မြန်မာ စိတ်ပညာကုထုံး ပညာရှင်များ ပူးပေါင်းအဖွဲ့ (Myanmar Clinical Psychology Consortium) မှ P.T. Hmue နှင့် Maha Y. See တို့၏ ဤဆောင်းပါးသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ၏ အကျိုးဆက်အဖြစ် ခြေလက်ဆုံးရှုံးခဲ့ရသည့် လူငယ်များ၏ ဘဝခရီးနှင့် ရင်ဆိုင်ဖြတ်သန်းရသည့် အတွေ့အကြုံများကို နက်ရှိုင်းစွာ လေ့လာတင်ပြထားသည်။ ခြေလက်ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသာမက၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ကျော်လွှားကာ မိမိကိုယ်ကို ပြန်လည်ရှာဖွေခြင်း၊ ခွန်အားအသစ်များ တည်ဆောက်ခြင်းနှင့် မျှော်လင့်ချက်များကို ပြန်လည်ဖော်ဆောင်သည့် ဖြစ်စဉ်များကိုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် လူသန်းပေါင်းများစွာ၏ ဘဝများစွာ အပြောင်းအလဲဖြစ်ကြရသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ယင်းပဋိပက္ခများကြောင့် လူပေါင်း ၅၀,၀၀၀ မှ ၉၆,၀၀၀ အထိ သေဆုံးခဲ့သည်ဟု ဆိုထားသည်။ ပဋိပက္ခနှင့် ဆက်နွယ်သော မသန်စွမ်းမှုများဖြင့် အသက်ရှင်နေထိုင်နေရသူ အရေအတွက်ကို အတိအကျမသိရှိရသေးသော်လည်း မကြာသေးမီက အစီရင်ခံစာများအရ နှစ်စဉ် အရပ်သား ၇၀၀ ကျော် (ထိုအထဲတွင် လေးပုံတစ်ပုံနီးပါးမှာ ကလေးများ ဖြစ်ကြသည်) သည် မြေမြှုပ်မိုင်းများကြောင့် သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပွားနေသည်။ ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပွားသည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်နေသည်။
စစ်တပ်အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် မတူကွဲပြားသော တော်လှန်ရေးအင်အားစုများအကြား ပဋိပက္ခများ ဆက်လက်ပြင်းထန်နေသဖြင့် လူအများ၏ဘဝကို အကြီးအကျယ်ပြောင်းလဲစေနိုင်သည့် ထိခိုက်ဒဏ်ရာများလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ထိုအထဲတွင် မြေမြှုပ်မိုင်းများ၊ အမြောက်ကျည်များ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားပေါက်ကွဲစေသော လက်နက်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော ခြေလက်ဆုံးရှုံးမှုများ ပါဝင်သည်။ ယင်းဒဏ်ရာများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုသာမက ထိခိုက်ခံရသူများ၏ နေ့စဉ်ဘဝ၊ အနာဂတ်အခွင့်အလမ်းများနှင့် လူမှုဘဝအပေါ် ရေရှည်သက်ရောက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ၏ ခန့်မှန်းချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ဝင် ၃၀၀ မှ ၅၀၀ အကြားသည် ခြေလက်ဖြတ်တောက်ရခြင်း သို့မဟုတ် အမြဲတမ်း မသန်စွမ်းမှုများကို ခံစားနေရကြောင်း ဖော်ပြခဲ့သည်။ ဤကိန်းဂဏန်းတွင် အခြားတော်လှန်ရေးအဖွဲ့များနှင့် အရပ်သားများ မပါဝင်သေးသဖြင့် ပဋိပက္ခနှင့်ဆက်နွှယ်သော ခြေလက်ဆုံးရှုံးမှုဖြင့် နေထိုင်နေရသူများ၏ အမှန်တကယ်အရေအတွက်မှာ ထို့ထက် များစွာပိုမိုမြင့်မားနိုင်သည်။
ခြေလက်ဖြတ်တောက်ဆုံးရှုံးရခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုသာ မဟုတ်ဘဲ လူတစ်ဦး၏ ဘဝလမ်းကြောင်းကို အကြီးအကျယ် ပြောင်းလဲစေနိုင်သည့် အတွေ့အကြုံတစ်ရပ်ဖြစ်သည်။ လှုပ်ရှားသွားလာနိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုဆက်ဆံရေးများ၊ မိမိကိုယ်ကို ခံယူမြင်သည့် အမှတ်အသားနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှု တို့အပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိစေသည်။
ခြေလက်ဆုံးရှုံးသူများကို ပြုစုကုသရာတွင် အရိုးခွဲစိတ်ဆရာဝန်များ၊ သွေးကြောခွဲစိတ်ဆရာဝန်များ၊ ပြန်လည်ပြုပြင်ရေးနှင့် ပလတ်စတစ်ခွဲစိတ်ဆရာဝန်များ၊ ခြေလက်အစားထိုးကိရိယာ (prosthetic) ပိုင်းဆိုင်ရာကျွမ်းကျင်သူများ၊ ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်များ၊ လုပ်ငန်းဆိုင်ရာ (vocational) ပညာရှင်များ၊ ပြန်လည်ထူထောင်ရေး ဆေးပညာရှင်များနှင့် ပြန်လည်ထူထောင်ရေး စိတ်ပညာရှင်များ ပူးပေါင်းပါဝင်သည့် ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ လိုအပ်သည်။
သို့သော် အရင်းအမြစ်နည်းပါးသော နေရာများတွင် ထိုကဲ့သို့ ပြည့်စုံသော ကုသပြုစုမှုကို ပေးအပ်ရန်မှာပင် စိန်ခေါ်မှုများစွာ ရှိနေသေးသည်။ မြန်မာနိုင်ငံကဲ့သို့ လက်နက်ကိုင်ပဋိပက္ခဒဏ်ခံနေရသော ဒေသများတွင် အဆိုပါစိန်ခေါ်မှုများမှာ ပိုမိုကြီးမားနေသေးသည်။
ပြန်လည်ထူထောင်ရေးသည် ခွဲစိတ်ကုသမှု ပြီးဆုံးခြင်း၊ ခြေလက်အစားထိုးကိရိယာ တပ်ဆင်ပေးခြင်းဖြင့်သာ ပြီးဆုံးသွားသည် မဟုတ်ပါ။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့်အတူ လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် သင်ယူခြင်း၊ ရေရှည်နာကျင်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း၊ မိမိကိုယ်ကို ပြန်လည်တန်ဖိုးထားနိုင်သည့် ခံယူချက်ကို ပြန်လည်တည်ဆောက်ခြင်းနှင့် မိသားစု၊ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ပါဝင်နိုင်ခြင်းတို့ကိုပါ လုပ်ဆောင်ပေးနိုင်ပါမှ အမှန်တကယ် ပြန်လည်ကောင်းမွန်လာနိုင်ပေမည်။
မြန်မာနိုင်ငံတွင် စိတ်ပိုင်းဆိုင်ရာ အထူးပြု ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများ ရရှိနိုင်မှုမှာ အလွန်နည်းပါးနေဆဲဖြစ်ပြီး၊ လက်နက်ကိုင်ပဋိပက္ခဒဏ်ခံနေရသော ဒေသများတွင်မူ ယင်းဝန်ဆောင်မှုများကို ရရှိရန် ပိုမိုခက်ခဲလျက်ရှိသည်။
ထိုကဲ့သို့သော အခြေအနေများတွင် လူထုအခြေပြု၍ ဒေသခံ ရိုးရာယဉ်ကျေးမှုနှင့် လူမှုအသိုင်းအဝိုင်း၏ အခြေအနေများကို ထည့်သွင်းစဉ်းစားထားသည့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနည်းလမ်းများသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်လာသည်။ ထိုနည်းလမ်းများသည် လက်ရှိ ရှိနေသော လိုအပ်ချက်များနှင့် ဝန်ဆောင်မှုကွာဟချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဒေသခံများ၏ အားသာချက်များ၊ ခံနိုင်ရည်ရှိမှုနှင့် လူမှုအထောက်အပံ့ကွန်ရက်များကို အခြေခံကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အားပေးပံ့ပိုးနိုင်သည်။
ReSPEK အစီအစဉ်
ဤလိုအပ်ချက်များအနက် အချို့ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် တိုက်ပွဲဒဏ်ရာများကြောင့် ခြေလက်ဆုံးရှုံးမှုနှင့်အတူ ဘဝကို ဆက်လက်ဖြတ်သန်းနေရသည့် လူငယ်များအတွက် Reclaiming Strength: Psychoeducational Engagement and Knowledge (ReSPEK) အစီအစဉ်ကို တီထွင်အကောင်အထည်ဖော်ခဲ့သည်။
ReSPEK အစီအစဉ်သည် အောက်ပါရည်ရွယ်ချက်များကို အဓိကထား၍ ဖော်ဆောင်ခဲ့သည် —
၁။ ခံနိုင်ရည်ရှိမှု (resilience) နှင့် ကြုံတွေ့ရသည့် အခြေအနေများကို လိုက်လျောညီထွေစွာ ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းရည်များ တည်ဆောက်ပေးခြင်း။
၂။ ခြေလက်ဆုံးရှုံးမှုအပြီး ဖြစ်ပေါ်လာနိုင်သည့် စိတ်ခံစားမှုများ၊ အတွေးအမြင်များနှင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများသည် သဘာဝဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်း နားလည်လက်ခံနိုင်ရန် ကူညီပေးခြင်း။
၃။ ရေရှည်နာကျင်မှုများနှင့် ခြေလက်မရှိသော်လည်း နာကျင်မှု သို့မဟုတ် ခံစားမှုရှိနေသကဲ့သို့ ဖြစ်ပေါ်နိုင်သည့် (phantom limb experiences) များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အထောက်အကူပြုခြင်း။
၄။ ကိုယ်ပိုင်အမှတ်အသားနှင့် မိမိကိုယ်ကို ခံယူပုံများကို ပြန်လည်တည်ဆောက်နိုင်ရန်၊ ဘဝရည်ရွယ်ချက်အသစ်များ ရှာဖွေဖော်ဆောင်နိုင်ရန် ပံ့ပိုးပေးခြင်း။
၅။ လူမှုဆက်နွယ်မှုများကို ပိုမိုခိုင်မာစေပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ပါဝင်နိုင်ရန် အားပေးပံ့ပိုးခြင်း။
၆။ ရေရှည်ရရှိမည့် အထောက်အပံ့များနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် တစ်ဦးချင်းလိုအပ်ချက်နှင့် ကိုက်ညီသည့် အစီအစဉ်များ ရေးဆွဲနိုင်ရန် ကူညီပေးခြင်း။
RESPEK သည် စိတ်ဒဏ်ရာအတွေ့အကြုံများကို တိုက်ရိုက်ပြန်လည်ဖော်ထုတ်ဆွေးနွေးသည့် (trauma-processing) အစီအစဉ် မဟုတ်ပါ။ ဤအစီအစဉ်တွင် စိတ်ဒဏ်ရာဖြစ်ရပ်များကို ပြန်လည်ရင်ဆိုင်ဖော်ထုတ်ခြင်း သို့မဟုတ် ကိုယ်ရေးဇာတ်ကြောင်းများကို အဓိကထား ပြန်လည်ဆန်းစစ်ခြင်းတို့ မပါဝင်ပေ။ ယင်းအစား ပါဝင်သူများ၏ လုံခြုံမှု၊ ကိုယ်ပိုင်ရွေးချယ်ခွင့်၊ မိမိကိုယ်ကို ယုံကြည်အားကိုးနိုင်မှုနှင့် နေ့စဉ်ဘဝတွင် အသုံးချနိုင်သည့် လက်တွေ့ကျသော ကျွမ်းကျင်မှုများ တိုးတက်လာစေရန် အလေးပေးထားသည်။
စမ်းသပ်အဆင့် အစီအစဉ်တွင် အပတ်စဉ် ပြုလုပ်သည့် ဆွေးနွေးပွဲ ၆ ကြိမ် ပါဝင်ပြီး တစ်ကြိမ်လျှင် ခန့်မှန်းခြေ ၂ နာရီကြာမြင့်သည်။ ဆွေးနွေးပွဲများကို ပါဝင်သူ ၆ ဦးမှ ၈ ဦးအထိ ပါဝင်သည့် အဖွဲ့ (closed group) ဖြင့် ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးခဲ့သည့် အကြောင်းအရာများတွင်
(က) လုံခြုံမှု၊ ပုံမှန်ဖြစ်စဉ်များအဖြစ် နားလည်လက်ခံခြင်း (Normalization) နှင့် အချင်းချင်း အားပေးဆက်သွယ်မှု၊
(ခ) နာကျင်မှုကို နားလည်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(ဂ) အတွေးများ၊ စိတ်ခံစားမှုများနှင့် အပြုအမူများအကြား ဆက်နွယ်မှု၊
(ဃ) စိတ်ဒဏ်ရာ၊ မှတ်ဉာဏ်နှင့် အဓိပ္ပာယ်ဖော်ဆောင်မှု၊
(င) ကိုယ်ပိုင်အမှတ်အသားနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ပါဝင်မှု၊
(စ) အနာဂတ်အတွက် လုပ်ဆောင်မှုအစီအစဉ် ရေးဆွဲခြင်းနှင့် အစီအစဉ်အဆုံးသတ်ခြင်းတို့ ပါဝင်သည်။
ပထမအုပ်စုတွင် အသက် ၁၈ နှစ်မှ ၂၆ နှစ်အကြားရှိ ပါဝင်သူ ၈ ဦး ပါဝင်ခဲ့သည်။ ဒုတိယစာရေးသူက RESPEK သင်ရိုးညွှန်းတမ်းကို ရေးဆွဲခဲ့ပြီး ပထမစာရေးသူက မြန်မာနိုင်ငံအတွင်းရှိ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုတွင် ဆွေးနွေးပွဲများကို ဦးဆောင်ခဲ့သည်။ အစီအစဉ်တစ်လျှောက်လုံးတွင် အကြံပေးဆွေးနွေးမှု၊ ကြီးကြပ်မှု၊ ပြန်လည်သုံးသပ်မှုနှင့် စောင့်ကြည့်လေ့လာမှုများအတွက် အပြန်အလှန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ လက္ခဏာများကို လျှော့ချရန်သာ မဟုတ်ဘဲ အသိပညာနှင့် လက်တွေ့ကျသော ကျွမ်းကျင်မှုများ တိုးတက်လာစေခြင်းမှတစ်ဆင့် ပါဝင်သူများ၏ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ပေးရန် ဖြစ်သည်။ ပါဝင်သူများသည် ဆွေးနွေးမှုများ၊ စနစ်တကျ ပြုလုပ်ထားသော လှုပ်ရှားမှုများ၊ လေ့ကျင့်ခန်းစာရွက်များနှင့် အချင်းချင်း အတွေ့အကြုံမျှဝေမှုများမှတစ်ဆင့် သင်ယူခဲ့ကြပြီး၊ လက်တွေ့အတွေ့အကြုံနှင့် ကိုယ်ပိုင်ပြန်လည်သုံးသပ်မှုတို့ ပေါင်းစပ်နိုင်သည့် နေရာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
ဤကဲ့သို့သော အစီအစဉ်များ၏ အရေးပါမှုသည် သင်ရိုးညွှန်းတမ်းများ၊ အသုံးပြုသည့် နည်းလမ်းများနှင့် ရရှိလာသည့် ရလဒ်များအတွင်းတွင်သာ တည်ရှိနေခြင်း မဟုတ်ပါ။ အမှန်တကယ်အားဖြင့် ပြန်လည်ထူထောင်ရေး၏ အနှစ်သာရမှာ ထိုအစီအစဉ်များအတွင်း ပါဝင်လာကြသည့် လူတစ်ဦးချင်းစီ၏ ဘဝအတွေ့အကြုံများ၊ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် ခံစားချက်များနှင့် ရှေ့ဆက်လျှောက်လှမ်းလိုသော မျှော်လင့်ချက်များအတွင်းတွင် ရှိနေသည်။
စာရွက်များပေါ်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များနှင့် နည်းလမ်းများ၏ နောက်ကွယ်တွင် အသက်ရှင်နေသော လူငယ်များ၏ ကိုယ်ပိုင်ဇာတ်လမ်းများ ရှိနေသည်။ ထိုဇာတ်လမ်းများကို နားထောင်ခွင့်ရခဲ့သည့် အချိန်ကာလတိုလေးအတွင်း ကျွန်တော် (ပထမစာရေးသူ) သည် ခြေလက်ဆုံးရှုံးမှုနှင့်အတူ ဘဝကို ပြန်လည်တည်ဆောက်နေကြသည့် လူငယ်များ၏ နာကျင်မှုများသာမက သူတို့၏ ခံနိုင်ရည်၊ အိပ်မက်များနှင့် မျှော်လင့်ချက်များကိုပါ တွေ့မြင်ခွင့်ရခဲ့သည်။
ယခုတွင် ထိုအချိန်ကာလတိုလေးအတွင်း တွေ့ကြုံခဲ့ရသည့် လူငယ်များ၏ ဇာတ်လမ်းအချို့ကို မျှဝေလိုသည်။
“လူရွယ်တို့နှင့် ခဏတာ”
ကျွန်တော်သည် လွန်ခဲ့သော ရက်သတ္တပတ်များက လူရွယ်တို့နှင့် အချိန်ကုန်ဆုံးခဲ့သည်။ ကျွန်တော်က လူရွယ်တို့ကို “တော်လှန်ရေးမှာ ခြေ၊ လက်၊ ကိုယ်အင်္ဂါ ပေးဆပ်ထားတဲ့ ရဲဘော်တွေ” ဟု ရည်ညွှန်းတတ်သည်။ ဤရှစ်ဦးသော လူငယ်တို့အတွက် ကျွန်တော် အမြဲဂုဏ်ယူမိသည်။ ယခု သူတို့နှင့် ဝေးကွာနေသည့်တိုင် သူတို့ကို လွမ်းဆွတ်မိနေဆဲဖြစ်သည်။
ကျွန်တော်နှင့် လူရွယ်တို့ ဆုံတွေ့ခဲ့ကြသည်မှာ အချိန်ကာလအားဖြင့် သုံးပတ်မျှသာ။ တစ်ပတ်လျှင် တွေ့ဆုံချိန် နှစ်ကြိမ်၊ တစ်ကြိမ်လျှင် နာရီအနည်းငယ်မျှသာ ဖြစ်သည်။ အချိန်အားဖြင့် တိုတောင်းလှသော်လည်း သူတို့၏ အတွေးအခေါ်၊ သူတို့၏ ခံယူချက်၊ သူတို့၏ ပြောမကုန်နိုင်သော စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းအဖုံဖုံတို့ကို ယနေ့ထိ မမေ့နိုင်သေး။
ကျွန်တော်နှင့် လူရွယ်တို့သည် ကရင်နီဒေသ၏ မှိုင်းအုံ့အုံ့ တောင်တန်းပြာများအောက်၊ ဝါးလက်ဝါးရွက်တို့ဖြင့် သာယာလှပစွာ တည်ဆောက်ထားသော ကိုယ်လက်ပြန်လည်သန်စွမ်းရေးစင်တာတွင် လေနုအေးအေး တိုက်ခတ်လေ့ရှိသည့် ညနေချမ်းအချိန်များ၌ အများအားဖြင့် ဆုံတွေ့ကာ စကားစမြည်ပြောကြလေ့ရှိသည်။
ဂီယာမကောင်းသည့် ဆိုင်ကယ်တစ်စီးဖြင့် ခဲရာခဲဆစ် သွားလာခဲ့ရသော မတ်စောက်ကြမ်းတမ်းသည့် အသွားအပြန်လမ်းခရီးကိုလည်း ယခုတိုင် မောဟိုက်စွာ ပြန်လည်မြင်ယောင်မိဆဲဖြစ်သည်။
“စာရွက်တစ်ခေါက်ချိုး”
လူရွယ်တို့နှင့် စတွေ့စတွင် အချို့လူရွယ်တို့မှာ ရှိုးတိုးရှန့်တန့်ဖြစ်နေကြပြီး၊ အချို့မှာလည်း စကားပြောရမည်ကို ရှက်ရွံ့ဟန်ရှိကြသည်။
သို့သော် လူရွယ်တို့နှင့် အချိန်တိုင်း တွေ့ဆုံရင်း၊ တွေ့ဆုံရင်း သူတို့အကြောင်းကို ပို၍ သိလာရသည်။
လူရွယ်တို့သည် နွေးထွေးသည်။
ကဗျာဆန်သည်။
ပုန်ကန်လိုစိတ်ရှိသည်။
အစောပိုင်းအချိန်များတွင် လူရွယ်တို့သည် မိမိတို့၏ စိတ်ခံစားချက်များကို ချရေးထားသည့် စာရွက်အပိုင်းငယ်လေးများကို တစ်ခေါက်ချိုးကာ လျှို့ဝှက်စွာ ပေးတတ်ကြသည်။
သို့သော် နောက်ပိုင်းအချိန်များတွင်တော့ သူတို့၏ ဘဝဇာတ်ကြောင်းများကို သူ့ထက်ငါအပြိုင် ရေပက်မဝင်၊ လွတ်လပ်ပေါ့ပါးစွာ ထုတ်ဖော်ပြောဆိုလာကြတော့သည်။
“အရင်လို”
သူတို့ပြောသော ဇာတ်လမ်းများ…
သူတို့ချရေးသော အကြောင်းအရာများ…
တစ်ခုနှင့်တစ်ခု မတူညီကြသော်လည်း တူညီနေသည့်အရာတစ်ခုတော့ ရှိသည်။
ထိုအရာမှာ “အရင်လို” ဟူသော စကားလုံးပင်။
“အရင်လို လမ်းမလျှောက်နိုင်…”
“အရင်လို မပြေးနိုင်…”
“အရင်လို ဘောလုံးမကန်နိုင်…”
“အရင်လို စိတ်သွားတိုင်း ကိုယ်မပါနိုင်…”
စသည်ဖြင့်။
သူတို့တွင် စိတ်ဝင်စားဖွယ်ရာ ဝါသနာများစွာ ရှိကြသည်။
ဘောလုံးကန်ခြင်း၊ ဂိမ်းဆော့ခြင်း၊ ငါးမျှားခြင်း၊ မီးပုံးပျံလုပ်ခြင်း၊ အင်္ဂလိပ်စာလေ့လာခြင်း…
စသည်… စသည်။
“လူရွယ်နှင့် ဇာမဏီငှက်”
တစ်ရက်…
ကျွန်တော်သည် လူရွယ်တို့ကို စာရွက်ပေါ်တွင် ငှက်တစ်ကောင်ပုံ ရေးခြစ်ပြသည်။
ထိုအခါ လူရွယ်တို့က ဒဏ္ဍာရီလာ ဇာမဏီငှက် (phoenix) ဟု တညီတညွတ်တည်း ဆိုကြသည်။ သူတို့သိရှိနားလည်ထားကြသဖြင့် ကျွန်တော့်မှာ ဝမ်းသာမိသည်။
ဇာမဏီငှက်သည် စိတ်ဓာတ်ကြံ့ကြံ့ခံနိုင်မှု (resilience) ၏ ပြယုဂ်ဖြစ်သည်။
ဇာမဏီတို့သည် မီးလျှံများကြားကပင်…
ပြာပုံများအကြားကပင်…
အသစ်တဖန် ပြန်လည်မွေးဖွားကာ ရှင်သန်ထမြောက်ပြီး ခရီးဆက်ကြသည်။
ထိုပုံရိပ်ကို ဥပမာထားကာ လူရွယ်တို့သည်လည်း ခြေ၊ လက် ဆုံးရှုံးရသည့်တိုင် “အရင်လို မလုပ်နိုင်တော့” ဟူသော အခြေအနေမှ ရုန်းထွက်ကာ မတူညီသော ဘဝပုံစံသစ်တစ်ခုဖြင့် တစ်မျိုးတစ်ဖုံ လုပ်ဆောင်နိုင်စွမ်းရှိကြောင်း စိတ်ဓာတ်ခွန်အားပေးခဲ့ရသည်။
ထို့နောက် မည်သို့မည်ပုံ ဆက်လက်လုပ်ဆောင်နိုင်မည်ကိုလည်း အတူတကွ ဝိုင်းဝန်းအဖြေရှာခဲ့ကြသည်။
“နိုးထချင်သော အိပ်မက်ကလေးတစ်ခု”
“ဒါဟာ အိပ်မက်တစ်ခုသာဆိုရင်… မနက်ဖြန် ကျွန်တော် နိုးထလာတဲ့အခါ ကျွန်တော့်ခြေထောက်ကလေး ပြန်ပေါက်လာကောင်းပါရဲ့…”
သူတို့ထဲက တစ်ဦးက ဤသို့ ရေးသားခဲ့သည်။
တိုက်ပွဲအတွင်း ကိုယ်အင်္ဂါ၊ ခြေ၊ လက်တို့ကို ပေးဆပ်ခဲ့ရသော ရဲဘော်များအတွက် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များသာမက စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှုသည်လည်း အထူးအရေးကြီးလှသည်။
ရဲဘော်တို့သည် ဒဏ်ရာရရှိခဲ့သည့်အချိန်မှ ယနေ့အချိန်အထိ မတူညီသော အချိန်ကာလများအတွင်း မယုံကြည်နိုင်မှု၊ စိတ်ဆိုးဒေါသထွက်မှု၊ စိတ်ဓာတ်ကျဆင်းမှု စသည့် ပူဆွေးသောကဖြစ်စဉ် (grief cycle) များကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ကြသည်။
သူတို့ထဲမှ အချို့သည် နားလည်လက်ခံနိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေကြသော်လည်း ရံဖန်ရံခါ စိုးရိမ်ပူပန်မှုများ၊ စိတ်ဓာတ်ကျဆင်းမှုများသည် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ပြောကြသည်။
“နို့ညှာကလေးငယ်”
ဘဝတစ်လျှောက် လိုချင်သမျှ ရရှိခဲ့သော အငယ်ဆုံးကလေးတစ်ဦး၏ ဘဝထဲသို့ ညီငယ်တစ်ဦး ရောက်ရှိလာသောအခါ အမြဲလိုတရနေသော အခြေအနေမှ ညီငယ်ကို ညှာတာစောင့်ရှောက်ရသည့် နို့ညှာတစ်ဦးအဖြစ် ပြောင်းလဲရသကဲ့သို့…
ခြေလက်အင်္ဂါကို စွန့်လွှတ်ခဲ့ရသော ကျွန်တော်၏ လူငယ်တို့၏ ဘဝတွင်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်… ဖြစ်ပေါ်နေဆဲဖြစ်သည်… ဖြစ်ပေါ်လာဦးမည်ဟု ကျွန်တော် ယုံကြည်သည်။
တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါ ပေးဆပ်လိုက်ရသည့်အခါ လူငယ်တို့ ကြုံတွေ့လာရသည့် ဘဝအခန်းကဏ္ဍ ပြောင်းလဲမှုများကို သူတို့ကိုယ်တိုင် သတိပြုမိစေချင်သည်။
တစ်ချိန်တည်းမှာပင် မပြောင်းမလဲ ဆက်လက်တည်ရှိနေသည့် အရာများလည်း ရှိနေကြောင်း နားလည်စေချင်သည်။
ထိုကဲ့သို့သော အခန်းကဏ္ဍပြောင်းလဲမှုများ (identity & social role changes) နှင့် ကြုံတွေ့ရသည့်တိုင် ရှေ့ဆက်ဘဝကို ရဲဝံ့ယုံကြည်မှုရှိစွာ မည်သို့ လျှောက်လှမ်းကြမည်ကို ကျွန်တော်တို့ အတူတကွ အဖြေရှာခဲ့ကြသည်။
လူရွယ်တစ်ဦးချင်းစီတွင် လူမျိုး၊ ဘာသာ၊ ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်း၊ မိသားစု၊ လိင်နှင့် လိင်စိတ်ခံယူမှု စသည့် အခန်းကဏ္ဍများစွာတွင် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို သူတို့၏ ကိုယ်ပိုင်ဘဝဇာတ်လမ်းများနှင့် ဆက်စပ်ကာ ဖော်ထုတ်ပြောပြခဲ့ကြသည်။
မည်သို့ပင် ပြောင်းလဲပါစေ…
သူတို့သည် မိခင်ဖခင်တို့၏ ချစ်လှစွာသော သားများဖြစ်နေဆဲ။
တစ်စုံတစ်ဦး၏ ချစ်ရသူများ ဖြစ်နေဆဲ။
တစ်စုံတစ်ယောက်၏ အားကိုးရာများ ဖြစ်နေဆဲ။
ထိုအရာများမှာ မပြောင်းမလဲ ရှိနေနိုင်ကြောင်း လူရွယ်တို့ကို သိစေခဲ့သည်။
လူရွယ်တို့ သိကြသည်။
လူရွယ်တို့ ဝမ်းမြောက်ကြသည်။
“လူရွယ်နှင့် ပြောရဲဆိုရဲခြင်း”
ကျွန်တော်သည် ထိုရက်များအတွင်း “မိမိလိုအင်ကို အားမနာတမ်း ကောင်းမွန်စွာ ဖွင့်ဟပြောဆိုခြင်းအနုပညာ” (assertive communication) ကိုလည်း သင်ကြားပေးခဲ့သည်။
မိမိကိုယ်တိုင် လုပ်ဆောင်နိုင်သည့် နေ့စဉ်လုပ်ငန်းတစ်ခုကို အခြားသူတစ်ဦးက စေတနာလွန်ကဲစွာ ဖေးမကူညီပေးလွန်းသဖြင့် မသက်မသာဖြစ်နေသော လူငယ်တစ်ဦးအား—
“ကျွန်တော် အဆင်ပြေပါတယ်…”
“ဒီအရာကို ကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်…”
“အကူအညီလိုအပ်တဲ့အခါ အကူအညီတောင်းပါမယ်…”
ဟု မိမိခံစားချက်နှင့် လိုအပ်ချက်များကို ကောင်းမွန်စွာ ထုတ်ဖော်ပြောဆိုနိုင်ကြောင်း လမ်းပြပေးခဲ့ရသည်။
“နာကျင်မှုအကြောင်း သင်ခန်းစာ”
“ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကြီးက နာကျင်မှုပုံစံတွေကို မှတ်သားထားတယ်…
ဒါတွေကို…
ဒီလို ထပ်တလဲလဲ ဖြစ်ပေါ်နေတဲ့ ပုံစံတွေကို ကျွန်တော်တို့ သိထားမယ်ဆိုရင် နာကျင်မှုကို အထိုက်အလျောက် ပြေလျော့အောင် ထိန်းချုပ်နိုင်တယ်…”
ဘုတ်ပြားပေါ်တွင် ကျွန်တော် ဤသို့ ရေးသားပြသည်။
ထိုအခါ လူရွယ်တို့ အလွန်စိတ်ဝင်စားကြသည်။
ထိန်းချုပ်၍ မရနိုင်တော့သလို…
“ဖြစ်ချင်ရာဖြစ်ပါစေ…”
“နာချင်သလောက် နာပါစေ…”
ဟု စိတ်လျှော့ထားခဲ့ရသော နာကျင်မှုကို မည်သို့ နားလည်ပြီး သက်သာအောင် နေထိုင်နိုင်မည်ကို ဝမ်းမြောက်စွာ သင်ယူကြသည်။
ဆေးဝါးအကူအညီ၊ အပူအအေးကပ်ခြင်း၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ စသည့် နည်းလမ်းများကို မှတ်သားကြသည်။
စိတ်ပိုင်းဆိုင်ရာ နည်းလမ်းများထဲမှ အသက်ရှုလေ့ကျင့်ခန်း၊ အာရုံလွှဲခြင်း၊ ခန္ဓာကိုယ်အဆင့်ဆင့် အကြောဖြေလျော့ခြင်းတို့ကိုလည်း အတူတကွ လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် ကြွက်သားဆုံးရှုံးမှုနှင့် နာကျင်မှုသည် တိုက်ရိုက်အချိုးမကျကြောင်းကိုလည်း ရှင်းလင်းပြခဲ့သည်။
ထို့ကြောင့်—
“မင်းက ငါ့ထက် ဒဏ်ရာရတာနည်းလို့ ငါ့လောက် နာကျင်မှာ မဟုတ်ဘူး…”
“ငါက ပိုထိထားလို့ ငါက ပိုနာတယ်…”
စသည်ဖြင့် အချင်းချင်း တမင်ဖြစ်စေ၊ မသိနားမလည်၍ စနောက်ခြင်းဖြင့်ဖြစ်စေ ခွဲခြားမှု မပြုသင့်ကြောင်း လူရွယ်တို့ နားလည်လာကြသည်။
နာကျင်မှုသင်ခန်းစာအတွင်း “မရှိတော့သည့် ခြေထောက်နေရာတွင် နာကျင်မှုခံစားရခြင်း” (Phantom limb pain) အကြောင်းကို လူရွယ်တို့ အထူးစိတ်ဝင်စားခဲ့ကြသည်။
လူရွယ်ရှစ်ဦးတွင် ရှစ်ဦးစလုံးသည် ထိုခံစားမှုကို ခံစားရကြောင်း၊ သို့မဟုတ် ယခင်က ခံစားခဲ့ဖူးကြောင်း တခုတ်တရ ပြောပြကြသည်။
ထို့ပြင် စိတ်ခံစားချက်အပေါ် မူတည်၍လည်းကောင်း…
ရာသီဥတု အပူအအေးအပေါ် မူတည်၍လည်းကောင်း…
မနက်၊ နေ့လယ်၊ ည အချိန်ကာလအပေါ် မူတည်၍လည်းကောင်း…
နာကျင်မှု၏ အဆင့်၊ အပြင်းအပျော့တို့ ပြောင်းလဲနိုင်ကြောင်း သူတို့၏ ကိုယ်တွေ့အတွေ့အကြုံများနှင့်အတူ နားလည်လာကြသည်။
“လူရွယ်တစ်ဦး၏ ဖြစ်ရပ်တစ်ခု”
“ကျွန်တော်သည်… အရင်ကလို သူငယ်ချင်းအိမ် အလည်အပတ် မသွားချင်တော့ပါ…
အကြောင်းမူကား…
လမ်းတွေ့လမ်းလာ လူတွေက ကျွန်တော့်ကို ကြည့်ကြသည်…
သူတို့ရဲ့ အကြည့်တွေက ကျွန်တော့်ရဲ့ အားနည်းချက်တစ်စုံတစ်ရာကို ကြည့်နေသလို ခံစားရသည်…
ကျွန်တော်ပဲ စိတ်ထင်နေတာလား…
တကယ်လား…
ကျွန်တော်ကိုယ်တိုင် ခွဲခြားမရတော့ပါ…
အဲဒီအချိန်တိုင်း ကျွန်တော် ရှက်မိသည်…
စိတ်ဖိစီးမှု အလွန်ခံစားရသည်…
နောက်ဆုံးတော့ အပြင်ထွက်တာထက် အိမ်ထဲမှာပဲ နေဖို့ ရွေးချယ်ဖြစ်လာသည်…”
အထက်ပါ ဖြစ်ရပ်သည် လူရွယ်များစွာတွင် အလားတူ ခံစားနေရသည်ကို ကျွန်တော် သိရှိခဲ့ရသည်။
ထိုအခါ သူတို့အနေဖြင့် ထိုအခြေအနေကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန် အတွေးပြောင်းလဲခြင်းဆိုင်ရာ သင်ခန်းစာများကို မျှဝေပေးခဲ့သည်။
လူရွယ်တို့ ဒဏ်ရာရချိန်တွင် သူငယ်ချင်းတစ်ဦးက လာရောက်မတွေ့နိုင်သည့်အခါ ရုတ်တရက် ဖြစ်ပေါ်လာသည့် အပျက်သဘောဆောင်သော အတွေးများကြောင့်—
ဝမ်းနည်းခြင်း၊
အထီးကျန်ခြင်း၊
အငြင်းပယ်ခံရသကဲ့သို့ ခံစားရခြင်း
စသည့် စိတ်ခံစားချက်များ ဖြစ်ပေါ်လာနိုင်သည်။
ထိုမှတစ်ဆင့် အပျက်သဘောဆောင်သော အပြုအမူများကို ဆက်လက်လုပ်ဆောင်မိနိုင်သည်။
ထိုအချိန်တွင် လက်တွေ့ဆန်သော၊ တစ်နည်းအားဖြင့် “ကြားချတွေးခြင်း” ဟုခေါ်နိုင်သည့် မျှတသောအတွေးတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ရန် လေ့ကျင့်ပေးခဲ့သည်။
ဥပမာ—
“ငါ့သူငယ်ချင်းက ငါ့ကို ဂရုမစိုက်လို့ မလာတာ မဟုတ်နိုင်ဘူး…
သူ့ဘဝမှာ မမြင်နိုင်တဲ့ အကြောင်းရင်းတချို့ကြောင့် အခုအချိန်မှာ မလာနိုင်သေးတာ ဖြစ်နိုင်တယ်…”
ဟု မျှတစွာ ပြန်လည်တွေးနိုင်ပါက အစောပိုင်းက ပူလောင်နေသော အပျက်သဘောဆောင်သည့် အတွေးများ၊ စိတ်ခံစားချက်များနှင့် အပြုအမူများသည် အနည်းငယ်ပင်ဖြစ်စေ လျော့ပါးသွားနိုင်သည်။
ထိုသင်ခန်းစာငယ်လေးကို မျှဝေပေးရခြင်းပင် ကျွန်တော့်အတွက် တန်ဖိုးရှိလှသည်။
အစောပိုင်းဖော်ပြခဲ့သည့် အခြားဖြစ်ရပ်များကိုလည်း ထိုနည်းလမ်းဖြင့် လေ့ကျင့်စေခဲ့သည်။
“အခြားသော စကြဝဠာ မှာ ခဏတာ”
လူရွယ်တို့နှင့် တွေ့ဆုံခဲ့ကြသည့် အတောအတွင်း ဤအပိုင်းသည် ကျွန်တော်၏ တစ်ကိုယ်ရေ အနှစ်သက်ဆုံး အပိုင်းတစ်ခု ဖြစ်သည်။
ကျွန်တော်သည် လူရွယ်တို့ကို ဦးဆောင်ကာ ၄-၇-၈ အသက်ရှုလေ့ကျင့်ခြင်း၊ ကြွက်သားများကို အဆင့်ဆင့် ဖြေလျော့ခြင်း (progressive muscle relaxation)၊ စိတ်ကို လက်ရှိအချိန်တွင် အခြေချစေသည့် နည်းလမ်း (grounding technique) များကို အတူတကွ ပြုလုပ်စေခဲ့သည်။
ကြိုတင်အသံသွင်းထားသည့် နည်းပြဆရာမ၏ အသံချိုချိုနှင့် ညွှန်ကြားမှုအောက်တွင် လူရွယ်တို့သည် မျက်လွှာများကို ချကြသည်။
အသက်ရှုသွင်းခြင်း…
အသက်ရှုထုတ်ခြင်း…
အသက်ရှုခြင်းတစ်ခုချင်းစီအပေါ် သတိကပ်လာကြသည်။
ထို့နောက် တင်းကျပ်ဖိစီးနေသော ကိုယ်ခန္ဓာ၏ ဒဏ်ရာများနှင့် စိတ်၏ ဒဏ်ချက်များကို တစ်ဆင့်ချင်း ဖြေလျော့လာကြသည်။
ညချမ်းအချိန်…
ကောင်းကင်ထက်တွင် လမင်းနှင့် ကြယ်တာရာများသည် ဝါးရုံများကြားမှ ကြိုကြားကြိုကြား လင်းလက်နေကြသည်။
ညချမ်းလေပြေကလည်း တသုန်သုန် တိုက်ခတ်နေသည်။
နည်းပြဆရာမ၏ နူးညံ့သော အသံဖြင့် ညွှန်ကြားချက်များကို လိုက်နာရင်း…
ကျွန်တော်တို့အားလုံးသည် အခြားသောကမ္ဘာတစ်ခုသို့…
အခြားသော ယူနီဗာ့စ်တစ်ခုသို့…
သို့မဟုတ် အာကာသဟင်းလင်းပြင်တစ်ခုခုသို့ ရောက်ရှိသွားသကဲ့သို့ ထူးခြားစွာ ခံစားခဲ့ကြရသည်။
ထိုအချိန်ခဏလေးတွင်—
လူရွယ်တို့ အေးချမ်းပါစေ…
လူရွယ်တို့ နွေးထွေးပါစေ…
“အနာဂတ်အိမ်ကလေးကို ပုံဖော်ကြည့်ရအောင်”
လူရွယ်တို့တွင် အိပ်မက်များစွာ ရှိကြသည်။
အိပ်မက်များကို ထိခိုက်ဆုံးရှုံးခဲ့ရသည့်တိုင်…
သူတို့သည် အိပ်မက်ကိုယ်စီကို မက်နေဆဲဖြစ်သည်။
“ဒီတော်လှန်ရေး မပြီးမချင်း ရဲဘော်ပဲ ဆက်လုပ်မယ်…
တော်လှန်ရေးနိုင်ရင် နားမယ်…” ဟု တစ်ဦးက ဆိုသည်။
အချို့က—
“ဒရုန်းပြန်မောင်းမယ်… တစ်ဖက်တစ်လမ်းက တာဝန်ထမ်းဆောင်နိုင်တာတွေကို ပြန်လုပ်မယ်…”
ဟု ပြောကြသည်။
လူရွယ်တစ်ဦးကတော့—
“ကျွန်တော် အင်္ဂလိပ် စာတတ်ချင်တယ်… ပြီးတော့ အမေနဲ့အတူ ပျော်ပျော်နေချင်တယ်…”
ဟု စာရွက်ပေါ်တွင် ချရေးသည်။
တစ်ဦးကတော့ အားနှင့်မာန်နှင့်—
“တစ်နှစ်အတွင်း ခြေထောက်ပြန်ကောင်းအောင် ကြိုးစားမယ်… ခြေထောက်ပြန်ကောင်းရင် ရဲဘော်ပြန်လုပ်မယ်…”
ဟု ရေးသားသည်။
အိပ်မက်ကိုယ်စီနှင့် လူရွယ်တို့တွင် ဘဝအတွက် တန်ဖိုးထားရသည့် အရာများ ကိုယ်စီရှိကြသည်။
မိသားစု…
ကိုယ်ချင်းစာတရား…
တရားမျှတမှု…
လွတ်လပ်ခွင့်…
စသည်… စသည်။
“သူငယ်ချင်းသို့ပေးစာ”
လူရွယ်တို့သည် ခံစားချက်ပြင်းပြသည်။
လူရွယ်တို့သည် ခံယူချက်ပြင်းထန်သည်။
လူရွယ်တို့သည် သတ္တိရှိကြသည်။
ကိုယ်တိုင် ကြုံတွေ့နေရသည့် အခြေအနေများမှ ရုန်းထွက်ရန် ကြိုးစားကြသကဲ့သို့…
ဘဝတူ “တော်လှန်ရေးမှာ ခြေ၊ လက်၊ ကိုယ်အင်္ဂါ ပေးဆပ်ထားတဲ့ ရဲဘော်တွေ” အတွက်လည်း အားပေးအကြံပြုစာများ ရေးသားပေးပို့ခဲ့ကြသေးသည်။
“(၆) ရက်မြောက်သောနေ့”
ဒီနေ့ သူတို့နှင့် တွေ့ဆုံခဲ့သည်မှာ ခြောက်ရက်မြောက်နေ့…
တစ်နည်းအားဖြင့် နောက်ဆုံးနေ့…
ယနေ့တွင် သူတို့နှင့် ခွဲခွာရတော့မည်။
နောက်ဆုံးအကြိမ်အဖြစ် လက်ဆောင်ငယ်လေးတစ်ခု ပေးမည်ဟု ကျွန်တော် စိတ်ကူးထားသည်။
“စိတ်ခံစားချက်တွေကို ရေးမှတ်ရအောင်”
ဟူသော ခေါင်းစဉ်ပါသည့် ရောင်စုံစာရွက်လှလှလေးများနှင့် ဘောပင်မင်နက်တစ်ချောင်းစီကို တစ်ဦးချင်းစီ ပေးမည်ဟု ရည်ရွယ်ထားသည်။
ဒီလိုဆိုလျှင်…
ကျွန်တော်နှင့် မတွေ့ရတော့မည့် နောက်အချိန်များတွင် သူတို့ဘဝထဲ၌ ရင်ဖွင့်ချင်စရာ၊ အားငယ်စရာ၊ ချရေးချင်စရာ တစ်စုံတစ်ရာများ ရှိလာသည့်အခါတိုင်း…..
ထိုစာရွက်လေးများကို ထုတ်ယူကာ မီးရောင်မိတ်တုတ်မိတ်တုတ်အောက်တွင် သူတို့၏ စိတ်ခံစားချက်များကို ကိုယ်စီ ချရေးနိုင်ပေလိမ့်မည်။
ထို့နောက် စာရွက်ကို တစ်ခေါက်ချိုးပြီး ခေါင်းအုံးအောက်တွင် ထားကာ…
စိတ်လက်ပေါ့ပါးစွာ အိပ်ရာဝင်နိုင်ပေလိမ့်မည်။
ReSPEK အစီအစဉ်၏ ရှေ့ဆက်လမ်းကြောင်း
မြန်မာနိုင်ငံတွင် ပထမဆုံး ReSPEK အဖွဲ့အစည်းအစီအစဉ်ကို ဆောင်ရွက်နေစဉ်အတွင်း MCPC သည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စခန်းတစ်ခုတွင် နေထိုင်ပြီး ခြေလက်ဆုံးရှုံးထားသူများအတွက်လည်း အဆိုပါအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။ မကြာသေးမီက စခန်းအာဏာပိုင်များက ပြင်ပမှ လာရောက်ကူညီပေးသူများ၏ ဝင်ရောက်မှုကို ခွင့်မပြုတော့သည့် မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့သဖြင့် ထိုနေရာတွင် ဆောင်ရွက်နေသော အစီအစဉ်ကို ယာယီရပ်နားထားရသည်။ အခြေအနေများ ဆက်လက်ပြောင်းလဲနေသည့်အလျောက် အနာဂတ်တွင် ပြန်လည်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ထားသည်။
လက်ရှိအချိန်တွင် ReSPEK ကို သင်ယူမှုနှင့် အထောက်အပံ့ပေးမှုအစီအစဉ်တစ်ရပ်အဖြစ် လက်ခံလိုသော အခြားလူမှုအသိုင်းအဝိုင်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆက်လက်ရှာဖွေလျက်ရှိသည်။ နေရာဒေသများ ပြောင်းလဲနိုင်သော်လည်း အဓိကလိုအပ်ချက်မှာ မပြောင်းလဲပါ—ခြေလက်ဆုံးရှုံးထားသူများအနေဖြင့် သင်ယူနိုင်ရန်၊ အချင်းချင်း ဆက်သွယ်အားပေးနိုင်ရန်နှင့် မျှော်လင့်ချက်ဖြင့် ရှေ့ဆက်နိုင်ရန် အထောက်အကူပြုသည့် နေရာများ ဖန်တီးပေးခြင်း ဖြစ်သည်။
ဤဆောင်းပါးသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူ လူမှုအသိုင်းအဝိုင်းများအတွက် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုရေးအထောက်အပံ့ဝန်ဆောင်မှုများအကြောင်း တင်ပြနေသည့် ဆောင်းပါးအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လက်တွေ့လုပ်ငန်းအတွေ့အကြုံများ၊ လူထုအခြေပြုအစီအစဉ်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များမှတစ်ဆင့် ဤအစဉ်သည် နေရပ်ရွှေ့ပြောင်းမှု၊ ပဋိပက္ခနှင့် လူမှုရေးပြောင်းလဲမှုများ၏ သက်ရောက်မှုခံနေရသော အခြေအနေများတွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်လူမှုရေးအထောက်အပံ့များ ရရှိနိုင်မှုကို တိုးချဲ့ရန် ကြိုးပမ်းမှုများကို လေ့လာတင်ပြထားသည်။
P. T. Hmue, MBBS သည် လက်ရှိတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်တစ်ဦးအဖြစ် ကြီးကြပ်မှုအောက်တွင် အကြံပေးဆွေးနွေးရေး ဝန်ဆောင်မှုများ ပေးအပ်နေပြီး Myanmar Clinical Psychology Consortium (MCPC) မှတစ်ဆင့် အဆင့်မြင့်လေ့ကျင့်သင်ကြားမှုများကို ဆက်လက်ရယူနေသည်။ သူသည် လူနာများကို ဘက်စုံစောင့်ရှောက်မှုပေးနိုင်ရန် ဆေးဘက်ဆိုင်ရာ လုပ်ငန်းခွင်အတွင်း ဆေးဘက်နှင့် အကြံပေးစိတ်ပညာတို့ကို ပေါင်းစပ်အသုံးချနိုင်ရေးကို စိတ်ဝင်စားသည်။ ReSPEK တွင် ပါဝင်ခဲ့သည့် လူငယ်များကဲ့သို့ပင် သူသည် မိမိ၏ အနာဂတ်ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းလမ်းကြောင်းအပေါ် ဆက်လက်စဉ်းစားသုံးသပ်လျက်ရှိသည်။
Maha Y. See, PsyD သည် Myanmar Clinical Psychology Consortium (MCPC) ၏ တည်ထောင်သူ၊ ဒါရိုက်တာနှင့် ဆရာအဖွဲ့ဝင်ဖြစ်သည်။ နှစ်ပေါင်း ၃၀ ကျော် လူမှုအသိုင်းအဝိုင်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှစ၍ စိတ်ကျန်းမာရေးနယ်ပယ်တွင် တက်ကြွစွာ လုပ်ကိုင်လာခဲ့သည်။ မြန်မာနိုင်ငံတွင် မွေးဖွားကာ ပညာသင်ယူခဲ့ပြီးနောက် စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုတွင် ဆက်လက်ပညာသင်ယူခဲ့သည်။ သူ၏လုပ်ငန်းများတွင် ဆေးခန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပညာရေး၊ လေ့ကျင့်သင်ကြားရေး၊ သုတေသနနှင့် ယဉ်ကျေးမှုအမျိုးမျိုးရှိသော လူပုဂ္ဂိုလ်များနှင့် လူမှုအသိုင်းအဝိုင်းများအတွက် လူထုအခြေပြု စိတ်ကျန်းမာရေးအစီအစဉ်များ ပါဝင်သည်။
မြန်မာ စိတ်ပညာကုထုံး ပညာရှင်များ ပူးပေါင်းအဖွဲ့ (Myanmar Clinical Psychology Consortium) အကြောင်း
မြန်မာ စိတ်ပညာကုထုံး ပညာရှင်များ ပူးပေါင်းအဖွဲ့ (MCPC) ကို ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့သည်။ စိတ်ကျန်းမာရေးပညာရေးတွင် ရှိနေသော ကွာဟချက်များကို ဖြည့်ဆည်းပေးရန်နှင့် အချင်းချင်း ပြန်လည်မျှဝေကူညီသည့် ရေရှည်တည်တံ့သော သင်ယူမှုအသိုင်းအဝိုင်းတစ်ရပ် တည်ဆောက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စေတနာ့ဝန်ထမ်းပညာရှင်များနှင့် နိုင်ငံတကာကျွမ်းကျင်သူကွန်ရက်၏ ပံ့ပိုးမှုဖြင့် MCPC သည် ဆေးဘက်ဆိုင်ရာနှင့် အကြံပေးစိတ်ပညာနယ်ပယ်များတွင် အခမဲ့ပညာရေး၊ လေ့ကျင့်သင်ကြားမှု၊ ကြီးကြပ်မှုနှင့် လူထုအခြေပြု သုတေသနအခွင့်အလမ်းများကို ပေးအပ်လျက်ရှိသည်။
လူမှုဆက်သွယ်ရေးကွန်ရက်များမှတစ်ဆင့် ရရှိသော အလှူငွေများ၏ ပံ့ပိုးမှုဖြင့် MCPC သည် မြန်မာနိုင်ငံ၏ အချို့ဒေသများနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူ အသိုင်းအဝိုင်းများအတွက် လူထုဆက်သွယ်ရေးလုပ်ငန်းများ၊ စိတ်ကျန်းမာရေးပညာပေးမှုများ၊ စိတ်လူမှုရေးအထောက်အပံ့နှင့် ကျန်းမာချမ်းသာရေးအစီအစဉ်များအထိ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လာခဲ့သည်။
ကျေးဇူးတင်လွှာ (Acknowledgements)
Reclaiming Strength: Psychoeducational Engagement and Knowledge (ReSPEK) အစီအစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသော အဂ္ဂ ပညာရေး အထောက်အပံ့ အဖွဲ့ – ယူကေ/UK နှင့် နန်းဖြူ ပညာရေး အထောက်အပံ့ အဖွဲ့ – နယူးယောက်/NY တို့အား စာရေးသူများက အထူးကျေးဇူးတင်ရှိပါသည်။