ဝက်ဘ်ဆိုက်ဒီဇိုင်းအသစ်ကို စမ်းသပ်အသုံးပြုနေပါသည်။ အမှားအယွင်းတစ်စုံတစ်ရာ တွေ့ရှိပါက ကျွန်ုပ်တို့ထံ အီးမေးလ် ဖြင့် အသိပေးနိုင်ပါသည်။

Tea Circle လက်ဖက်ရည်၀ိုင်း၏ အထူးအစီအစဥ် ဆွေးနွေးပွဲ  | မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဖြစ်စဥ်၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံ၏ အနာဂတ်အား မျှော်မှန်းပုံဖော်မှုများနှင့် ပက်သတ်၍ မြန်မာဘာသာဖြင့် ရေးသားထားသော စာမူများကို ဖိတ်ခေါ်အပ်ပါသည်။

User avatar placeholder
Published by teacirclemyanmar

အောက်တိုဘာ ၅, ၂၀၂၁

Tea Circle အနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်မှစတင်၍ ၎င်း၏ ၀က်ဘ်ဆိုဒ်ပေါ်ရှိ စာမူများအား ဘာသာပြန်ခြင်းလုပ်ငန်းစဥ်များကို စတင်ချဲ့ထွင်ခဲ့သည့်အတွက် ၎င်းစာမူများအား အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့လည်းကောင်း၊ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့လည်းကောင်း ပြောင်းလဲဖတ်ရှုနိုင်စေရန်ဆိုသည့် စာဖတ်သူများအပေါ်ထားရှိသည့် ကတိက၀တ်ကို ကျေပွန်အောင် ပြုလုပ်နိုင်ခဲ့သည်။ ထိုရည်မှန်းချက်အား ဆက်လက်အကောင်အထည်ဖော်ရန် အလို့ဌာ မိမိတို့အနေဖြင့် Tea Circle ၏ special forum အထူးအစီအစဥ်တွင်မူ မြန်မာဘာသာဖြင့် ရေးသားထားသော စာမူများအား ဖိတ်ခေါ်ရန် စိတ်လှုပ်ရှားလျက်ရှိပါသည်။ (Read the English version here)

စာမူပေးပို့ရန် စိတ်၀င်စားသူများအနေဖြင့် သုတေသန အစီရင်ခံစာ၊ ကွင်းဆင်းလေ့လာမှုများမှ​ မှတ်စုများ၊ သတင်းဆောင်းပါးများအား ဆန်းစစ်သုံးသပ်ခြင်းများ၊ အတွေးအမြင် ဆောင်းပါးများ၊ အစီရင်ခံစာ ဆောင်းပါးများနှင့် Multimedia အသုံးပြုထားသည့် ဆောင်းပါးများ အစရှိသည့် စာမူများအား ပေးပို့နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။​ Tea Circle သည် စာမူများအား ထုတ်၀ေရန် ပထမဦးဆုံးနှင့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည့်အတွက် အထက်ဖော်ပြပါ အမျိုးအစားများထဲမှ မည်သည့် အမျိုးအစားကိုမဆို လက်ခံရန် ၀မ်းမြောက်၀မ်းသာ ကြိုဆိုလျက်ရှိပါသည်။​ မိမိတို့ထံ ပို့ပေးလာသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အချို့ စာမူများအား မြန်မာဘာသာသို့​ ဘာသာပြန်ဆိုသည့်အခါတွင် လူငယ်များ၊ ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်သူများ (practitioners)၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်မဟုတ်သူများ (non-academics) စသည့် စာရေးသူများမှ မြန်မာဘာသာဖြင့် ရေးသားပေးပို့လာသည့် စာမူများသည်  မြန်မာနိုင်ငံတွင် လူပြောနည်းသော အကြောင်းအရာနှင့် လူသိနည်းသော အမြင်များကို သစ်လွင်သော ချဥ်းကပ်မှုပုံစံမျိုးဖြင့် ရေးသားထားကြောင်း တွေ့ရှိလာရပါသည်။ သို့ပါသော်ကြောင့် Tea Circle မှ ရေးသားထုတ်၀ေထားပြီးသော စာမူများအား ထပ်မံချဲ့ထွင်ရန်၊ ဖြည့်စွက်ရန်နှင့် မတူညီသည့် အတွေးအမြင်ရှုထောင့်များကို အခြေခံ၍ ပြန်လည်စိန်ခေါ်နိုင်မည့် စာမူအသစ်များ ပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လက်ရှိတွင်မူ မိမိတို့အနေဖြင့် အောက်ပါ ခေါင်းစဥ်များနှင့် ပက်သတ်၍ ပေးပို့လာမည့် စာမူများအား စိတ်၀င်စားလျက်ရှိပါသည်။

၁) ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပက်သတ်၍ မြန်မာနိုင်ငံ၏ တုံ့ပြန်မှု

၂) မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ နေ့စဥ်ဘ၀တွင်းရှိ အတွေ့အကြုံများ

၃) မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလွန်ကာလ အပေါ် မျှော်မှန်းပုံဖော်မှုများ

အထက်ဖော်ပြပါ ခေါင်းစဥ်များနှင့် ဆက်စပ်မှုမရှိသည့် အခြားအကြောင်းအရာများကိုလည်း ရေးသားပေးပို့နိုင်ပါသည်။

ရေးသားပေးပို့လိုသည့် စာမူမှန်သမျှသည် စာမျက်နှာ ၁၃ မျက်နှာမှ ၁၆ မျက်နှာအတွင်း၊ စာလုံးရေ ၂၀၀၀ နှင့် ၂၅၀၀ အတွင်း ရှိရမည်ဖြစ်ပြီး Tea Circle မှ သတ်မှတ်ထားသည့် စာမူပေးပို့ခြင်းဆိုင်ရာ မူဝါဒ၊စည်းမျဥ်းစည်းကမ်းများနှင့် ကိုက်ညီရမည်ဖြစ်သည်။ စာမူ၏ ခေါင်းစဥ်၊ စာရေးသူအမည်နှင့် စာရေးသူ၏ အကျဥ်းချုပ်ကိုယ်ရေးအချက်အလက်နှင့် စာမူတွင် ထည့်သွင်းဖော်ပြလိုသည့် ဓာတ်ပုံ၊ ရုပ်ပုံများသည်လည်း စာမူတွင်ပင် တပါတည်း ပေါင်းစည်းပါ၀င်ရမည်။

စာမူများကို teacirclemyanmar@outlook.com သို့မဟုတ် teacircleoxford@protonmail.com အား လိပ်မူ၍ အီးမေးလ်မှတဆင့် ရေးသားပေးပို့နိုင်ပါသည်။ စာမူများအား အီးမေးလ်ဖြင့် ရေးသားပေးပို့ရာတွင် “Tea Circle Special Forum: New Submission” ဟု email ၏ subject line တွင် ရေးသားဖော်ပြရပါမည်။ စာမူများပေးပို့ရန် နောက်ဆုံးရက်မှာ အောက်တိုဘာ ၃၁၊ ၂၀၂၁ ခုနှစ် ဖြစ်ပါသည်။

Tea Circle ၏ special forum အား International Development Research Centre (IDRC)’s Knowledge for Democracy- Myanmar Initiatives (နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် သုတေသန စင်တာ၊ မြန်မာနိုင်ငံဆိုင်ရာ ဒီမိုကရေစီ အသိအမြင်ကဏ္ဍ) ၏ ကူညီထောက်ပံ့မှုဖြင့် တင်ဆက်ပြုလုပ်ခြင်းဖြစ်ပါသည်။

Image placeholder

Tea Circle အား ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် အမြင်များနှင့်သုံးသပ်မှုများအား ထင်ဟပ်ဆွေးနွေးနိုင်သည့် နေရာတခုဖြစ်စေရန် ဖြစ်ပါသည်။ Tea Circle အနေဖြင့် ကမ္ဘာ့အနှံမှ ပေးပို့လာသော စာရေးသူများ၏ သုံးသပ်ချက်များ၊ သုတေသနများ၊ အတွေးအမြင်ဆောင်းပါးများ၊ စာအုပ်စာတမ်းဆိုင်ရာ သုံးသပ်ဆွေးနွေးချက်များ၊ multi-media အသုံးပြု၍ တင်ဆက်ခြင်းများနှင့် အခြားသော ရေးသားပေးပို့လာမှုအား ပုံနှိပ်ဖြန့်ဝေခဲ့ပါသည်။ Tea Circle သည် မြန်မာ့အရေးနှင့်ပတ်သက်၍ စိတ်အားထက်သန်သည့် စေတနာ့ဝန်ထမ်း စာတည်းဖြတ်သူများနှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စာရေးသူများအတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။