်လာရင် အမျိုးသမီးတွေက ဘယ်တော့မှ ဦးစားပေးမခံရဘူး”ဟု ပြောဆိုခဲ့သည်။ ဒုက္ခသည်စခန်းများတွင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုသည် ထိတ်လန့်ဖွယ်ရာပင် အဖြစ်များပြီး အလွန်ကြောက်မက်ဖွယ်ရာကောင်းသည်။ အမျိုးသမီးတဦးအနေဖြင့် အဓမ္မပြုကျင့်ခံရသည့်အခါ ဒုက္ခသည်စခန်းများ၏ တုန်လှုပ်ချောက်ချားစရာကောင်းသည့် လူမှုဆက်ဆံရေးသည် မုဒိမ်းကျင့်သူကို ပို၍အားပေးတတ်သည့် အလေ့အထရှိသည်။ ဒုက္ခရောက်သူများကို ငွေအနည်းငယ်ပေးကာ ပြဿနာကို ဖြေရှင်းရန် စဉ်းစားကြသည်။ သို့သော် ဤကြေကွဲဖွယ်ရာကိစ္စရပ်များသည် ဤနေရာတွင်ပြီးဆုံးသွားခြင်းမရှိပါ။ အဓမ္မပြုကျင့်ခံရပြီးနောက် ကျူးလွန်ခံရသူများသည် ဒုက္ခသည်စခန်းအတွင်း၌ ပြင်းထန်သည့် အရှက်ရမှုကို ကြုံတွေ့စေပြီး အမျိုးသမီးအများအပြားအား ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ရန် (သို့မဟုတ်) မိမိကိုယ်ကို သေကြောင်းကြံစည်ရန် မကြာခဏ တွန်းအားပေးမှုများနှင့် ကြုံတွေ့ရသည်။
၂၀၁၇ခုနှစ်တွင် ရိုဟင်ဂျာလူမျိုးပေါင်း တသန်းနီးပါး မြန်မာနိုင်ငံစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးခဲ့ကြသည်။ ထိုသူများအနက်တွင် ထောင်ပေါင်းများစွာသော အမျိုးသမီးများသည် မြန်မာစစ်တပ်၏ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ မုဒိမ်းမှုမှ လွတ်မြောက်ပြီး သေလမ်းမှ လွတ်မြောက်လာသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ရှိ စခန်းများတွင် ခိုလှုံနေကြရပြီး ဒုက္ခဆိုးကျိုးများကို ဆက်လက် ခံစားနေကြရသည်။ မိသားစုနှင့် လူမှုအဖွဲ့အစည်းများမှ ၎င်းတို့အား ယခင်အတိုင်း ရှုမြင်ခြင်းမရှိတော့ပေ။ ထိုအမျိုးသမီးများအား ဒုက္ခသည်စခန်းများတွင် “နတ်ဆိုးများ” အဖြစ် သဘောထားကြသည်။ ရခိုင်ပြည်နယ်မှ ကြောက်မက်ဖွယ် ဖြစ်ရပ်များမှ လွတ်မြောက်လာသူ Narifa Begumနှင့် စကားပြောရာတွင် သူမသည် ဒုက္ခသည်စခန်းအတွင်းမှ ဘဝအတွေ့အကြုံကို ပြောပြခဲ့သည်– “ကျွန်မက မိသားစုနဲ့ အတူနေပေမယ့် သူတို့က ကျွန်မက အဓမ္မပြုကျင့်ခံရတာ ကျွန်မမှာ အပြစ်ရှိလို့ဆိုတဲ့ ပုံစံနဲ့ ဆက်ဆံတယ်။ တခြားမွေးချင်းတွေကို ဆက်ဆံသလို ကျွန်မကို မဆက်ဆံတော့ဘူး။ ကျွန်မတို့က ကိုယ့်မိသားစုထဲမှာကို အထီးကျန်နေရင် ကျန်တဲ့ လူ့အဖွဲ့အစည်းက ကျွန်မတို့ကို ဘယ်လိုမြင်မလဲ စဥ်းစားကြည့်ပါ။ ကျွန်မတို့က လက်ထပ်တာ ဒါမှမဟုတ် တစုံတယောက်ရဲ့ ပထမဇနီးမယားမဖြစ်နိုင်တော့ဘူး”။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၉၅၁ခုနှစ် ဒုက္ခသည်ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသော နိုင်ငံမဟုတ်သည့်အတွက် ရိုဟင်ဂျာဒုက္ခသည်များအား ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးကူညီရန်အတွက် တာဝန်မရှိပါ။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေထူထပ်မှုအများဆုံး နိုင်ငံဖြစ်သော်လည်း ဝန်ကြီးချုပ် Sheikh Hasinaသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်များထဲမှ သန်းပေါင်းများစွာကို ခိုလှုံနေထိုင်ရန် စီစဉ်ပေးခဲ့သည်။ ရိုဟင်ဂျာအမျိုးသမီးများကို အကာအကွယ်ပေးရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် ဒုက္ခသည်များအတွက် သင့်လျော်သော တရားမျှတမှုကို ရရှိစေရေးအတွက် Camp-In-Charge (CIC) စခန်းကို ထူထောင်ခဲ့သည်။ CICသည် ရာဇ၀တ်မှုတိုင်းတွင် တရားမျှတမှု ရရှိစေရန်အတွက် ရည်ရွယ်ထားသော အစိုးရအရာရှိများ၏ အဖွဲ့အစည်းဖြစ်သည်။ ဒုက္ခရောက်သူများသည် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှ ပေးထားသည့် ဖုန်းနံပါတ်များမှတဆင့် ဆက်သွယ်ကြသည်။ ဆက်သွယ်မေးမြန်းပြီးနောက် ကျူးလွန်ခံရသူသည် ပြစ်မှုကျူးလွန်သူကို စာဖြင့်ရေးသားတိုင်ကြားနိုင်သည်။ ထို့နောက် အဆိုပါတိုင်ကြားချက်များကို အစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှ CICသို့ ပေးပို့သည်။ CICမှ တိုင်ကြားချက်သည် မှန်ကန်ကြောင်း တွေ့ရှိပါက တရားမျှတမှုရရှိစေရန် ဆက်လက် ဆောင်ရွက်ပေးပါသည်။ သို့သော်လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းအတွင်းရှိ လူမှုရေးဖိအားများကြောင့် အမျိုးသမီးအများစုသည် ကျား၊မ အခြေပြု အိမ်တွင်းအကြမ်းဖက်မှုများကို ဆန့်ကျင်ရန် လွန်စွာကြောက်ရွံ့ကြသည်။
အဓမ္မပြုကျင့်ခံကြရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးငယ်များစွာကို ၎င်းတို့၏မိသားစုများက မိသားစုကို အသရေပျက်စေသည်ဟု တံဆိပ်ကပ်သဖြင့် ထိုအမျိုးသမီးများ၏ အခြေအနေသည် ပြန်လည်ကောင်းမွန်လာမည့်အလားအလာ အလွန်နည်းပါးသည့် အားနည်းချိနဲ့သည့် အခြေအနေသို့ လျော့ကျသွားခဲ့သည်။ ရိုဟင်ဂျာလူမျိုးများ ကြုံတွေ့ခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သည့် အတွေ့အကြုံများသည် လေ့လာမှုနည်းပါး၍ အစီရင်ခံတင်ပြမှုနည်းပါးသည့် ကပ်ဘေးတခုဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းထံမှ ညှိနှိုင်းတုံ့ပြန်မှုပေးရန် တောင်းဆိုနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းအစိုးရအတွင်းရှိ ကျူးလွန်သူများအား ဖိအားပေးရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ မရှိသေးပေ။ ခုနစ်နှစ်တာကြာမြင့်သွားသော်လည်း ကမ္ဘာ့ကုလသမဂ္ဂသည် တပ်မတော်အပေါ် တုံ့ပြန်မှု အားနည်းခဲ့ပြီး ၎င်းတို့၏ လူမျိုးသုဥ်းသတ်ဖြတ်မှုကဲ့သို့သော ရက်စက်ယုတ်မာမှုများကို အသိအမှတ်ပြုရန် (သို့မဟုတ်) ရခိုင်ပြည်နယ်သို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ စေလွှတ်ရန် ပျက်ကွက်ခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုသည် လူမျိုးသုဥ်းသတ်ဖြတ်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာစစ်အစိုးရအား ပိတ်ဆို့အရေးယူရန်နှင့် ပြည်ပနိုင်ငံများရှိ ၎င်းတို့၏တရားမ၀င်ပိုင်ဆိုင်မှုများကို သိမ်းယူရန်အတွက် “ Burma Act “ ဥပဒေကို မိတ်ဆက်ခဲ့သည်။ အဆိုပါ အစီအမံများသည် အာဏာသိမ်းစစ်အစိုးရအား အပြစ်ပေးရာတွင် ထိရောက်မှု ရှိပုံပေါ်သော်လည်း နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို ပိတ်ပင်တားမြစ်လျက်ရှိသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်းတွင် ဘေဂျင်းနှင့် မော်စကိုတို့သည် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်အစိုးရကို ထောက်ခံခြင်းဖြင့် ၎င်းတို့၏ ကိုယ်ကျင့်တရားဆိုင်ရာတာဝန်များကို ဆက်လက်၍ မျက်ကွယ်ပြုစွန့်လွှတ်လျက်ရှိသည်။
သို့သော်လည်း နိုင်ငံတကာအသိုက်အဝန်း၏ ညှိနှိုင်းတုံ့ပြန်မှုသည် လက်ရှိကာလ၏ အပျက်သဘောဆောင်နေသည့် လမ်းကြောင်းကို ပြောင်းလဲမည်ဟု ကတိကဝတ်ပြုထားသည်။ အကယ်၍ ဥရောပနိုင်ငံများအနေဖြင့် လူမျိုးသုဥ်းသတ်ဖြတ်မှုကို အသိအမှတ်ပြုပြီး ကျူးလွန်သူများအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရာတွင် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက တာဝန်ခံမှု ပိုမိုအားကောင်းစေပြီး တရားမျှတမှုအတွက်လည်း လမ်းကြောင်းဖော်ဆောင်ပေးနိုင်သည်။ ထို့အပြင် ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုများကို လွယ်ကူချောမွေ့စေရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂသည် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ရည်မှန်းချက်အား စတင်လုပ်ဆောင်နိုင်သည်။ သို့သော်လည်း ကမ္ဘာ့ခေါင်းဆောင်များအကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုများသည် သန်းနှင့်ချီသည့် ဒုက္ခသည်များ၏ အိပ်မက်များကို ပြိုပျက်စေပြီး ၎င်းတို့၏ နေရပ်သို့ ပြန်လည်အခြေချရန်နှင့် ၎င်းတို့ရသင့်ရထိုက်သော ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများ ပြန်လည်ရရှိရန်အတွက် စိတ်ပျက်အားငယ်မှုများနှင့်သာ ကြုံတွေ့စေလျက်ရှိသည်။
ကော့ဘဇားဒုက္ခသည်စခန်းအနီးတွင်နေထိုင်သော မစ္စတာ Salman သည် SAFN သုတေသီအဖြစ် ဝင်ရောက်လေ့လာရန် ကြိုးပမ်းခဲ့သော်လည်း ခွင့်ပြုချက်ရယူရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကာကွယ်ရေး အရာရှိများထံ ဆက်သွယ်ပြီးနောက် မည်သူမည်ဝါဟု အမည်ဖော်ပြခြင်းမရှိသည့် အခြေအနေဖြင့် စခန်းတွင်းသို့ ဝင်ရောက်လေ့လာခွင့်ရရှိခဲ့သည်။ ၂၀၂၄ခုနှစ် မေလ၂၈ရက်နေ့တွင် ရခိုင်ပြည်နယ်မှ တာဝန်ရှိသူတဦးနှင့် UNHCR သုတေသီတဦးတို့နှင့်အတူ UNHCRနှင့် BLASTမှ အိမ်ရှင်မများ၊ စခန်းဝန်ထမ်းများနှင့် တွေ့ဆုံကာ ရိုဟင်ဂျာအမျိုးသမီးများ၏ အခြေအနေများအကြောင်းကို မေးမြန်းခဲ့ပါသည်။ ညနေပိုင်းတွင် ဒေသဆိုင်ရာကွန်ရက်တခုနှင့် ကျယ်ပြန့်စွာ ကြိုးပမ်းအားထုတ်မှုဖြင့် Salman၏အဖွဲ့သည် အလုပ်လုပ်ခွင့်ရမည်ဟု လိမ်လည်ဖျားယောင်းသွေးဆောင်ကာ ကော့ဘဇားသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည့် ရိုဟင်ဂျာအမျိုးသမီးငယ် Tania (ကလောင်အမည်)ကို တွေ့ရှိခဲ့သည်။ ရိုဟင်ဂျာအမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် အတင်းအကြပ်ခိုင်းစေခြင်းသည် ထူးဆန်းလှသည့်ဖြစ်ရပ် မဟုတ်သော်လည်း ဒုက္ခသည်စခန်းတွင်းရှိ အများအပြားက တွေ့ဆုံမေးမြန်းခြင်းကို ဖြေဆိုရန် ဆန္ဒမရှိကြပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာများအား ဒုက္ခသည်စခန်းအပြင်ဘက်တွင် အလုပ်လုပ်ခွင့် မပြုပေ။ နိုင်ငံတော် အာဏာပိုင်များက ထိုကဲ့သို့ အရေးကိစ္စများအား သတိပြုမိပါက ပြစ်မှုကျူးလွန်သူဟု ယူဆသူများကို ချက်ချင်းဖမ်းဆီးရမည်ဖြစ်သည်။ ထို့ကြောင့် ဒုက္ခသည်များသည် ၎င်းတို့၏ ဘဝနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် အန္တရာယ်ရှိနေသည်။
Joshua Bowes သည် ဝါရှင်တန်ဒီစီ အခြေစိုက်ဖြစ်သည့် The Millennium Project ၏ South Asia Foresight Network (SAFN) တွင် တွဲဖက်သုတေသီအနေဖြင့် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ သူ့အား X: @josh_bowes1, Instagram: @josh_bowes1 တို့မှ ဆက်သွယ်နိုင်ပါသည်။
Md. Salman Rahman သည် ဝါရှင်တန်ဒီစီ အခြေစိုက်ဖြစ်သည့် The Millennium Project ၏ South Asia Foresight Network (SAFN) တွင် လက်ထောက်သုတေသီအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ သူ့အား ( https://x.com/SalmanHRahman7 တို့မှ ဆက်သွယ်နိုင်ပါသည်။
Like This Article
ဇွန် 19, 2023
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023