စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် အနုပညာ၊ ဂီတနှင့် လှုပ်ရှားမှုအခြေပြု ချဉ်းကပ်ပုံ နည်းလမ်းတစ်ခုကို Lilly T. Aung နှင့် Maha Y. See မှ ရှင်းလင်းဖော်ပြထားပါသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ ထောင်နှင့်ချီသော ကလေးငယ်များသည် နေရပ်စွန့်ခွာရခြင်း၊ မိသားစုနှင့် ကွဲကွာရခြင်း၊ ပညာရေး ပြတ်တောက်ရခြင်းနှင့် ရေရှည်မရေရာမှုများကို ကြုံတွေ့နေရသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုများသည် အစားအစာ၊ အမိုးအကာနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတို့ကိုသာ အဓိကထားလေ့ရှိသော်လည်း၊ စိတ်လူမှုရေးဆိုင်ရာ သုခချမ်းသာ (psychosocial well-being) သည်လည်း ထို့အတူပင် အရေးကြီးပါသည်။ ဤဆောင်းပါးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဘန်မိုင်နိုင်စွိုင် (Ban Nai Soi) ဒုက္ခသည်စခန်းမှ နေရပ်စွန့်ခွာရွှေ့ပြောင်းရသော ကလေးငယ်များနှင့်အတူ ကုထုံးဆိုင်ရာ ဖန်တီးမှုအနုပညာ လှုပ်ရှားမှုများ (Therapeutic Expressive Activities – TEA) အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပုံကို ဖော်ပြထားပြီး၊ အနုပညာကို အခြေခံသည့် စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုမှတစ်ဆင့် ကျွန်ုပ်တို့ လေ့လာတွေ့ရှိခဲ့ရသည်များကို ပြန်လည်သုံးသပ် တင်ပြထားပါသည်။
တည်နေရာ
ဘန်မိုင်နိုင်စွိုင် သည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်တွင် တည်ရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်။ ထိုရွာမကြီးမှ သုံးကီလိုမီတာခန့်အကွာ၊ ချောင်းတစ်ခု၏ တစ်ဖက်ကမ်းတွင် မြန်မာဒုက္ခသည်စခန်းတစ်ခု တည်ရှိသည်။ ၎င်းကို ဘန်မိုင်နိုင်စွိုင် ဒုက္ခသည်စခန်းဟု အများသိကြသည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံဘက် နယ်စပ်အနီးတလျှောက် ဒုက္ခသည်စခန်းတစ်ခုကို စတင်တည်ထောင်ခဲ့သော်လည်း ယနေ့အချိန်တွင် ထိုနေရာ၌ မည်သူမျှ ကြာရှည်နေထိုင်နိုင်ခြင်း မရှိကြပါ။ ယခုအခါ ၎င်းနေရာသည် စစ်ရေးနှင့် နိုင်ငံရေးအကြမ်းဖက်မှုများမှ ထွက်ပြေးတိမ်းရှောင် လာကြသည့် အရပ်သားပြည်သူများအတွက် ခေတ္တနားခိုရပ်နားရာ စခန်းတစ်ခု အဖြစ်သာ အသုံးပြုတော့သည်။
ယနေ့တွေ့မြင်နေရသည့် ဘန်မိုင်နိုင်စွိုင် ဒုက္ခသည်စခန်းသည် ထိုင်းနိုင်ငံအတွင်းရှိ လက်ရှိနေရာ၌ အခြေချနေထိုင် နိုင်ရန် မတိုင်မီ အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ရသည်။ အချိန်ကာလကြာလာသည်နှင့်အမျှ ယင်းစခန်းသည် ရွာတစ်ရွာနှင့် ပိုမိုဆင်တူလာပြီး အဓိကအားဖြင့် ကရင်နီလူမျိုးများ နေထိုင်ကြကာ ကရင်၊ ရှမ်း နှင့် ဗမာ စစ်ဘေးဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများလည်း နေထိုင်ရာနေရာ ဖြစ်လာသည်။
လက်ခံအဖွဲ့အစည်း
ဘန်မိုင်နိုင်စွိုင် စခန်းအတွင်း တရားဝင်ကျောင်းများ မရှိပါ။ ယင်းအစား ဒေသခံကရင်နီအသိုင်းအဝိုင်းက စီမံခန့်ခွဲပြီး ပြည်ပရောက် ကရင်နီလူမျိုးများ၏ ပံ့ပိုးမှုဖြင့် လည်ပတ်နေသော Karenni Baptist Association Ebenezer Church (KBAEC) သည် ကလေးငယ်များအတွက် ပညာရေးကို ပံ့ပိုးပေးနေသည်။ KBAEC သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ ၂၅ နှစ်မြောက် ရွှေရတုအထိမ်းအမှတ်ပွဲ (jubilee) နှစ်ပတ်လည်ကို ကျင်းပခဲ့သည်။
ပထမစာရေးသူနှင့် သူမ၏ ပရော်ဖက်ရှင်နယ်ချိတ်ဆက်မှုတစ်ခုမှတဆင့် Myanmar Clinical Psychology Consortium (MCPC) သည် ဘုရားကျောင်းနှင့် ၎င်း၏လူထုအသိုင်းအဝိုင်းနှင့်အတူ လက်တွဲလုပ်ဆောင်ရန်အတွက် ဖြစ်ပေါ်လာခဲ့သည်။ ဒုတိယစာရေးသူက ဖော်ဆောင်ထားသော MCPC ၏ Therapeutic Expressive Activities (TEA) အစီအစဉ်အပါအဝင် အပြန်အလှန် ဆက်သွယ်မှုများစွာ ပြုလုပ်ပြီးနောက် ဤအစီအစဉ်ကို လက်ခံကျင်းပရန် သဘောတူညီခဲ့ကြသည်။
ဆရာ/ဆရာမအချို့သည် TEA လှုပ်ရှားမှုအတော်များများတွင် တက်ကြွစွာ ပံ့ပိုးကူညီပေးခဲ့ကြသည်။ သူတို့၏ ပါဝင်ကူညီမှုကြောင့် ဤလုပ်ငန်းများကို လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများကို ရရှိစေခဲ့ပြီး နောင်တွင် ၎င်းတို့ဘာသာ သီးခြားလွတ်လပ်စွာ ပြန်လည်အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
ကလေးငယ်များ
TEA အစီအစဉ်တွင် ကလေးငယ် ၁၈ ဦး ပါဝင်ခဲ့ကြပြီး သူတို့၏ အသက်အရွယ်မှာ ၈ နှစ်မှ ၁၂ နှစ် အတွင်း ဖြစ်သည်။ သူတို့အားလုံးသည် KBAEC အသင်းတော်မှဖြစ်ပြီး အချို့မှာ ဘန်နိုင်စွိုင်ရှိ တရားဝင် ထိုင်းအစိုးရကျောင်းတွင်လည်း တက်ရောက်နေကြသည်။ သူတို့အားလုံးသည် အိုးအိမ်စွန့်ခွာ နေရပ် ရွှေ့ပြောင်းလာကြရသူများ ဖြစ်သည်။ အချို့ကလေးများသည် စခန်းအတွင်း၌ပင် မွေးဖွားခဲ့ကြသော် လည်း အများစုမှာ လွန်ခဲ့သော ၂ နှစ်မှ ၅ နှစ်ခန့်က ရောက်ရှိလာကြသူများဖြစ်ပြီး ယင်းတို့အထဲတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် မိဘ များလည်း ပါဝင်သည်။ မိဘအချို့သည် မြန်မာနိုင်ငံတွင် ပညာအရည်အချင်းနှင့် အသက်မွေးဝမ်း ကျောင်း အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိ ရှိခဲ့ကြသည့် အစိုးရဝန်ထမ်းဟောင်းများ ဖြစ်ကြသည်။ ယခုအခါ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းဒုက္ခသည်များအဖြစ် နေထိုင်ကြရသဖြင့် မိဘအချို့မှာ မြို့ပေါ်တွင် အိမ်အကူများအဖြစ်လည်းကောင်း၊ ပတ်ဝန်းကျင်ဒေသရှိ ဆိုင်များ နှင့် စိုက်ပျိုးရေးခြံများတွင် နေ့စား အလုပ်သမားများအဖြစ်လည်းကောင်း လုပ်ကိုင်နေကြရသည်။
သူတို့၏ လူနေမှုဘဝအခြေအနေများ မည်သို့ပင်ရှိစေကာမူ ကလေးငယ်များသည် စိတ်ကြံ့ခိုင်မှုရှိပုံရပြီး သူတို့၏ ကလေးသဘာဝ ပျော်ရွှင်စရာ အပြစ်ကင်းစင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြသည်။ သူတို့သည် ဘေးကင်းလုံခြုံစွာ အိပ်စက်နိုင်ပြီး ပုံမှန် အစားအစာများ ရရှိစားသုံးနိုင်သည်။ ကျောင်းတက် နိုင်သည်။ စိတ်လူမှုရေးရှုထောင့်မှ ကြည့်လျှင် အရေးကြီးလှသည့် ကစားနိုင်ခြင်းနှင့် သူငယ်ချင်းများ ရှိခြင်းတို့လည်း ရရှိနေကြသည်။ ယင်းအခြေအနေသည် ပိုမိုမတည်ငြိမ်သော စခန်းများတွင် နေထိုင်ကြ ရသည့် ကလေးငယ်များ နှင့် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဇုန်များတွင် နေထိုင်နေရသည့် ကလေးငယ် များ၏ အခြေအနေနှင့် သိသိသာသာ ကွာခြားလှသည်။
Therapeutic Expressive Activities (TEA) အစီအစဉ်
TEA အစီအစဉ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် KBAEC အသင်းတော်၌ လေးပတ်ကြာ ဆောင်ရွက် ခဲ့သည်။ ဒုတိယစာရေးသူ ဖော်ဆောင်ခဲ့သော TEA အစီအစဉ်ကို MCPC အတွင်းရှိ သင်တန်းတက်ပြီး သော ကောင် ဆယ်လာ (Counselor) များက မြန်မာနိုင်ငံအတွင်း နှင့် ပြည်ပရောက် မြန်မာလူထုအသိုက်အဝန်းများအကြား လိုက်လျောညီထွေပြင်ဆင်၍ အကောင်အထည်ဖော်ခဲ့ကြသည်။
ဤအစီအစဉ်ကို အောက်ပါအခြေခံမူ ၅ ချက်ပေါ်တွင် အခြေခံထားသည် –
(၁) ဘေးကင်းလုံခြုံမှုနှင့် ယုံကြည်မှုကို ဦးစားပေးထားရှိခြင်း
(၂) ရွေးချယ်ခွင့်နှင့် ထိန်းချုပ်နိုင်ခွင့်
(၃) စကားလုံးများမပါဘဲ ထုတ်ဖော်ပြသနိုင်မှု
(၄) ယဉ်ကျေးမှုဆိုင်ရာ ဆီလျော်ကိုက်ညီမှု
(၅) လှုပ်ရှားမှုများကို ပေါင်းစည်းပြီး အဆုံးသတ်ပေးခြင်း
ဤအခြေခံမူများသည် ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာ (developmental psychology) အယူအဆများပေါ်တွင် အခြေခံထားပြီး ကလေးငယ်များသည် မိမိတို့၏ အတွေ့အကြုံများကို တစ်ဦးချင်းရော လူမှုရေးအရပါ မည်သို့တွေးတော ခံစားကြသည်ကို အလေးပေးထားသည်။ ပါဝင်သောကလေးများသည် အိုးအိမ်စွန့်ခွာ နေရပ်ထွက်ပြေးခဲ့ရသူများဖြစ်ခြင်းကြောင့် စိတ်ဒဏ်ရာကို အခြေပြုသော ချဉ်းကပ်မှု (trauma-informed approach) ဖြင့် လှုပ်ရှားမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး (co-regulation strategies) ကို ထည့်သွင်း အသုံးပြုခဲ့သည်။ ပါဝင်သူအားလုံးသည် တိုင်းရင်းသားလူနည်းစု အုပ်စုဝင်များဖြစ်ကြသဖြင့် ယဉ်ကျေး မှုနှင့် ကိုက်ညီမှုရှိစေရန်အထူးဂရုပြုခဲ့သည်။
TEA ကို သမားရိုးကျဖန်တီးမှုအနုပညာကုထုံးများ (formal creative arts therapies) နှင့်မတူ ခွဲခြားသိမြင်ရန် အရေးကြီးပါသည်။ အနုပညာကုထုံး၊ ဂီတကုထုံး၊ ကဗျာလွတ်က/လှုပ်ရှားမှုကုထုံး နှင့် ကစားနည်းကုထုံးတို့သည် ကျယ်ပြန့်သော လေ့ကျင့်သင်ကြားမှုများ လိုအပ်သည့် အထူးပြု ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းများ ဖြစ်ကြသည်။ TEA သည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ရောဂါရှာဖွေရန်၊ ကုသရန် သို့မဟုတ် စိတ်ဒဏ်ရာများကို ကုစားရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ ၎င်းသည် စနစ်တကျရှိပြီး စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော ပတ်ဝန်းကျင်တစ်ခုအတွင်း မိမိကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း၊ စိတ်ပြေလျော့မှု၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ လူမှုရေးချိတ်ဆက်မှု နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာချမ်းသာမှုတို့ကို မြှင့်တင်ရန်အတွက် ဖန်တီးမှုနှင့် ဖော်ပြမှုဆိုင်ရာ လှုပ်ရှားမှုများကို အသုံးပြုပါသည်။
TEA အစီအစဉ်တခုစီတွင် စုဝေးခြင်းဆယ်ရှင် – သင်ခန်းစာ ၈ ခုပါဝင်ပြီး၊ စုဝေးခြင်းဆယ်ရှင် တစ်ခုလျှင် ၂.၅ နာရီကြာမြင့် ပါသည်။
၁။ Safe Spaces — My Circle of Safety (ဘေးကင်းလုံခြုံသော နေရာများ – ကျွန်ုပ်၏ လုံခြုံမှုစက်ဝိုင်း)
၂။ My Story — Where I Came From (ကျွန်ုပ်၏ ဇာတ်လမ်း — ကျွန်ုပ် လာခဲ့သည့် နေရာများ)
၃။ Feelings in Colour and Sound (အရောင်နှင့် အသံများထဲက ခံစားချက်များ)
၄။ Storm and Calm (မုန်တိုင်းနှင့် ငြိမ်သက်အေးချမ်းမှု)
၅။ My Strengths and Helpers (ကျွန်ုပ်၏ ခွန်အားများနှင့် ကူညီမည့်သူများ)
၆။ My Friends and Community (ကျွန်ုပ်၏ သူငယ်ချင်းများနှင့် အသိုင်းအဝိုင်း)
၇။ My Dreams and Hopes (ကျွန်ုပ်၏ အိပ်မက်များနှင့် မျှော်လင့်ချက်များ)
၈။ Celebration and Continuing (အောင်ပွဲခံခြင်းနှင့် ဆက်လက်လျှောက်လှမ်းခြင်း)
TEA အစီအစဉ်ကို အုပ်စုနှစ်စုခွဲ၍ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ အုပ်စုတစ်စုတွင် ပို၍ငယ်သော ကလေး ၈ ဦး ပါဝင်ပြီး အခြားအုပ်စုတွင် ပို၍ကြီးသော ကလေး ၁၁ ဦး ပါဝင်သည်။ Session များကို ပထမစာရေး သူက ဒုတိယစာရေးသူ၏ ကြီးကြပ်မှုအောက်တွင် ဦးဆောင်ဆောင်ရွက်ခဲ့သည်။
အဓိက လေ့လာတွေ့ရှိချက်များ
ဘေးကင်းလုံခြုံမှု
အသက်ပို၍ငယ်သော ကလေးများ (အသက် ၅-၇ နှစ်) အနက် အများစုမှာ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သည့် ဘဝအကြောင်းကို မှတ်မိနိုင်စွမ်း နည်းပါး (သို့မဟုတ်) လုံးဝမမှတ်မိကြခြင်း ရှိသော်လည်း လက်ရှိ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိကြောင်းကို ရှင်းလင်းစွာ ထုတ်ဖော်ပြသခဲ့ကြသည်။ သူတို့ TEA အစီအစဉ်တွင် ပါဝင်ရခြင်းကိုလည်း ဘေးကင်း လုံခြုံသည်ဟု ခံစားရပုံရှိသည်။
ကိုယ်ပိုင်ပုံရိပ်အမှတ်အသား
ကလေးများ၏ “ကျွန်ုပ်၏ဇာတ်လမ်း” ဆိုင်ရာ ပြောပြချက်များသည် များသောအားဖြင့် သမ္မာကျမ်းစာ လာ အကြောင်းအရာများ နှင့် သူတို့၏နေ့စဉ်ဘဝ အသက်ရှင်နေထိုင်မှု အတွေ့အကြုံများအပေါ် အဓိက အခြေခံလေ့ရှိသည်။ ကလေးအားလုံးသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပြီး၊ ခရစ်ယာန် ကျောင်းတက်နေသူများဖြစ်ကြသည်။ အသက်ကြီးသောကလေးများသည် မိမိကိုယ်ကိုယ် နှင့် မိမိတို့၏ အတွေ့အကြုံများကို နားလည်လာစေရန် သူတို့ရင်းနှီးပြီးသား ကျမ်းစာဇာတ်လမ်းများဖြင့် ဥပမာပေး၊ ရည်ညွှန်းခဲ့ကြသည်။ အသက်ပိုကြီးသော ကလေးများသည် သူများကို ကူညီခြင်းများအကြောင်း ပြောလျှင် “ယေရှုကဲ့သို့” သို့မဟုတ် သနားကြင်နာတတ်သော ရှမာရိလူလို၊ လူကောင်သေးသော်လည်း ရဲရင့်လျှင် “ဒါဝိတ်ကဲ့သို့”၊ ခက်ခဲသောအခြေအနေများတွင် ခိုင်မာစွာ ရပ်တည်လျှင် “ဒံယေလကဲ့သို့” စသဖြင့် ဥပမာပေးပြောကြားခဲ့ကြသည်။ ဤပြောဆိုချက်များအရ ဘာသာရေးအခြေခံပုံပြင်များသည် ကလေးငယ်အများအပြားအတွက် သူတို့၏ကိုယ်ပိုင်တန်ဖိုးထားမှုများ၊ ကြံ့ကြံ့ခံနိုင်စွမ်းရည် နှင့် လူမှုအသိုင်းအဝိုင်းတို့ကို သူတို့ရှိနေသည့် ဖွံ့ဖြိုးမှုအရွယ်နှင့်အညီ နားလည်သဘောပေါက်စေရန် အရေးကြီးသော အဆောက်အအုံတစ်ခုအဖြစ် ပံ့ပိုးပေးခဲ့ကြောင်း ဖော်ပြနေသည်။
ခံစားချက်များကို ထုတ်ဖော်ပြသခြင်း
ကလေးများသည် သူတို့၏စိတ်ခံစားမှုများကို အနုပညာမှတဆင့် အဓိကထုတ်ဖော်ပြသခဲ့ကြပြီး အိမ် များ၊ တိမ်တိုက်များ၊ သစ်ပင်များ၊ အသည်းနှလုံးပုံများ နှင့် လက်ဝါးကပ်တိုင်များကဲ့သို့ သူတို့နှင့် ရင်းနှီးပြီးသား ပုံရိပ်များကို ရေးဆွဲကြသည့်အပြင်၊ တေးဂီတရွေးချယ်မှု၊ ကခုန်ခြင်း (သို့မဟုတ်) “ပျော်ရွှင်စရာ” လှုပ်ရှားမှုများမှတဆင့်လည်း ဖော်ပြပြသကြသည်။ ထိုင်းနိုင်ငံရှိ ယဉ်ကျေးမှုအတွင်းသို့ သူတို့စီးဝင်နေမှုအား ထိုင်းအစားအစာ၊ တေးဂီတနှင့် ကစားနည်းများကို ရည်ညွှန်းပြောဆိုခြင်းဖြင့် ထင်ရှားစွာ တွေ့မြင်ရသည်။ ပို၍အသက်ငယ်သော ကလေးများသည် ထိုင်းဘာသာစကားကို အဓိက ပြောဆိုကြပြီး၊ အသက်ပို၍ကြီးသော ကလေးများနှင့် ဆရာမအချို့က လှုပ်ရှားမှုအချို့အတွက် ကရင်နီ၊ ဗမာဘာသာ နှင့် ထိုင်းဘာသာစကားအကြား ဘာသာပြန်ဆိုပေးခဲ့ကြသည်။ အချို့ကလေးများကလည်း ကျောင်းတွင်သင်ယူထားသော အခြေခံအင်္ဂလိပ်စကားကို အသုံးပြုခဲ့ကြသည်။ အများအားဖြင့် လှုပ်ရှားနေစဥ်အတွင်း (activities) များလုပ်နေစဉ်အတွင်း ဘာသာပြန်ဆိုရန် မလိုအပ်ခဲ့ပါ။
စုဝေးခြင်းဆယ်ရှင် (Session) များ ဆက်လက်လုပ်ဆောင်လာသည်နှင့်အမျှ အထူးသဖြင့် ဒုတိယမြောက်သင်ခန်းစာတွင် ကလေးငယ်များသည် ဦးဆောင်ဆွေးနွေးသူ – ပထမစာရေးသူနှင့် ပိုမိုရင်းနှီးပွင့်လင်းလာကြသည်။ သူတို့၏ အနုပညာဆိုင်ရာ နှင့် စကားပြောဖော်ပြချက်များသည် ပိုမိုသဘာဝကျလာပြီး၊ ယုံကြည်မှုရှိ လာကာ စိတ်ခံစားမှုအရလည်း ပိုမိုကြွယ်ဝလာခဲ့သည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ရေး
ကလေးငယ်များသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု လက္ခဏာများ လုံးဝမပြဘဲ ကောင်းမွန်စွာ လိုက်လျော ညီထွေ နေထိုင်နိုင်ပုံရသည်။ သူတို့သည်လည်း ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များကဲ့သို့ပင် သဘာဝ အတိုင်း ဆော့ကစားလေ့ရှိသည့် ကစားနည်းများကို ကစားကြသည်။ ကစားနည်းဖြင့် ကုထုံးပေးသူများ (play therapists) သည် ကစားခြင်းကို ကလေးငယ်များ၏ သဘာဝဘာသာစကားအဖြစ်လည်းကောင်း၊ ၎င်းတို့၏ အတွေ့အကြုံများကို စာနာလေ့လာရန်၊ ခံစားချက်များကို ဖော်ပြရန်နှင့် ၎င်းတို့၏ ကမ္ဘာကြီးကို နားလည်သဘောပေါက်ရန် အဓိကနည်းလမ်းအဖြစ်လည်းကောင်း မကြာခဏ တင်စားလေ့ရှိကြသည်။ နေရပ်စွန့်ခွာရခြင်း သို့မဟုတ် ဒုက္ခဆင်းရဲကြုံတွေ့ရသည့် အခြေအနေများတွင်ပင် အခွင့်အရေးရရှိပါက ကလေးငယ်များသည် ဆက်လက်ကစားကြဆဲ ဖြစ်ကာ ၎င်းတို့၏ ကစားမှုများထဲတွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကာကွယ်စောင့်ရှောက်မှု သို့မဟုတ် ကြောက်မက်ဖွယ်ရာ အတွေ့အကြုံများ စသည့် အကြောင်းအရာများ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သည်။ ဤအစီအစဉ်တွင် ပါဝင်သော ကလေးငယ်များသည် ထိုသို့သော ကစားမှုများနှင့် လူမှုဆက်ဆံရေးများ ဆက်လက်တည်ရှိနိုင်စေရန် ပံ့ပိုးပေးထားသည့် စည်းလုံးသော၊ နီးကပ်စွာ ချိတ်ဆက်ထားသော အသိုင်းအဝိုင်းဝန်းကျင်ကောင်း ကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့ပုံပေါ်ပါသည်။
ကျွန်ုပ်၏ သူငယ်ချင်းများနှင့် အသိုင်းအဝိုင်း စုဝေးခြင်း ဆယ်ရှင် (My Friends and Community Session) အတွင်း ကလေးငယ်များသည် သူတို့၏ ခန္ဓာကိုယ်များကို အသုံးပြု၍ L-O-V-E စာလုံးများကို မိမိဘာသာမိမိ အလိုအလျောက် ပုံဖော်ခဲ့ကြသည် — ယင်းမှာ ကြိုတင်ညွှန်ကြားခံထားရခြင်း မရှိဘဲ အချင်းချင်း ချိတ်ဆက်မှုကို ပြသသည့် အားကောင်းပြီး အင်အား ကြီးမားသော သရုပ်ဖော်ပြချက်တစ်ခု ဖြစ်သည်။ သူတို့သည် Nai Soi ရွာကို သရုပ်ဖော်ထားသည့် အနုပညာလက်ရာတစ်ခုကိုလည်း အတူတကွ ပူးပေါင်းဖန်တီးခဲ့ကြပြီး အသိုင်းအဝိုင်းအတွင်း ပါဝင် ပတ်သက်နေသည်ဟူသော ခိုင်မာသည့် သံယောဇဉ်တွယ်မှုကို ထင်ဟပ်စေသည်။
ကျွန်ုပ်၏ အိပ်မက်များနှင့် မျှော်လင့်ချက်များ စုဝေးခြင်း ဆယ်ရှင် (Dreams and Hopes Session) အတွင်း ကလေးအများအပြားသည် ငွေရေးကြေးရေး တည်ငြိမ်မှုနှင့် သက်ဆိုင်သည့် အိပ်မက်၊ မျှော်မှန်းချက်များကို ဖော်ပြခဲ့ကြသည်။ အခြားကလေးများကမူ စစ်ကောင်စီ ကို ဆန့်ကျင်တိုက်ခိုက်ရန် စစ်သားဖြစ်ချင်ခြင်း၊ သင်းအုပ်ဆရာဖြစ်လိုခြင်း (သို့မဟုတ်) ကိုယ်ပိုင် မိသားစု တည်ထောင်လိုခြင်းကဲ့သို့ ရည်မှန်းချက်များကို မျှဝေခဲ့ကြသည်။
ပြန်လည်သုံးသပ်ခြင်း နှင့် ဆက်လက်လုပ်ဆောင်မှု
ဘန်းမိုင်နိုင်စွိုင်ဒုက္ခသည်စခန်းရှိ ကလေးငယ်များ၏ အတွေ့အကြုံက စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုဆိုသည်မှာ စိတ်သောကများကို တုံ့ပြန်ဖြေရှင်းပေးရုံမျှမကဘဲ မိမိကိုယ်ကိုယ်ဖော်ပြခွင့်၊ ချိတ်ဆက်မှု၊ ကစားခြင်းနှင့် မျှော်လင့်ချက်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးခြင်းလည်း ဖြစ်ကြောင်း ကျွန်ုပ်တို့ကို သတိပေးနေပါသည်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းရသော ကလေးငယ်များအတွက် ပညာရေး၊ ဥပဒေကြောင်းအရ အဆင့်အတန်းနှင့် ရေရှည်အနာဂတ်များနှင့်ပတ်သက်၍ မရေရာမှုများစွာ ရှိနေဆဲဖြစ်သော်လည်း TEA ကဲ့သို့သော အစီအစဉ်များသည် လက်ရှိအချိန်တွင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းကို ပံ့ပိုးပေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်စေပါသည်။ MCPC အနေဖြင့် ဤအစီအစဉ်ကို မြန်မာနိုင်ငံတစ်ဝှမ်းနှင့် ပြည်ပရောက်မြန်မာလူထု အသိုင်းအဝိုင်းများဆီသို့ ဆက်လက်၍ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပြီး တိုးချဲ့လုပ်ဆောင် နေသည်နှင့်အမျှ၊ ကျွန်ုပ်တို့ ကူညီပံ့ပိုးပေးနေသော လူထုနှင့်အတူတကွ လေ့လာသင်ယူသွားရန်နှင့် အလားတူစိန်ခေါ်မှုရှိသော အခြေအနေများတွင် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရသော ကလေးငယ်များနှင့် လုပ်ကိုင်နေကြသည့် အခြားသူများအတွက် လက်တွေ့ကျသော အသိပညာများကို မျှဝေပံ့ပိုးပေးနိုင်ရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
စာရေးသူများ
Lilly T. Aung သည် Clinical Psychology ဘွဲ့လွန်ဒီပလိုမာ ရရှိထားသူ (MCPC ကျောင်းသူဟောင်း) ဖြစ်သည်။ သူမသည် MCPC မှ Therapeutic Art နှင့် Therapeutic Play သင်တန်းများ ရရှိခဲ့ပြီး၊ မြန်မာ နိုင်ငံတွင် အနုပညာကို သင်ယူခဲ့သည်။ လက်ရှိတွင် UK ရှိ online art therapy program တခုကို တက်ရောက်နေပြီး ၂၀၁၈ ခုနှစ်မှစ၍ ကြီးကြပ်မှုအောက်တွင် Counselling ဝန်ဆောင်မှုများကို ပေးအပ်နေသူ ဖြစ်သည်။
Maha Y. See, PsyD သည် Myanmar Clinical Psychology Consortium (MCPC) ၏ တည်ထောင်သူ၊ ဒါရိုက်တာနှင့် ဆရာအဖွဲ့ဝင်ဖြစ်သည်။ နှစ်ပေါင်း ၃၀ ကျော် လူမှုအသိုင်းအဝိုင်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှစ၍ စိတ်ကျန်းမာရေးနယ်ပယ်တွင် တက်ကြွစွာ လုပ်ကိုင်လာခဲ့သည်။ မြန်မာနိုင်ငံတွင် မွေးဖွားကာ ပညာသင်ယူခဲ့ပြီးနောက် စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုတွင် ဆက်လက်ပညာသင်ယူခဲ့သည်။ သူ၏လုပ်ငန်းများတွင် ဆေးခန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပညာရေး၊ လေ့ကျင့်သင်ကြားရေး၊ သုတေသနနှင့် ယဉ်ကျေးမှုအမျိုးမျိုးရှိသော လူပုဂ္ဂိုလ်များနှင့် လူမှုအသိုင်းအဝိုင်းများအတွက် လူထုအခြေပြု စိတ်ကျန်းမာရေးအစီအစဉ်များ ပါဝင်သည်။
Myanmar Clinical Psychology Consortium (MCPC) မြန်မာ စိတ်ပညာကုထုံး ပညာရှင်များ ပူးပေါင်းအဖွဲ့ ကို ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့သည်။ စိတ်ကျန်းမာရေးပညာရေးတွင် ရှိနေသော ကွာဟချက်များကို ဖြည့်ဆည်းပေးရန်နှင့် အချင်းချင်း ပြန်လည်မျှဝေကူညီသည့် ရေရှည်တည်တံ့သော သင်ယူမှုအသိုင်းအဝိုင်းတစ်ရပ် တည်ဆောက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စေတနာ့ဝန်ထမ်းပညာရှင်များနှင့် နိုင်ငံတကာကျွမ်းကျင်သူကွန်ရက်၏ ပံ့ပိုးမှုဖြင့် MCPC သည် ဆေးဘက်ဆိုင်ရာနှင့် အကြံပေးစိတ်ပညာနယ်ပယ်များတွင် အခမဲ့ပညာရေး၊ လေ့ကျင့်သင်ကြားမှု၊ ကြီးကြပ်မှုနှင့် လူထုအခြေပြု သုတေသနအခွင့်အလမ်းများကို ပေးအပ်လျက်ရှိသည်။
လူမှုဆက်သွယ်ရေးကွန်ရက်များမှတစ်ဆင့် ရရှိသော အလှူငွေများ၏ ပံ့ပိုးမှုဖြင့် MCPC သည် မြန်မာနိုင်ငံ၏ အချို့ဒေသများနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူ အသိုင်းအဝိုင်းများအတွက် လူထုဆက်သွယ်ရေးလုပ်ငန်းများ၊ စိတ်ကျန်းမာရေးပညာပေးမှုများ၊ စိတ်လူမှုရေးအထောက်အပံ့နှင့် ကျန်းမာချမ်းသာရေးအစီအစဉ်များအထိ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လာခဲ့သည်။
ကျေးဇူးတင်လွှာ (Acknowledgements)
TEA အစီအစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသော အဂ္ဂ ပညာရေး အထောက်အပံ့ အဖွဲ့ – ယူကေ/UK နှင့် နန်းဖြူ ပညာရေး အထောက်အပံ့ အဖွဲ့ – နယူးယောက်/NY တို့အား စာရေးသူများက အထူးကျေးဇူးတင်ရှိပါသည်။
ဤဆောင်းပါးသည် မြန်မာပြည်သူလူထုအတွက် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို အလေးထားဖော်ပြသည့် ဆောင်းပါးစီးရီးတစ်ခုအနက်မှ တစ်ပုဒ်ဖြစ်သည်။